မီးတောက်ပင်လယ်အောက်မှ ကြေးနီခေါင်းတလား(က)
Vol. 56 Ch. 862
“ တခြားနေနာရီလေးခုလည်းပဲ ရပ်တန့်သွားဖို့ အချိန်သိပ်မကြာလောက်ဘူး ”
နေနာရီများသည် တစ်ခုနှင့်တစ်ခု (၁၄)နာရီကွာခြားသောကြောင့် ၎င်းတို့ရပ်တန့်သွားမည့်အချိန်သည် မတူညီကြပေ။
မျှော်လင့်စောင့်စားမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည့်အခါ ရွှီချင်းသည် ချော်ရည်မျက်နှာပြင်ပေါ်သို့ ရွေ့လျားသွားသည်။ အနက်ဆယ်ပေသို့ ရောက်ရှိသွားသည့်အခါ စိတ်လှုပ်ရှားသော အရိပ်အယောင်သည် သူ၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။
ဤချော်ရည်နယ်မြေထဲတွင် ခရမ်းသလင်းကျောက်က သက်စောင့်မီးအိမ်များကို အရည်ပျော်စေနိုင်သော အလင်းရောင်ကို ထုတ်လွှတ်ပေးနိုင်ရုံသာမက တခြားအကျိုးကျေးဇူးလည်း ရှိသေး၏။ ဤသည်မှာ ရွှေကျီးကန်းအသက်ဓာတ်သန့်စင်အတတ်ကို အစွမ်းတိုးမြှင့်ပေးနိုင်ခြင်း ဖြစ်သည်။
ယင်းက ရွှီချင်း၏ ခန့်မှန်းမှုမျှသာ ဖြစ်ပြီး အတည်မပြုရသေးပေ။
သို့သော်လည်း သူ၏ ရွှေကျီးကန်းအသက်ဓာတ်သန့်စင်အတတ်က သူရိန်နေမင်း၏ အကြွင်းအကျန်ဖြင့် ပေါင်းစပ်နိုင်လေရာ ဤနေရာမှ မီးတောက်ပင်လယ်သည် ယင်းကို အကျိုးရှိစေမည်ဟု သူထင်သည်။
“ ရွှေကျီးကန်းအသက်ဓာတ်သန့်စင်အတတ်က ဝိညာဉ်နတ်သူငယ်အဖြစ် ပြောင်းလဲသွားတုန်းက တတိယအဆင့်ကို ရောက်ရှိသွားနှင့်ပြီ ”
တစ်ခဏတွေးတောပြီးနောက် ရွှီချင်း၏ နဖူးသည် တောက်ပလာပြီး ရွှေကျီးကန်းဝိညာဉ်နတ်သူငယ်သည် ပျံသန်းထွက်လာသည်။
အစတွင် ၎င်းသည် ဝိညာဉ်နတ်သူငယ်အသွင်ဖြင့် ရှိနေဆဲဖြစ်သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ ၎င်းက ရွှေကျီးကန်းအသွင်သို့ ပြောင်းလဲသွားပြီး ရွှီချင်းကို လှည့်ပတ်ပျံသန်းလိုက်ကာ ဝိညာဉ်လှုပ်ခတ်စေမည့် စူးရှသော အော်မြည်သံကို ထုတ်ဖော်လိုက်သည်။
ထို့နောက် ရွှေကျီးကန်းသည် ပါးစပ်ဟလိုက်ပြီး ဘေးပတ်ဝန်းကျင်မှ ချော်ရည်ကို အငမ်းမရ စုပ်ယူလိုက်သည်။
ချက်ချင်းပင် မီးတောက်စွမ်းအင်လှိုင်းတစ်ခုသည် ရွှေကျီးကန်း၏ ပါးစပ်ထဲသို့ တန်းမတ်စွာ တိုးဝင်လာသည်။ စွမ်းအင်လှိုင်းက ၎င်း၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားသောအခါ ရွှေကျီးကန်း၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး မျက်လုံးမှေးကျဉ်းသွားသည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ မီးတောက်မီးလျှံများသည် တစ်ဟုန်ထိုး တောက်လောင်လာသည်။
စွမ်းအင်ကို တစ်ခဏကြာ ချေဖျက်ပြီးနောက် ရွှေကျီးကန်းသည် ပိုပြီးကျယ်လောင်စွာ အော်မြည်လိုက်သည်။ ၎င်းက ရွှီချင်း၏ ဘေးပတ်ပတ်လည်တွင် ပျော်ရွှင်စွာ မြူးတူးပျံသန်းပြီးနောက် ချော်ရည်အောက်သို့ ဝင်ရောက်သွားသည်။
ရွှီချင်း၏ နှလုံးသည် တဒုန်းဒုန်း ခုန်မြည်လာသည်။ သူက ရွှေကျီးကန်းပေါ်သို့ ချက်ချင်း အာရုံစိုက်လိုက်သည်။ တစ်ခဏကြာပြီးနောက် သူက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်လေသည်။
ရွှေကျီးကန်းသည် စိတ်ဝိညာဉ်တစ်ခု စတင်ရှိလာဟန် ရသည်။ ဝိညာဉ်နတ်သူငယ်အသွင်သို့ ပြောင်းလဲသွားပြီးနောက် ၎င်း၏ စိတ်ဝိညာဉ်သည် ယခင်ထက် အများကြီး ပိုအားကောင်းလာသည်။ အထူးသဖြင့် ၎င်းက ရွှီချင်း၏ ဝိညာဉ်ဖြင့် ပေါင်းစပ်ပြီးနောက် ဖြစ်သည်။ သို့ဖြစ်၍ ရွှီချင်းသည် ရွှေကျီးကန်းနှင့်ပတ်သက်သော အခြေအနေအားလုံးကို ရှင်းလင်းစွာ အာရုံခံနိုင်သည်။
ဤအခိုက်အတန့်မှာ ရွှေကျီးကန်းသည် အနက်ဆယ်ပေအတွင်းမှာရှိသော ချော်ရည်ကို အဆက်မပြတ် ဝါးမျိုနေသည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည်လည်း စတင်မြင့်တတ်လာနေပြီး အမြှီးများသည် တစ်ချောင်းပြီးတစ်ချောင်း ထွက်ပေါ်လာသည်။ နှစ်နာရီကြာပြီးနောက် ရွှီချင်း၏ ဒုတိယနေနာရီသည် နေ့လယ်အချိန်သို့ရောက်သောအခါ ရပ်တန့်သွားသည်။ ထိုစဉ် ရွှေကျီးကန်း၏ အမြှီးသည် (၁၀၀)ချောင်းမှ (၁၃၀)ချောင်းသို့ တိုးမြှင့်သွားသည်။
ရွှီချင်းသည် စိတ်လှုပ်ရှားလာသည်။ သူက ရွှေကျီးကန်းကို ဆက်လက် ဝါးမျိုစေသည်။
အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားသည်။
များမကြာမီ တတိယနေနာရီသည် နေ့လယ်အချိန်သို့ ရောက်သွားသည့်အခါ ရပ်တန့်သွားသည်။
နာရီပေါင်းများစွာ ကြာပြီးနောက် ကျန်နေနာရီနှစ်ခုသည်လည်း တစ်ခုပြီးတစ်ခု ရပ်တန့်သွားကြသည်။ နောက်ဆုံးမှာတော့ နေနာရီအားလုံး ရပ်တန့်သွားသောအခါ ချော်ရည်အောက်မှာ တင်ပျဉ်ခွေထိုင်နေသော ရွှီချင်းသည် တုန်ယင်လာသည်။
( ဤနေရာတွင် နေ့လယ်အချိန်ဆိုတာ ရွှီချင်းရှိနေတဲ့ တကယ့်အပြင်လောကက အချိန်ကို ဆိုလိုတာမဟုတ်ပါဘူး… နေနာရီတွေရဲ့ နေ့လယ်အချိန်ကို ဆိုလိုတာဖြစ်ပါတယ်… နေ့လယ်အချိန်က (၁၂)နာရီဖြစ်ပါတယ်… တစ်နည်းအားဖြင့် နေနာရီငါးခုစလုံးက (၁၂)နာရီမှာ ရပ်တန့်သွားကြတာ ဖြစ်ပါတယ် )
မိန်းမောတွေဝေသော အကြည့်သည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
လျှပ်တစ်ပြက်အတွင်း ထိုအကြည့်က ပျောက်ကွယ်သွားပြီး ထူးဆန်းသော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ အစားထိုးထွက်ပေါ်လာသည်။ နေနာရီငါးခုတွင် ထူးခြားစွမ်းရည်တစ်မျိုးရှိပြီး ယင်းကို အတွေးတစ်ချက်ဖြင့် သူအသက်သွင်းနိုင်ကြောင်း အာရုံခံမိသည်။
သို့သော်လည်း ထိုစွမ်းရည်က မည်သည့်အရာဖြစ်ကြောင်း သူမသိပေ။
“ ငါစမ်းသပ်ကြည့်မယ် ”
ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ သူ၏ အတွေးဖြင့် လှုံ့ဆော်လိုက်သည့်အခါ သူ၏ အသိစိတ်ပင်လယ်ထဲမှ နေနာရီငါးခုသည် ချက်ချင်း တဝီဝီမြည်လာကြပြီး ရွှီချင်း၏ ဘေးပတ်ပတ်လည်တွင် ဒြပ်ထည်ဖြစ်ပေါ်လာကြသည်။
နေနာရီငါးခုသည် ခရမ်းရောင်ပွင့်ချပ်များနှယ် ရွှီချင်းကို ဝိုင်းရံထားကြသည်။
ယင်းတို့က ရွှန်းလဲ့လဲ့တောက်ပနေကြစဉ် နေနာရီငါးခုသည် နေလုံးအသေးစားများသဖွယ် ရွှီချင်း၏ ဦးခေါင်းထက်၌ ပဉ္စဂံကြယ်ပုံသဏ္ဍာန် မျောလွင့်နေကြသည်။
ဤအခိုက်အတန့်တွင် ရွှီချင်းသည် မျက်စိကျိန်းစပ်လုနီးပါး လင်းလက်တောက်ပလာပြီး အံ့ဖွယ်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။
နေနာရီငါးခုမှ အချိန်စွမ်းအားသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး သူ့အား ဆန်းကြယ်နက်နဲသော ခံစားမှုကို ပေးသည်။ သူ၏ တစ်ကိုယ်လုံးသည် ဝေဝါးလာသည်။ သူက ရှေးခေတ်အချိန်ကာလတစ်ခုမှ ဆင်းသက်လာသကဲ့သို့ပင်။
ထိုဖြစ်စဉ်သည် မပျောက်ကွယ်သွားခင် စက္ကန့်ပိုင်းမျှသာ ကြာမြင့်သည်။ နေနာရီများသည် အရောင်မှေးမှိန်သွားကြလေရာ အစွမ်းအားလုံးကို ထုတ်လွှတ်ပြီးသွားဟန် ရသည်။ ၎င်းတို့က ဆက်လက် မထောက်ပံ့နိုင်တော့ဘဲ ရွှီချင်း၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်သွားကြသည်။
ပထမနေနာရီသည် စတင်လှည့်ပတ်သွားပြီး ကျန်နေနာရီလေးခုသည် နေ့လယ်အချိန်တွင် ရပ်တန့်နေကြစမြဲ ဖြစ်သည်။
ရွှီချင်းသည် ဆွံ့အသွားသည်။ သူက ဘေးဘီသို့ ကြည့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို အာရုံခံလိုက်သည်။ မည်သည့်ထူးခြားမှုကိုမှ သူအာရုံမခံမိပေ။
“ ဘာဖြစ်သွားတာလဲ ”
ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ အစောနက နေနာရီများထံမှ အစွမ်းပေါက်ကွဲမှုသည် မည်သည့်ထူးခြားစွမ်းရည်ကို ဖြစ်ပေါ်စေခဲ့ကြောင်း သူလုံးဝမမှတ်မိပေ။ အချိန်အတော်ကြာ စဉ်းစားသည့်တိုင်အောင် အဖြေကို သူရှာမရပေ။
ထို့ကြောင့် ရွှီချင်းသည် ဇဝေဇဝါဖြစ်လျက် ဆက်လက် စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။
ထိုသို့ဖြင့် နောက်ထပ်(၁၄)နာရီကြာပြီးသောအခါ ဒုတိယနေနာရီသည် စတင်လှည့်ပတ်လာသည်။ တတိယနေနာရီသည် နောက်ထပ်(၁၄)နာရီကြာပြီးနောက် အသက်ဝင်လာသည်။ ပဉ္စမနေနာရီက စတင်ရွေ့လျားလာသည့်အခါ ပထမနေနာရီသည် နေ့လယ်အချိန်တွင် ရပ်တန့်သွားသည်။
“ ဒီလုပ်ငန်းစဉ်က နာရီပေါင်း(၇၀)ကြာမြင့်တယ်… ရက်နဲ့ဆို သုံးရက်လောက် ကြာတယ် ”
ရွှီချင်းသည် တိတ်တဆိတ် တွက်ချက်လိုက်သည်။
နောက်ထပ်(၂၄)နာရီ ကုန်ဆုံးသွားသည်။ တခြားနေနာရီသက်စောင့်မီးအိမ်များက တစ်ခုပြီးတစ်ခု ရပ်တန့်သွားကြသောအခါ နေနာရီအားလုံးသည် နေ့လယ်အချိန်သို့ ပြန်ရောက်ရှိသွားကြသည်။
၎င်းတို့သည် လှုပ်ရှားမှုကင်းမဲ့စွာ ရပ်တန့်နေကြပြီး အစွမ်းပေါက်ကွဲမှုကို ထုတ်လွှတ်ရန် အသင့်ဖြစ်နေကြသည်။
“ လေးရက်ကို စက်ဝန်းတစ်ပတ်လည်တယ် ”
“ အရင်တစ်ခေါက်က ငါက ချော်ရည်အောက်ထဲမှာ ရှိနေတာဖြစ်လို့ အစွမ်းက သိပ်မသိသာတာများလား ”
ရွှီချင်းသည် တစ်ချက်တွေးတောပြီးနောက် အဝေးမှ ရွှေကျီးကန်းကို တစ်ချက်ကြည့်လိုက်သည်။ ရွှေကျီးကန်းသည် ယခု အမြှီး(၂၀၀)ချောင်းကျော် ရှိနေပြီ ဖြစ်သည်။ သူက အကြည့်ပြန်ရုပ်လိုက်ပြီးနောက် ချော်ရည်အပြင်သို့ တိုက်ရိုက် ပျံသန်းသွားသည်။
ချော်ရည်မျက်နှာပြင်ပေါ်သို့ ရောက်ရှိသွားသောအခါ လေထဲတွင် ရပ်တန့်နေလျက် ရွှီချင်းသည် မတုံ့ဆိုင်းတော့ပေ။ ချက်ချင်းဆိုသလို သူ၏ ခန္ဓာကိုယ်အတွင်းမှ နေနာရီငါးခုသည် အသက်ဝင်လာကြပြီး နေလုံးအသေးစားများနှယ် သူ၏ ဦးခေါင်းထက်တွင် လှည့်ပတ်နေကြသည်။ နေနာရီများမှ အစွမ်းသည် ပေါက်ကွဲထွက်လာသည်။
ချက်ချင်းဆိုသလို ရွှီချင်းသည် ပြင်းထန်သော အပူကို ခံစားရလိုက်သည်။ သူ၏ ဘေးပတ်ဝန်းကျင်တွင် ချော်ရည်ဖြင့် ပြည့်နှက်နေသည်။ သူ၏ ခန္ဓာကိုယ်သည် ချော်ရည်အောက်သို့ အမှန်တကယ် ပြန်ရောက်ရှိသွားသည်။
ထိုမြင်ကွင်းသည် ရွှီချင်းကို နှလုံးတုန်သွားစေသည်။ မယုံကြည်နိုင်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ဆတ်ခနဲ ခေါင်းမော့လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်လေရာ သူက အမှန်တကယ် ချော်ရည်အောက်သို့ ပြန်ရောက်ရှိနေကြောင်း ရှာတွေ့သွားသည်။
“ စောစောက ငါလေထဲမှာ ရှိနေတာ သေချာပါတယ် ”
ရွှီချင်း၏ နှလုံးသည် ပရမ်းပတာဖြစ်လာသည်။ သေချာတွေးတောကြည့်ပြီးနောက် သူက ဖြစ်နိုင်ခြေတစ်ခုကို စဉ်းစားမိသွားသည်။
“ မဟုတ်မှ… အချိန်နောက်ပြန်ဆုတ်သွားတာလား ”
ထိုခန့်မှန်းမှုသည် ရွှီချင်း၏ နှလုံးသားထဲမှာ အဆုံးမရှိသော လှိုင်းဂယက်များကို ဖြစ်ပေါ်လာစေသည်။ သူက လက်ရှိ သူ၏ အမြင့်ပေကို တိုင်းတာလိုက်ပြီး ယခင်က လုပ်ဆောင်မှုအတိုင်း တုပ၍ တူညီသော အရှိန်ဖြင့် အပေါ်သို့ ပျံသန်းသွားသည်။
သူသည် လေထဲသို့ ပြန်ရောက်ရန် (၇)စက္ကန့် အချိန်ယူခဲ့ရသည်။
“ (၇)စက္ကန့် အချိန်နောက်ပြန်ဆုတ်သွားတာလား ”
“ ပထမတစ်ကြိမ်တုန်းက ဘာမှမထူးခြားတာ ငါမလှုပ်ရှားခဲ့လို့ ဖြစ်မယ်… ဒါကြောင့် သိပ်မသိသာတာ ”
ထူးဆန်းသော အလင်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သို့သော်လည်း သူသည် အပြည့်အဝ မသေချာသေးပေ။ နောက်တစ်ကြိမ် ထပ်စမ်းသပ်ကြည့်ရန် လိုအပ်ပေသည်။