← Chapters

ခရီးရှည်အတွက် ခွဲခွာခြင်း(ဂ)

Vol. 56 Ch. 860

ခရီးရှည်အတွက် ခွဲခွာခြင်း(ဂ)

Vol. 56 Ch. 860

အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် တိတ်တဆိတ် ခေါင်းခါလိုက်သည်။ အနည်းငယ် သူနောင်တရမိသည်။

သူက တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲမှ အနီရောင်လ၏ ကျိန်စာကို ဖယ်ရှားပစ်နိုင်မည်လောဟု ကြိုးစားကြည့်ခြင်း ဖြစ်သည်။ ထို့ပြင် ကျိန်စာ၏ သဘောတရားကိုလည်း သူလေ့လာချင်သည်။

ကံမကောင်းစွာဖြင့် ရွှီချင်း၏ လက်ရှိစွမ်းရည်က သွေးမျိုးစက်မှ ဆင်းသက်လာသော ကျိန်စာကို မဖယ်ရှားပစ်နိုင်ပေ။ ကျိန်စာနှင့်ပတ်သက်ပြီး သူက အများကြီး စမ်းသပ်လေ့လာရဦးပေမည်။

သို့သော်လည်း ထိုသို့စမ်းသပ်လေ့လာသည့်အခါ သွေးထွက်သံယိုများလိမ့်မည်။ ထိုအတွက် ခန္ဓာကိုယ်ကို ခွဲခြမ်းစိတ်ဖြာရန် လိုအပ်ပြီး အသွေးအသား၏ တစ်လက်မစီတိုင်းကို စစ်သပ်လေ့လာရလိမ့်မည်။ ရွှီချင်းသည် လူသားများအပေါ် ထိုသို့မစမ်းသပ်ချင်ပေ။

“ ဖန်ယန် ”

ရွှီချင်းသည် နူးညံ့စွာ ပြောသည်။

ကလေးမလေးသည် အမြန်မျက်လုံးဖွင့်လိုက်သည်။

“ နောက်ရက်အနည်းငယ်ကြာပြီးရင် ငါထွက်သွားတော့မယ် ”

ကလေးမလေးသည် တိတ်ဆိတ်သွားသည်။ သူ၏ မျက်လုံးသည် အနည်းငယ် နီမြန်းလာသည်။ သူက မည်သည့်စကားမှ မပြောဘဲ ခေါင်းငုံ့ထားလိုက်သည်။

တစ်နေ့ကျလျှင် ထိုသို့ဖြစ်လာမည်ကို ယခင်ကတည်းက သူကြိုသိသည်။ သို့သော်လည်း ရွှီချင်း၏ ပါးစပ်မှ ကိုယ်တိုင်ထုတ်ပြောလာသည့်အခါ သူ၏ နှလုံးသားသည် တုန်ယင်သွားဆဲပင်။

ရွှီချင်းက ကလေးမလေးကို ကြည့်လိုက်သည့်အခါ ဤနှစ်လအတွင်း တစ်ဖက်လူ၏ ကြိုးစားပမ်းစား သင်ယူလေ့လာပုံကို ပြန်အမှတ်ရသွားသည်။ အသိပညာအပေါ် ဆာလောင်စိတ်သည် သူငယ်ငယ်တုန်းကနှင့် အတူတူဖြစ်သည်။ အချိန်အတော်ကြာပြီးနောက် သူက ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

သူက ဆေးပဒေသာကျမ်းကို သိုလှောင်အိတ်ထဲမှ ထုတ်လိုက်သည်။

ယင်းကို အကြိမ်ရေအနည်းငယ် ညင်သာစွာ ပွတ်သပ်ပြီးနောက် ရွှီချင်းသည် ဆရာသခင်ပိုင်ကို သတိရသွားသည်။

ထို့နောက် သူက ဆေးပဒေသာကျမ်းကို ကလေးမလေးဆီ ကမ်းပေးလိုက်သည်။

“ ငါ့ဆရာက ဒီဆေးပဒေသာကျမ်းကို ငါ့အတွက် ထားသွားခဲ့တယ်… ဒီနေ့ အဲ့ဒါကို ငါမင်းကို ပေးလိုက်မယ် ”

ကလေးမလေးသည် တုန်ယင်လာသည်။ သူက လက်သေးသေးလေးကို မြှောက်လိုက်ပြီး ဆေးပဒေသာကျမ်းကို ရိုသေစွာ ယူလိုက်သည်။ သူက ယင်းကို ရင်ဘက်ထဲမှာ တင်းကျပ်စွာ ဖက်ထားလိုက်သည်။

ရွှီချင်းကို ကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးထဲတွင် မခွဲခွာလိုသော ဆန္ဒဖြင့် ပြည့်နှက်နေသည်။ သူက တစ်စုံတစ်ရာကို ပြောချင်သော်လည်း တုံ့ဆိုင်းနေသည်။

သို့သော်လည်း သူ၏ ဆရာနှင့် သူက မတူညီသော ကမ္ဘာနှစ်ခုစီမှာ နေထိုင်ကြောင်း သူသိသည်။ သို့ဖြစ်၍ နောက်ဆုံးမှာတော့ သူ၏ ရင်တွင်းစကားများက အရိုအသေပြုမှုသို့ ပြောင်းလဲသွားသည်။

သူက ရွှီချင်းကို ကိုးကြိမ်ဦးချလိုက်သည်။

ရွှီချင်းသည် တည်ငြိမ်စွာ လက်ခံလိုက်ပြီး သူ့ကို သတိပေးလိုက်သည်။

“ အနာဂတ်မှာ မင်း ဒီဆေးပဒေသာကျမ်းကို ကောင်းကောင်း လေ့လာပါ… အခု မင်းပြန်လို့ရပြီ… နောက်တစ်ခါ ဒီကို ထပ်လာစရာမလိုတော့ဘူး ”

ကလေးမလေးသည် တိတ်တဆိတ် မတ်တတ်ရပ်လိုက်သည်။ သူ၏ သေးငယ်ပြီး ပိန်ပါးသော ပုံရိပ်က ညှိုးမှိုင်စွာဖြင့် အိမ်တံခါးဝဆီသို့ လျှောက်သွားသည်။ သူက အိမ်ရှေ့တွင် မတ်တတ်ရပ်လိုက်ပြီး အနောက်လှည့်လိုက်ကာ ရွှီချင်းကို ထပ်ကြည့်လိုက်သည်။

မျက်ရည်သည် သူ၏ မျက်လုံးထဲမှ ထိန်းချုပ်မရအောင် စီးကျလာသည်။

“ ဆရာ… ဆရာ့ကို ငါထပ်မြင်နိုင်သေးလား ”

ရွှီချင်းသည် သူ၏ အရှေ့မှ ဆယ့်တစ်နှစ် ဆယ့်နှစ်နှစ်အရွယ် ကလေးမလေးကို ကြည့်လိုက်သည်။

ယခင်က ထိုသို့အလားတူ အဖြစ်အပျက်မျိုး ဖြစ်ပျက်ခဲ့ဖူးသောကြောင့် တစ်ဖက်လူ၏ အတွေးကို သူနားလည်သည်။

ထို့ကြောင့် သူက ညင်သာစွာ ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“ ကမ္ဘာဆိုတာ သက်ရှိအားလုံးအတွက် ဧည့်ဂေဟာဖြစ်ပြီး အချိန်ဆိုတာ ရှေးခေတ်ကာလကတည်းက ဖြတ်သန်းသွားနေတဲ့ ခရီးသွားဧည့်သည် ဖြစ်တယ်… ငါတို့မသေသရွေ့ တစ်ချိန်ချိန်တော့ ပြန်တွေ့ဆုံလိမ့်မယ်… ငါမင်းကို နောက်တစ်ခါ ပြန်တွေ့တဲ့အခါကျရင် မင်းက ပညာရှင်တစ်ယောက်ဖြစ်နေတာကို ငါမြင်ချင်တယ် ”

ကလေးမလေးသည် ထိုစကားများကို သေချာမှတ်သားထားလိုက်ပြီး သူ၏ နှလုံးသားထဲမှာ ကမ္ပည်းရေးထိုးလိုက်သည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အိမ်မပြန်ခင် နောက်တစ်ခါ အရိုအသေပေးလိုက်သည်။

သူက ညအမှောင်အောက်မှာ ညှိုးမှိုင်အားငယ်စွာ လျှောက်သွားသည်။ သူက ရင်ဘက်ထဲမှ ဆေးပဒေသာကျမ်းကို တင်းကျပ်စွာ ပွေ့ဖက်ထားရင်း မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားသည့်အလား တီးတိုးရေရွတ်လိုက်သည်။

“ ငါတို့မသေသရွေ့ နောက်တစ်ကြိမ် ပြန်တွေ့နိုင်လိမ့်မယ် ”

ရွှီချင်းသည် အင်တင်တင်ဖြင့် ထွက်ခွာသွားနေသော ကလေးမလေး၏ ပုံရိပ်ကို ကြည့်လိုက်သည်။ အတိတ်တုန်းက သူ၏ ငယ်ဘဝနှင့် ဆရာသခင်ပိုင်ကို ပြန်တွေးမိသွားသည်။

“ ဆရာ ငါတပည့်တစ်ယောက် လက်ခံခဲ့တယ်… သူ့နာမည်က ရှီဖန်ယန်… အဲ့ကလေးမလေးက သင်ယူတဲ့နေရာမှာ အရမ်းကြိုးစားတယ် ”

ရွှီချင်းသည် စိတ်ထဲမှ တီးတိုးရေရွတ်လိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။

သို့သော်လည်း ဤလောကကြီး၌ မည်သည့်ဆုံစည်းမှုမှာမဆို အဆုံးသတ် ရှိစမြဲပင်။ ကောင်းကင်ဘုံမီးတောက်ပင်လယ်က မူလနေရာသို့ ပြန်လည်ဆင်းသက်သွားပြီး သုံးရက်ကြာပြီးသောအခါ ရွှီချင်းသည် ညအချိန်တွင် လင်းအာနှင့်အတူ ပိုးစုန်းကြူးမြို့တော်မှ ထွက်သွားသည်။

လင်းအာသည် မထွက်သွားမီ အမကြီးများနှင့် အဒေါ်ကြီးများကို ပွေ့ဖက်လျက် ငိုကြွေးလိုက်သည်။

ကျင်းကန်းဂိုဏ်းဘိုးဘေးသည် ပုံပြင်နားထောင်လေ့ရှိသော သူ့ပရိသတ်များ၏ ဝိုင်းရံခြင်းခံထားရသည်။ သူတို့အားလုံးသည် တိတ်ဆိတ်နေကြပြီး ပုံပြောကောင်းသော အဖိုးအိုနှင့် မခွဲချင်မခွာချင်ကြပေ။

သွမ့်မူကျန်းသည် ရွှီချင်း၏ ဘေးတွင် ရပ်နေသည်။ သူက ထိုအဖြစ်ကို တိတ်တဆိတ် ငေးကြည့်နေစဉ် စိတ်ထဲမှ သက်ပြင်းချလိုက်လေသည်။

ရွှီချင်းသည် လူအုပ်ကြီးဆီသို့ ကြည့်လိုက်သည်။

အဝေးတစ်နေရာတွင် ရှီဖန်ကွေ့သည် သူ့ဇနီး၊ သူ့ညီမဖြင့် အတူမတ်တတ်ရပ်နေပြီး သူ့အား လက်ပြနှုတ်ဆက်နေသည်ကို ရွှီချင်း မြင်လိုက်သည်။

ကလေးမလေးသည် ခေါင်းငုံ့ထားသည်။ သူ၏ မျက်ရည်ကျနေပုံကို ရွှီချင်းအား မမြင်တွေ့စေလိုဟန် ရသည်။

ရွှီချင်းသည် တစ်ခဏကြာ နှုတ်ဆိတ်သွားပြီး နူးညံ့စွာ ပြောသည်။

“ စီနီယာ… ငါ့ကို အပြင်လိုက်ပို့ပေးပါဦး ”

ထို့နောက် ရွှီချင်းသည် အနောက်လှည့်လိုက်ပြီး အဝေးသို့ လျှောက်သွားသည်။

သူက မြို့တော်နှင့် ဂူသင်္ချိုင်းထဲမှ ထွက်သွားသည်။

လင်းအာသည် လူအသွင်ပြောင်းလဲခြင်းကို အဆုံးသတ်လိုက်ပြီး ရွှီချင်း၏ ကော်လံအောက်ထဲသို့ ပြန်တိုးဝင်သွားသည်။ ကျင်းကန်းဂိုဏ်းဘိုးဘေးသည်လည်း နတ်ငါးအရိုးဆူးချွန်သို့ ပြန်ပြောင်းလဲသွားပြီး ညှိုးမှိုင်သော ခံစားချက်ကို ထုတ်လွှတ်လိုက်သည်။

စွန့်ပစ်မိုင်းတွင်း၏ အပြင်ဘက်တွင် ရွှီချင်းသည် သေရည်အိုးများသာမက ဝိညာဉ်ကျောက်တုံးများ၏ တစ်ဝက်ကိုလည်း သွမ့်မူကျန်းအား ပေးလိုက်သည်။ ထို့ပြင် သူက ဓမ္မလက်နက်တချို့နှင့် ဆေးလုံးတချို့ကိုလည်း ပေးလိုက်သည်။

သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်ကာ အပြန်အလှန် ကောင်းမွန်သော နှုတ်ဆက်စကားကို ဆိုကြသည်။

ထို့နောက် သူတို့ထဲမှ တစ်ယောက်သည် ခေါင်းလှည့်လိုက်ပြီး မိုင်းတွင်းထဲသို့ လျှောက်သွားကာ တခြားတစ်ယောက်သည် ကောင်းကင်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

ကောင်းကင်သည် ယခင်က အနက်ရောင်သို့ ပြန်ပြောင်းလဲသွားပြီး မီးတောက်များကို မတွေ့ရတော့ပေ။

အဝေးမှ မီးတောက်ပင်လယ်၏ ဦးတည်ရာဘက်မှာသာ ကြောက်စရာကောင်းသော မီးတောက်များကို မြင်တွေ့နိုင်ပေသည်။

မြေပြင်သည် ပူပြင်းနေပြီး တောင်ကုန်းတောင်တန်းများသည် ပိုပြီးပုံစံမကျဖြစ်လာသည်။ ယင်းတို့က တွန့်လိမ်ကောက်ကွေးနေပြီး စုပုံတည်ရှိနေကြသည်။ ဤနေရာတွင် ရှင်သန်ကျန်ရစ်သော မည်သည့်အပင်မှ မရှိပေ။

လောကတစ်ခုလုံးသည် ခြောက်သွေ့နေပြီး အပူဓာတ်တစ်စွန်းတစ်စ ရစ်ဝဲကျန်ရှိနေသေး၏။

ရွှီချင်းသည် ကောင်းကင်ပေါ်မှာ ပျံသန်းနေလျက် ခွဲခွာခြင်းကြောင့် ဖြစ်ပေါ်လာသော အတွေးများကို ဖိနှိပ်လိုက်သည်။

သူသည် ဤသို့ခွဲခွာရခြင်းကို ကျင့်သားရနေပြီ ဖြစ်သည်။ ဤသည်မှာ သူငယ်ငယ်လေးကတည်းက တွေ့ကြုံခဲ့သောအရာ ဖြစ်သည်။

သို့သော်လည်း မည်မျှကျင့်သားရပါစေ ယင်းက သူ၏ နှလုံးသားထဲမှာ လှိုင်းတချို့ ဖြစ်ပေါ်စေတုန်းပင်။

သို့သော်လည်း သူသည် ရင့်ကျက်လာသည်နှင့်အမျှ ခံစားချက်များကို ပိုပြီးကောင်းမွန်စွာ ဖုံးကွယ်လာနိုင်သည်။

ရက်အနည်းငယ်ကြာပြီးနောက် ရွှီချင်းသည် ကောင်းကင်ဘုံမီးတောက်ပင်လယ်ကို မြင်တွေ့သွားသည်။ ယင်းက ယခင်အတိုင်းပင်။ မည်သည့်အပြောင်းအလဲမှ မရှိပေ။ ချော်ရည်ပေါက်ကွဲမှုသည် ရံဖန်ရံခါ ထွက်ပေါ်လာပြီး ကျယ်လောင်စွာ ပေါက်ကွဲထွက်သွားလေ့ ရှိသည်။

ရွှီချင်းသည် လမ်းတစ်လျှောက်တွင် မည်သည့်သက်ရှိကိုမှ မတွေ့ပေ။

အနီးနားရှိ မျိုးနွယ်စုများမှ ကျင့်ကြံသူများအတွက်တော့ ကောင်းကင်မီးလျှံကဒ်ဘေး ဖြတ်သန်းခြင်းက မကြာသေးခင်ကမှ ပြီးဆုံးသွားခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ အရင်ဦးစွာ သူတို့လုပ်ဆောင်ရမည့် အရာသည် အပျက်အစီးများကို ပြန်လည်ပြုပြင်ဆောက်လုပ်ရန် ဖြစ်သည်။

ထို့ကြောင့် ရွှီချင်းကဲ့သို့ လူနည်းစုသာလျှင် ကောင်းကင်ဘုံမီးတောက်ပင်လယ်ဆီသို့ ချက်ချင်း ရောက်လာကြသည်။

ဟာလာဟင်းလင်းဖြစ်နေသော ကောင်းကင်ဘုံမီးတောက်ပင်လယ်တွင် ရွှီချင်းသည် လမ်းတစ်လျှောက် အရှိန်တိုးမြှင့်လိုက်သည်။ မည်သူ့ကိုမှ သူမမြင်တွေ့သောကြောင့် ဤလောကကြီးတွင် သူတစ်ယောက်တည်း ကျန်ရှိနေသည့်အလား ခံစားမိသည်။

သို့သော်လည်း ရွှီချင်းသည် သတိထားစမြဲပင်။

သူက ကျန်ရှိသော သက်စောင့်မီးအိမ်များကို ဆက်လက်သန့်စင်ရန် ပိုပြီးဝေးလံသော နေရာများနှင့် အစွန်အဖျားနေရာများဆီသို့ သွားသည်။

ထိုသို့ဖြင့် နောက်ထပ် ခုနစ်ရက် ကုန်ဆုံးသွားသည်။

မီးတောက်ပင်လယ်၏ အနက်ပိုင်းထဲသို့ ရွှီချင်းဝင်ရောက်သွားပြီး ခုနစ်ရက်မြောက်နေ့ ညနေခင်းအချိန်တွင် အနီရောင်အလင်းတန်းတစ်ခုကို သူမြင်သွားသည်။

ထိုအလင်း၏ အရင်းအမြစ်သည် အလွန်ကြီးမားသော ဧရာမနှလုံးတစ်ခုဖြစ်သည်။ နှလုံးသည် တဒုန်းဒုန်း ခုန်မြည်နေပြီး လောကတစ်ခွင် ပဲ့တင်ထပ်သွားမည့် ကျယ်လောင်သော အသံကို ထုတ်လွှတ်နေသည်။

ယင်းက ကောင်းကင်နှင့်မြေပြင်ကို အရောင်ပြောင်းလဲသွားစေမည့် ကြောက်စရာကောင်းသော ဖိအားတစ်ခုကို ဖြစ်ပေါ်စေပြီး လေနှင့် တိမ်တိုက်များကို ရွေ့လျားသွားစေသည်။

All Chapters