← Chapters

ငန်းရိုင်းက အချိန်ကြာကြာ ပျံသန်းနိုင်ပေမဲ့ အလင်းရောင်က မှေးမှိန်မသွားဘူး(က)

Vol. 56 Ch. 872

ငန်းရိုင်းက အချိန်ကြာကြာ ပျံသန်းနိုင်ပေမဲ့ အလင်းရောင်က မှေးမှိန်မသွားဘူး(က)

Vol. 56 Ch. 872

ကောင်းကင်ဘုံမီးတောက်ပင်လယ်မှ မီးတောက်များသည် ကောင်းကင်ကို အလင်းရောင်ထွန်းလင်းပေးထားသည်။ ယင်းက ကြက်သွေးရောင်မဟုတ်သော်လည်း ထင်သာသော အနီရောင်အလင်းကို ဖြစ်ပေါ်စေပြီး အံ့ဩဖွယ်ကောင်းသော ခံစားမှုကို ပေးစွမ်းနေဆဲပင်။

မီးတောက်ပင်လယ်နှင့် အတော်ဝေးလံသော အရပ်ဒေသများမှ ကောင်းကင်တွင်တော့ မီးတောက်များသည် မှေးမှိန်လာပြီး အမှောင်ထု၏ ဖြည်းဖြည်းချင်း ဝါးမျိုခံလိုက်ရသည်။ လောကသည် တိမ်တိုက်မည်းများ၏ ဖုံးလွှမ်းခံလိုက်ရပြီး သံမဏိလှောင်ချိုင့်များထံမှ တစ်စက်ချင်းကျဆင်းလာနေသော မြေပြင်ပေါ်မှ သွေးကွက်များသည်လည်း အမှောင်ထု၏ ဖုံးလွှမ်းခံလိုက်ရသည်။

သွေးစီးကြောင်းတစ်ခုသည် ခရီးသွားယာဉ်တန်း၏ အနောက်မှာ ကျန်ရစ်နေခဲ့သည်။

ထိုမြင်ကွင်းကို မျိုးနွယ်စုနှစ်စုမှ ကျင့်ကြံသူများက မြင်သွားသောအခါ လောဘရမ္မက်ကြီးသော အမူအရာကို ထုတ်ဖော်လာကြသည်။ သူတို့သည် နှုတ်ခမ်းသပ်လိုက်ကြပြီး အဝေးမှ ရထားလုံးများကို ကြည့်လိုက်သည်။

သူတို့အတွက်တော့ သံမဏိလှောင်ချိုင့်များထဲမှာ အကျဉ်းချခံထားရသော လူသားယဇ်ကောင်များသည် အလွန်အရသာရှိသော အစားအစာများ ဖြစ်သည်။ ၎င်းတို့ကို အရေးကြီးအခိုက်အတန့်မျိုးမှာ သူတို့၏ မျိုးနွယ်စုနှစ်စု ငြိမ်းချမ်းစွာ ဆက်လက်နေထိုင်နိုင်ရေးအတွက် အလဲအလှယ်လုပ်နိုင်သော သက်ရှိအစာများအဖြစ်လည်း အသုံးပြုနိုင်သည်။

အလားတူအဖြစ်အပျက်မျိုးသည် ဟိုးရှေးခေတ်ကတည်းက ကြိမ်ဖန်များစွာ ဖြစ်ပျက်ခဲ့ဖူးသည်။

ဤသည်မှာ လူသားမျိုးနွယ်တစ်ခုတည်း မဟုတ်ပေ။ ဤလဝတ်ပြုဒေသကြီးထဲမှ အဆင့်နိမ့်မျိုးနွယ်စုအားလုံးသည် တူညီသော ကံကြမ္မာကို တွေ့ကြုံရကြသည်။ သူတို့သည် တခြားမျိုးနွယ်စုများအတွက် အစားအစာ သို့မဟုတ် ယဇ်ကောင်များသာ ဖြစ်ကြသည်။

တောတွင်းဥပဒေသည် ဤဒေသကြီးထဲတွင် ပိုပြီးထင်ရှားသည်။

သို့သော်လည်း အကြိမ်တိုင်းတွင် သန်မာသူများသည် ၎င်းတို့ထက် ပို၍သန်မာသော လူများ၏ လက်ထဲတွင် သားကောင်မျှသာ ဖြစ်သည်။ မည်သည့်မျိုးနွယ်စုမှ အကြွင်းမဲ့ အခွင့်အာဏာကို မပိုင်ဆိုင်ကြချေ။

ဤသည်မှာ ဘုရားကျောင်းအတွက်လည်း အတူတူ ဖြစ်သည်။

ကံတရားက တေးသွားတီးခတ်နေခြင်း ဖြစ်နိုင်လောက်၏။

ဥပမာ ဤအခိုက်အတန့်တွင် လေသည် တအင့်အင့်ငိုရှိုက်သံနှင့်အတူ ပူပြင်းသော အပူလှိုင်းများကို သယ်ဆောင်လျက် ကောင်းကင်နှင့် မြေပြင်ကို ဖြတ်သန်းတိုက်ခတ်နေလေသည်။ ယင်းက ကောင်းကင်ယံ၌ မမြင်နိုင်သော အားလှိုင်းအတတ်အကျများကို ထွက်ပေါ်လာစေရန် လှုံ့ဆော်လိုက်သည်။

အားလှိုင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားနေစဉ် ထိုထဲမှာ တဖြည်းဖြည်း သိပ်သည်းလာနေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခု ရှိသည်။ ဤသည်မှာ သေမင်းတမန်တစ်ပါးက သွေးဆာနေသော တံစဉ်ကို ကိုင်ဆောင်လျက် သတ်ဖြတ်ချင်သော စိတ်ဆန္ဒဖြင့် ချဉ်းကပ်လာနေသည့်အလားပင်။

ထိုသတ်ဖြတ်ခြင်းစိတ်ဆန္ဒ၏ အရင်းအမြစ်သည် ရွှီချင်း ဖြစ်သည်။

ရွှီချင်းသည် လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေသည်။ သို့သော်လည်း သူ၏ အကြည့်ထဲတွင် သတ်ဖြတ်ခြင်းအငွေ့အသက်က အဆုံးမဲ့စွာ သိပ်သည်းနေသည်။ ကောင်းကင်ယံမှ အပူဓာတ်သည် သူ့ထံမှ ထုတ်လွှတ်နေသော အအေးဓာတ်ကြောင့် အရည်ပျော်သွားရချေ၏။ မြေပြင်ပေါ်မှ အနွေးဓာတ်သည် သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒအောက်မှာ နစ်မြုပ်သွားသည်။

လင်းအာ၏ လမ်းပြမှုအောက်မှာ သူက တောင်ဘက်သို့ အလျင်ကုန်သုံး၍ ပျံသန်းသွားသည်။ သက်စောင့်မီးအိမ်များ၏ အစွမ်းသည် သူ၏ တစ်ကိုယ်လုံးသို့ ဖြန့်ကြက်သွားပြီး သူ၏ အလျင်ကို ထပ်တိုးမြှင့်ပေးလိုက်သည်။

ထိုအမြန်နှုန်းသည် ခရီးသွားယာဉ်တန်းထက် ကျော်လွန်သွားသည်။ ထို့ပြင် မြေပြင်ပေါ်မှ သွေးစီးကြောင်းသည် သူသွားနေသော လမ်းကြောင်းက မှန်ကန်ကြောင်း ရွှီချင်းအား နားလည်စေသည်။

“ ဒီလမ်းပဲ ”

ရွှီချင်းသည် စိတ်ထဲမှ တီးတိုးရေရွတ်လိုက်ပြီး အရှိန်မြှင့်တင်လိုက်သည်။

ဤတစ်ကြိမ်တွင် သူသည် လင်းအာ၏ လမ်းညွှန်မှုကို မလိုအပ်တော့ပေ။ သူက မြေပြင်ပေါ်မှ သွေးစီးကြောင်းအတိုင်း အနောက်မှလိုက်သွားရန်သာ လိုအပ်သည်။

ရွှီချင်း၏ အလျင်သည် မုန်တိုင်းတစ်ခုကို အစပျိုးလာစေပြီး အရပ်မျက်နှာအသီးသီးသို့ တိုက်ခတ်သွားစေသည်။

ထိုသို့ဖြင့် သူက ပစ်မှတ်နှင့် တဖြည်းဖြည်း နီးကပ်လာသည်။

ငါးထောင်ကီလိုမီတာ… သုံးထောင်ကီလိုမီတာ… တစ်ထောင်ကီလိုမီတာ… ငါးရာကီလိုမီတာ…

ထိုလေးရက်အတွင်းတွင် သူသည် ခရီးသွားယာဉ်တန်းနောက်သို့လိုက်ရန် ကီလိုမီတာငါးထောင်ကျော်ကို သွားခဲ့ရသည်။ စတုတ္ထမြောက်နေ့ ညနေခင်းအချိန်တွင် မုန်တိုင်းကြောင့် ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ်ရာပေါက်ကွဲမှုသည် ခရီးသွားယာဉ်တန်းဆီသို့ ပျံ့လွင့်သွားသည်။

ခရီးသွားယာဉ်တန်းကို စောင့်ကြပ်ရန် မျိုးနွယ်စုနှစ်စုမှ ကျင့်ကြံသူများသည် အရေအတွက်တစ်ရာကျော် တာဝန်ယူထားကြသည်။ မုန်တိုင်းမှ ပေါက်ကွဲသံသည် သူတို့၏ စိတ်အာရုံကို ချက်ချင်း ဆွဲဆောင်သွားသည်။

လျှပ်စီးသည် ပြိုးပြိုးပြက်ပြက် လင်းလက်လာပြီး မိုးကြိုးသည် အဝေးမှ ကောင်းကင်ယံတွင် ထစ်ချုန်းသွားသည်။

“ ဘာဖြစ်တာလဲ ”

သားရဲကြီးများသည် ကြောက်လန့်သွားကြပြီး ဂနာမငြိမ် ဖြစ်လာကြသည်။ မျိုးနွယ်စုနှစ်စုမှ ကျင့်ကြံသူများသည် သတိထားလာကြသည်။ သူတို့က စိတ်ရှုပ်ထွေးနေကြစဉ် ရွှီချင်း၏ ပုံရိပ်သည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။

သူသည် နောက်ဆုံးမှာတော့ လိုက်မီသွားသည်။

သို့သော်လည်း ခရီးသွားယာဉ်တန်းကို မြင်လိုက်သည်နှင့်ချက်ချင်း ရွှီချင်းသည် သူ၏ နှလုံးသားထဲမှ စူးရှသော နာကျင်မှုကို ခံစားသွားမိသည်။

သူသည် ခရီးသွားယာဉ်တန်းနှင့် အရွယ်အစားကြီးမားသော သံမဏိလှောင်ချိုင့်ဆယ်ခုကို မြင်သွားသည်။

လှောင်ချိုင့်ထဲမှ မရေမတွက်နိုင်သော လူသားများကိုလည်း သူမြင်သည်။ သူတို့သည် တိရိစ္ဆာန်များအလား လှောင်ချိုင့်ထဲမှာ အတူတကွ ဖိသွတ်ခံထားရကြသည်။

သူတို့သည် လှုပ်ရှားမှုကင်းမဲ့စွာ ရှိနေကြသည်။ သူတို့၏ နာကျင်သော အမူအရာများ၊ ပုပ်သိုးသော အနံ့အသက်နှင့် သေခြင်းအငွေ့အသက်သည် ရွှီချင်း၏ မျက်လုံးကို နီရဲလာစေသည်။

ယင်းက သူ၏ ခန္ဓာကိုယ်ထဲမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထိန်းချုပ်မရအောင် ပေါက်ကွဲထွက်လာစေသည်။

သူ၏ ပုံရိပ်သည် သက်တံ့အသွင်သို့ ပြောင်းလဲသွားပြီး အဆုံးမဲ့သော လျှပ်စီးတန်းများဖြင့် လွှမ်းခြုံထားလျက် ခရီးသွားယာဉ်တန်းဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။ သူ၏ အလျင်သည် လွန်စွာမှ မြန်ဆန်ပြီး ချက်ချင်း အောက်သို့ ဆင်းသက်လာသည်။

ကမ္ဘာမြေတုန်ဟီးစေမည့် ပေါက်ကွဲသံများကြားမှာ ရွှီချင်းသည် ခရီးသွားယာဉ်တန်းပေါ်သို့ တိုက်ရိုက် ဝင်ဆောင့်လိုက်သည်။

မြေပြင်သည် တုန်ယင်သွားပြီး မြေအစိုင်အခဲများသည် အပေါ်သို့ အစုလိုက်အပြုံလိုက် မြှောက်ကြွလာသည်။ လျှပ်စီးသည် အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားသည်။

ခရီးသွားယာဉ်တန်းက ရပ်တန့်သွားသောအခါ ဧရာမသားရဲကြီးများသည် အေးစက်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို အာရုံခံမိသွားကြပြီး တုန်ယင်လာကြသည်။ မျိုးနွယ်စုနှစ်စုမှ ကျင့်ကြံသူများသည်တော့ သူတို့၏ အမူအရာသည် ပြောင်းလဲသွားကြပြီး အရှေ့သို့ ချက်ချင်း ပြေးသွားကြသည်။

“ ဘယ်သူလဲ ”

“ မင်းက ဘာကောင်မို့လို့ ငါတို့လမ်းကို ပိတ်ရဲတာလဲ ”

“ လူသားလား ”

မျိုးနွယ်စုနှစ်စုမှ ကျင့်ကြံသူများက ထိတ်လန့်သွားကြပြီး ဒေါသူပုန်ထသွားကြစဉ် မြေပြင်ပေါ်သို့ ဆင်းသက်လာသော ရွှီချင်းက ခေါင်းမော့လိုက်သည်။ သူ၏ မျက်လုံးထဲမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ထိတ်လန့်ဖွယ်ကောင်းသည်။ သူက မည်သည့်စကားမှမပြောဘဲ အရှေ့သို့ ပြေးထွက်သွားပြီး သူနှင့်အနီးဆုံးမှာရှိသော ကောင်းကင်မျက်နှာဖုံးမျိုးနွယ်ဝင်တစ်ယောက်ကို တိုက်ခိုက်လိုက်သည်။

ကောင်းကင်မျက်နှာဖုံးမျိုးနွယ်ဝင်၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ထုတ်လွှတ်နေသော ကြောက်မက်ဖွယ်ရာ အားလှိုင်းအတတ်အကျကို သူအာရုံခံမိသည်။ သို့ဖြစ်၍ သူက ရှောင်ရှားချင်သည်။ သို့သော်လည်း အလွန်နောက်ကျသွားချေ၏။

ရွှီချင်း၏ အလျင်သည် အလွန်အမင်း မြန်ဆန်ပြီး သူက ထိုမျိုးနွယ်ဝင်ကို သူ၏ ခန္ဓာကိုယ်သက်သက်ဖြင့် ဝင်ဆောင့်လိုက်သည်။

ဗုန်းဟူသော မြည်သံနှင့်အတူ ရွှီချင်းသည် ကောင်းကင်မျက်နှာဖုံးမျိုးနွယ်ဝင်၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ပေါက်ကွဲသွားစေသည်။

ရွှီချင်းသည် အစွမ်းထိန်ချန်မထားပေ။

သူက လက်ကို ဝှေ့ယမ်းလိုက်လေရာ ကျောက်ရှာအလင်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်လာပြီး ရောင်ခြည်တန်းဆယ်ခုသို့ ပြောင်းလဲသွားကာ လှောင်ချိုင့်အားလုံးကို လွှမ်းခြုံသွားသည်။

တားမြစ်အဆိပ်သည် သူ၏ ခန္ဓာကိုယ်ထဲမှ လုံးလုံးလျားလျား ပျံ့လွင့်ထွက်လာသည်။

ဘေးပတ်ဝန်းကျင်သည် ဝေဝါးလာပြီး ချက်ချင်း ပုံပျက်တွန့်လိမ်လာသည်။ အဆုံးမရှိသော ဒြပ်နှောများသည် ရှင်သန်ကြီးထွားလာပြီး အော်ဟစ်ညည်းညူသံများသည် ချောက်ချားဖွယ်ကောင်းစွာ မြည်ဟိန်းထွက်လာသည်။

ကျင်းကန်းဂိုဏ်းဘိုးဘေးသည် ရူးသွပ်သွားပြီး အနီရောင်မိုးကြိုးသွားသို့ ပြောင်းလဲသွားကာ မြင်မြင်သမျှ လူတိုင်းကို အကြင်နာမဲ့စွာ တိုက်ခိုက်လိုက်သည်။

လင်းအာသည်လည်း အံတင်းတင်း ကြိတ်လိုက်သည်။ သူတိုက်ခိုက်လိုက်သည့်အခါ မြင်တွေ့ရခဲသော ရက်စက်ကြမ်းကြုတ်မှုသည် သူ၏ အပြစ်ကင်းစင်သော မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

အရိပ်လေးသည်လည်း တိုက်ခိုက်လိုက်သည်။ ၎င်းသည် ရွှီချင်း၏ အမျက်ဒေါသနှင့် လင်းအာ၏ ဝမ်းနည်းမှုကို အာရုံခံမိသည်။ ယင်းက ၎င်းကိုလည်း ဒေါသထွက်စေသည်။ ၎င်းသည် လျှင်မြန်စွာ ပြန့်ကားထွက်လာပြီး ရန်သူများကို တိုက်ခိုက်နေရင်း လင်းအာကို ကာကွယ်ပေးနေသည်။

သို့သော်လည်း မည်သူမှ ရွှီချင်းကဲ့သို့ အကြင်နာမဲ့မရက်စက်ပေ။ ရွှီချင်းသည် အလွန်အမင်း မြန်ဆန်သည်။

သူက ညာလက်ကို မြှောက်လိုက်လေရာ ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်တစ်ယောက်၏ အရှေ့သို့ မရောက်သွားမီ ဓားမြှောင်တစ်လက်က သူ၏ လက်ထဲမှာ ထွက်ပေါ်လာသည်။ သူက ဘယ်လက်ကို မြှောက်လိုက်ပြီး အရှေ့သို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

ဗုန်းဟူသော မြည်သံဖြင့် တစ်ဖက်လူ၏ ကြေးမုံခန္ဓာကိုယ်သည် အက်ကွဲထွက်သွားသည်။ ကြေးမုံက အက်ကွဲထွက်သွားစဉ် တားမြစ်အဆိပ်သည် ပျံ့လွင့်ထွက်လာသည်။ ချက်ချင်းဆိုသလို သွေးပျက်ဖွယ်ကောင်းသော အော်ဟစ်ညည်းညူသံများသည် ထွက်ပေါ်လာသည်။

ရွှီချင်းသည် အနောက်လှည့်လိုက်ပြီး ဘေးသို့တိမ်းရှောင်လိုက်ကာ သူ့ထံသို့ ပြေးလာနေသော ကောင်းကင်မျက်နှာဖုံးမျိုးနွယ်ဝင်ကို တိုက်ခိုက်လိုက်သည်။ သူက ဓားမြှောင်ကို အောက်မှ အပေါ်သို့ လွှဲခုတ်လိုက်လေရာ ထိုသူ၏ လည်ပင်းကို ဟက်တက်ကွဲထွက်သွားစေသည်။

All Chapters