တောက်တိ နှင့် လေလွင့်ကိုယ်လူချော
Vol. 22 Ch. 317
တာအိုဆရာ တောက်တိသည် ယခင်က ကျင့်ကြံမှု နယ်ပယ်တွင် အလွန် နာမည်ကြီးခဲ့သည်။
သို့သော် သူနှင့် တွေ့ဖူးသည့် သူတိုင်းက သူ့မျက်နှာကို ပြန်သတိရတိုင်း ဖျားချင်သလို ခံစားခဲ့ရသည်။
သူနှင့် တစ်ခါမှ မတွေ့ဖူးသည့်သူပင် သူ့အသွင်အပြင်ကို ကြားရုံဖြင့် စားချင်စိတ် ပျောက်သည်အထိပင်။
ထို့နောက်တွင်မူ ကျင့်ကြံခြင်း အသိုင်းအဝိုင်းထဲရှိ စီနီယာများက ဤအမည်ကို တားမြစ်ချက် အဖြစ် စတင် သတ်မှတ်ခဲ့ကြ၏။
နာမည်ဂုဏ်သတင်း ဆိုသည်မှာ လူတိုင်း၏ ပါးစပ်ဖျားတွင် မကြာခဏ ပြောဆိုသည့် အခါမှသာ ကျော်စောနိုင်၏။
မည်သူမှ မပြောကြလျှင် အချိန်တစ်ခု၌ မေ့သွားလိမ့်မည်သာ။
ထို့ကြောင့် ကျောင်းသားများက သမိုင်းထဲတွင် ထိုသို့သော ပုဂ္ဂိုလ်တစ်ဦး ရှိနေသည်ကိုပင် လုံးဝ မသိခဲ့ကြပေ။
"ဆရာ.. ဒီစီနီယာ တောက်တိက ဘယ်လောက်ထိတောင် ရုပ်ဆိုးလို့လဲ"
တစ်စုံတစ်ယောက်က လက်ထောင်ပြကာ မေးလိုက်သည်။
ဆရာဝမ်က တာအိုဆရာ တောက်တိ၏ အကြောင်းကို ပြောပြနေသော်လည်း အဆုံးသတ်တွင် လူတိုင်းမှာ တောက်တိ၏ ရုပ်ရည်ကိုသာ အာရုံစိုက်ခဲ့ကြသည်။
ရုပ်ဆိုးသည့် လူများကို လူတိုင်းက မြင်ဖူးကြသော်လည်း တာအိုဆရာ တောက်တိ မည်မျှအထိ ရုပ်ဆိုးလဲ ဆိုသည်ကိုမူ အမှန်တကယ် သိချင်နေကြ၏။
ဆရာဝမ်၏ ဖော်ပြချက်အရ တာအိုဆရာ တောက်တိ၏ အသွင်အပြင်မှာ ကမ္ဘာကြီးကို လှုပ်ခါစေပြီး နတ်ဘုရားများကို ငိုစေနိုင်သည်။
သူ့အသွင်အပြင်က ဒဏ္ဍာရီလာ တောက်တိ သားရဲနှင့် တူ၍ ဤအမည်ပြောင်ကို ရရှိခဲ့ခြင်း ဖြစ်သည်။
တောက်တိသားရဲ နည်းတူပင် သူသည်လည်း အလွန်အစားကြူးသည်။
သို့သော် ရှေးဟောင်းစာအုပ်ကြီးက တောက်တိ၏ အသွင်အပြင် နှင့် ပတ်သက်၍ အသေးစိတ် မဖော်ပြခဲ့ပေ။
ဤမေးခွန်းကို တစ်ယောက်ယောက်က မေးလာသည်ကို မြင်လျှင် သူက မျက်မှောင်ကြုတ်ကာ ပြုံးလိုက်သည်။
"အခြားသူတွေရဲ့ အသွင်အပြင်ကို သိပ်အလေးမထားသင့်ဘူး.. အတွင်းစိတ် အလှကိုပဲ ပိုအာရုံစိုက်သင့်တယ်.. တောက်တိက အမှန်တော့ ရုပ်မဆိုးပါဘူး.. ကျင့်စဥ်အမှားတစ်ခုကို ကျင့်မိသွားတာကြောင့်ပါ.. ဒါကြောင့် ဘယ်လို ပလပ်စတစ် ဆာဂျရီ ခွဲစိတ်မှုမျိုးကိုပဲ လုပ်လုပ်.. ဘယ်လို ပုံသဏ္ဍာန် အသွင်အပြင်ကိုပဲ ပြောင်းပြောင်း.. တစ်နာရီရဲ့ လေးပုံတစ်ပုံလောက် အချိန်အတွင်းမှာ သူ့ရဲ့ မူလပုံစံအတိုင်း ပြန်ဖြစ်လာမှာပဲ"
တာအိုဆရာ တောက်တိက အဘယ်ကြောင့် ပလပ်စတစ်ဆာဂျရီ မပြုလုပ်ရသနည်း ဆိုသည်ကို အားလုံးက နားလည်နေပြီဖြစ်သည်။
ပလပ်စတစ်ဆာဂျရီ ခွဲစိတ်မှုကပင် သူ၏ ရုပ်ရည်ကို မပြင်နိုင်ပေ။
"တာအိုဆရာ တောက်တိက ချုံးချီ ဂိုဏ်းကို တည်ထောင်သူ ဖြစ်တဲ့အပြင် နိုင်ငံတကာအဆင့် လူသတ်သမားများ စာရင်းကို သတ်မှတ်ပေးခဲ့သူလည်း ဖြစ်ပြီး စာရင်းရဲ့ အုပ်ထိန်းသူ လည်း ဖြစ်ခဲ့တယ်"
ဆရာဝမ်က ပြောလိုက်သည်။
"ဒဏ္ဍာရီလာ စီနီယာ လေလွင့်ကိုယ်လူချောက စာရင်းရဲ့ အုပ်ထိန်းသူ မဟုတ်ဘူးလား"
ဆရာဝမ်၏ စကားကြောင့် ကော်ဟောက်က အံ့အားသင့်ကာ မေးလိုက်သည်။
ဤစကားက သူ့ဦးလေးပြောခဲ့သည့် စကားနှင့် လုံးဝကို ကွဲပြားနေ၏။
ဆရာဝမ်၏ မျက်နှာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ဖျတ်ခနဲ ပေါ်လာသည်။
"တကယ်တော့ လူသတ်သမား စာရင်းမှာ အုပ်ထိန်းသူ ကိုယ်စားလှယ်က နှစ်ယောက် ရှိပါတယ်.. ကျောင်းသားကော်
ပြောခဲ့သလို လေလွင့်ကိုယ်လူချောလည်း ပါပါတယ်.. အဲဒီအချိန်က စီနီယာ လေလွင့်ကိုယ်လူချောနဲ့ စီနီယာ တောက်တိတို့က လူသတ်သမားစာရင်းကို အတူတကွ ပြုစုခဲ့ကြတယ်.. ဒါပေမယ့် သိပ်မကြာခင်မှာပဲ သူတို့နှစ်ယောက်က ကျင့်ကြံခြင်း လောကကနေ ထွက်သွားကြတယ်.. စီနီယာ တောက်တိက သူ့ရဲ့ချုံးချီ ဂိုဏ်းကိုပါ တစ်ခါထဲ ဖျက်သိမ်းသွားခဲ့တယ်.. လက်ရှိအချိန်မှာတော့ စာရင်းရဲ့ နံပါတ်တစ် နေရာမှာ ရှိတဲ့ လူသတ်ဆရာက လူသတ်သမား စာရင်းရဲ့ အုပ်ထိန်းသူ အဖြစ် ဆောင်ရွက်နေပါတယ်"
"ချုံးချီဂိုဏ်းက ပြိုကွဲသွားပြီလား"
ကျောင်းသားများ၏ နှုတ်ခမ်းများက ကူကယ်ရာမဲ့စွာ တွန့်ကွေးသွားသည်။
ဟုတ်ပါသည်။ အစားကြူးသူများမှာ အလိုအလျောက် ဆင့်ခေါ်နိုင်ပြီး အချိန်မရွေး ထုတ်ပယ်နိုင်သည့် ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော အုပ်စုတစ်စု ဖြစ်သည်။
ချုံးချီဂိုဏ်းနှင့် ပတ်သက်ပြီး အွန်လိုင်း ရှာဖွေမှုများတွင် မည်သည့်ရလဒ်မျှ မရရှိခဲ့သည်မှာ အံ့ဩစရာမရှိပေ။
အာဏာပိုင်များက ၎င်းတို့အား နှိမ်နင်းခြင်း မပြုမီမှာပင် ဤအမှောင်အင်အားစုက ဖျက်သိမ်းသွားပြီ ဖြစ်သည်။
"သူတို့က ဘာလို့ အနားယူသွားတာလဲ"
တစ်စုံတစ်ယောက်က အလွန် သိချင်နေခဲ့သည်။
ဆရာဝမ်က မပြောခင် အသက်ကို ဖြည်းဖြည်းချင်း ရှုသွင်းလိုက်သည်။
"စီနီယာ လေလွင့်ကိုယ်လူချောက ကိစ္စတစ်ခု ဆောင်ရွက်ရင်း အမှားအယွင်း ဖြစ်သွားတယ်လို့ ကောလဟာလတွေ ထွက်ပေါ်ခဲ့ဖူးပေမဲ့ တိကျတဲ့ အကြောင်းရင်းကိုတော့ ဘယ်သူမှ မသိနိုင်ခဲ့ဘူး.. ငါသိတာ တစ်ခုက အဲဒီနောက်ပိုင်းမှာ သူတို့နှစ်ယောက်က ခွာပြဲသွားကြတာပဲ.. ဒါ့အပြင် ကော်လဟလတွေ အရဆို စီနီယာတောက်တိက စီနီယာ လေလွင့်ကိုယ်လူချောကို သတ်ပစ်မယ်လို့တောင် ကျိန်ဆိုခဲ့သေးတယ်တဲ့"
ဤအဖြေက အတန်းသားများကို စိတ်ပျက်စေသည်။
မည်မျှပင် သုတေသနလုပ်သည်ဖြစ်စေ ဤအကြောင်းရင်းကို မည်သူမျှ ဖော်ထုတ်နိုင်မည် မဟုတ်ပေ။
သို့သော် လင်းရှောင်ယုကမူ အခြားသူများနှင့် ယှဉ်လျှင် သိသိသာသာ စိတ်လှုပ်ရှားနေသည်။
"ဆရာ.. အဲဒီ စီနီယာကို လေလွင့်ကိုယ်လူချောလို့ ခေါ်တာ ဆိုတော့...သူက အရမ်းရမ္မက်ကြီးလို့လား"
ရှေးဟောင်းစာအုပ်ကြီး ".........."
"သေချာတာက သူက အရမ်းချောလို့ ဟုတ်တယ်မလား ဆရာ"
ကော်ဟောက်က ဖြတ်မေးလိုက်သည်။
သူ့ဦးလေးထံမှ စီနီယာ တောက်တိ၏ အောင်မြင်မှုများကို မကြားခဲ့ရသော်လည်း စီနီယာ လေလွင့်ကိုယ်လူချော အကြောင်းကိုမူ ကြားဖူးသည်။
ကော်ဟောက် "ကျနော် သိသလောက်တော့ စီနီယာလေလွင့်ကိုယ်လူချောက သူ့မျိုးဆက်ထဲမှာ အနှိုင်းမဲ့ အချောမောဆုံးပဲ.. သူ့ကိုမြင်တဲ့သူတိုင်းက အသက်ရှူဖို့တောင် မေ့တဲ့အထိပဲ.. သူက ကျင့်ကြံခြင်း လောကမှာ အချောဆုံးလူ အဖြစ် ကျော်ကြားခဲ့တယ်"
"သူက အဲလောက်တောင် ရုပ်ချောတယ်လား"
အတန်းထဲရှိ ကျောင်းသူများ အားလုံး စိတ်ဝင်တစား ဖြစ်သွားသည်။
"နောက်ဆုံးအကြိမ် စစ်ရေးလေ့ကျင့်မှုက နည်းပြချုပ် စီနီယာအင်မော်တယ်ထုန်ရာကိုပဲ နမူနာအဖြစ် ကြည့်ရအောင်.. အကယ်၍ ကျင့်ကြံခြင်း အသိုင်းအဝိုင်းမှာ ချောမောမှုနဲ့ပတ်သက်ပြီး ပြိုင်ပွဲ ကျင်းပမယ်ဆိုရင် စီနီယာ အင်မော်တယ်ထုန်ရာက ထိပ်ဆုံး အယောက်နှစ်ဆယ် စာရင်းလောက်ပဲ ဝင်လိမ့်မယ်.. နံပါတ်တစ်တော့ မဖြစ်နိုင်ဘူး.. အဲဒီအချိန်ကတော့ ကျင့်ကြံမှု အသိုင်းအဝန်းမှာ စီနီယာ လေလွင့်ကိုယ်လူချောကို နံပါတ်တစ်အဖြစ် တညီတညွတ်ထဲ သတ်မှတ်ခဲ့ကြတယ်.. ငါအခုမှ သတိရတယ်.. အွန်လိုင်းမှာ အဆင့်သတ်မှတ်ချက် စာရင်းတစ်ခု ရှိတယ်.. မင်းတို့တွေ သွားကြည့်လို့ရတယ်"
ဆရာဝမ်၏ စကားဆုံးသည်နှင့် ကော်ဟောက်က ဝင်ပြောလိုက်သည်။
"ကျနော့် ဦးလေးတစ်ယောက် ပြောပြဖူးတယ်.. အဲဒီတုန်းက အမျိုးသမီးကျင့်ကြံသူ တစ်ယောက်က စီနီယာ လေလွင့်ကိုယ်လူချောကို တစ်ချက်လေး ကြည့်မိလိုက်တယ်.. စီနီယာ လေလွင့်ကိုယ်လူချောက အရမ်း ချောမောလွန်းတဲ့ အတွက် အမျိုးသမီး ကျင့်ကြံသူရဲ့ သွေးတွေက ဦးနှောက်ထဲကို ပြောင်းပြန်စီးသွားခဲ့တယ် ဆိုပဲ.. ကောလဟလအရတော့ သူမက အခုချိန်ထိ သတိမေ့မြောနေဆဲပဲ"
"အဲလောက်ထိတောင်လား"
ရှေးဟောင်းစာအုပ်ကြီးက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"ကျောင်းသားကော် စကားက အမှန်ပဲ.. ဒီဖြစ်ရပ်ကို ငါလည်း ကြားဖူးတယ်"
ဤပုံပြင်များကိုကြားလျှင် လင်းရှောင်ယုက အလွန်တရာချောမောလွန်းသော စီနီယာ လေလွင့်ကိုယ်လူချော အကြောင်းကို ပို၍ပို၍ သိချင်လာ၏။
သူမ၏ နှလုံးသားက လက်သည်းများဖြင့် ခပ်ဖွဖွ ကုတ်ခံရသကဲ့သို့ ယားယံလာခဲ့သည်။
"ဟာကွာ.. ငါ သူ့ကို ငါ့မျက်လုံးနဲ့ အရှင်လတ်လတ်ကြီး မြင်ခွင့်ရရင် သိပ်ကောင်းမှာပဲ.. သူနဲ့တွေ့ဆုံဖို့ အခွင့်အရေးလည်း ရှိချင်ရှိလာမှာပါလေ.. ကံကြမ္မာဆိုတာက မှန်းဆလို့မှ မရတာပဲ"
စင်ပေါ်တွင် ဆရာဝမ်က ဗိုက်ကို ပွတ်သပ်၍ ရယ်နေခဲ့သည်။
"ငါငယ်ငယ်တုန်းကလည်း အရမ်း ချောပါတယ်"
"............."
ထိုစကားကို ကြားလျှင် အတန်းတစ်ခုလုံး တစပြင်ပမာ တိတ်ဆိတ်သွားခဲ့သည်။
ဆရာဝမ်က ငိုချင်သလို ခံစားရသော်လည်း မျက်ရည် မကျခဲ့ပေ။
[ငါ့စကားကို ဘယ်သူမှ မယုံပါလား.. ရင်ထဲမှာ အရမ်းနာကျင်သလို ခံစားရတယ်]
..................
ဤနေ့၏ ကျောင်းဆင်းချိန်တွင် အတန်းကိုယ်စားလှယ် သုံးယောက်ဖြစ်သည့် ကော်ဟောက်၊ ချန်းချောင်နှင့် စွန်းရုံတို့ကတစ်စုံတစ်ရာကို ဆွေးနွေးနေပုံရသည်။
ဝမ်လင်းက သူတို့ကို တစ်ချက် ကြည့်လိုက်ရာ မြေပဲလေးကလည်း သူတို့နဲ့အတူ ရှိနေသည်ကို သတိထားမိလိုက်သည်။
"ဒီနေ့ ရှေးဟောင်းစာအုပ်ကြီးက နည်းနည်းထူးဆန်းနေတယ်လို့ မင်းတို့ မထင်ဘူးလား"
ချန်းချောင်က မေးလိုက်သည်။
"ဟုတ်ပါ့.. ဆရာဝမ်က အရမ်း ထူးဆန်းနေတယ်"
ကော်ဟောက်က အခြားသူများကို စိုက်ကြည့်ရင်း လက်ပိုက်လိုက်သည်။
"ဆရာဝမ်က သူ့အသွင်အပြင်ကို လုံးဝ ဂရုမစိုက်တဲ့လူလို့ မင်းတို့တွေ ထင်နေလား.. ငါအိမ်သာတက်ဖို့ သူ့အခန်းကို ဖြတ်သွားရင်း ဘာတွေ မြင်ခဲ့ရလည်း သိလား"
"ဘာမြင်ခဲ့လို့လဲ"
စွန်းရုံက မေးလိုက်သည်။
"ဆရာဝမ်က မှန်ကြည့်နေတာကို ငါမြင်ခဲ့ရတယ်"
"ဟင်.. တကယ်လား.. "
ကျန်တဲ့သူတွေကလည်း အံ့ဩသွားသည်။
ယင်းက အနည်းငယ် ထူးဆန်းသည်။
ဤစကားကိုကြားလျှင် ဝမ်လင်းက စိတ်ထဲကနေ သက်ပြင်းချမိသည်။
အကြောင်းမှာဆရာဝမ်၏ သာမန် အမူအကျင့်များကို သူသိထားသောကြောင့်ပင်။
ဆရာဝမ်က မှန်ထဲတွင် သူ့ကိုယ်သူ ကြည့်လေ့ရှိပြီး နုပျိုဆေးများကို မှီဝဲစားသုံးရသည်အား နှစ်သက်သည်။
"လူတိုင်းက လှချင်ကြတယ်လေ"
စွန်းရုံက စိတ်အားထက်သန်စွာ ပြောရင်း ရုတ်တရက် သက်ပြင်းချလိုက်သည်၊
"ငါ အားလုံးကို သတိပေးချင်တာရှိတယ်.. အားလုံး သတိထားသင့်တဲ့ ကိစ္စပဲ"
"ဘာကိစ်စလဲ"
"မကြာသေးမီက ခရိုင်ထဲမှာ ရွှေကုံးဂိုဏ်း လို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခု နာမည်တအား ထွက်လာတယ်.. သူတို့က ကျောင်းသားတွေကို ပစ်မှတ်ထားပြီး လိုင်စင်မဲ့ ထုတ်ကုန်အချို့ကို စားသုံးဖို့ အတင်းအကြပ် ဖိအားပေးနေတယ်.. ကျောင်းသားအချို့က ဒီထုတ်ကုန်တွေကို စားရာကနေ ခန္ဓာကိုယ်ထဲမှာ ဗီဇပြောင်းလဲမှုတွေကို ကြုံလာရတယ်လို့ ကြားသိရတယ်"
စွန်းရုံက ပြောလိုက်သည်။