← Chapters

တောက်တိ နှင့် ချုံးချီဂိုဏ်း

Vol. 22 Ch. 316

တောက်တိ နှင့် ချုံးချီဂိုဏ်း

Vol. 22 Ch. 316

အမှောင်ကျင့်ကြံရေး အင်အားစုများက အကယ်ဒမီ ကျောင်းများကို တည်ထောင်ရန် အရည်အချင်းများ ရှိသည့် အလင်းအင်အားစုများနှင့် ကွဲပြားခဲ့သည်။

အလင်းအင်အားစုများတွင် အစိုးရပိုင် ကြီးမားသော ပုဂ္ဂလိက အကယ်ဒမီကျောင်းများ နှင့် လေလွင့်ကျင့်ကြံသူများ အတွက် ရည်ရွယ်၍ ဖွင့်ထားသည့် အထူး သီးသန့် ဂိုဏ်းကြီး အချို့လည်း ပါဝင်သည်။

ရိုးရိုးရှင်းရှင်း ပြောရလျှင် အမှောင်အင်အားစုများသည် လေလွင့်ကျင့်ကြံသူများကို တရားမ၀င် စုဆောင်းပြီး အကျိုးအမြတ် အတွက်သာ ကျောင်းဖွင့်သည့် အဖွဲ့အစည်းများ ဖြစ်သည်။

၎င်းတို့က အစားအသောက် ခွင့်ပြုချက် လက်မှတ် မရှိဘဲ ကျန်းမာရေးနှင့် မညီညွတ်သော မုန့်များကို ပြုလုပ်ရောင်းချနေသည့် ဆိုင်ငယ်များနှင့် တူ၏။

ဆရာဝမ်က စင်ပေါ်ကနေ သမိုင်းကြောင်းများကို အကျဉ်းချုံးပြောပြခဲ့သည်။

"လူတိုင်းရဲ့မျက်လုံးထဲမှာတော့ အမှောင်အင်အားစုတွေအားလုံးက ဆိုးသွမ်းတဲ့ အဖွဲ့အစည်းချည်းပါပဲ.. ဒါပေမယ့် ယေဘုယျအားဖြင့်တော့ အဲဒီလို သတ်မှတ်လို့ မရပြန်ဘူး.. အမှောင်အင်အားစုတွေ ထဲမှာလည်း အကောင်းနဲ့ အဆိုး နှစ်မျိုး ရှိပါသေးတယ်"

"အမည်ပျက် စာရင်းသွင်းခံထားရတဲ့ ရာစုနှစ်သက်တမ်းရှိ ဂိုဏ်းအချို့လည်းရှိတယ်.. ဂိုဏ်းတည်ထောင်တဲ့သူက တံခါးပိတ်ကျင့်ကြံနေတော့ ဖောင်အချိန်မီ မတင်နိုင်ခဲ့လို့လေ.. လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာတော့ အမှောင်ကျင့်ကြံရေး အင်အားစု အများအပြားက တရားဝင် လမ်းကြောင်းတွေကနေ ခွင့်ပြုချက်လိုင်စင်ကို ရရှိခဲ့ကြတယ်"

"လူတိုင်း နားလည်လွယ်အောင် ပြောရရင်တော့ ဒါက ခွင့်ပြုချက်လိုင်စင် ရမရပေါ် မူတည်သွားတာပါပဲ..အမှန်တော့ ဝိညာဉ်စွမ်းအင် သတင်း အချက်အလက်ခေတ်မှာ ရာနဲ့ချီတဲ့ဂိုဏ်းတွေက ဂိုဏ်းအချင်းချင်း လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်လို့ မရတော့သလို အင်မော်တယ် အချင်းချင်းလည်း အသေအကြေ တိုက်ခိုက်လို့ မရတော့ဘူး"

"အခုခေတ်မှာက အရာအားလုံးကို ဥပဒေတွေ၊ စည်းမျဉ်းတွေနဲ့ ကန့်သတ်ထားတယ်လေ.. ခေတ်မီကျင့်ကြံခြင်း လောကမှာ ဆက်လက် ကျင်လည်ချင်ရင်တော့ ဒီစည်းမျဥ်းတွေကို လိုက်နာရမှာပဲ"

ဝမ်လင်းက ဤအချက်ကို သဘောမကျပေ။

သူ အင်မော်တယ်စံအိမ်ကို ဖယ်ရှားရသည့် အကြောင်းရင်းမှာသူ့ဘဝကို အနှောင့်အယှက်ပေးရုံသာမက ထိုဂိုဏ်းက စည်းကမ်းများကို မလိုက်နာသောကြောင့် ဖြစ်သည်။

အရေးကြီးဆုံးက သူ၏ သင်ကြားရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့ခြင်းပင်။

သူက အိမ်စာများကိုပင် အေးအေးဆေးဆေး မလုပ်ခဲ့ရပေ။

သို့သော် ဆရာဝမ် ပြောခဲ့သည့် အတိုင်းပင် အမှောင်အင်အားစုအားလုံးက လူဆိုးများချည်း မဟုတ်ပေ။

အချို့သော ဂိုဏ်းများမှာ ၎င်းတို့၏ အကြီးအကဲ တံခါးပိတ်ကျင့်ကြံနေ၍ ဖောင်တင်ရန် နောက်ကျပြီး အသိအမှတ်ပြုလိုင်စင် မရရှိသော ဂိုဏ်းများ ဖြစ်လာခြင်းပင်။

ထိုကဲ့သို့သော ဖြစ်ရပ်ကြောင့် အမည်ပျက်စာရင်းသွင်းခြင်း ခံခဲ့ရဖူးသော အဖွဲ့အစည်းများလည်း ရှိခဲ့ဖူးသည်။

မှီခိုရာအထက်တန်းကျောင်းသည် ထင်ရှားသော ဥပမာတစ်ခု ဖြစ်သည်။

ထိုကျောင်း၏ ကျောင်းအုပ်ကြီးက တံခါးပိတ်ကျင့်ကြံရသည်ကို ဝါသနာထုံကြောင်း လူတိုင်းသိသည်။

ထိုအချိန်က ကျောင်းအကြီးအကဲ တော်တော်များများက သူ့ကို အသိအမှတ်ပြု လိုင်စင် ရဖို့ အတွက် ကျင့်ကြံရာကနေအတင်းအကျပ် ဆွဲမခေါ်ခဲ့လျှင် ကျောင်းက ယခုအချိန်တွင် ပြိုပျက်နေလောက်ပြီ ဖြစ်သည်။

ဤအချက်ကို ပြောရင်း ရှေးဟောင်းစာအုပ်ကြီး၏ မျက်လုံးများက တောက်ပလာခဲ့သည်။

"အရင်နှစ်တွေက ဆရာကျီချုံးခိုင် ထုတ်ခဲ့တဲ့ စာမေးပွဲ မေးခွန်းတွေကို လေ့လာကြည့်လိုက်တော့ သူက အမှောင်အင်အားစုတွေရဲ့ သမိုင်းကြောင်းနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို သေချာပေါက် ထည့်သွင်းလာလိမ့်မယ်လို့ ငါထင်တယ်"

"ဆရာကျီက ကျောင်းသားတွေကို သဘောတရားတွေ စမ်းသပ်ရတာ သိပ်မကြိုက်ဘူး.. မင်းတို့တွေ မှတ်မိဖို့အတွက် သမိုင်းမှာ လူသိများတဲ့ အမှောင်အင်အားစုတွေ အကြောင်းကို ဆရာ စာရင်းပြုစုပေးပါ့မယ်"

"ဆရာ.. သမိုင်းမှာ လူသိများတဲ့ အမှောင်အင်အားစုတွေက ဘယ်အင်အားစုတွေလဲ"

ထိုအချိန်တွင် တစ်စုံတစ်ယောက်က မေးခွန်းမေးရန် လက်ထောင်ပြကာ မတ်တတ်ရပ်လိုက်သည်။

"မလောပါနဲ့.. ငါအဲဒါနဲ့ ပတ်သက်ပြီး ရှင်းပြပေးမှာပါ"

ဆရာဝမ်က ကျောင်းသားကို ပြန်ထိုင်ဖို့ လက်ဟန်ခြေဟန်ဖြင့်ပြလိုက်သည်။

"ဒါဆိုလည်း သမိုင်းရဲ့ လူသိများတဲ့ အမှောင်အင်အားစု တချို့အကြောင်း ပြောပြပါရစေ.. ဆရာကျီချုံးခိုင်က ဒီအကြောင်းနဲ့ မင်းတို့ကို စမ်းသပ်ဖို့ ဖြစ်လာနိုင်ပါတယ်"

ထိုစကားကိုကြားလျှင် အတန်းထဲရှိ ကျောင်းသားအားလုံးက သူတို့၏ မှတ်စုစာအုပ်ကို ကိုယ်စီ ထုတ်ယူလိုက်ကြသည်။

ဝမ်လင်းက ထိုသို့ မလုပ်ခဲ့သည်ကို တွေ့လိုက်ရလျှင် ကော်ဟောက်က သူ့ကို အလျင်စလို သတိပေးလိုက်သည်။

"ငလင်း.. ဘာတွေ ငေးနေတာလဲ.. မြန်မြန်မှတ်စုထုတ်ပြီး မှတ်တော့လေ"

ဝမ်လင်း ".............."

မည်သည့် အကြောင်းအရာဖြစ်စေ သူ့စိတ်ထဲ ထည့်မှတ်ထားချင်သရွေ့ သူအလိုရှိသည်နှင့် သူ့မှတ်ဉာဏ်ထဲတွင် ချက်ချင်းဆိုသလို ပေါ်လာလိမ့်မည် ဖြစ်သည်။

တကယ်တမ်းတွင် ကော်ဟောက်က သူ့ကို စေတနာဖြင့်သတိပေးခဲ့ခြင်းသာ။

အတန်းတစ်ဝိုက်ကို အကဲခတ် ကြည့်လိုက်ရာ လူအများစုက သူတို့၏ မှတ်စုစာအုပ်များကို ထုတ်ယူလိုက်ကြောင်း သိလိုက်သည်။

ဝမ်လင်းကလည်း ထိုအတိုင်းသာ လိုက်လုပ်ခဲ့၏။

သို့မဟုတ်လျှင် သူက တကယ်ကို ထူးဆန်းနေလိမ့်မည် မဟုတ်လော။

သူက စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

ယခုခေတ်တွင် လူတစ်ဦးဖြစ်ရန်မှာ ခဲယဉ်းသည်။

ထိပ်တန်းကျောင်းသားတစ်ဦး ဖြစ်ရန်မှာ ပိုခဲယဉ်းသည်။

ထိုထက် အတန်းထဲတွင် ပျမ်းမျှအဆင့်များ ရအောင် နည်းလမ်းပေါင်းစုံဖြင့် အစွမ်းကုန် ကြိုးစားရသည်က ပိုခက်ခဲသည်။

တစ်ညလုံး ဂိမ်းဆော့ပြီးနောက် စာသင်ခန်းတွင် ရလဒ်ကောင်းမွန်သော အတန်းဖော်များကို သူတွေ့ဖူးသည်။

၎င်းတို့က အတန်းချိန် ပြင်ပတွင် အရူးအမူး စာလေ့လာနေခြင်း မဟုတ်လျှင် ၎င်းတို့၏ ဉာဏ်ရည် မြင့်မားမှုကို အားကိုးခြင်းသာ ဖြစ်နိုင်၏။

........................

အတန်းရှိ ကျောင်းသားများက စာမေးပွဲ မေးခွန်းများကို ခန့်မှန်းရာတွင် ဆရာဝမ်၏ ကျွမ်းကျင်မှုကို ဘယ်သောအခါမှ သံသယမရှိခဲ့ပေ။

၎င်းက စမ်းသပ်ခန့်မှန်းရာတွင် နတ်ဘုရားဟု ဆိုရမည်။

လွန်ခဲ့သောနှစ်များက ခရိုင်ပညာရေး ကော်မတီမှာ သူ၏ တိကျလွန်းသော ခန့်မှန်းချက်များကြောင့် မေးခွန်း ပေါက်ကြားသည်ဟု သံသယရှိပြီး တစ်နှစ်ခွဲကြာ စောင့်ကြည့်ခဲ့သည်။

သို့သော် ပညာရေး ကော်မတီက နံပါတ်တစ် သမိုင်းဆရာ အဖြစ် အမှတ် ၆၀ အထက်တန်းကျောင်းတွင် နေရာယူထားနိုင်သော ဆရာဝမ်ထံမှ အကျင့်ပျက်ခြစားမှု ဆိုင်ရာ အထောက်အထား တစ်စုံတစ်ရာကိုမှ ရှာမတွေ့ခဲ့ပေ။

လူတိုင်းက မိမိတို့၏ ကိုယ်ပိုင် မှတ်စုစာအုပ်များကို ထုတ်ယူလိုက်သည်ကို မြင်ပြီးနောက် ဆရာဝမ်က လည်ချောင်း ရှင်းလိုက်သည်။

"သမိုင်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အမှောင်အင်အားစုတွေ အကြောင်းကို ပျံသန်းခြင်း အဆောင်လက်ဖွဲ့ဂိုဏ်းနဲ့ပဲ စတင်လိုက်မယ်.. အဲဒီတုန်းက ဂိုဏ်းတည်ထောင်သူဟာ အောက်လမ်း စက္ကူရုပ်တွေကို ရောင်းချပြီး ဆွေမျိုးမိတ်ဆွေတွေကို အရောင်းကိုယ်စားလှယ် အဖြစ် အသုံးပြုခဲ့တယ်.."

"အရုပ်တစ်ရာ ရောင်းနိုင်ရင် ကြေးအဆင့် ကိုယ်စားလှယ် ရာထူးတိုးပေးတယ်.. ငွေအဆင့် ကိုယ်စားလှယ် ဖြစ်ဖို့ဆိုရင်တော့ အောက်လမ်းစက္ကူရုပ် တစ်ထောင်ကို ရောင်းပေးနိုင်ရမယ်.. ရွှေအဆင့်ကိုယ်စားလှယ် ဖြစ်ဖို့ဆိုရင်တော့ အရေအတွက် တစ်သောင်းပေါ့.. အဆုံးသတ်မှာ ဒီဂိုဏ်းရဲ့ ဂိုဏ်းဝင် အရေအတွက်က သန်းချီတဲ့အထိ တိုးလာခဲ့တယ်"

"............."

"သူတို့ ဘာဖြစ်သွားလဲ သိလား"

"နောက်ပိုင်းမှာတော့ အောက်လမ်းရုပ်တွေကို ရောင်းတဲ့ အတွက် သုံးရက်အတွင်းမှာ တစ်ဂိုဏ်းလုံး ဖမ်းဆီးခံခဲ့ရတယ်.. အထူးသဖြင့် သူတို့က မသန်မာတဲ့အတွက် သူတို့ကို ကိုင်တွယ်ဖို့ အစိုးရက အများကြီး အားထုတ်စရာ မလိုခဲ့ဘူး.. အဲဒီနောက်မှာတော့ ပျံသန်းခြင်း အဆောင်လက်ဖွဲ့ဂိုဏ်းကို ပြုတ်ကျခြင်း အဆောင်လက်ဖွဲ့ဂိုဏ်းလို့ပဲ ခေါ်ကြတော့တယ်"

ဆရာဝမ်က ပြောလိုက်သည်။

လူတိုင်း "............"

"အဖွဲ့ဝင် အရေအတွက်ကို အခြေခံရင်တော့ ဒီဂိုဏ်းက အမှောင်အင်အားစုတွေရဲ့ သမိုင်းမှာ အကြီးဆုံးဂိုဏ်းတစ်ခုပဲ"

"ဒါပေမဲ့ အလုံးစုံ ကြံ့ခိုင် သန်မာမှုအပေါ် အခြေခံရင်တော့ အင်မော်တယ်စံအိမ်က ပထမနေရာမှာ ရှိနေတယ်.. အင်မော်တယ်စံအိမ်အပြင် ငါတို့ရဲ့ အာရုံစိုက်မှုကို ခံယူထိုက်တဲ့ အင်အားကြီး အမှောင်အဖွဲ့အစည်း တစ်ခု ရှိခဲ့ဖူးတယ်.. မင်းတို့တွေ ချုံးချီ ဂိုဏ်းအကြောင်း ကြားဖူးလား။

ထိုစကားကို ပြောနေသော အခါတွင် ဆရာဝမ်၏အမူအရာက ရုတ်ခြည်း လေးနက်သွားသည်။

ယင်းက တခဏမျှသာ ဖြစ်သော်လည်း ဝမ်လင်း သတိပြုမိခဲ့သည်။

"ချုံးချီဂိုဏ်းက ထိပ်တန်း အစားကြူးသူတွေနဲ့ ဖွဲ့စည်းထားတဲ့ ဂိုဏ်းတစ်ခုပဲ.. သူတို့ဂိုဏ်းထဲ ဝင်ချင်ရင် ဂိုဏ်းသားတွေက တစ်နေ့ကို အသား 50 ကီလိုဂရမ် အထိ စားနိုင်ရမယ်"

လူတိုင်း "..........."

ရှေးဟောင်း စာအုပ်ကြီးက ဆက်ပြောလိုက်သည်။

"ချုံးချီဂိုဏ်း အထွတ်အထိပ်ကို ရောက်တဲ့ အချိန်ကဆို သူတို့ရဲ့ တပည့်တွေက ဒေသတွင်းက သားရဲတွေကို အမဲလိုက်တဲ့ အဖွဲ့တွေ ဖွဲ့စည်းပြီး သူတို့ရဲ့ သြဇာကို ချဲ့ထွင်ခဲ့ကြတယ်"

"သူတို့တွေက ဝိညာဥ်သားရဲ တိရိစ္ဆာန်တွေကို စားသောက်ဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံတစ်ဝှမ်းက နေရာအနှံ့အပြားမှာ အမဲလိုက်ခဲ့ကြတဲ့ အတွက် ဝိညာဥ်သားရဲမျိုးစိတ် ဆယ့်ခုနစ်မျိုးလောက် မျိုးသုဉ်း ပျောက်ကွယ်သွားခဲ့တယ်"

"အာ.. ဝိညာဥ်သားရဲမျိုးစိတ် ဆယ့်ခုနစ်မျိုးက မျိုးသုဉ်းသွားပြီလား"

တစ်စုံတစ်ယောက်က တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်ခဲ့သည်။

".........."

ဝမ်လင်းပင်လျှင် မျက်နှာပေါ်၌ မယုံကြည်နိုင်သော အမူအရာများ ရှိနေသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤအမှောင်အင်အားစုများ၏ သမိုင်းကြောင်း အများစုမှာ တော်တော်လေး အံ့သြဖို့ကောင်း၏။

ထိုသမိုင်းကြောင်းများကို ပြဌာန်းစာအုပ်များတွင် ရှာတွေ့နိုင်မည်မဟုတ်ပေ။

အကယ်၍ ရှေးဟောင်းစာအုပ်ကြီးသာ ဤနေရာတွင် သူတို့အား မပြောပြခဲ့လျှင် ဝမ်လင်းက ဤထူးဆန်းသော သမိုင်းကြောင်းကို မည်သည့်အခါမျှ သိရှိမည် မဟုတ်ပေ။

ယခုမှ သေသေချာချာ တွေးကြည့်မိသည်။

ငွေရောင် ယူနီကွန်းအနေဖြင့် လူသားမျိုးနွယ်ကို လုံးလုံးလျားလျား မုန်းတီးနေသည်မှာ အံ့သြစရာ မဟုတ်ပေ။

အကယ်၍ ၎င်းသာ ချုံးချီဂိုဏ်း ကဲ့သို့ အမှောင်အဖွဲ့အစည်းတစ်ခုထဲ ရောက်သွားခဲ့လျှင်လည်း ၎င်းတို့က ယူနီကွန်းကို အမှန်တကယ် နာကျင်စေမည်သာ ဖြစ်သည်။

ချုံးချီဂိုဏ်း အကြောင်း ပြောရင်း ဆရာဝမ်က ထုံးစံအတိုင်း ဂိုဏ်းတည်ထောင်သူကို မိတ်ဆက်ပေးရန် ပြင်လိုက်သည်။

ဤအချက်နှင့် ပတ်သက်၍ ဆရာကျီချုံးခိုင်က ကျောင်းသားများကို စမ်းသပ်နိုင်ဖွယ် ရှိသည် မဟုတ်လော။

ဆရာဝမ်က ဆက်လက် ဟောပြောခဲ့သည်။

"ချုံးချီ ဂိုဏ်းကို တည်ထောင်သူ တာအိုဆရာ တောက်တိ အကြောင်း ပြောပြမယ်"

All Chapters