← Chapters

ငန်းရိုင်းက အချိန်ကြာကြာ ပျံသန်းနိုင်ပေမဲ့ အလင်းရောင်က မှေးမှိန်မသွားဘူး(ဃ)

Vol. 56 Ch. 875

ငန်းရိုင်းက အချိန်ကြာကြာ ပျံသန်းနိုင်ပေမဲ့ အလင်းရောင်က မှေးမှိန်မသွားဘူး(ဃ)

Vol. 56 Ch. 875

သဲမုန်တိုင်းသည် ကောင်းကင်နှင့် မြေပြင်ကို ဆက်သွယ်ပေးထားသည်။ မရေမတွက်နိုင်သော လျှပ်စီးသွားများက မုန်တိုင်းအတွင်းမှာ ထစ်ချုန်းမြည်ဟိန်းနေသည်။ အဆုံးမရှိသော ဒြပ်နှောများသည် မုန်တိုင်းထဲမှ ပျံ့လွင့်လာပြီး ဘေးပတ်ဝန်းကျင်သို့ ကျူးကျော်ဝင်ရောက်နေသည်။

အလွန်ကျယ်ပြောသော အနက်ရောင်သဲမုန်တိုင်းကြားထဲတွင် အဖွားအိုတစ်ယောက်၏ ဧရာမပုံရိပ် ရှိသည်။ အဖွားအို၏ ဦးခေါင်းပေါ်တွင် ရွှီချင်းက မတ်တတ်ရပ်နေပြီး အဝေးသို့ လှမ်းမျှော်ကြည့်နေသည်။

ဤသုံးရက်အတွင်းမှာ သူသည် (ဃ၁၃၂)ထဲမှ နတ်ဘုရားလက်ချောင်းအား နှိုးရန် အကြိမ်ကြိမ် ကြိုးစားကြည့်ခဲ့သည်။ သို့သော်လည်း တစ်ဖက်လူသည် သူ့အား မည်သည့်တုံ့ပြန်မှုမှ မပြချေ။ ၎င်းက အိပ်ပျော်နေခြင်းမဟုတ်ကြောင်း ရွှီချင်း သိသည်။

၎င်းက မတုံ့ပြန်ချင်မှတော့ ရွှီချင်းသည် ဆက်ပြီး အနှောင့်အယှက်မပေးတော့ချေ။ သို့တိုင်အောင် သူက တစ်ခါလေးပင် မျက်မှောင်မကြုတ်သွားချေ။

သူသွားမည့်နေရာသည် အလွန်အန္တရာယ်များကြောင်း ရွှီချင်း သိသည်။ သူ၏ လက်ရှိကျင့်ကြံခြင်းဖြင့် ဝိညာဉ်သိုက်အဆင့် ပညာရှင်ကျင့်ကြံသူများကို ရင်ဆိုင်ရန် လွန်စွာမှ ခက်ခဲလှပေသည်။

မျိုးနွယ်စုနှစ်စုမဟာမိတ်ထဲတွင် ဝိညာဉ်သိုက်အဆင့် ပညာရှင်ကျင့်ကြံသူများသည် စုစုပေါင်း ခြောက်ယောက် ရှိသည်။

ထိုအထဲတွင် နှစ်ယောက်သည် ပြီးပြည့်စုံသော လျှို့ဝှက်ရတနာသိုက်တစ်ခုကို ဖွဲ့စည်းထားကြပြီးပြီ ဖြစ်သည်။

သို့သော်လည်း တချို့အရာများသည် အလွန်အန္တရာယ်များလျှင်ပင် အကြောင်းအရင်းတချို့ကြောင့် သူလုပ်ဆောင်ရမည်ဟု ရွှီချင်း ခံစားမိသည်။

အမှန်မှာတော့ သူက ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူခြောက်ယောက်ကို ကိုင်တွယ်ဖြေရှင်းနိုင်သရွေ့ တခြားသော ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူများကို သူ၏ နည်းလမ်းများဖြင့် သတ်ဖြတ်ပစ်ရန် ရွှီချင်းအတွက် မခက်ခဲပါချေ။

သိုသော်လည်း ထိုအတွက် ပေးဆပ်ရမည့် တန်ကြေးသည် အလွန်အမင်း မြင့်မားသည်။

“ ငါ့တပည့်က သေသွားပြီ… ငါက ဆရာတစ်ယောက်အနေနဲ့ တရားမျှတမှုကို ရှာဖွေပေးရမယ် ”

“ သူတို့ကျွေးတဲ့ အစားအစာတွေကို ငါအများကြီး စားခဲ့တယ်… သူတို့အတွက် ငါတစ်ခုပြန်လုပ်ပေးရမယ် ”

“ ပြီးတော့ သွမ့်မူကျန်းဆီက တစ်စုံတစ်ခုကို ငါငှားယူခဲ့တယ်… တကယ်လို့ သွမ့်မူကျန်းသာ မရှိတော့ရင် အဲ့ဒါကို ဘယ်တော့မှ ငါပြန်ပေးနိုင်တော့မှာ မဟုတ်ဘူး ”

ရွှီချင်းသည် နူးညံ့စွာ ပြောသည်။

သူ၏ မျက်လုံးထဲမှ အေးစက်မှုသည် တဖြည်းဖြည်း ပိုပြီးသိပ်သည်းလာသည်။ သူက သူ့အနောက်တွင် ကီလိုမီတာငါးဆယ်အထိ ဖြန့်ကြက်ထားသော တားမြစ်အဆိပ်သဲမုန်တိုင်းကို တွန်းလွှတ်လိုက်ပြီး မျိုးနွယ်စုနှစ်စု၏ မြင့်မြတ်မြို့တော်ဆီသို့ ချဉ်းကပ်သွားနေသည်။

တစ်ချိန်တည်းမှာ ကီလိုမီတာငါးရာအဝေးရှိ ငှက်သိုက်သဖွယ်ဖြစ်နေသော မြင့်မြတ်မြို့တော်ထဲတွင် မျိုးနွယ်စုနှစ်စုမှ မျိုးနွယ်ဝင်များသည် ပျော်ပွဲရွှင်ပွဲ ကျင်းပနေကြသည်။

သူတို့သည် လူသားမျိုးနွယ်ဝင်များ အဖမ်းဆီးခံခဲ့ရသော သတင်းကို ကြားပြီးသွားကြပြီ ဖြစ်သည်။ ဤရက်များတွင် အဆင့်နိမ့်မျိုးနွယ်စုများသည် တစ်စုပြီးတစ်စု ဖမ်းဆီးခံခဲ့ကြရပြီး နောက်ဆုံးတွင် သူတို့ဆက်ကြေးပေးဆောင်ရမည့် ပမာဏက ပြည့်မြောက်သွားသည်။

တစ်နည်းအားဖြင့် သူတို့၏ မျိုးနွယ်စုနှစ်စု မဟာမိတ်သည် အနီရောင်လဗီမာန်အား နောက်တစ်ကြိမ် ဆက်ကြေးပေးအပ်ရမည့်နေ့ကို မရောက်ခင်အထိ မည့်သည့်အခက်အခဲမှမရှိဘဲ နေနိုင်သွားတော့မည် ဖြစ်သည်။

ထို့ကြောင့် မျိုးနွယ်စုနှစ်စုမှ ကျင့်ကြံသူများသည် စိတ်လှုပ်ရှားကြပြီး ဝမ်းသာပျော်ရွှင်နေကြသည်။ တစ်မြို့လုံးလည်း ပျော်ပွဲရွှင်ပွဲကျင်းပရန် စိတ်အားထက်သန်နေကြသည်။

ကောင်းကင်မီးလျှံကဒ်ဘေး ဖြတ်သန်းခြင်းသည် မြင့်မြတ်မြို့တော်ကို ကြီးကြီးမားမား ပျက်စီးစေခဲ့သည်။ ယင်းက မြို့တော်၏ အကာအကွယ်စည်းချအစီအရင်ကို အခြေခံအားဖြင့် အားအင်ကုန်ဆုံးစေခဲ့သည်။ သို့သော်လည်း ၎င်းက လအနည်းငယ်ကြာ ပြုပြင်ပြီးနောက် ပြန်လည်ကောင်းမွန်လာသည်။

ပျော်ပွဲရွှင်ပွဲကျင်းပနေစဉ်အတွင်း မျိုးနွယ်စုနှစ်စုမှ မျိုးနွယ်ဝင်အများအပြားသည် နန်းတော်နှစ်ခုကြားမှ ရင်ပြင်တစ်ခုပေါ်တွင် စုဝေးရှိနေကြသည်။ ထိုနေရာတွင် သန့်စင်ခြင်းလုပ်ငန်းစဉ်ကို လုပ်ဆောင်နေကြသည်။

ထိုသန့်စင်ခြင်းလုပ်ငန်းစဉ်ကို အချိန်အတော်ကြာ ပြုလုပ်နေခဲ့ခြင်းဖြစ်ပြီး ပြီးဆုံးခါနီးနေပြီ ဖြစ်သည်။

သန့်စင်ခြင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်နေသူသည် ကြေးမုံပုံရိပ်ယောင်မျိုးနွယ်၏ မျိုးနွယ်စောင့်ရှောက်သူဖြစ်ပြီး သန့်စင်ခံနေရသူသည် လူသားမျိုးနွယ်ဝင် သွမ့်မူကျန်း ဖြစ်သည်။

မျိုးနွယ်စုနှစ်စုမှ ကျင့်ကြံသူများကြားတွင် သွမ့်မူကျန်းအကြောင်းကို မကြားဖူးသူသည် ရှားပါးသည်။ ဤနှစ်များတွင် သူတို့၏ မျိုးနွယ်များထဲမှ ကျင့်ကြံသူအများအပြားသည် သတင်းအစအန ရှာမရအောင် ပျောက်ဆုံးသွားကြလေ့ ရှိသည်။ နောက်ဆုံးတွင် ယင်းက သွမ့်မူကျန်းနှင့် ပတ်သက်ဆက်စပ်နေကြောင်း သူတို့ရှာတွေ့သွားကြသည်။

သို့ဖြစ်၍ သန့်စင်ခြင်းလုပ်ငန်းကို ဆောင်ရွက်နေစဉ်အတွင်း မျိုးနွယ်စုနှစ်စုမှ ကျင့်ကြံသူအများအပြားသည် ဤနေရာသို့ လာရောက်ကြည့်ရှုကြလေ့ ရှိသည်။

ဤအခိုက်အတန့်မှာ ရင်ပြင်ပေါ်၌ သွမ့်မူကျန်း၏ ဦးခေါင်းနှင့် ခြေလက်များသည် ဧရာမကြေးမုံတစ်ချပ်ပေါ်သို့ သံချောင်းစိုက်ခံထားရသည်။ အဖြူရောင်မြူခိုးသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ပျံ့လွင့်ထွက်လာနေပြီး ကြေးမုံထဲသို့ ပေါင်းစပ်သွားနေသည်။

ထိုကြေးမုံသည် အတိတ်တွင် ရွှီချင်းနှင့် သွမ့်မူကျန်း၏ လက်ချက်ကြောင့် အပိုင်းပိုင်းအစစ အက်ကွဲသွားခဲ့သော မျိုးနွယ်စောင့်ရှောက်သူ၏ ကြေးမုံရတနာမှလွဲ၍ တခြားမဟုတ်ချေ။

ကြေးမုံထဲ၌ ဖျက်ဆီးခံလိုက်ရသော လက်နက်ဝိညာဉ်သည် စတင်ပြန်လည်ဖွဲ့စည်းနေသည်။

သွမ့်မူကျန်းအတွက်တော့ သွေးသည် သူ၏ တစ်ကိုယ်လုံးမှ အဆက်မပြတ် စီးဆင်းနေသည်။ သူ၏ အသက်နှင့်ခန္ဓာက အရှင်လတ်လတ် သန့်စင်ခံနေရသော နာကျင်မှုသည် သူ၏ တစ်ကိုယ်လုံးကို အပြင်းအထန် တုန်လှုပ်စေသည်။ ပြင်းထန်သော နာကျင်မှုဒဏ်ကြောင့် သူ၏ မျက်နှာသည် ရှုံ့မဲ့နေသည်။ အကယ်၍ တစ်စုံတစ်ယောက်က အနီးကပ်သွားကြည့်မည်ဆိုလျှင် သူ၏ ခန္ဓာကိုယ်ထဲမှ အရိုးအများစုသည် အက်ကွဲပျက်စီးသွားကြပြီး သူ၏ အကြောအမျှင်အားလုံးသည် အပိုင်းပိုင်း ဆွဲဖြဲခံထားရကြောင်း မြင်နိုင်လိမ့်မည်။

သူ၏ ဝိညာဉ်နတ်သူငယ်များသည်လည်း အတင်းအကျပ် ဆွဲထုတ်ခံထားရပြီး မရေမတွက်နိုင်သော ထူးဆန်းလောက်ကောင်များ၏ စားသုံးခြင်းကို ခံနေကြရသည်။

ယိုယွင်းပျက်စီးနေသော လျှို့ဝှက်ရတနာသိုက်ထဲတွင် သေခြင်းအရှိန်အဝါဖြင့် ပြည့်နှက်နေလေရာ ၎င်းကို ဝါးမျိုရန် အရေအတွက်များပြားသော မကောင်းဆိုးဝါးဝိညာဉ်များအား ဖိတ်ခေါ်ဆွဲဆောင်နေသည်။

သိသာစွာပင် သူက ဤမတိုင်ခင် ညှဉ်းပန်းနှိပ်စက်မှုအမျိုးမျိုးကို ခံစားခဲ့ရကြောင်း ထင်ရှား၏။

သို့သော်လည်း နာကျင်မှုဝေဒနာက မည်မျှပြင်းထန်ပါစေ သူသည် အော်ဟစ်ညည်းညူခြင်း လုံးဝမရှိပေ။

သေလွန်ပြီးသော လူသားမျိုးနွယ်ဝင်၏ ဝိညာဉ်များက ဤကဲ့သို့ အဆိုးဝါးဆုံး အခြေအနေမှာပင် သူ၏ မျက်နှာကို ပြုံးရွှင်စေသည်။ သူက အားနည်းသောပုံစံကို နည်းနည်းလေးမှ ထုတ်ဖော်ပြရန် ငြင်းဆန်သည်။

သူက လေထဲမှာ တရားထိုင်နေသော ပုဂ္ဂိုလ်ကို ကြည့်လိုက်ပြီး အက်ရှရှအသံဖြင့် ပြောသည်။

“ ချီးပဲ… မင်းက ဒီအဖိုးကြီးကို သန့်စင်ဖို့ ဒီလောက်တောင် အချိန်ကြာရသလား… ကြေးမုံပုံရိပ်ယောင်မျိုးနွယ်က တကယ့်အမှိုက်ပဲ ”

လေထဲမှာ တင်ပျဉ်ခွေလျက် တရားထိုင်နေသော ပုဂ္ဂိုလ်သည် အသက်ကြီးရင့်ပုံပေါ်သော်လည်း သူ၏ ခန္ဓာကိုယ်သည် တောင့်တင်းသန်မာသည်။ ထိုလူသည် ကြေးမုံပုံရိပ်ယောင်မျိုးနွယ်၏ မျိုးနွယ်စောင့်ရှောက်သူမှလွဲ၍ တခြားမဟုတ်ချေ။ သူက သွမ့်မူကျန်းကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး မထူးမခြားနား ပြောသည်။

“ ခဏနေလို့ မင်းက ငါ့ရဲ့ ကြေးမုံဝိညာဉ် ဖြစ်လာတဲ့အခါကျရင် မင်းရဲ့ မျိုးနွယ်ဝင်တွေကို မင်းကိုယ်တိုင် ပြန်ဝါးမျိုစေမယ်… အဲ့ဒီအခါ လူသားတွေရဲ့ အရသာကို မင်းသဘောကျသွားလိမ့်မယ် ”

All Chapters