← Chapters

လေတိုက်ပေမဲ့ မီးက မငြိမ်းဘူး

Vol. 56 Ch. 871

လေတိုက်ပေမဲ့ မီးက မငြိမ်းဘူး

Vol. 56 Ch. 871

ဆယ်ရက်ကြာပြီးသောအခါ…

ရွှီချင်းသည် ချော်ရည်ထဲမှ ပျံသန်းထွက်လာသည်။ ကောင်းကင်ယံမှ မီးတောက်များသည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ တောက်ပလာသည်။ ယင်းက သူ၏ တစ်ကိုယ်လုံးကို တလက်လက်ဖြင့် လင်းလက်စေသည်။

အထူးသဖြင့် သူ၏ မျက်လုံးတွင် ဖြစ်သည်။

သူ၏ ကျင့်ကြံခြင်းအခြေခံသည် ယခင်ကထက် ကျော်လွန်သွားသည်။ သူ၏ ဝိညာဉ်နတ်သူငယ်(၁၃)ကောင်ထဲတွင် ရွှေကျီးကန်းနှင့် ခရမ်းလအပြင် တခြားဝိညာဉ်နတ်သူငယ်များသည်လည်း သိသိသာသာ အစွမ်းတိုးမြှင့်လာကြသည်။

၎င်းတို့သည် ပထမကောင်းကင်ကဒ်ဘေးဒုက္ခ၏ ပြီးပြည့်စုံသော အဆင့်သို့ မရောက်ရှိသေးကြသော်လည်း သိပ်မကွာဝေးတော့ချေ။

“ ကောင်းကင်အာဏာစက်သစ်သီးက အရမ်းတန်ဖိုးကြီးတာပဲ ”

အနက်ရောင်အလင်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ထိုသို့ကောင်းကင်အာဏာစက်သစ်သီးမျိုး နောက်ထပ်အနည်းငယ် သူရရှိမည်ဆိုလျှင် သူ၏ ဝိညာဉ်နတ်သူငယ်အားလုံးသည် ပထမကောင်းကင်ကဒ်ဘေးဒုက္ခ၏ ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိသွားလိမ့်မည်ဟု သူသေချာသည်။

“ ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ကောင်းကင်အာဏာစက်တွေလို့ မပြောရဘူး… တကယ် အကျိုးရှိတယ်… သူက တာအိုပျိုးထောင်ခြင်း အစောပိုင်းအဆင့်မှာပဲ ရှိသေးတာတောင် သူ့ရဲ့ ကောင်းကင်အာဏာစက်တွေက ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူတစ်ယောက် ယှဉ်ပြိုင်နိုင်တဲ့အရာ မဟုတ်ဘူး ”

ရွှီချင်းက စိတ်ထဲမှ တီးတိုးရေရွတ်လိုက်စဉ် သူ၏ မျက်လုံးသည် ဝင်းလက်လာသည်။ ဆယ်ရက်ကြာသည်အထိ ပြန်လည်ကုသပြီးနောက် သူ၏ ဝိညာဉ်သည် နောက်ဆုံးမှာတော့ အပြည့်အဝ ပြန်လည်ကောင်းမွန်သွားသည်။

ထပ်ပေါင်းဆိုရသော် သူ၏ ပြန်လည်ကောင်းမွန်လာသော ဝိညာဉ်သည် ယခင်ထက် အနည်းငယ် ပိုသန့်စင်လာသည်။

“ မျက်လုံးကို ပြန်ပေးပြီးသွားရင် ဒီနေရာကနေ ငါထွက်သွားမယ် ”

ရွှီချင်းသည် သူ့အောက်မှ ကောင်းကင်ဘုံမီးတောက်ပင်လယ်ကို ငုံ့ကြည့်လိုက်သည်။ ထိုပင်လယ်ထဲတွင် လျှို့ဝှက်ချက်များစွာ ရှိ၏။

ဥပမာ နောက်ထပ် ချိပ်ပိတ်ထားသောနေရာများ သို့မဟုတ် ကောင်းကင်ဘုံမီးတောက်ပင်လယ်၏ အနက်ရှိုင်းဆုံး အပိုင်းများ ဖြစ်သည်။ ထို့ပြင် မီးတောက်မီးလျှံများ ကျဆင်းလာသော ကောင်းကင်ပေါ်မှ အက်ကွဲကြောင်းဆီသို့ သူမရောက်ဖူးသေးပေ။

“ အခုတော့ အဲ့ဒါကို ငါမစူးစမ်းနိုင်သေးဘူး… နှစ်ဝက်ကုန်ဆုံးသွားပြီ… ဒီတော့ စီနီယာအကိုကြီးနဲ့ အမြန်ဆုံး ငါတွေ့ဆုံရမယ် ”

ရွှီချင်းသည် သူ၏ လက်ကောက်ဝတ်ကို ကြည့်လိုက်သည်။ ထိုနေရာတွင် ကွင်းပုံစံ အမှတ်အသားတစ်ခု ရှိသည်။ ယင်းက လင်းအာကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ဤသည်မှာ လူသားမြို့တော်မှ သူထွက်မလာခင် လင်းအာနှင့် သဘောတူထားသော ကိစ္စဖြစ်သည်။

ရွှီချင်း သွားရောက်ကျင့်ကြံမည့်နေရာသည် အလွန်အန္တရာယ်များသောကြောင့် လင်းအာသည် ကွင်းအမှတ်အသားပုံစံ ပြောင်းလဲလိုက်ပြီး အိပ်စက်သွားသည်။ ထိုသို့နည်းဖြင့် လင်းအာ၏ ဘေးကင်းလုံခြုံရေးသည် တိုးမြှင့်သွားလိမ့်မည်။

ယခု အန္တရာယ်သည် ဖြေရှင်းပြီးသွားပြီ ဖြစ်သည်။ မိုင်းတွင်းထဲမှ မြို့တော်ဆီသို့ ပြန်သွားတော့မည်ဟု တွေးလိုက်သည့်အခါ အပြုံးတစ်ခုသည် ရွှီချင်း၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက ကွင်းအမှတ်အသားကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

“ လင်းအာ ထတော့ ”

“ ငါတို့ မိုင်းတွင်းဆီ သွားတော့မလို့ ”

ကွင်းအမှတ်အသားသည် အကြိမ်ရေအနည်းငယ် လင်းလက်သွားပြီး လင်းအာသည် တွားသွားထွက်လာသည်။ သူ၏ မျက်လုံးသည် အိပ်ချင်မူးတူးပုံစံဖြင့် မိန်းမောနေသည်။ သို့သော်လည်း ရွှီချင်း၏ စကားကိုကြားသောအခါ သူ၏ မျက်လုံးသည် အရောင်တောက်ပလာပြီး သူက တည်ကြည်စွာ ချက်ချင်း ခေါင်းထောင်လိုက်သည်။

“ အဲ့ဒီကို ညီမတို့ ပြန်သွားကြမှာလား… အဲ့ဒါ ကောင်းတယ်… အကိုရွှီချင်း ဒီတစ်ခါ အချိန်နည်းနည်းပိုကြာကြာ နေရအောင်နော် ”

ရွှီချင်းက တစ်ချက်တွေးတောလိုက်စဉ် လင်းအာ၏ မျက်နှာပေါ်မှ မျှော်လင့်သောအရိပ်အယောင်ကို မြင်သွားသည်။ ထို့ကြောင့် သူက ခေါင်းညိတ်လိုက်သည်။

“ ဒါဆို လဝက်လောက် နေကြတာပေါ့ ”

လင်းအာသည် ချက်ချင်း ပျော်ရွှင်သွားသည်။ သူက ရွှီချင်း၏ နားရွက်ပေါ်သို့ ပျော်ရွှင်စွာ ရွေ့လျားသွားပြီး တခစ်ခစ် ရယ်မောလိုက်သည်။

လင်းအာ၏ ရယ်သံကို ကြားသောအခါ ရွှီချင်းသည် စိတ်ချမ်းမြေ့သွားသည်။

ယခင်က ချော်ရည်အောက်ခြေတွင် သူခံစားခဲ့ရသော စိုးရိမ်ကြောင့်ကြမှုသည် ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။ သို့သော်လည်း ရွှီချင်းသည် အလွန်အမင်း သတိထားဆဲပင်။ ဤနေရာမှ လူသားမျိုးနွယ်၏ အဆင့်အတန်းကို သူသိသည်။ သို့ဖြစ်၍ မိုင်းတွင်း၏ တည်နေရာကို မပေါက်ကြားစေရန် သူဂရုစိုက်ရလိမ့်မည်။

ထို့ကြောင့် သူက ပျံသန်းနေစဉ် ထိုအချက်ကို အထူးအာရုံစိုက်ခဲ့သည်။

မည်သည့်သဲလွန်စမှ မကျန်ရစ်ကြောင်း သေချာအတည်ပြုပြီးနောက် ရွှီချင်းသည် ကောင်းကင်ဘုံမီးတောက်ပင်လယ်ထဲမှ ထွက်ခွာသွားပြီး မိုင်းတွင်းဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

လမ်းတစ်လျှောက်တွင် သူက တစ်ကြိမ်ရပ်တန့်လိုက်ပြီး မြေပြင်ကို ငုံ့ကြည့်လိုက်သည်။ အနီရောင်ပန်းတစ်ပွင့်သည် ကျောက်တုံးများပေါ်မှ အက်ကွဲကြောင်းထဲတွင် ရှင်သန်ပေါက်ရောက်နေသည်။

ထိုပန်းပွင့်လေးသည် ဤနေရာတွင် တစ်ကိုယ်တည်း ရှင်သန်ကြီးထွားနေပြီး လေထဲမှာ ဘယ်ညာယိမ်းနွဲ့နေသည်။

ဤသည်မှာ ဤဧရိယာတွင် သက်ရှိအပင်တစ်ပင်ကို ပထမဆုံးအကြိမ် ရွှီချင်း မြင်ဖူးခြင်းဖြစ်သည်။

ဤကဲ့သို့ အလွန်ပူပြင်းသော ဒေသတွင် သက်ရှိအပင်များ ပေါက်ရောက်ရှင်သန်ရန် အလွန်အမင်း ခက်ခဲသည်။ ထူးခြားအပင်တချို့သာလျှင် ကောင်းကင်မီးလျှံကဒ်ဘေး ဖြတ်သန်းခြင်းပြီးဆုံးပြီးနောက် ပွင့်လန်းလာကြသည်။

ဥပမာ ဤပန်းပွင့်လေးသည် ထိုကဲ့သို့ထူးခြားအပင်များထဲမှ တစ်ပင်ဖြစ်သည်။

ယင်းက တန်ဖိုးကြီး ဆေးပင်တစ်ပင် ဖြစ်သည်။

၎င်း၏ မာတိကာအချက်အလက်ကို ဆရာသခင်ပိုင်၏ ဆေးပဒေသာကျမ်းထဲတွင် ရေးသားထားသည်။ ၎င်းကို မီးဝိညာဉ်ပန်းဟုခေါ်ပြီး အလွန်ပူပြင်းသော အရပ်ဒေသများတွင်သာ ပေါက်ရောက်လေ့ ရှိသည်။

မီးဝိညာဉ်ပန်းကို ကြည့်နေရင်း ရွှီချင်းသည် အံ့ဩသွားသည်။ သူက မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး ပန်းကို ဆွဲနုတ်လိုက်သည်။ ထို့နောက် ၎င်းကို ပုလင်းငယ်တစ်လုံးထဲသို့ ထည့်သိမ်းလိုက်သည်။

“ ဖန်ယန်က အရင်တစ်ခေါက်က ဒီပန်းအကြောင်း ငါ့ကို မေးဖူးတယ် ”

ရွှီချင်းသည် ပြုံးလိုက်သည်။ ပုလင်းကို သိမ်းဆည်းပြီးနောက် သူက အရှေ့သို့ ဆက်လက် ရွေ့လျားသွားသည်။

သူက ရွေ့လျားနေရင်း သဲလွန်စများကို တစ်ခါတည်း ဖျောက်ဖျက်ပစ်သည်။ သုံးရက်ကြာပြီးသောအခါ နောက်ဆုံးမှာတော့ ရွှီချင်းသည် မိုင်းတွင်းကို အဝေးမှ လှမ်းမြင်လိုက်သည်။

စီနီယာသွမ့်မူကျန်းနှင့် သူ၏ တပည့်မလေးကို တွေးမိသွားသောအခါ ရွှီချင်းသည် စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်လေသည်။

“ အခု ငါ့မှာ ကျိန်စာကို ပယ်ဖျက်နိုင်တဲ့ နည်းလမ်းမရှိသေးတာ စိတ်မကောင်းစရာပဲ… ဒါပေမဲ့ နောက်ထပ် အချိန်နည်းနည်း ပိုရမယ်ဆိုရင် ငါကြိုးစားကြည့်နိုင်တယ် ”

ရွှီချင်းသည် သူ၏ စိတ်ထဲမှ တီးတိုးရေရွတ်လိုက်ပြီး အရှေ့သို့ ဆက်လျှောက်သွားသည်။ သို့သော်လည်း စွန့်ပစ်မိုင်းတွင်းနှင့် ပေတစ်သောင်းအကွာအဝေးသို့ ရောက်ရှိသွားသောအခါ ရွှီချင်း၏ ခြေလှမ်းသည် ရုတ်တရက် ရပ်တန့်သွားသည်။ သူ၏ သူငယ်အိမ်က ကျုံ့သွားပြီး ပေတစ်သောင်းအဝေးသို့ လှမ်းကြည့်လိုက်သည်။

ဤနေရာသည် သူထွက်သွားတုန်းကနှင့် အနည်းငယ် ခြားနားနေသည်။

မူလက မိုင်းတွင်း၏ အဝင်ဝတွင် အရေအတွက်များပြားသော ကျောက်တုံးအပိုင်းအစများဖြင့် စုပုံရှိနေသည်။ သို့သော်လည်း ကောင်းကင်မီးလျှံကဒ်ဘေး ကျဆင်းလာသည့်အခါ ၎င်းက အရည်ပျော်ကျသွားပြီး ထုထည်တစ်ခုအဖြစ် ပေါင်းစည်းသွားသည်။ သို့ဖြစ်၍ အဝင်အထွက်ပြုလုပ်ရန် အက်ကွဲကြောင်းတချို့သာ ရှိတော့သည်။

သို့သော်လည်း ယခုအခိုက်အတန့်မှာ မိုင်းတွင်း၏ ဝင်ပေါက်သည် အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးခံထားရသည်။

ထိုမြင်ကွင်းသည် ရွှီချင်း၏ နှလုံးကို တုန်လှုပ်သွားစေသည်။ လင်းအာသည်လည်း ယင်းကို သတိပြုမိသည်။ လှုပ်ရှားနေသော သူ၏ ခန္ဓာကိုယ်သည် ရပ်တန့်သွားပြီး သူ၏ အသံသည် အနည်းငယ် တုန်ယင်လာသည်။

“ အကိုရွှီချင်း… ”

စိုးရိမ်မှုသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက အသက်သုံးခါရှူချိန်အတွင်း ပေတစ်သောင်းအကွာအဝေးကို ဖြတ်ကျော်သွားသည်။

သူက မိုင်းတွင်း၏ ဝင်ပေါက်နားသို့ ချဉ်းကပ်ရောက်ရှိသွားသည့်အခါ ပြင်းထန်သော သွေးနံ့သည် မိုင်းတွင်းထဲမှ လေနှင့်အတူ ပါလာသည်။

ယင်းက သူ၏ နှာခေါင်းပေါက်ထဲသို့ ဝင်ရောက်သွားပြီး လင်းအာ၏ အာရုံခံအင်္ဂါထဲသို့ ရောက်ရှိသွားသည်။

လင်းအာသည် တုန်ယင်လာသည်။

ရွှီချင်း၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ သူက ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်ပြီး အရှေ့သို့ အမြန်ပြေးသွားသည်။

မိုင်းတွင်းထဲသို့ သူရောက်ရှိသွားသည့်အခါ သွေးနံ့သည် ပိုပြီးပြင်းထန်လာသည်။

အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် သူက ခြေလှမ်းကို ရပ်တန့်လိုက်သည်။ သူ၏ အရှေ့မှ မြေပြင်ပေါ်တွင် အလောင်းခုနစ်လောင်း ရှစ်လောင်းခန့် ရှိသည်။

ရွှီချင်းသည် နှုတ်ဆိတ်သွားပြီး အရှေ့သို့ တစ်လှမ်းချင်း လျှောက်သွားကာ ထိုအလောင်းများကို ကြည့်လိုက်သည်။

သူတို့ကို သူမှတ်မိသည်။

ထိုအလောင်းများသည် မြို့ထဲမှ လူသားများ ဖြစ်ကြသည်။ သူတို့သည် ကျင့်ကြံခြင်းအခြေခံရှိသော မြို့၏ အစောင့်အကြပ်များ ဖြစ်ကြသည်။

ရွှီချင်းသည် မျက်လုံးမှိတ်လိုက်သည်။ မကြာမီ သူက မျက်လုံးပြန်ဖွင့်လိုက်လေရာ အေးစက်စက်အလင်းသည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် သူက အရှေ့သို့ ဆက်ပြေးသွားသည်။

လမ်းတစ်လျှောက်တွင် သူက ပိုမိုများပြားသော အလောင်းများကို မြင်တွေ့လာသည်။ မိုင်းတွင်း၏ အဆုံးသတ်သို့ သူရောက်ရှိသွားသောအခါ နံရံပေါ်တွင် ကြီးမားသော တွင်းပေါက်တစ်ခု ရှိသည်။

ဂူသင်္ချိုင်း၏ ပထမအလွှာသည် ယခု ပျက်စီးရှုပ်ပွနေပြီး တိုက်ပွဲဖြစ်ထားသော ခြေရာလက်ရာများဖြင့် ပြည့်နှက်နေသည်။

ထိုအလွှာ၏ အလယ်ဗဟိုသည် ပြိုကျပျက်စီးနေသည်။

အောက်သို့နိမ့်ဆင်းသွားလျှင် တိတ်ဆိတ်ငြိမ်သက်နေသော မြို့ကို မြင်တွေ့လိမ့်မည်။

ကောင်းကင်ပေါ်မှ အပြာရောင်လန့်လန့်ကာသည် အပိုင်းပိုင်းအစစ အက်ကွဲသွားပြီး မြို့ပေါ်သို့ ပြိုကျနေသည်။

အဖြူရောင်တိမ်တိုက်များသည်လည်း ထို့အတူပင်။

အလောင်းများသည် နေရာအနှံ့ ပြန့်ကြဲနေသည်။ သူတို့သည် ယောင်္ကျားများ၊ မိန်းမများနှင့် ကလေးများ ဖြစ်ကြသည်။

သူတို့အားလုံးသည် ဆိုးဆိုးဝါးဝါး သေဆုံးသွားကြသည်။ တချို့သည် ခေါင်းဖြတ်ခံထားရပြီး တချို့သည် ခန္ဓာကိုယ်တစ်ဝက်က အသားပြားအဖြစ်သို့ ပြောင်းလဲသွားကြသည်။ တချို့သည် ခန္ဓာကိုယ်က အပိုင်းပိုင်းအစစ ဖြတ်တောက်ခံထားရကြသည်။ သူတို့၏ ခန္ဓာကိုယ်သည် ကြမ်းကြုတ်သော အင်အားတစ်ခုကြောင့် အပိုင်းပိုင်းအစစ ကွဲထွက်သွားကြသည်မှာ ထင်ရှားသည်။

ယခင်က ရယ်မောသံများဖြင့် ပြည့်နှက်နေသောနေရာသည် ယခု သင်္ချိုင်းမြေအလား တိတ်ဆိတ်နေသည်။

ဤနေရာမှ နွေးထွေးမှုနှင့် ရင်းနှီးဖော်ရွေမှုသည် ယခု အေးစက်မှုသို့ ပြောင်းလဲသွားသည်။

ဂူသင်္ချိုင်းသည် တကယ့်သင်္ချိုင်းမြေဖြစ်လာသည်။

နေအိမ်အများစုသည် ပြိုလဲပျက်စီးသွားပြီး သွေးနံ့သည် နေရာတိုင်းမှာ ရစ်ဝဲနေသည်။

လင်းအာသည် ချက်ချင်း ပျံသန်းထွက်လာပြီး မြို့ထဲသို့ တန်းမတ်စွာ ဦးတည်သွားသည်။ ကျင်းကန်းဂိုဏ်းဘိုးဘေး၏ နတ်ငါးအရိုးဆူးချွန်သည်လည်း တုန်တုန်ယင်ယင်ဖြင့် ပျံသန်းထွက်လာသည်။ သူတို့က မြို့ထဲသို့ အလျှင်စလို ပြေးသွားပြီးနောက် ထိုနေရာမှာ ရပ်လိုက်ကြသည်။

နောက်အခိုက်အတန့်မှာ လင်းအာသည် စတင်ငိုကြွေးသည်။ ရုပ်အသွင်ဖွဲ့စည်းထားသော ကျင်းကန်းဂိုဏ်းဘိုးဘေး၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး သူ၏ မျက်လုံးသည် နီရဲလာသည်။

ရွှီချင်းသည် တိတ်ဆိတ်စွာ လျှောက်သွားပြီး ရင်းနှီးသော မြို့နှင့် အားလုံးကို ကြည့်လိုက်သည်။ သူ၏ နှလုံးသားသည် တစစ်စစ်နာကျင်လာပြီး သူ၏ စိတ်ထဲမှာ ထိတ်လန့်ဖွယ်ကောင်းသော ဟိန်းသံတစ်သံက ပဲ့တင်ထပ်နေဟန် ရသည်။

ရွှီချင်းသည် သေခြင်းတရားကို အကြိမ်ပေါင်းများစွာ မြင်တွေ့ဖူးသည်။

သို့သော်လည်း သူသည် ယင်းကို ကျင့်သားမရသေးပေ။ သို့မဟုတ် ထိုမြင်ကွင်းကို သူက ကျင့်သားမရနိုင်ခြင်းပင် ဖြစ်မည်လော။

ဤနေရာတွင် နှစ်လကြာနေထိုင်ခဲ့သော ပုံရိပ်များသည် သူ၏ စိတ်ထဲမှာ ထင်ပေါ်လာပြီး နာကျင်မှု၏ အရင်းအမြစ်သို့ ပြောင်းလဲသွားသည်။

“ အကိုရွှီချင်း… သူတို့… သူတို့အားလုံးက… ”

လင်းအာသည် ရွှီချင်းဆီသို့ ပျံသန်းလာသည်။ သူက အလွန်ဝမ်းနည်းကြေကွဲစွာ ငိုကြွေးသည်။ ထိုအလောင်းများထဲတွင် သူနှင့်ရင်းနှီးကျွမ်းဝင်သော အမကြီးများနှင့် အဒေါ်ကြီးများကို မြင်မိသည်။

လွန်ခဲ့သောလတုန်းက သူ့အား အချက်အပြုတ်နှင့် အချုပ်အလုပ်အတတ်ကို ပြုံးပြုံးရွှင်ရွှင် သင်ကြားပေးခဲ့သော ထိုလူများသည် ယခု အလောင်းများ ဖြစ်လာသည်ကို သူလက်မခံနိုင်ပေ။

ကျင်းကန်းဂိုဏ်းဘိုးဘေးသည် ရွှီချင်း၏ ဘေးသို့ ချက်ချင်း ပြန်ရောက်လာပြီး သူ့ကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် ဒေါသနှင့် အသနားခံမှုတို့ ပေါ်လွင်နေသည်။ ထိုအလောင်းများထဲတွင် သူ၏ ပရိသတ်များကိုလည်း မြင်မိသည်။

ရွှီချင်းသည် အမူအရာကင်းမဲ့စွာရှိနေပြီး အဆုံးမဲ့သော အေးစက်မှုသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။ သူက စကားတစ်ခွန်းမှ မပြောဘဲ ဘေးပတ်ဝန်းကျင်သို့ ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။ သူတို့သေဆုံးသွားသည့်အချိန်နှင့် သေဆုံးရသည့်အကြောင်းအရင်းကို သူသိချင်သည်။

“ ဒီမှာ လူတစ်သိန်းကျော် နေထိုင်ကြတယ်… အခု သေဆုံးသွားကြတဲ့ လူတွေက တစ်ထောင်မပြည့်ဘူး ”

“ တစ်နည်းပြောရရင် လူအများစုက အသက်ရှင်နေကြသေးတာ ဖြစ်နိုင်တယ် ”

“ ဖမ်းဆီးတဲ့လူတွေက ဒီလောက်လူအများကြီးနဲ့ မြန်မြန်ဆန်ဆန် ရွေ့လျားဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး ”

“ အလောင်းတွေရဲ့ ပုပ်သိုးသွားပုံကို ကြည့်ရရင် သူတို့သေဆုံးသွားတာက လွန်ခဲ့တဲ့ငါးရလောက်က ဖြစ်နိုင်တယ် ”

“ သွမ့်မူကျန်းရဲ့ ကျင့်ကြံခြင်းနဲ့ ဒီနေရာက အစီအရင်တွေအရဆို ဒီနေရာကို ရှာတွေ့နိုင်ပြီး ဒီလောက်လူအများကြီးကို ဖမ်းဆီးခေါ်ဆောင်သွားနိုင်တာ မျိုးနွယ်စုနှစ်စုမဟာမိတ်ပဲ ရှိတယ် ”

“ အနီရောင်လဗိမာန်က ရောက်လာပြီ… ဘုရားကျောင်းက အချိန်တစ်ခုကြာသွားတိုင်း မျိုးနွယ်စုအသီးသီးရဲ့ ဆက်ကြေးဆက်သတာကို လာရောက်တောင်းလေ့ရှိတယ်လို့ သွမ့်မူကျန်းက တစ်ခါပြောဖူးတယ် ”

ရွှီချင်းသည် အနောက်လှည့်လိုက်ပြီး ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ သူက လင်းအာနှင့် ကျင်းကန်းဂိုဏ်းဘိုးဘေးကို ချက်ချင်း ပြန်သိမ်းဆည်းလိုက်ပြီး အပြင်သို့ ပြေးထွက်သွားသည်။

“ အကိုရွှီချင်း ငါတို့… ”

လင်းအာ၏ နှလုံးသည် ပရမ်းပတာဖြစ်နေသည်။ ဝမ်းနည်းမှုနှင့် စိုးရိမ်မှုသည် သူ၏ နှလုံးသားထဲမှာ ပြည့်နှက်နေသည်။

“ ငါတို့ သူတို့ကို သွားရှာကြမယ် ”

ရွှီချင်းက နူးညံ့စွာ ပြောသည်။ သူ၏ မျက်လုံးထဲမှ အေးစက်မှုသည် အလွန်အမင်း သိပ်သည်းနေပြီ ဖြစ်သည်။

သူက အမြန်ဆုံး အလျင်ကို အသုံးပြု၍ မိုင်းတွင်း၏ အပြင်ဘက်သို့ ပြေးထွက်လာပြီး ခြေရာလက်ရာများကို ရှာဖွေရန် အပြင်လောကကို စစ်ဆေးကြည့်လိုက်သည်။

သို့သော်လည်း ငါးရက်ကြာပြီးနောက် ဤနေရာမှ အလွန်ပူပြင်းသော အပူဒဏ်အောက်မှာ သဲလွန်စအားလုံးသည် မှေးမှိန်ပျောက်ကွယ်သွားကြသည်။ အသုံးဝင်သော တစ်ခုတည်းသော သဲလွန်စမှာ မျိုးနွယ်စုနှစ်စု၏ မြင့်မြတ်မြို့တော်ဆီသို့ သွားရောက်ရန်ဖြစ်သည်။

သို့သော်လည်း ဤနေရာသည် မြင့်မြတ်မြို့တော်နှင့် အလွန်ဝေးကွာပြီး လမ်းကြောင်းသည် တစ်ခုထက် ပိုရှိသည်။ ထို့ပြင် မျိုးနွယ်စုနှစ်စုသည် လူသားများကို မြင့်မြတ်မြို့တော်ဆီသို့ ပို့ဆောင်မည်လော သူမသေချာပေ။

ထို့ပြင် အကယ်၍ ရွှီချင်း၏ ဆုံးဖြတ်မှုက မှားယွင်းသွားပြီး ဤကိစ္စကို မျိုးနွယ်စုနှစ်စုက လုပ်ဆောင်ခဲ့ခြင်းမဟုတ်လျှင် သူတို့အား ကယ်ဆယ်ရန် အကောင်းဆုံး အချိန်ကို သူဆုံးရှုံးသွားလိမ့်မည်။

ရွှီချင်းက စဉ်းစားတွေးတောနေစဉ် လင်းအာသည် မျက်ရည်ကို သုတ်ပစ်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် ဆုံးဖြတ်ချက်ပြတ်သားမှုဖြင့် ပြည့်နှက်နေပြီး သူက ပြောသည်။

“ အကိုရွှီချင်း… သဲလွန်စတွေကို ငါအာရုံခံနိုင်တယ်… ဒီနေရာက ရှေးဟောင်းဝိညာဉ်မျိုးနွယ်ရဲ့ ဂူသင်္ချိုင်းပါ… သူတို့က ဒီနေရာမှာ နှစ်တွေအကြာကြီး နေထိုင်ခဲ့တာကြောင့် သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရှေးဟောင်းဝိညာဉ်မျိုးနွယ်ရဲ့ အရှိန်အဝါရှိတယ်… ဒါကြောင့် သူတို့ကို ငါရှာနိုင်တယ် ”

ထိုသို့ပြောပြီးနောက် လင်းအာ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး လေထဲသို့ တန်းမတ်စွာ မြှောက်တတ်သွားသည်။

လျှပ်တစ်ပြက်အတွင်း သူ၏ ခန္ဓာကိုယ်ပေါ်မှာ သက်တံ့အလင်း ထွက်ပေါ်လာသည်။ အလင်းက သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်သွားသောအခါ သူ၏ အသွင်ပုံစံသည် တဖြည်းဖြည်း ပြောင်းလဲသွားသည်။ မကြာမီ ရှည်လျားသော ပုံရိပ်တစ်ခုသည် ရွှီချင်း၏ အရှေ့မှာ ထွက်ပေါ်လာသည်။

ထိုပုံရိပ်၏ ကိုယ်ထည်သည် ဝေဝါးနေပြီး ၎င်းကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ သို့သော်လည်း ၎င်း၏ ဘေးပတ်ဝန်းကျင်တွင် နဂါးများနှင့် မြွေများ၏ ပုံရိပ်များက ဝန်းရံထားပြီး ဟိန်းဟောက်နေကြသည်။

“ တောင်ဘက် ”

လင်းအာ၏ သိမ်မွေ့နူးညံ့သော အသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။

ရွှီချင်းသည် လုံးဝတုံ့ဆိုင်းမနေပေ။ သူက လင်းအာကို ခေါ်ဆောင်ပြီးနောက် တောင်ဘက်သို့ တန်းမတ်စွာ ပျံသန်းသွားသည်။

ဤအခိုက်အတန့်မှာ ရွှီချင်းရှိနေသောနေရာ၏ တောင်ဘက် ကီလိုမီတာငါးထောင်အကွာတွင် ရှည်လျားသော ခရီးသွားယာဉ်တန်းတစ်ခုသည် ဖြည်းညင်းစွာ ရွေ့လျားနေသည်။

ခရီးသွားယာဉ်တန်းထဲတွင် အလွန်ကြီးမားသော သံမဏိလှောင်ချိုင့်ဆယ်ခု ရှိသည်။ လှောင်ချိုင့်တစ်ခုစီသည် တောင်ကုန်းတစ်ခုအရွယ်အစားရှိပြီး ဧရာမသတ္တဝါကြီးများ၏ ဆွဲခေါ်ခြင်းခံထားရသည်။

သံမဏိလှောင်ချိုင့်များထဲတွင် မရေမတွက်နိုင်သော လူသားများသည် အစုအပြုံလိုက် ရှိနေကြသည်။ လှောင်ချိုင့်၏ အောက်ခြေမှ လူများသည် သေဆုံးသွားကြပြီး အသားပြားများအဖြစ် အဖိခံထားရသည်။ သို့သော်လည်း အများစုသည် အသက်ရှင်နေကြဆဲပင်။

သို့သော်လည်း အသက်ရှင်ကျန်ရစ်ကြသော ထိုလူများ၏ မျက်လုံးထဲတွင် အသက်ဓာတ်အငွေ့အသက် ကင်းမဲ့နေသည်။ သူတို့သည် အသက်ရှင်လျက် သေဆုံးနေကြသည့်အလားပင်။ လူသားများသည် တိရိစ္ဆာန်များထက်ပင် နိမ့်ကျကြသည်။

ထိုခရီးသွားယာဉ်တန်းကို စောင့်ကြပ်နေသူများသည် မျိုးနွယ်စုနှစ်စုမှ ကျင့်ကြံသူများမှလွဲ၍ တခြားမဟုတ်ပေ။

လူသားအများစု အသက်ရှင်ကျန်ရစ်စေရန် သူတို့သည် ဖြည်းဖြည်းနှင့် ပုံမှန်သာ ရွေ့လျားနေကြသည်။

တည်နေရာပြောင်းရွှေ့ခြင်းကို မလုပ်ဆောင်ရခြင်းမှာ မျိုးနွယ်စုနှစ်စုသည် ထိုမျှအကွာအဝေးအတွက် ငွေကုန်ကြေးကျအများကြီး မသုံးဖြုန်းချင်သောကြောင့် ဖြစ်သည်။

ဤအခိုက်အတန့်မှာ ခရီးသွားယာဉ်တန်းကို စောင့်ကြပ်နေကြသော မျိုးနွယ်စုနှစ်စုမှ ကျင့်ကြံသူများသည် စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ရထားလုံးတစ်လုံးပေါ်မှာ စုဝေးထိုင်နေကြသည်။ သူတို့သည် ရံဖန်ရံခါ စကားပြောကြသည်။

“ မြင့်မြတ်မြို့တော်ကို ငါတို့ရောက်ခါနီးပြီ ”

“ ဒီတစ်ခေါက် တာဝန်က ပျင်းဖို့ကောင်းလိုက်တာ… ဒါပေမဲ့ လူသားအရေအတွက်က ငါတို့မျှော်လင့်ထားတာထက် အတော်ပိုများတာပဲ ”

“ ပိုများတော့ ငါတို့အတွက် ပိုကောင်းတာပေါ့… ဒါမှ ငါတို့ပေးရမယ့် သက်ရှိအစာအရေအတွက်ကို ဖြည့်ပေးနိုင်လိမ့်မယ်… မဟုတ်ရင်… ”

သူတို့က စကားပြောနေကြစဉ် ကောင်းကင်မျက်နှာဖုံးမျိုးနွယ်ဝင်တစ်ယောက်သည် လူသားအလောင်းများထဲမှ တစ်လောင်းကို အပြင်သို့ ဆွဲထုတ်လိုက်ပြီး ဝါးစားပစ်လိုက်သည်။

အသွေးအသားများအား တဂျွတ်ဂျွတ် ဝါးစားသံသည် မှောင်မည်းနေသော ဤလောကထဲတွင် ပဲ့တင်ထပ်သွားသည်။

All Chapters