ငန်းရိုင်းက အချိန်ကြာကြာ ပျံသန်းနိုင်ပေမဲ့ အလင်းရောင်က မှေးမှိန်မသွားဘူး(ဂ)
Vol. 56 Ch. 874
အရိုးခိုက်အောင် အေးစက်ပြီး မှောင်မိုက်သော ညအချိန်တွင် သူတို့သည် အနွေးဓာတ်ရရန် အပြန်အလှန် ထွေးပွေ့ထားကြပြီး သူတို့၏ ကိုယ်ပိုင်အနွေးဓာတ်ကို မိသားစုဝင်များနှင့် ဝေမျှရန် ဆန္ဒရှိကြသည်။
သို့သော်လည်း ယခုအခါတော့…
ရွှီချင်းသည် မျက်လုံးမှိတ်လိုက်သည်။ သူ၏ နှလုံးသားထဲမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် မျိုးနွယ်စုနှစ်စုမှ ကျင့်ကြံသူတစ်ရာကျော်ကို သတ်ဖြတ်ပြီးသွားသည့်တိုင် လျော့ကျမသွားပေ။ ယင်းအစား ပိုပြီးပင် သိပ်သည်းလာပြီး အားကောင်းလာသည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် သူ၏ နှလုံးသားထဲမှာ စုပုံများပြားလာပြီး သူ၏ ရက်စက်ကြမ်းကြုတ်မှုကို ဖိနှိပ်နေသည်။ ယင်းက သူ့အား အသက်ရှူရခက်ခဲစေသည်။
အဘယ်ကြောင့်ဆိုသော် သူက သတ္တမမြောက်လှောင်ချိုင့်ထဲမှ အသားပုံထဲမှာ မျက်နှာတစ်ခြမ်းကို မြင်တွေ့သွားသောကြောင့် ဖြစ်သည်။
ဤသည်မှာ သူတို့အား အရသာရှိသော အစားအစာများကို နေ့တိုင်းနီးပါး လာပို့ပေးလေ့ရှိသော ရှီဖန်ကွေ့၏ တာအိုလက်တွဲဖော်၏ မျက်နှာ ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်သည် အသားပုံထဲမှာ ရောထွေးနေသည်။
ရွှီချင်းသည် တိတ်တဆိတ် ထွက်သွားသည်။ နောက်ဆုံးလှောင်ချိုင့်ကို ဆွဲဖွင့်လိုက်သောအခါ လူအုပ်ကြီးထဲတွင် သူ၏ အကြည့်သည် လှောင်ချိုင့်၏ အောက်ခြေမှ ထောင့်တစ်နေရာပေါ်မှာ ရပ်တန့်သွားသည်။
ထိုနေရာတွင် စာအုပ်တစ်အုပ် ရှိသည်။
စာအုပ်ကိုမြင်လိုက်ရသောအခါ ရွှီချင်း၏ ခန္ဓာကိုယ်သည် တသိမ့်သိမ့်တုန်သွားသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်လေရာ ထိုဧရိယာမှ အသားပုံသည် ဘေးသို့ ဖြည်းဖြည်းချင်း တွန်းရွေ့သွားလေရာ ကလေးမလေးတစ်ယောက် ထွက်ပေါ်လာသည်။
ကလေးမလေး၏ အဝတ်အစားသည် အသားပုံနှင့် ရောထွေးနေပြီး သူ၏ သေးငယ်ပိန်ပါးသော ခန္ဓာကိုယ်တစ်ခြမ်းသည်သာ ကျန်ရစ်တော့သည်။ သူ၏ သေးငယ်သော ခန္ဓာကိုယ်အပေါ်ပိုင်းတွင် လက်နှစ်ဖက်ဖြင့် ဆေးပဒေသာကျမ်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
သူက ဘယ်သောအခါမှ မလွှတ်ပေးမည့်အလား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။
ဤသည်မှာ သူ၏ နောက်ဆုံးပိုင်ဆိုင်မှုနှင့် နောက်ဆုံးမျှော်လင့်ချက် ဖြစ်သည့်အလားပင်။
ထောင့်တွင်ရှိနေသော သူက ခေါင်းငုံ့ထားသည်။ သူ၏ သေးငယ်သော မျက်နှာက ဖြူဖျော့နေလေရာ နှစ်ချိုက်စွာ အိပ်မောကျနေသည့်အလားပင်။
ရွှီချင်းသည် သူ၏ နှလုံးက အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည့်အလား ခံစားသွားရသည်။ သူက အသက်ရှူနိုင်ရန် အကောင်းဆုံး ကြိုးစားလိုက်သည်။ သို့တိုင် သူ၏ ခန္ဓာကိုယ်က တုန်ယင်နေဆဲပင်။ လွန်ခဲ့သော နှစ်လတုန်းက မြင်ကွင်းများသည် သူ၏ စိတ်ထဲမှာ ထိန်းချုပ်မရအောင် ထင်ပေါ်လာသည်။
ထိုမြင်ကွင်းထဲတွင် ပိန်ပါးသော ကလေးမလေးတစ်ယောက်က ချိုမြိန်သော အားလူးပြုတ်လေးတစ်လုံးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလျက် သူ့အား ဆေးပင်များအကြောင်းကို မေးမြန်းနေသည်။
မြင်ကွင်းထဲတွင် ကလေးမလေးသည် သာမန်ဆေးပင်တစ်ပင်ကို မဝံ့မရဲ ထုတ်လိုက်ပြီး သူ့အား ဆေးပင်အကြောင်းကို မေးမြန်းနေသည်။
အသိဉာဏ်ပညာအပေါ် ဆာလောင်သော ထိုကလေးမလေး၏ အကြည့်သည် ရွှီချင်းအား လေးနက်သော အမြင်ကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် သူအမြတ်တနိုးတန်ဖိုးထားသော ဆေးပဒေသာကျမ်းကိုပင် ကလေးမလေးကို ပေးအပ်လိုက်ပြီး ဆေးပညာတာအိုတွင် သူ၏ ပထမဆုံးတပည့်အဖြစ် လက်ခံခဲ့လေသည်။
“ ဆရာ… ဆရာ့ကို ငါ နောက်ထပ် ပြန်မြင်နိုင်ဦးမှာလားဟင် ”
ဤသည်မှာ သူတို့မခွဲခွာခင် ကလေးမလေးက နောက်ဆုံးပြောခဲ့သော စကားဖြစ်သည်။
ဤအခိုက်အတန့်မှာ နီမြန်းနေသော ရွှီချင်း၏ မျက်လုံးထဲတွင် အိပ်မောကျနေသော ကလေးမလေးက ခေါင်းမော့လိုက်ဟန်ရပြီး သူ့အား မဝံ့မရဲဖြင့် ထိုမေးခွန်းကို နောက်တစ်ကြိမ် ထပ်မေးနေလေသည်။
“ ငါတို့မသေသေးသရွေ့ နောက်တစ်ကြိမ် ပြန်တွေ့ဆုံနိုင်မှာပါ ”
ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။ ထိုအဖြေသည် လွန်စွာမှ လှပသည်။ သို့သော်လည်း အကယ်၍ သူတို့သေဆုံးသွားလျှင် မည်သည့်အခါမှ နောက်တစ်ခါ ထပ်တွေ့နိုင်တော့မည် မဟုတ်ချေ။
ရွှီချင်းသည် ထိုနေရာမှာ အချိန်အတော်ကြာအောင် မိန်းမောတွေဝေလျက် မတ်တတ်ရပ်နေသည်။ တော်တော်ကြာကြာပင်။
လင်းအာ၏ ငိုကြွေးသံနှင့် ကျင်းကန်းဂိုဏ်းဘိုးဘေး၏ ဒေါသတကြီး အော်ဟစ်သံက သူ့နားထဲသို့ ပဲ့တင်မထပ်လာခင်အထိ ကြာမြင့်ခဲ့သည်။
ထိုအသံများက မိန်းမောတွေဝေနေသော သူ့စိတ်ကို ဖြည်းညင်းစွာ ကြည်လင်လာစေပြီး သူ၏ အတွေးများကို လက်တွေ့ဘဝထဲသို့ ပြန်လည်ဆွဲခေါ်သွားသည်။
“ လင်းအာ… ”
ရွှီချင်း၏ အသံသည် လွန်စွာမှ အက်ရှနေသည်။ သူက ခေါင်းလှည့်လိုက်ပြီး မျက်ရည်မဆည်နိုင်အောင် ငိုကြွေးနေသော လင်းအာကို ကြည့်လိုက်သည်။
လင်းအာသည် အဝေးမှ ပြေးလာပြီး ရွှီချင်းကို ဖက်ထားလိုက်သည်။ သူ၏ ခန္ဓာကိုယ်က တသိမ့်သိမ့်တုန်ရီနေသည်။
လင်းအာသည် ဤကဲ့သို့ သွေးပျက်ဖွယ်ကောင်းသော မြင်ကွင်းမျိုးကို သူ့ဘဝမှာ တစ်ခါမှမမြင်ဖူးသောကြောင့် ယင်းက သူ့အတွက် တောင့်ခံရန် အလွန်ခက်ခဲပေသည်။
ဘေးပတ်ဝန်းကျင်မှ လူအုပ်ကြီးသည် ဖြည်းညင်းစွာ သတိပြန်ရလာကြသည်။ ငိုကြွေးသံများနှင့် အော်ညည်းသံများက တဖြည်းဖြည်း ကျယ်လောင်လာသောအခါ ပုံရိပ်တစ်ခုသည် ဒယိမ်းဒယိုင်ဖြင့် ရွေ့လျားလာပြီး ရွှီချင်း၏ အရှေ့မှာ ဒူးထောက်ချလိုက်သည်။
“ စီနီယာ… ”
ထိုလူသည် ရှီဖန်ကွေ့ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်သည် အားနည်းနေပြီး သူ၏ မျက်လုံးသည် သွေးမျက်ရည်ဖြင့် ရဲရဲနီနေသည်။ သူ၏ ပုံစံသည် အရူးတစ်ယောက်နှင့်မခြား ဖရိုဖရဲဖြစ်နေပြီး ရှုပ်ပွနေသည်။ သူက မရူးသွပ်သွားရန် မနည်းထိန်းချုပ်ထားရသည်။ သူက တုန်တုန်ယင်ယင်ဖြင့် ရွှီချင်းကို ကြည့်လိုက်သည်။
သူ၏ ဇနီးနှင့် ညီမလေးက သေဆုံးသွားပြီဖြစ်ကြောင်း သူသိသည်။ သူကိုယ်၌ပင် ကိုယ့်ကိုယ်ကို သက်သေရန် ဆန္ဒရှိ၏။ သို့သော်လည်း သူသည် မသတ်သေမိရန် သည်းခံထားစမြဲပင်။
အဘယ့်ကြောင့်ဆိုသော် အဖိုးဘုရင်၏ အခြေအနေကို ရွှီချင်းသိအောင် သူပြောပြရဦးမည် ဖြစ်သောကြောင့် ဖြစ်သည်။
“ စီနီယာ… ကျေးဇူးပြုပြီး အဖိုးဘုရင်ကို ကယ်ပေးပါ… ”
“ အဖိုးဘုရင်ကို မျိုးနွယ်စုနှစ်စုရဲ့ မျိုးနွယ်စောင့်ရှောက်သူတွေက ဖမ်းဆီးသွားပြီး မြင့်မြတ်မြို့တော်ဆီ ခေါ်ဆောင်သွားပါတယ်… အဲ့ဒီတုန်းက ငါကြားခဲ့ရတာက သူတို့က ကြေးမုံရတနာကို ပြုပြင်ဖို့ အဖိုးဘုရင်ကို သွေးလက်နက်တစ်ခုအဖြစ် သန့်စင်ချင်တယ်လို့ ပြောနေကြပါတယ် ”
ရွှီချင်းသည် ရှီဖန်ကွေ့ကို ကြည့်လိုက်သည်။ အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် သူက ခေါင်းလှည့်လိုက်ပြီး ကလေးမလေးကို ကြည့်လိုက်သည်။
ရှီဖန်ကွေ့သည်လည်း ရွှီချင်းနည်းတူ လှည့်ကြည့်လိုက်သည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်သည် ပိုပြီးတုန်ယင်လာပြီး လက်သီးကို တင်းကျပ်စွာ ဆုပ်ထားလိုက်သည်။ သူ၏ နှလုံးသားထဲမှ ဝမ်းနည်းပူဆွေးမှုက လွန်စွာမှ ကြီးမားသောကြောင့် သူက ပါးစပ်အပြည့် သွေးတစ်လုပ်ကို အန်လိုက်ရသည်။ သူက ခါးသီးစွာ ပြုံးလိုက်သည်။
ရွှီခင်းသည် တိတ်တဆိတ် လျှောက်သွားပြီး ကလေးမလေး၏ အရှေ့သို့ ရောက်ရှိသွားသည်။ သူက ဆောင့်ကြောင့်ထိုင်လိုက်ပြီး ကလေးမလေး၏ မျက်လုံးကို ပိတ်ပေးလိုက်သည်။
“ ဖန်ကွေ့… မင်းညီမက အိပ်ပျော်နေတယ်… သူ့ကို သွားမနှောင့်ယှက်နဲ့… မင်းတို့တွေ ငါ့ကို ဒီကနေ စောင့်နေကြပါ ”
“ မြင့်မြတ်မြို့တော်ဆီ ငါသွားပြီး မင်းတို့ရဲ့ ဘုရင်ကို ပြန်ခေါ်လာခဲ့မယ် ”
ရွှီချင်းသည် နူးညံ့စွာ ပြောသည်။ ထို့နောက် သူက မတ်တတ်ရပ်လိုက်သည်။ သူ၏ အသံသည် တည်ငြိမ်သည်။
“ လင်းအာ… သူတို့ကို မင်း ကာကွယ်ပေးနိုင်မလား ”
“ ညီမလုပ်နိုင်တယ် ”
လင်းအာသည် မျက်ရည်သုတ်ပစ်လိုက်ပြီး စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။
ရွှီချင်းသည် နောက်ထပ်မပြောတော့ပေ။ သူက အရိပ်လေးကို အနောက်တွင် ချန်ထားခဲ့ပြီး (ဃ၁၃၂)မှ ကျောက်တုံးခြင်္သေ့နှင့် ခေါင်းကြီးကို ဆင့်ခေါ်လိုက်သည်။ တစ်ချိန်တည်းမှာ သူက အဆိပ်မြူခိုးကို ထုတ်လွှတ်လိုက်ပြီး ဘေးပတ်ဝန်းကျင်သို့ လွှမ်းခြုံသွားစေကာ ဤနေရာကို ချိပ်ပိတ်ပစ်လိုက်သည်။
ထိုသို့လုပ်ဆောင်ပြီးနောက် ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ရှီဖန်ကွေ့၏ ပခုံးကို ပုတ်ပေးလိုက်သည်။
“ ဖန်ကွေ့… ငါပြန်လာမှာကို စောင့်နေပါ ”
ထိုသို့ပြောပြီးနောက် ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး အဝေးမှ မြင့်မြတ်မြို့တော်၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။
ဤသည်မှာ သူက နဂါးအသိုက် သို့မဟုတ် ကျားရဲတွင်းထဲသို့ ကိုယ့်သဘောဆန္ဒဖြင့် သွားရောက်သွားတော့မည့်အလားပင်။ သို့သော်လည်း သူ၏ နှလုံးသားထဲတွင် မည်သည့်လှိုင်းအတတ်အကျမှ မရှိပေ။ အစဉ်မပြတ် စုပုံများပြားလာနေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒ တစ်ခုတည်းသာ ရှိ၏။
နောက်ဆုံးမှာတော့ ယင်းက သူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး ဘေးပတ်ဝန်းကျင်သို့ လွှမ်းခြုံသွားသည်။
သူက မည်သည့်စကားမှ ထပ်မပြောတော့ချေ။ အရှေ့သို့သာ ခြေတစ်လှမ်းတိုးလိုက်သည်။ သူက ကောင်းကင်ပေါ်သို့ ရောက်ရှိသွားသောအခါ လက်ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ဝိညာဉ်စစ်သင်္ဘောသည် လေထဲမှာ ဘွားခနဲ ထွက်ပေါ်လာသည်။
အနက်ရောင်ဝတ်ရုံဖြင့် အဖွားအိုတစ်ယောက်၏ ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်သည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။
ရွှီချင်းသည် အဖွားအို၏ ဦးခေါင်းပေါ်တွင် မတ်တတ်ရပ်လိုက်သည်။ အဖွားအို၏ မျက်နှာပေါ်တွင် သေခြင်းအငွေ့အသက်၊ သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ပြည့်နှက်နေပြီး အရှေ့သို့ ရွေ့လျားသွားသည်။
ရွှီချင်းသည် ခေါင်းငုံ့လိုက်သည်။ ဝိညာဉ်စစ်သင်္ဘောက အရှေ့သို့ လျှင်မြန်စွာ ရွေ့လျားသွားသည်နှင့် သူ၏ ခန္ဓာကိုယ်ထဲမှ တားမြစ်အဆိပ်သည် အနောက်သို့ ပျံ့လွင့်သွားသည်။ ၎င်းက အစိတ်စိတ်အမွှာမွှာ ပျံ့ပွားသွားခြင်းမဟုတ်ဘဲ အတူတကွ စုဝေးသွားသည်။
ထိုသို့ဖြင့် တားမြစ်အဆိပ်သည် စုပုံများပြားလာသည်။
ဖြည်းဖြည်းချင်း ထူထဲသော မြူခိုးနက်သည် ရွှီချင်း၏ အနောက်မှာ ဖြစ်ပေါ်လာသည်။
ထိုမြူခိုးထဲမှာ တားမြစ်အဆိပ်စွမ်းအားပါဝင်ပြီး ၎င်း၏ အနီးနားပတ်ဝန်းကျင်မှ အရာအားလုံးကို ပုံပျက်တွန့်လိမ်သွားစေသည်။
ဘေးပတ်ဝန်းကျင်က တုန်ယင်လာသည်နှင့်အမျှ မြူခိုးဧရိယာသည် ပိုပိုပြီး ကျယ်ပြောလာပြီး သိပ်သည်းလာသည်။
ရွှီချင်းက အဆိပ်ကို ထုတ်လွှတ်နေစဉ် သူ၏ ခန္ဓာကိုယ်ထဲမှ တားမြစ်အဆိပ်ဝိညာဉ်နတ်သူငယ်သည်လည်း အစွမ်းကုန် ထုတ်လွှတ်လိုက်သည်။ ယင်းက သူ၏ ခန္ဓာကိုယ်ထဲမှ အဆိပ်ထုတ်လွှတ်နှုန်းကို တစ်ခါမှမဖြစ်ဖူးသော အတိုင်းအတာတစ်ခုအထိ တိုးမြှင့်သွားစေသည်။
ရွှီချင်းက တားမြစ်အဆိပ်အား အစွမ်းကုန် ထုတ်လွှတ်ခြင်းသည် အလွန်ရှားပါးသည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ သူ၏ နှလုံးသားထဲမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ဖော်မပြနိုင်အောင် မြင့်တတ်နေလေရာ သူ့အား အစွန်းကုန် ထုတ်သုံးရန် လှုံ့ဆော်နေသည်။
ထိုသို့ဖြင့် အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးသွားသည်။
သုံးရက်ကြာသွားပြီ ဖြစ်သည်။
မျိုးနွယ်စုနှစ်စု၏ မြင့်မြတ်မြို့တော်နှင့် ငါးရာကီလိုမီတာကွာဝေးသော နေရာတွင် သဲမုန်တိုင်းတစ်ခုသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။ သဲမုန်တိုင်း၏ အကျယ်သည် ငါးဆယ်ကီလိုမီတာ ရှိသည်။