← Chapters

ခရီးရှည်အတွက် ခွဲခွာခြင်း(ဃ)

Vol. 56 Ch. 861

ခရီးရှည်အတွက် ခွဲခွာခြင်း(ဃ)

Vol. 56 Ch. 861

ထိုဧရာမနှလုံးပေါ်တွင် ရှေးဟောင်းဗိသုကာလက်ရာဖြင့် ဆောက်လုပ်ထားသော အနီရောင်နန်းတော်တစ်ခု ရှိသည်။ ပြင်းထန်သော သွေးရနံ့နှင့်အတူ နီလာနတ်သမီး၏ သိပ်သည်းသော အငွေ့အသက်သည်လည်း နန်းတော်ထဲမှ ထွက်ပေါ်နေသည်။

မျက်စိအဖမ်းစားနိုင်ဆုံး အရာသည် နန်းတော်၏ အရှေ့မှ ရုပ်တု ဖြစ်သည်။

၎င်းက ဒူးထောက်လျက် မျက်လုံးကို လက်နှစ်ဖက်ဖြင့် အုပ်ထားပြီး ဒွရခုနစ်ပေါက်မှ သွေးထွက်နေသော ရုပ်တု ဖြစ်သည်။

ဧရာမနှလုံး၏ ဘေးပတ်ပတ်လည်တွင် အရွယ်အစား မတူညီသော ဥက္ကာပျံတချို့ မျောလွင့်နေကြသည်။

ယင်းတို့သည် မူလက အနက်ရောင်ဖြစ်သော်လည်း သွေးဖြင့် စွန်းထင်နေသောကြောင့် ခရမ်းနီရောင်သို့ ပြောင်းလဲသွားကြသည်။

ဥက္ကာပျံတစ်ခုစီတွင် မျိုးနွယ်အသီးသီးမှ ကျင့်ကြံသူတစ်ဦး ထိုင်နေကြသည်။ သူတို့သည် လှုပ်ရှားမှုကင်းမဲ့စွာ ထိုင်နေကြပြီး မျက်လုံးကို လက်ဖြင့် ဖုံးအုပ်ထားကြသည်။ သွေးသည် သူတို့၏ ခန္ဓာကိုယ်ထဲမှ အဆက်မပြတ် စီးကျလာနေပြီး ဥက္ကာပျံတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

မည်သူမှ စကားမပြောကြချေ။ သွေးနီရောင်အလင်းကို ဖြန့်ကြက်ထားသော ဧရာမနှလုံး၏ နှလုံးခုန်သံတစ်ခုတည်းကသာ ဘာသာစကားအားလုံးကို အစားထိုးသွားသည်။

အနီရောင်လဗိမာန်…

ယင်းကို အဝေးမှ ရွှီချင်း လှမ်းမြင်လိုက်သောအခါ သူက ချော်ရည်အောက်သို့ ချက်ချင်း ဒိုင်ဗင်ထိုးဆင်းသွားပြီး တိတ်တဆိတ် စောင့်ကြည့်လိုက်သည်။

ဧရာမနှလုံးသည် ကောင်းကင်ပေါ်တွင် တဖြည်းဖြည်း ရွေ့လျားနေပြီး မျောလွင့်နေသော ဥက္ကာပျံများကို သူနှင့်အတူ ခေါ်ဆောင်သွားသည်။ ၎င်းက အားလုံးကို လျစ်လျူရှုထားပြီး ကောင်းကင်ဘုံမီးတောက်ပင်လယ်ကို ဖြတ်ကျော်သွားသည်။ ၎င်း၏ ဦးတည်ရာကိုတော့ မသိရပေ။

လဝတ်ပြုဒေသကြီးထဲမှာ သူတို့သည် နတ်ဘုရားများနှင့် မခြားပေ။

မည်သည့်မျိုးနွယ်စုမဆို အနီရောင်လဗိမာန်ကို မြင်တွေ့သည်နှင့် အရိုအသေပေးခြင်း သို့မဟုတ် ရှောင်တိမ်းခြင်းကို ပြုလုပ်ကြလိမ့်မည်။ မည်သူမှ သူတို့အား မတားဆီးဝံ့ကြချေ။

အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် ချော်ရည်အောက်ထဲမှ ခေါင်းတိုးထွက်လာပြီး အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်။

ခဏအကြာမှာ သူက အရှေ့သို့ ဆက်လက် ရွေ့လျားသွားသည်။

နောက်ထပ်သုံးရက် ကုန်ဆုံးသွားသည်။ နောက်ဆုံးမှာတော့ ရွှီချင်းသည် ဧရိယာတစ်ခုကို ရွေးချယ်လိုက်သည်။ ဤနေရာတွင် သက်စောင့်မီးအိမ်များကို သန့်စင်ရန် ဆုံးဖြတ်လိုက်ပြီးနောက် သူက သွမ့်မူကျန်းပေးခဲ့သော မျက်လုံးကို ထုတ်လိုက်ပြီး စစ်ဆေးကြည့်လိုက်သည်။

မျက်လုံးသည်လည်း သူ့ကို စိုက်ကြည့်နေသည်။ ၎င်းက လုံးဝအညံ့မခံပေ။

ရွှီချင်းသည် မည်သည့်စကားမှ မပြောပေ။ ၎င်းကို အသုံးမပြုခင် အရင်ဦးစွာ နှိမ်နင်းရမည်ဟု သွမ့်မူကျန်းပြောခဲ့သော စကားကို သူပြန်အမှတ်ရသွားသည်။

ထို့ကြောင့် သူက အရိပ်လေးကို ခေါ်ထုတ်လိုက်သည်။

ချက်ချင်းဆိုသလို အရိပ်လေးသည် ရွှီချင်း၏ ဘေးပတ်ပတ်လည်တွင် အနက်ရောင်ကန့်လန့်ကာသို့ ပြောင်းလဲလိုက်ပြီး လေထဲမှာ မျောလွင့်သွားသည်။ အနက်ရောင်ကန့်လန့်ကာထဲမှ မှိတ်တုတ်မှိတ်တုတ် ကြယ်ကလေးများသည် တစ်ပြိုင်နက် ကျယ်ပြောလာကြပြီး မရေမတွက်နိုင်သော မျက်လုံးများသို့ ပြောင်းလဲသွားကြကာ ရွှီချင်း၏ လက်ထဲမှ မျက်လုံးကို စိုက်ကြည့်လိုက်ကြသည်။

အရိပ်လေးထံမှ မျက်လုံးပေါင်းမြောက်များစွာဖြင့် စိုက်ကြည့်ခံလိုက်ရသောအခါ ထိုမျက်လုံးသည် ကြောက်ရွံ့လာပြီး တုန်ယင်လာသည်။

ရွှီချင်းသည် မျက်လုံးကို အနက်ရောင်ကန့်လန့်ကာဆီသို့ ပစ်ပေးလိုက်သည်။

“ အဲ့ဒါနဲ့ ဆက်သွယ်ပါ ”

အနက်ရောင်ကန့်လန့်ကာပေါ်မှ မျက်လုံးများသည် ချက်ချင်း မျက်တောင်ခပ်လိုက်ကြသည်။ ၎င်းက မကောင်းဆိုးဝါးအရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီးနောက် မျက်လုံးကို လွှမ်းခြုံသွားသည်။

အချိန်အတော်ကြာပြီးနောက် ကန့်လန့်ကာက မျက်လုံးကို ပြန်ထွေးထုတ်လိုက်သည်။ မျက်လုံးသည် တုန်လှုပ်ချောက်ချားနေပြီး ပြင်းထန်သော ကြောက်ရွံ့မှုကို ထုတ်ဖော်ပြလာသည်။

ရွှီချင်းသည် မျက်လုံးကို တစ်ချက်ကြည့်လိုက်သည်။ သူက ကျင်းကန်းဂိုဏ်းဘိုးဘေးကို ဆင့်ခေါ်လိုက်ပြီး နတ်ငါးအရိုးဆူးချွန်ဖြင့် မျက်လုံးကို ပွတ်သပ်လိုက်သည်။

တစ်ခါပွတ်သပ်သွားတိုင်း ကျင်းကန်းဂိုဏ်းဘိုးဘေးသည် ချောက်ချားဖွယ်ကောင်းသော ရယ်သံကို ထုတ်ဖော်လိုက်သည်။ ယင်းက တုန်ယင်နေသော မျက်လုံးကို ပို၍ကြောက်လန့်သွားစေသည်။

နောက်ဆုံးမှာတော့ ရွှီချင်းသည် မျက်လုံးကို ကောက်ယူလိုက်ပြီး ချော်ရည်အောက်သို့ နစ်မြုပ်သွားသည်။ မျက်လုံးပေါ်မှ နီညိုရောင်သွေးကြောများသည် ချက်ချင်း ပျံ့ပွားထွက်လာကြပြီး ဘေးပတ်ဝန်းကျင်ကို အလျှင်အမြန် ဖုံးလွှမ်းသွားသည်။ ယင်းက ရွှီချင်းကို ဘေးပတ်ဝန်းကျင်မှ အပူနှင့် သီးခြားတည်ရှိစေသည်။

၎င်းသည် အရိပ်လေးနှင့် ကျင်းကန်းဂိုဏ်းဘိုးဘေးရှေ့တွင် တုန်လှုပ်ချောက်ချားပြီး အလွန်အားနည်းပုံပေါ်သော်လည်း ရွှီချင်းပင် မခုခံနိုင်သော အပူဓာတ်ကို ပျက်ပြယ်နိုင်စွမ်း ရှိသည်။

အပြန်အလှန် အားဖြည့်ပေးခြင်းနှင့် အပြန်အလှန် ကန့်သတ်ချုပ်နှောင်ခြင်း၏ အခြေခံသဘောတရားကို ဤမျက်လုံးပေါ်မှာ ထင်သာမြင်သာစွာ တွေ့မြင်ရသည်။

ရွှီချင်းသည် အတွေးနက်သွားသည်။ မျက်လုံး၏ အကူအညီကြောင့် သူက ချော်ရည်အောက်သို့ ဆက်လက် နစ်မြုပ်သွားသည်။

မျက်လုံးဆီမှာ မကောင်းသော အတွေးများ ရုတ်တရက် ရှိလာမည်ကို စိုးရိမ်သောကြောင့် ရွှီချင်းသည် အရိပ်လေးကို ပြန်မရုပ်သိမ်းခဲ့ပေ။

ထိုသို့ဖြင့် ရွှီချင်းသည် အနက်ပေတစ်ထောင်အထိ နစ်မြုပ်သွားပြီးနောက် ရပ်တန့်လိုက်သည်။ ပေတစ်ထောင်အနက်တွင် သူက တင်ပျဉ်ခွေထိုင်လိုက်ပြီး သီးခြားခွဲထုတ်မခံရသော မီးတောက်များကို နည်းနည်းချင်းစီ စုပ်ယူလိုက်သည်။

မီးတောက်အမျှင်တန်းတစ်ခုကပင် ရွှီချင်းအား သူ၏ တစ်ကိုယ်လုံးက လောင်ကျွမ်းတော့မည်ဟူသော အန္တရာယ်ခံစားမှုကို ပေးသည်။ ကံကောင်းစွာဖြင့် မီးတောက်ပမာဏက အလွန်သေးငယ်ပြီး ယင်းကို ခရမ်းသလင်းကျောက်က အမြန်ဝါးမျိုပစ်လိုက်သည်။

ယခင်ထက် အများကြီး ပိုတောက်ပသော အလင်းသည် ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲမှာ လင်းလက်လာသည်။

ချက်ချင်းဆိုသလို အလင်းရောင်သည် ပျက်စီးအင်မော်တယ်နတ်ဘုရားဝါးမျိုသူပေါ်သို့ ကျရောက်လာသည်။

သက်စောင့်မီးအိမ်သည် စတင်အရည်ပျော်လာသည်။

အရည်ပျော်နှုန်းသည် ယခင်ထက် အများကြီး ပိုမြန်ဆန်သည်။ ဤသည်ကို ရွှီချင်းမြင်သောအခါ သူက သွေးဆောင်ခံလိုက်ရပြီး စိတ်လှုပ်ရှားလာသည်။ သူက သန့်စင်သည့်လုပ်ငန်းစဉ်ကို အပြည့်အဝ စိတ်နစ်မြှုပ်ထားစဉ် အရိပ်လေးသည်လည်း အလုပ်ကြိုးစားသည်။ ၎င်းက မျက်လုံးကို စူးစိုက်ကြည့်နေပြီး ဆာလောင်မွတ်သိပ်သော ဆန္ဒကို ဆက်လက် ထုတ်လွှတ်နေသည်။

မျက်လုံးသည် ကြောက်လန့်တုန်ယင်သွားပြီး ချော်ရည်အောက်မှ အပူဓာတ်ကို ပျက်ပြယ်စေရန် အကောင်းဆုံး ကြိုးစားသည်။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ ခုနစ်ရက်ကြာပြီးနောက် ရွှီချင်း၏ ပျက်စီးအင်မော်တယ်နတ်ဘုရားဝါးမျိုသူ သက်စောင့်မီးအိမ်သည် လုံးလုံးအရည်ပျော်သွားသည်။ သူ၏ အသိစိတ်ပင်လယ်သည် တအိအိလှိုင်းထသွားပြီး ချော်ရည်အောက်မှာ ပေတစ်သောင်းကျယ်ဝန်းသော ဝဲကတော့တစ်ခု ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ အသက်မြူခိုးထဲ၌ စတုတ္ထနေနာရီသက်စောင့်မီးအိမ် ဖြစ်တည်လာသည်။

နေနာရီလက်တံက တခြားနေနာရီများနှင့် မတူညီသော အချိန်ကာလတစ်ခု၌ ရွေ့လျားသွားသောအခါ အပြင်လောကအပေါ် သက်ရောက်မှုရှိလာသည်။

ဤနေရာမှ အားလှိုင်းအတတ်အကျများသည် မသေးငယ်သော်လည်း ယင်းက ချော်ရည်မျက်နှာပြင်ပေါ်မှာ လှိုင်းလုံးတချို့ကိုသာ ဖြစ်ပေါ်စေခဲ့သည်။ ထို့ပြင် သူရှိနေသော နေရာသည် အစွန်အဖျားနေရာဖြစ်ပြီး ယခု ကောင်းကင်ယံက ဟာလာဟင်းလင်းဖြစ်နေသောကြောင့် မည်သည့်အာရုံစိုက်မှုမှ မခံရပေ။

နောက်ထပ်ခုနစ်ရက်ကြာပြီးသောအခါ ရွှီချင်းသည် မျက်လုံးဖွင့်လိုက်သည်။

ပေတစ်သောင်းကျယ်ဝန်းသော ဝဲကတော့သည် သူ၏ ဘေးပတ်ဝန်းကျင်တွင် ထပ်မံဖြစ်ပေါ်လာပြီး သူ၏ အသိစိတ်ပင်လယ်ထဲတွင် နေနာရီငါးခု ပြီးပြည့်စုံသွားပြီ ဖြစ်သည်။

ပဉ္စမနေနာရီက ဒြပ်ထည်ဖြစ်တည်လာသည့်အခါ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းတစ်ခုသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။

နေနာရီငါးခုပေါ်မှ နာရီလက်တံများသည် တစ်ခုနှင့်တစ်ခု (၁၄)နာရီခြားပြီး လှည့်ပတ်နေကြလေရာ မတူညီသော အချိန်ကာလကို ဖော်ပြနေကြသည်။

ရွှီချင်းသည် ၎င်းတို့ကို စိုက်ကြည့်ပြီးနောက် နက်နဲစွာ တွေးတောလိုက်သည်။

နာရီအတော်ကြာပြီးနောက် ပထမနေနာရီမှ နာရီလက်တံအရိပ်က နေ့လယ်အချိန်သို့ ရောက်ရှိသွားသောအခါ အလင်းဘောလုံးသည် ဆက်လက်မရွေ့လျားတော့ပေ။ နေနာရီလက်တံသည်လည်း ရပ်တန့်သွားသည်။

ဉာဏ်အလင်းရသော ခံစားမှုသည် ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

“ တခြားနေနာရီလေးခုလည်းပဲ နေ့လယ်အချိန်ကိုရောက်ရင် တစ်ခုပြီးတစ်ခု ရပ်တန့်သွားလိမ့်မယ်ထင်တယ်… နေနာရီငါးခုစလုံးရဲ့ အချိန်က ထပ်တူကျသွားတဲ့အခါ ထူးခြားနက်နဲတဲ့ စွမ်းရည်တစ်မျိုး ပေါ်ထွက်လာမယ် ထင်တယ် ”

ထိုစွမ်းရည်က မည်သည့်အရာဖြစ်ကြောင်း ရွှီချင်း သေချာမသိပေ။ သို့သော်လည်း သူ၏ ပင်ကိုယ်အသိစိတ်မှတဆင့် ယင်းက နေနာရီ၏ ကြီးမားသော စွမ်းအားထုတ်လွှတ်မှုဖြစ်ကြောင်း သူသိသည်။

All Chapters