← Chapters

မီးဖိုချောင်သုံးဓားဂိုဏ်း

Vol. 22 Ch. 319

မီးဖိုချောင်သုံးဓားဂိုဏ်း

Vol. 22 Ch. 319

သိပ်မကြာခင်မှာပဲ လက်ထောက် ညွှန်ကြားရေးမှူးက ရုံးခန်းကို အစီရင်ခံစာနှင့်အတူ ရောက်လာသည်။

၎င်းက ကျုံးလန် ဟုခေါ်ပြီး ငယ်ရွယ် ရိုးသားသူဖြစ်ကာ ကျောင်းပေါင်း ၁၀၀ အထွေထွေအုပ်ချုပ်ရေးရုံးသို့ ကျိုးရီ နှင့် တစ်ချိန်တည်း ဝင်ရောက်ခဲ့သူလည်း ဖြစ်သည်။

ကျိုးရီ လက်ထောက်ဒါရိုက်တာ ဖြစ်လာပြီးနောက်တွင် ကျုံးလန်က ဌာန၏ အကြီးအကဲ ဖြစ်လာသည်။

ယခု ကျိုးရီ ရာထူးတိုးလာသောအခါ ကျုံးလန်ကပါ ရာထူးတိုးသွားပြီး လက်ထောက် ညွှန်ကြားရေးမှူး ဖြစ်လာခဲ့သည်။

ဖုန်းချပြီးနောက်တွင် ကျုံးလန်က ကျောင်းသား ဆယ့်နှစ်ယောက်၏ အချက်အလက် အသေးစိတ် အကျဉ်းချုပ်ဖြစ်သည့် အစီရင်ခံစာနှင့်အတူ ကျိုးရီ၏ ရုံးခန်းသို့ အလျင်အမြန်သွားရောက်ခဲ့သည်။

ကျန်းလန် သတင်းပို့သည့် အတိုင်းပင် ပျောက်ဆုံးနေသော ကျောင်းသား ၁၂ ဦးတွင် ယောက်ျားလေး နှင့် မိန်းကလေးများ ရောနှောနေသည်။

ထိုကျောင်းသား ၁၂ဦးတွင် ဝါသနာ တစ်မျိုးစီ ရှိကြသည်။

သူတို့အားလုံးတွင် အလွန် ဆွဲဆောင်မှုရှိသည်က လွဲ၍ တူညီသောအရာ ဘာတစ်ခုမှမရှိပေ။

ထို့အပြင် အချက်အလက်များတွင် ကလေးဘဝက ဓာတ်ပုံများလည်း ပါ၀င်၏။

ဤကျောင်းသား အားလုံးမှာ ငယ်စဉ်ကတည်းက အလွန်ကြည့်ကောင်းနေခဲ့သည်။

ကျိုးရီက အသက်ခပ်ပြင်းပြင်း ရှူလိုက်သည်။

"ဖြစ်နိုင်တာက ရွှေကုံးဂိုဏ်း နောက်ကွယ်မှာ ရှိတဲ့ အကြီးအကဲက ရုပ်ရည်ချောမောတဲ့ ကျောင်းသားတွေကို မုန်းတီးနေတာ ဖြစ်ရမယ်.. ဒါကြောင့် သူတို့ကို ပစ်မှတ်ထားနေတာပဲ"

"ဒါဆို ငါတို့ အခု ဘာလုပ်သင့်လဲ"

"အတွင်းရေးမှူး တာခန်းက ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းပေးဖို့ တောင်းဆိုထားတယ်"

ကျိုးရီက ကျောင်းသား တစ်ဦးနှင့် ပတ်သက်သည့် တစ်ဦးချင်း အစီရင်ခံစာကို ကြည့်ပြီး သုံးသပ်လိုက်သည်။

"ဒီရှောင်ယွင်ချမ်းကို မင်းသိလား.. သူက ရှောင်မျိုးနွယ်စုရဲ့ အပြင်စည်းဂိုဏ်းက အထူးခြားဆုံး တပည့်လေ"

ကျိုးရီက ဤလူငယ်ကို ကောင်းစွာ မှတ်မိနေသည်။

အဘယ်ကြောင့်ဆိုသော် ကျောင်းခြောက်ကျောင်း၏ စုပေါင်းစစ်ရေးလေ့ကျင့်မှုတွင် သူ့ဆရာက ပြိုင်ပွဲစကတည်းက ဤလူငယ်ကို နှင်ထုတ်ခဲ့ခြင်းကြောင့်ပင်။

ကျိုးရီ သက်ပြင်းတစ်ချက် ချလိုက်သည်။

"ဒီလူတွေက ရှောင်မျိုးနွယ်ရဲ့ လူကိုတောင် ထိရဲတယ်ဆိုတော့ အတော်လေး အတင့်ရဲတဲ့လူတွေပဲ"

"ဒီကိစ္စကို မြန်မြန် မဖြေရှင်းနိုင်ရင် ရှောင်မျိုးနွယ်စုက ငါတို့ရုံးကို ဖောက်ခွဲသွားမှာ ငါစိုးရိမ်မိတယ်"

ကျိုးရီ "............"

"ကျောင်းပေါင်း ၁၀၀ အထွေထွေ အုပ်ချုပ်ရေးဌာနရဲ့ နာမည်ကိုသုံးပြီး အမြန်အမိန့်ထုတ်ပြန်လိုက်.. စုန့်ဟိုင် မြို့မှာရှိတဲ့ ကျောင်းတိုင်းရဲ့ အခြေအနေတွေကို ကျောင်းသား မိဘတွေကို ရှင်းပြရမယ်.. ဒီပြဿနာ မပြီးမချင်း ကျောင်းသား မိဘတွေ အားလုံးက သားသမီးတွေကို အခုကစပြီး ကျောင်းကို ကိုယ်တိုင် အကြိုအပို့လုပ်ဖို့ တာဝန်ရှိတယ်လို့ အမိန့်ထုတ်လိုက်တော့"

ကျုံးလန် "တချို့မိဘတွေက ကန့်ကွက်ရင် ဘယ်လိုလုပ်မလဲ"

ကျိုးရီ "ဒါဆို သူတို့ကို DNA စစ်ကြည့်ရမယ်"

ကျုံးလန် "ဘာလို့လဲ"

ကျိုးရီ "ဒါဆို သူတို့က ကျောင်းသားမိဘ အစစ်တွေ မဟုတ်တာ သေချာသလောက် မို့လို့လေ"

ကျုံးလန် "............"

...............................

ကျိုးရီက ဤကြေငြာချက်ကို နံနက် ဆယ့်တစ်နာရီတွင် စုန့်ဟိုင်မြို့အနှံ့ ထုတ်ပြန်ခဲ့သည်။

ထို့နောက်တွင် မိဘတိုင်းကို ကျောင်းသားများနှင့် အဆက်အသွယ်ရှိကြောင်း သေချာစေရန် ဆရာတွေက ဖုန်းခေါ်ဆိုခဲ့ကြသည်။

ပျောက်ဆုံးနေသော ကျောင်းသားများထဲတွင် ပထမတန်းမှ တတိယတန်း အထိ ပါဝင်သည်။

ဌာနမှ အကြောင်းကြားချက်ကို ရရှိပြီးသည်နှင့် ဤအစီအစဥ်တွင် ဆရာအားလုံး နီးပါး ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

ကျောင်းများက ကျောင်းသို့ အမှန်တကယ် မလာနိုင်သော မိဘများ ကိုယ်စား ကျောင်းသားများကို အိမ်ပြန်ပို့ရန် ဆရာ၊ဆရာမများကိုပင် လုံခြုံရေးအဖြစ် တာဝန်ပေးထားသည်။

အတိုချုပ်ပြောရလျှင် ကျောင်းများအနေဖြင့် ကျောင်းသားများ၏ လုံခြုံရေးကို အရင်ထက် ဂရုစိုက်ပေးရမည် ဖြစ်သည်။

၎င်းက လုံခြုံသော နည်းလမ်းတစ်ခုလည်း ဖြစ်သည်။

ရွှေကုံးဂိုဏ်းကို လုံးဝ လျော့တွက်၍မရပေ။

မိဘများက သားသမီးများကို ကျောင်းသို့ ခေါ်ဆောင်သွားစဉ် သဲလွန်စအချို့ တွေ့ရှိပါက ဌာနသို့ ဆက်သွယ်ရမည် ဖြစ်၏။

ဤသတိပေးချက် ထုတ်ပြန်ခြင်းကို ကြည့်ခြင်းဖြင့် ကျိုးရီကဗျူဟာကျကျ အစီအစဥ် ချမှတ်တတ်ပြီး မြို့အတွင်းရှိ မိဘအားလုံးကို အချိန်တိုအတွင်း စည်းရုံးနိုင်ခဲ့ကြောင်း သိနိုင်ပေသည်။

ဤပြဿနာက ထိုနေ့မွန်းလွဲပိုင်းတွင် ကျောင်းသားများ၏ ဆွေးနွေးမှုအသစ် ဖြစ်လာသည်။

ကျင့်ကြံခြင်း လောကရှိ အလင်းအင်အားစု ဂိုဏ်းကြီးများ၏ အကြီးအကဲများကလည်း စေတနာ့ဝန်ထမ်းလုပ်ကာ ကလေးများ၏ လုံခြုံရေးကို ယူပေးမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ပုံမှန်အားဖြင့် ဤကဲ့သို့ ကြီးမားသော ကိစ္စများမှာ မိဘဆရာအစည်းအဝေးတွင်ပင် မပေါ်ပေါက်ခဲ့ဖူးပေ။

ကျောင်းသား တော်တော်များများက ဤအဖြစ်အပျက်ကို ရှားရှားပါးပါး အခွင့်အရေးတစ်ခု အဖြစ် မြင်ကြသည်။

အများစုမှာ အတန်းဖော်အချို့နှင့် မိတ်ဆွေဖွဲ့ထားကြသော်လည်း ၎င်းတို့၏ မိသားစု အခြေအနေများကို သိပ်မသိကြပေ။

မိဘကိုယ်တိုင် လာကြိုရမည် ဖြစ်၍ ဤအဖြစ်အပျက်ကနေ လူတော်တော်များများက ၎င်းတို့၏ နောက်ခံ မိသားစုအခြေအနေကို လျှို့ဝှက်ထား၍ မရတော့ဘဲ ထုတ်ဖော် ပြသရတော့မည် ဖြစ်သည်။

ဤကိစ္စကြောင့် တစ်ကျောင်းလုံး စိတ်လှုပ်ရှားနေပုံရသည်။

စွန်းရုံ၏ နောက်ခံကိုမူ အားလုံးက သိထားပြီးသား ဖြစ်သည်။

ဤကောင်မလေးက ကျောင်းစတက် ကတည်းကပင် အာရုံစူးစိုက်မှု၏ ဗဟိုချက်တစ်ခု ဖြစ်ခဲ့သည်။

ကျောင်းအပြင်ဘက်တွင် သူမ၏ လုံခြုံရေးကို ကာကွယ်ရန် ဟွာကောရေတံခွန် လုပ်ငန်းစု မှ စီစဉ်ပေးသည့် လုံခြုံရေးအဖွဲ့များ ရှိနေခဲ့၏။

နေ့လည် အတန်းချိန် ပြီးသောအခါ ဝမ်လင်းက ကော်ဟောက်ထံမှ အတင်းအဖျင်း စကားများစွာကို ကြားလိုက်ရသည်။

"ကြားပြီးပြီလား.. သာမန်အခန်းတွေမှာ နောက်ခံအင်အားတောင့်တဲ့ ကျောင်းသားတွေ အများကြီး ပေါ်ထွက်လာတယ်တဲ့"

ကော်ဟောက်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ဒီလူတွေရဲ့ သူတို့ကိုယ်သူတို့ ဖုံးကွယ်နိုင်စွမ်း အရမ်းကောင်းတယ်.. ဒီဖြစ်ရပ်ကြောင့်သာ မဟုတ်ရင် သူတို့ရဲ့ နောက်ခံအကြောင်းအရာတွေကို ဘယ်သူမှ သိမှာမဟုတ်ဘူး"

တစ်စုံတစ်ယောက်က ရယ်မော၍ ပြောလိုက်သည်။

"အဲဒီလိုလည်းပြောလို့မရဘူး"

ချန်းချောင်က ခေါင်းခါယမ်းလိုက်သည်။

"တချို့ကျတော့ သူတို့ရဲ့ မိသားစုနောက်ခံတွေက သိပ်မရိုးရှင်းတဲ့ အတွက်ကြောင့်သာ နှုတ်ဆိတ်နေခဲ့တာ ဖြစ်မှာပါ"

"နောက်ခံအင်အား တောင့်တင်းပြီး သာမန် အထက်တန်းကျောင်းရဲ့ သာမန်အခန်းမှာ တက်နေရတာကလည်း ရှက်စရာကောင်းတဲ့ ကိစ္စတစ်ခုပဲလေ.. ငါသာ သူတို့နေရာမှာဆို ငါလည်း ရှက်မိမှာအသေအချာပဲ"

"မှန်တယ်"

"သာမန်အခန်းတွေမှာ ဂိုဏ်းခေါင်းဆောင်တွေရဲ့ သားသမီး အများအပြားရှိတယ်.. အထူးသဖြင့် ကျန်းပိုင်လို့ ခေါ်တဲ့ သူရဲ့ အဖေက မီးဖိုချောင်သုံးဓားဂိုဏ်းရဲ့ ခေါင်းဆောင်ပဲ"

"မီးဖိုချောင်သုံး ဓားဂိုဏ်း... အဲဒါ ဘယ်လိုဂိုဏ်းမျိုးလဲ"

"အဲဒီဂိုဏ်းက အရသာရှိတဲ့ အစားအစာတွေ လုပ်တဲ့နေရာမှာ နာမည်ကြီးတဲ့ ဂိုဏ်းတစ်ခုပါ.. ကျင့်ကြံခြင်း လောကမှာတော့ အရှေ့တိုင်းချက်ပြုတ်နည်း အကယ်ဒမီအသစ် လို့လည်း ခေါ်ကြတယ်"

ကော်ဟောက်က ရှင်းပြလိုက်သည်။

"အဲဒီမှာ အလုပ်လုပ်နေတဲ့ ငါ့ဦးလေး တစ်ယောက်ကို ကျန်းပိုင်ရဲ့ နောက်ခံကို အတည်ပြုဖို့ ဖုန်းခေါ်ဆိုပြီးပြီ.. ဒီသတင်းက အမှားမရှိပါဘူး"

"မင်းမှာ မီးဖိုချောင်သုံးဓားဂိုဏ်းမှာ အလုပ်လုပ်တဲ့ ဦးလေးတစ်ယောက် ရှိသေးတယ်လား"

"အဲဒီဂိုဏ်းကို လျော့တွက်လို့မရဘူး.. သူတို့ ဂိုဏ်းဝင်တွေရဲ့ သက်သာချောင်ချိရေး အကျိုးကျေးဇူးတွေက အရမ်း ကောင်းတယ်.. ဂိုဏ်းဝင်အသစ်တွေက ပဉ္စမအဆင့် အနက်ရောင် မီးဖိုချောင်သုံး ဓားတစ်ချောင်းကို လက်ဆောင်အဖြစ် ရရှိတဲ့အပြင် ဂိုဏ်းရဲ့ လျှို့ဝှက်နည်းစနစ် ဖြစ်တဲ့ နွားထီးသင်းကွပ်ဓားနည်းစနစ်ကို အခမဲ့ လေ့လာနိုင်တယ်.. သူတို့က နှစ်စဥ် ခွင့်ရက် ၂၀ ရရှိပြီး နှစ်ကုန်ရင် လစာနှစ်ဆတောင် ရတယ်"

"ဂိုဏ်းရဲ့ အထူးဟင်းချက်ခြင်း စာမေးပွဲကို အောင်မြင်တဲ့ လူသစ်တွေက အတွင်းစည်းဂိုဏ်းရဲ့ အကြီးအကဲတစ်ဦး အဖြစ်တိုက်ရိုက် ရာထူးတိုးနိုင်တယ်”

ကော်ဟောက်က ရှင်းပြလိုက်၏။

"ကျင့်ကြံခြင်း လောကမှာရှိတဲ့ ဂိုဏ်းတွေအားလုံးကို အဆင့်လိုက် ခွဲခြားထားတယ်...ကောင်းကင်၊ မြေကြီး၊ အနက်ရောင်နဲ့ အဝါရောင်တို့ပေါ့.. ကျန်းပိုင် ရဲ့ အဖေ ဦးဆောင်တဲ့ မီးဖိုချောင်သုံး ဓားဂိုဏ်းက အနက်ရောင်အဆင့်ရဲ့ ထိပ်ဆုံး ငါးဂိုဏ်းထဲက တစ်ဂိုဏ်း ဖြစ်ပြီး မြို့ပေါင်းများစွာမှာ ဂိုဏ်းခွဲတွေ အများအပြား ရှိတယ်"

ပထမတန်း အခန်းသုံးရှိ ကျောင်းသားအများစုမှာ ကော်ဟောက်၏ စကားကြောင့် ထိတ်လန့်သွားကြသည်။

ဟွာရှို့နိုင်ငံ၏ အလင်း အင်အားစုများထဲတွင် ဂိုဏ်းပေါင်း ရာနှင့်ချီ ရှိပြီး အနက်ရောင် အဆင့် ဂိုဏ်းပေါင်းမှာ သောင်းနှင့်ချီ ရှိသည်။

ဤသောင်းနှင့်ချီသော အနက်ရောင် အဆင့် ဂိုဏ်းများထဲတွင်ထိပ်ဆုံးငါးနေရာ ချိတ်သောဂိုဏ်း..

သို့ဆိုလျှင် ကျန်းပိုင် အဖေ၏ မီးဖိုချောင်သုံးဓားဂိုဏ်းက မည်မျှအထိ အံ့ဖွယ်ဖြစ်ကြောင်း ပြောနေစရာ မလိုတော့ပေ။

မီးဖိုချောင်သုံး ဓားဂိုဏ်းအကြောင်း သိလျှင် လူတော်တော်များများက အံ့သြသွားကြသည်။

"ကျန်းပိုင်ရဲ့ မိသားစုနောက်ခံက အရမ်း အံ့သြစရာကောင်းပြီး သူ့ရဲ့ ရလဒ်တွေကျတော့ ဘာလို့ ဒီလောက်ဆိုးဝါးနေရတာလဲ"

"ဒါကို ကြည့်ခြင်းအားဖြင့် ရလဒ်ဆိုတာ မိသားစု နောက်ခံနဲ့ ဘာမှမဆိုင်ဘူး ဆိုတာကို ပြသနေတာပဲ"

ဖေဖေကျန်းက ဂိုဏ်းကို စီမံခန့်ခွဲရန် အလွန် အလုပ်များနေသဖြင့် ကျန်းပိုင်၏ ပညာရေးကို ဂရုစိုက်ရန် အချိန်မရှိသည်မှာ သဘာဝကျပေသည်။

ရွှေကုံးဂိုဏ်း၏ အန္တရာယ်သာ မရှိလျှင် ဤမီးဖိုချောင်သုံး ဓားဂိုဏ်း၏ အကြီးအကဲက သူ့သားကို ဂရုတောင် စိုက်မည် မဟုတ်ပေ။

ကော်ဟောက် သက်ပြင်းချလိုက်သည်။

"ဒါကြောင့် ကျန်းပိုင် စာမရတိုင်း အတန်းပိုင် ဆရာမက စာမကျက်ရင် မီးဖိုချောင်ကိုပဲ အုပ်ချုပ်လို့ရမယ်လို့ အမြဲပြောနေတာကိုး"

လူတိုင်း ".........."

ဝမ်လင်း ".........."

All Chapters