စီနီယာ… ငါ့အသားက တကယ်အရသာမရှိပါဘူး(ခ)
Vol. 56 Ch. 867
“ နတ်ဘုရား ဆင်းသက်လာခြင်း ”
အရာအားလုံးကို လောင်ကျွမ်းပြီးနောက် တိုးညင်းသော အော်သံသည် ဝတ်စုံနီအမျိုးသမီး၏ ပါးစပ်ထဲမှ မြည်ထွက်လာသည်။
သွေးသည် သူ၏ မျက်လုံးထဲမှ စီးကျလာသည်။ မချိတင်ကဲဝေဒနာကို ခံစားနေရသောကြောင့် သူ၏ မျက်နှာသည်လည်း ရှုံ့မဲ့နေသည်။ အက်ကွဲရာအများအပြားသည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။
သွေးသည် သူ၏ တစ်ကိုယ်လုံးကို စွန်းထင်သွားသောကြောင့် မူလက ချောမောလှပသော အဆင်းသဏ္ဍာန်သည် ရုပ်ပျက်ဆင်းပျက် အကျည်းတန်သွားသည်။ လက်နှစ်ဖက်ဖြင့် မျက်လုံးကို ဖုံးအုပ်မထားသည့် အချက်မှလွဲလျှင် သူက ရုပ်တုနှင့် ကွဲပြားခြားနားခြင်း မရှိပေ။
အထူးသဖြင့် နောက်အခိုက်အတန့်မှာ သူ၏ မျက်လုံးသည် ဖောင်းခနဲ ပေါက်ကွဲထွက်သွားသည်။
ရွှီချင်းသည် ယခင်က ထိုမြင်ကွင်းကို ကျန်းစီယွမ်ပေါ်မှာ မြင်ဖူးသည်။
အသံက ပဲ့တင်ထပ်သွားသည်နှင့် ကျယ်ပြောသော စွမ်းအားသည် ဝတ်စုံနီအမျိုးသမီးထံမှ ချက်ချင်း ထွက်ပေါ်လာသည်။ နီလာနတ်သမီးသည် နက်ရှိုင်းစွာ အိပ်မောကျနေပြီး မဆင်းသက်လာနိုင်သော်လည်း ဤအခိုက်အတန့်မှာ သွေးနီတံဆိပ်တော်နှင့် သူ၏ ခန္ဓာကိုယ်ကို လောင်ကျွမ်းထားမှုကြောင့် ဝတ်စုံနီအမျိုးသမီးထံမှ ထုတ်လွှတ်လိုက်သော နတ်ဘုရားအစွမ်းသည် ဘေးပတ်ဝန်းကျင်မှ အနီရောင်လ၏ အချုပ်အနှောင်စည်းများကို တုံ့ခနဲ ရပ်တန့်သွားစေသည်။
အချုပ်အနှောင်စည်းများအပေါ် ရွှီချင်း၏ ထိန်းချုပ်နိုင်စွမ်းသည်လည်း ချက်ချင်း သက်ရောက်ခံလိုက်ရပြီး ရပ်တန့်သွားသည်။
ဤအခွင့်အရေးကို အသုံးချပြီးနောက် ဝတ်စုံနီအမျိုးသမီးသည် ချော်ရည်ပေါ်သို့ တန်းမတ်စွာ ပျံသန်းသွားသည်။ အဆုံးမှာတော့ သူက ဤနေရာမှ ထွက်သွားရန် ရွေးချယ်လိုက်ဆဲပင်။ ရွှီချင်း၏ ခရမ်းလသည် သူ့အား ပြင်းထန်သော အကြောက်တရားကို ခံစားရစေသည်။
သူက ချော်ရည်မျက်နှာပြင်ပေါ်သို့ ထွက်သွားနိုင်သည်နှင့် သူ၏ ရဲဘော်ရဲဘက်များသည် သူ့အား ရှာတွေ့သွားလိမ့်မည်။ ထိုအခါ သူတို့သည် သေချာပေါက် လှုပ်ရှားကြလိမ့်မည်။ အကျိုးအမြတ်များကို ခွဲဝေပေးရလိမ့်မည်ဖြစ်သော်လည်း ဤအခိုက်အတန့်တွင် သူ့မှာ တခြားရွေးချယ်စရာ မရှိပေ။
အကယ်၍ သူသာ ဆက်လက် ကြန့်ကြာနေမည်ဆိုလျှင် ထူးဆန်းသော ခရမ်းလက သူ့အား ရူးသွပ်သွားစေလိမ့်မည်။
အမျိုးသမီးက လွတ်မြောက်တော့မည်ကို မြင်သောအခါ ရူးသွပ်မှုသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူသည် ထိုပုဂ္ဂိုလ်ကို လုံးဝလွှတ်မပေးနိုင်ပေ။ သို့ဖြစ်၍ သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး တစ်ဖက်လူဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
သူ၏ ခန္ဓာကိုယ်ထဲမှ ရွှေချည်မျှင်များသည် ဆန့်တန်းထွက်လာကြပြီး သူ၏ ရုပ်ခန္ဓာကိုယ်သည် ပေသုံးဆယ်အထိ ချက်ချင်း ရှည်လျားသွားသည်။
မိစ္ဆာဆန်သော အော်ဟစ်ငိုကြွေးသံသည် အမျိုးသမီး၏ သွေးစွန်းမျက်လုံးထဲမှ ပျံ့လွင့်ထွက်လာသည်။ သူက လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး အရှေ့သို့ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို မဟူရာမီးတောက်သည် သူ၏ လျှို့ဝှက်ရတနာသိုက်ထဲမှ ပျံ့နှံ့ထွက်လာသည်။
မဟူရာမီးတောက်သည် တစ္ဆေရိုင်းတစ်ကောင်သို့ ပြောင်းလဲသွားပြီး ရွှီချင်းကို တိုက်ခိုက်လိုက်သည်။ ရွှီချင်း၏ ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ယင်လာသည်။ ပေသုံးဆယ်ရှိသော သူ၏ ရုပ်ခန္ဓာကိုယ်သည် ပြိုလဲပျက်စီးသွားပြီး မူလအရွယ်အစားသို့ ပြန်ပြောင်းလဲသွားသည်။ သူ၏ ဝိညာဉ်နတ်သူငယ်အားလုံးသည် တုန်ယင်သွားကြပြီး ဝိညာဉ်အရှိန်အဝါကို ထုတ်လွှတ်လိုက်ကြသည်။
သူ၏ ဝိညာဉ်သည် အက်ကွဲသွားတော့မည် ဖြစ်သည်။
ကံကောင်းစွာဖြင့် နေနာရီသက်စောင့်မီးအိမ်များ၏ အကာအကွယ်ပေးမှုကြောင့် သူ၏ ဝိညာဉ်သည် အပိုင်းပိုင်းအစစ အက်ကွဲမသွားခဲ့ပေ။
သို့သော်လည်း အကယ်၍ သူသာ ထိုတစ္ဆေရိုင်း၏ နောက်တစ်ကြိမ် တိုက်ခိုက်ခံရမည်ဆိုလျှင် သူ၏ ဝိညာဉ်သည် ဆက်လက်တောင့်ခံရန် အတော်လေး ခက်ခဲသွားလိမ့်မည်ဖြစ်ကြောင်း ရွှီချင်း သိသည်။
သို့သော်လည်း သူ၏ ရူးမိုက်သော ဟန့်တားပိတ်ဆို့မှုသည် အမှန်တကယ် ထိရောက်မှုရှိသည်။
ဝတ်စုံနီအမျိုးသမီးသည် ယာယီအားဖြင့် တုံ့ဆိုင်းသွားသည်။
ထိုအခိုက်အတန့်မှာ အချုပ်အနှောင်စည်းများအပေါ် ‘ နတ်ဘုရားဆင်းသက်လာခြင်း ’ အတတ်၏ လွှမ်းမိုးမှုသည် စတင်အားလျော့လာပြီ ဖြစ်သည်။ ရွှီချင်းသည် အချုပ်အနှောင်စည်းများကို ယခင်ကဲ့သို့ ပြန်လည်ထိန်းချုပ်လာနိုင်သည်။
သူ၏ ထိန်းချုပ်မှုအောက်တွင် အချုပ်အနှောင်စည်းများသည် ဧရာမသွေးနီလက်ကြီးတစ်ခုသို့ ပြောင်းလဲသွားပြီး ဝတ်စုံနီအမျိုးသမီးကို ဖမ်းဆုပ်လိုက်သည်။
ဧရာမသွေးနီလက်ကြီးသည် မြန်ဆန်သော်လည်း ယင်းက ဝတ်စုံနီအမျိုးသမီးကို ရပ်တန့်ရန် အတော်လေး နောက်ကျနေဆဲပင်။ သူ၏ အလျင်သည် ထပ်မံပေါက်ကွဲထွက်လာပြီး လွတ်မြောက်သွားရန် သိပ်မလိုတော့ချေ။
ထိုသို့အရေးကြီးအခိုက်အတန့်မှာ အနက်ရောင်အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်နှင့် သူက အမျိုးသမီးကို စိုက်ကြည့်လိုက်သည်။
သူ၏ ခန္ဓာကိုယ်ထဲမှ နေနာရီငါးခုစလုံး၏ နာရီလက်တံများကို တစ်ပြိုင်နက် ဆွဲနုတ်ပစ်လိုက်သည်။
အချိန်ရပ်တန့်စေ…
တိတ်ဆိတ်စွာဖြင့် ဝတ်စုံနီအမျိုးသမီးပိုင်ဆိုင်သော အချိန်သည် ဤအခိုက်အတန့်မှာ အတင်းအကျပ် ရပ်တန့်ခံလိုက်ရသည်။
သူ၏ ခန္ဓာကိုယ်သည် လှုပ်ရှားမှုကင်းမဲ့စွာ ရပ်တန့်သွားပြီး မည်သည့်အရာကိုမှ အာရုံမခံနိုင်တော့သကဲ့သို့ မည်သည့်အရာကိုမှ မတုံ့ပြန်နိုင်တော့ပေ။
ထိုသို့ရပ်တန့်သွားခြင်းသည် သေခြင်းရှင်ခြင်း တဒင်္ဂအပြောင်းအလဲကို ဖြစ်ပေါ်စေနိုင်သည်။
အမျိုးသမီးက သူ့ကိုယ်ပိုင်အချိန်ကို ပြန်လည်ပိုင်ဆိုင်သွားသည်နှင့်ချက်ချင်း ဧရာမသွေးနီလက်ကြီးသည် သူ၏ ခန္ဓာကိုယ်ကို ဖမ်းဆုပ်မိသွားပြီး အောက်သို့ အကြင်နာမဲ့စွာ ဆွဲချသွားသည်။
ပို၍များပြားသော ဧရာမသွေးနီလက်ကြီးများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြပြီး သူ့ကို ဖမ်းဆုပ်လိုက်ကာ အောက်သို့ တရွတ်တိုက် ဆွဲချသွားသည်။
ဝိညာဉ်သိုက်အဆင့် ပညာရှင်ကျင့်ကြံသူအား အတင်းအကျပ် အချိန်ရပ်တန့်ခြင်း၏ အဖိုးအခသည် အတော်လေး ကြီးမားသည်။ ရွှီချင်း၏ နေနာရီသက်စောင့်မီးအိမ်များသည် ယိုယွင်းပျက်စီးလာပြီး ဒိုင်ကွက်ပြားပေါ်မှာ ကြီးမားသော အက်ကွဲရာများပင် ထွက်ပေါ်လာသည်။
သို့သော်လည်း ယင်းတို့က လုံးလုံးလျားလျား မပျက်စီးသွားသေးသရွေ့ ပြန်လည်ပြုပြင်နိုင်ကြောင်း ရွှီချင်း ခံစားမိသည်။ ယခုအချိန်မှာ ယင်းတို့ကို ဂရုစိုက်ရန် သူ့မှာ အချိန်မရှိပေ။
သူက ပြင်းထန်သော ဝိညာဉ်ဆုတ်ဖြဲခြင်းဒဏ်ကို တောင့်ခံနေရင်း လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်လက်သင်္ကေတများကို တရစပ် ဖွဲ့စည်းလိုက်ပြီး ဘေးပတ်ဝန်းကျင်မှ အချုပ်အနှောင်စည်းများကို ဆက်တိုက်ထိန်းချုပ်လိုက်သည်။
အချုပ်အနှောင်စွမ်းအားသည် ဆက်လက်ပေါက်ကွဲထွက်လာပြီး ဝတ်စုံနီအမျိုးသမီးကို ခေါင်းတလားပေါ်မှ ချောက်နက်ထဲသို့ ဆွဲချသွားသည်။
ရွှီချင်းထွက်ပေါ်လာသည့်အချိန်မှစ၍ ချောက်နက်ထဲမှ အသံသည် လုံးဝထွက်ပေါ်မလာတော့ပေ။ သို့သော်လည်း ထိုမြင်ကွင်းကို အာရုံခံမိသွားသောအခါ တဂျွတ်ဂျွတ် ဝါးစားသံသည် ပဲ့တင်ထပ်လာသည်။
ထိုအသံထဲမှာ ပြင်းပြသောဆန္ဒနှင့် ရူးသွပ်မှုတို့ဖြင့် ပြည့်နှက်နေသည်။
မရေမတွက်နိုင်သော ဧရာမသွေးနီလက်ကြီးများ၏ ဆွဲချခံနေရသော ဝတ်စုံနီအမျိုးသမီးသည်တော့ သူ၏ အမူအရာသည် သိသာစွာ ပြောင်းလဲသွားသည်။ သူ၏ စိတ်ထဲမှ လှိုင်းအတတ်အကျများက ပိုပြီးပြင်းထန်လာသည့်အခါ သေခြင်းရှင်ခြင်း အန္တရာယ်ခံစားမှုသည် သူ၏ တစ်ကိုယ်လုံးကို တုန်ယင်သွားစေပြီး ရူးသွပ်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
အကယ်၍ သူသာ ချောက်နက်ထဲသို့ ဆွဲချခံသွားရမည်ဆိုလျှင် မည်သို့ဆက်ဖြစ်လိမ့်မည်ကို သိသည်။ သို့ဖြစ်၍ သူက အစွမ်းကုန်သုံး၍ ရုန်းကန်သည်။ သို့သော်လည်း ယင်းက အချိန်အနည်းငယ်သာ ကြန့်ကြာစေနိုင်သည်။ အဆုံးမှာတော့ သူ၏ ခန္ဓာကိုယ်က ချောက်နက်ဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားနေဆဲပင်။
ထိုအဖြစ်ကိုမြင်သောအခါ စိတ်ပျက်အားလျော့မှုသည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက နှလုံးကွဲကြေဖွယ်ကောင်းသော ငိုကြွေးသံကို ကျယ်လောင်စွာ ထုတ်ဖော်လိုက်သည်။
မီးတောက်များသည် သူ၏ တစ်ကိုယ်လုံးပေါ်မှာ ပေါ်လျှိုးလာသည်။ သူက ကျင့်ကြံခြင်းအခြေခံကို လောင်ကျွမ်းပစ်နေရုံသာမက သူ၏ အသက်ဓာတ်ကိုလည်း လောင်ကျွမ်းပစ်နေခြင်း ဖြစ်သည်။
သူက အသံကို ပိုကျယ်စေရန် ရှိသမျှအစွမ်းအားလုံးကို အသုံးပြုလိုက်သည်။ ယင်းက ကြီးမားသော အသံလှိုင်းတစ်ခုသို့ ပြောင်းလဲသွားပြီး ဘေးပတ်ဝန်းကျင်မှ ချော်ရည်ဧရိယာကို ပြိုလဲပျက်စီးသွားစေသည်။ ယင်းက ချော်ရည်မျက်နှာပြင်ပေါ်သို့ ပျံ့လွင့်သွားပြီး အကူအညီတောင်းနိုင်ရန် ကြိုးစားသည်။
အသံလှိုင်း၏ တိုက်ခိုက်မှုအောက်မှာ ရွှီချင်းသည် သွေးအန်လိုက်ရသည်။ သူ၏ မျက်လုံးသည် သွေးရောင်ပြောင်းလဲသွားသည်။
အမျိုးသမီးက ခေါင်းမာနေသေးသည်ကို မြင်သောအခါ သူက အချိန်ကိုက်ကို တွက်ဆလိုက်ပြီး ရုတ်တရက် အရှေ့သို့ ပြေးထွက်သွားသည်။
အသက်နှစ်ခါရှူချိန်ကြာပြီးနောက် သူက အမျိုးသမီး၏ အနားသို့ ရောက်ရှိသွားသည်။ သူက လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး သူ့ကိုယ်သူ လက်နက်တစ်ခုအဖြစ် အသုံးပြုကာ အမျိုးသမီးကို ရိုက်ချလိုက်သည်။
ယင်းက အမျိုးသမီးကို ချောက်နက်ထဲသို့ မြန်ဆန်စွာ ကျဆင်းသွားစေသည်။
အကွာအဝေးက အလွန်နီးကပ်သောကြောင့် ရွှီချင်း၏ ဝိညာဉ်သည် စတင်ပြိုလဲပျက်စီးလာသည်။ သို့သော်လည်း သူက အစွမ်းထက် သူ၏ စိတ်ဓာတ်ခွန်အားအပေါ် အမှီသဟဲပြုကာ နာကျင်မှုဝေဒနာကို တောင့်ခံလိုက်သည်။
အသက်ခြောက်ခါရှူချိန်ကြာပြီး နောက်ဆုံးမှာတော့ သူက မျှော်လင့်ချက်မဲ့နေသော ဝတ်စုံနီအမျိုးသမီးနှင့်အတူ ချောက်နက်ထဲသို့ ဝင်ရောက်သွားသည်။ ချောက်နက်ထဲသို့ ဝင်ရောက်သွားသည်နှင့်ချက်ချင်း အပြာရောင်ဧရာမမျက်လုံးတစ်စုံနှင့် အဆုံးမရှိသော ပါးစပ်ပေါက်ကို သူမြင်သွားသည်။
နောက်အခိုက်အတန့်မှာ ရွှီချင်း၏ ဝိညာဉ်က မပျက်စီးသွားခင် သူက နေနာရီစွမ်းအားကို ထုတ်လွှတ်လိုက်သည်။
အချိန်နောက်ပြန်ဆုတ်စမ်း…
ရွှီချင်း၏ ပုံရိပ်သည် ပျောက်ကွယ်သွားတော့မည့်အလား ချောက်နက်ထဲမှာ ဝေဝါးလာသည်။ ဤသည်မှာ ထိုအချိန်အပိုင်းအခြားက မရေမတွက်နိုင်သော မှန်အပိုင်းအစများသို့ အက်ကွဲထွက်သွားပြီး လွန်ခဲ့သော (၇)စက္ကန့်အချိန်တွင် ပြန်လည်စုစည်းသွားသည့်အလားပင်။
ရွှီချင်း၏ ပုံရိပ်သည် ချောက်နက်၏ အပြင်ဘက်တွင် ရုတ်တရက် ထွက်ပေါ်လာသည်။ သူ၏ ဝိညာဉ်က မပျက်စီးသွားသော်လည်း ပြင်းထန်သော နာကျင်မှုကို ခံစားနေရဆဲပင်။ သူ၏ ဒဏ်ရာအားလုံးသည် လွန်ခဲ့သော (၇)စက္ကန့်အချိန်ဆီသို့ ပြန်ရောက်ရှိသွားသည်။