← Chapters

ငါး မသာပေါ်သွားတဲ့ မျက်လုံးနဲ့ ခပ်ချောချော ကောင်လေးကို မင်းမြင်လား

Vol. 22 Ch. 322

ငါး မသာပေါ်သွားတဲ့ မျက်လုံးနဲ့ ခပ်ချောချော ကောင်လေးကို မင်းမြင်လား

Vol. 22 Ch. 322

အနက်ရောင်ဆေးပြင်းလိပ်တွင် ထူးခြားသော မူလဇစ်မြစ်ရှိသည်။

ဘဝအတွေ့အကြုံ နည်းပါးသူများက ၎င်းကို သိမည်မဟုတ်ချေ။

သို့သော် မီးဖိုချောင်သုံးဓားဂိုဏ်း၏ ခေါင်းဆောင်ကတော့ မတူပေ။

ကျန်းဟိုင်ဖူက ရွှေအမြူတေ အဆင့်တွင်သာ ရှိပြီး မိသားစု အလွန် ဆင်းရဲသောကြောင့် မည်သည့် နာမည်ကြီးတက္ကသိုလ်မှ ဘွဲ့မရခဲ့ဘဲ ဂိုဏ်းတည်ထောင်သူ ဖြစ်လာခဲ့သည်။

ဤနှစ်များ တစ်လျှောက်လုံးတွင် သူက အစားအသောက် ပါဝင်ပစ္စည်းများကို စုဆောင်းရန် ကမ္ဘာတစ်ဝှမ်းသို့ ခရီးထွက်ခဲ့သည်။

ထို့ကြောင့် ဤဆေးပြင်းလိပ်တွင် ထည့်ထားသည့် ကောင်းကင်ရတနာများ၏ အနံ့ကို ကောင်းစွာ သိနိုင်ခဲ့၏။

ဖေဖေဝမ်က သူ၏ အဆိပ်ပြင်းသော လျှာစွမ်းအား အစွမ်းကုန် ထုတ်သုံးနေသောကြောင့် ကျန်းဟိုင်ဖူ၏ လက်အောက်ငယ်သားများမှာ သည်းမခံနိုင်ကြတော့ပေ။

အကယ်၍ ဤနေရာတွင် အခြားမိဘများ နှင့် ဆရာများ အပြင် မီးဖိုချောင်သုံး ဓားဂိုဏ်း၏ မျက်နှာ အတွက်ကြောင့်သာ မဟုတ်ခဲ့လျှင် ၎င်းတို့က ဖေဖေဝမ်ဆီ ချက်ချင်း ပြေးလွှား၍ ဆုံးမမိမည် ဖြစ်သည်။

သို့သော် ငယ်သားများက ကျန်းဟိုင်ဖူ၏ မျက်နှာ ရုတ်တရက် ဖြူဖျော့သွားသည်ကို မြင်သောအခါ အံ့ဩသွားကြသည်။

ဂိုဏ်းခေါင်းဆောင်၏ မျက်နှာတွင် ထိုသို့သော အမူအရာမျိုးကို တစ်ခါမှ မတွေ့ဖူးပေ။

မကြာသေးမီကပင် သူက ဒေါသကို မျိုသိပ်ထားပုံ ရနေသည်မဟုတ်လော။

သို့သော် ထိုအနက်ရောင် ဆေးပြင်းလိပ်ကို မြင်သောအခါ ကျောက်တုံးအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့၏။

ကျန်းဟိုင်ဖူက တစ်မိနစ်လောက် အတွေးထဲ ပျောက်ကွယ်သွားပြီးနောက် အသိစိတ် ပြန်ဝင်လာပြီး ဖေဖေဝမ်ကို မီးခြစ် ထုတ်ပေးလိုက်သည်။

"ညီနောင်.. မင်းရဲ့ ဆေးပြင်းလိပ်က အရည်အသွေးကောင်းသားပဲ.. ဘယ်မှာဝယ်ခဲ့တာလဲ"

ကျန်းဟိုင်ဖူက ခပ်တိုးတိုးလေး မေးလိုက်သည်။

သူက ဖေဖေဝမ်၏ ဆေးပြင်းလိပ် အနက်ရောင်ကို တွေ့ပြီးနောက် အရင်လို စိတ်မရှည်သည့် လေသံကို မသုံးတော့ပေ။

စင်စစ် ကျန်းဟိုင်ဖူက ဖြတ်ရိုက်ခံရသလို ခံစားခဲ့ရသည်။

"ဒါလား.. ပရိတ်သတ် တစ်ယောက်က ငါ့ကို လက်ဆောင်ပေးတာပါ"

ဖေဖေဝမ်က ဆေးလိပ်တစ်လိပ်ကို ယူ၍ မီးညှိပြီးနောက် ဆေးလိပ် တစ်ရှိုက်ကို မှုတ်ထုတ်လိုက်သည်။

ကျန်းဟိုင်ဖူ၏ ပါးစပ်ထောင့်များက ပြင်းထန်စွာ တလှုပ်လှုပ်ဖြစ်သွား၏။

"..............."

[ပရိသတ်က သူ့ကိုပေးခဲ့တာလား]

[ဒီလို နိုင်ငံ့ရတနာအဆင့် ဆေးပြင်းလိပ်ကို ဘယ်လို ပရိတ်သတ်မျိုးက လက်ဆောင်ပေးနိုင်မှာလဲ]

သူ့အကြည့်များက ဖေဖေဝမ်၏ လက်ထဲမှ ဆေးပြင်းလိပ်ဆီသို့ရောက်နေပြီး မျက်နှာပေါ်တွင်လည်း မနာလိုသော အရိပ်အယောင်များ ထင်ဟပ်နေသည်။

ရွှေအမြူတေအဆင့်ထက် မကျော်လွန်လျှင် ဤဆေးပြင်းလိပ်၏ အကျိုးသက်ရောက်မှုကို ခံစားရရန် ခက်ခဲသည်။

ဆေးပြင်းလိပ်မီးခိုးက ရှူရှိုက်မိလျှင် အနံ့နံရမည့် အစား နူးညံ့သိမ်မွေ့ပြီး မွှေးကြိုင်သော ရေမွှေးရနံ့ကို ရရှိစေ၏။

အထူးသဖြင့် ဤဆေးပြင်းလိပ်ကို သောက်၍ တံခါးပိတ် ကျင့်ကြံလိုက်မည် ဆိုလျှင် ပုံမှန် ကြိုးစားအားထုတ်မှုထက် ရလဒ် နှစ်ဆ ပိုရလိမ့်မည် ဖြစ်သည်။

ထို့အပြင် ၎င်းက သွေးလေဖောက်ပြန်ခြင်းကိုပါ ကာကွယ်ပေးနိုင်၏။

ထိုဆေးပြင်းလိပ်နှင့် ပတ်သက်သည့် စကား တစ်ခွန်းရှိ၏။

မီးခိုးငွေ့ ရှူပြီးနောက်တွင် အင်မော်တယ်များထက် သာလွန်သွားလိမ့်မည်။

ဤနိုင်ငံတော် ရတနာအဆင့် ဆေးပြင်းလိပ်သည် ကံအရမ်းထူးမှသာ ရရှိနိုင်သော အရာဖြစ်သည်။

ဖေဖေဝမ်က သိတတ်သော အမူအရာဖြင့် ကျန်းဟိုင်ဖူကို စိုက်ကြည့်လိုက်သည်။

ထို့နောက် သူက ပြုံး၍ ပြောလိုက်သည်။

"ဒီနေ့တော့ ငါတစ်လိပ်ပဲ ယူလာမိတယ်.. မင်းလိုချင်ရင် နောက်မှ ပို့ပေးလိုက်မယ်.. မလောက်ဌမှာ စိတ်မပူပါနဲ့.. ငါ့ရဲ့ ပရိတ်သတ်က ငါ့ကို ခြောက်လတစ်ကြိမ် ပို့ပေးတယ်"

ကျန်းဟိုင်ဖူက တခဏတာ အံ့အားသင့်သွားပြီးမှ ရုတ်တရက် ရယ်မောလိုက်သည်။

"ဒါကို ငါဘယ်လိုလက်ခံနိုင်မှာလဲ"

"ငါတို့နှစ်ယောက်လုံးက မိဘတွေပဲ.. အားနာမနေပါနဲ့.. ငါတို့သားတွေက အတန်းဖော်တွေပဲဟာ.. အခုကစပြီး ကျောင်းမှာ တစ်ယောက်နဲ့ တစ်ယောက် ကြည့်ရှုစောင့်ရှောက်လို့ရတာပေါ့"

ဖေဖေဝမ်က ပြုံးလိုက်သည်။

"ငါ့သားနာမည်က ဝမ်လင်း.. လင်းက 'အမိန့်'ပေးတဲ့လင်းပါ.. သူက အရမ်း တစ်သီးတစ်သန့် နေတတ်ပြီး တခြားအခန်းတွေမှာတော့ သူငယ်ချင်း မရသေးဘူး"

ကျန်းဟိုင်ဖူ ခေါင်းညိတ်လိုက်သည်။

"ဒါလည်းကောင်းတာပဲ.. ငါက စားသောက်ဆိုင် တစ်ဆိုင်ကို ဖွင့်ထားတယ်.. ညီနောင်ဝမ် မင်း အားတဲ့ အချိန်တိုင်း လာလည်လို့ရပါတယ်"

ဤမြင်ကွင်းကို ကြည့်ကာ မီးဖိုချောင်သုံးဓားဂိုဏ်းမှ တပည့်များစွာက ထိတ်လန့်နေပြီ ဖြစ်သည်။

အချိန်က သိပ်မကြာသေးသော်လည်း ၎င်းတို့က အချင်းချင်း ညီနောင်များအဖြစ် ခေါ်ဝေါ်နေကြပြီ ဖြစ်သည်။

အမျိုးသမီးများက လက်ကိုင်အိတ်ဖြင့် ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်နိုင်သည် ဆိုလျှင် အမျိုးသားများက ဆေးပြင်းလိပ် သို့မဟုတ် ဝိုင်တစ်ခွက်ဖြင့် ခင်မင်ရင်းနှီးမှု တည်ဆောက်နိုင်သည့် အချိန်များလည်း ရှိသည်ဟု ဆိုရမည်။

ထိုအချိန်တွင် သူတို့အလှည့် ရောက်နေပြီ ဖြစ်၍ ကျောင်းတံခါးရှိ ဆရာမက သူတို့၏ အထောက်အထားများကို လေးလေးနက်နက် စစ်ဆေးခဲ့သည်။

ဖေဖေဝမ်က ဂိတ်ဝတွင် ရပ်နေပြီး အားကစားရုံမှ ဝမ်လင်း ထွက်လာမည်ကို စောင့်နေသည်။

သူက ကျန်းဟိုင်ဖူ အနားမှာ ရပ်လိုက်ပြီး ဝမ်လင်းကို အဝေးကနေ ညွှန်ပြလိုက်၏။

"ဟိုးရှေ့က ငါးမသာပေါ်သွားတဲ့ မျက်လုံးနဲ့ ခပ်ချောချော ကောင်လေးကို မင်းမြင်လား.. အဲဒါ ငါတို့ဝမ်လင်းပဲ"

ကျန်းဟိုင်ဖူ၏ ပါးစပ်ထောင့်များက တုန်လှုပ်သွားပြန်သည်။

"..............."

ဖေဖေဝမ်၏ အဆိပ်ပြင်းသောလျှာမှာ ဝသီတစ်ခု ဖြစ်ကြောင်း နောက်ဆုံးတွင် သူနားလည်သွားခဲ့သည်။

ဤလူက သူ့သားကိုပင် မနှမြောပေ။

[ငါးမသာပေါ်သွားတဲ့ မျက်စိနဲ့ ကောင်လေးဆိုပဲ.. ကိုယ့်သားကို ဒီလိုမျိုး နစ်နစ်နာနာ ပြောဖို့ဆိုတာ သူ့အပြင် ဘယ်သူရှိနိုင်မှာလဲ]

ကျန်းပိုင် နှင့် ကျန်းယန်က ဝမ်လင်း ရှေ့ကနေ အရင်ထွက်လာသည်။

ဖေဖေဝမ်က ဝမ်လင်းနှင့် မိတ်ဆက်ပေးခဲ့သောကြောင့်.ကျန်းဟိုင်ဖူက သူ့သားလေးကို မိတ်ဆက်ပေးလိုက်သည်။

"ကျောင်းဝတ်စုံ အတွင်းမှာ အဖြူရောင် ရှပ်အင်္ကျီ ဝတ်ထားသူက ငါ့သား ကျန်းပိုင်ပါ.. သူ့ဘေးက ကလေးမကတော့ ငါ့ဒုတိယညီနောင်ရဲ့ သမီး ကျန်းယန်ပါ"

ဖေဖေဝမ် "မင်းရဲ့သားက ဒီလောက်တောင် ပိန်တာလား"

ကျန်းဟိုင်ဖူ သက်ပြင်းချလိုက်သည်။

"အင်း.. ငါ့သားက အစားနည်းနည်း ဂျီးများတယ်.. အများကြီးလည်း မစားတတ်ဘူး.. ညီနောင်ဝမ်လည်း တွေ့မှာပါ.. သူကပိန်လွန်းလို့ ငါနဲ့ လုံးဝ မတူဘူးလေ.. သူ့မှာ ငါ့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ မျိုးရိုးဗီဇ နည်းနည်းလေးတောင် မရှိဘူး"

ဖေဖေဝမ်က ရယ်မောလိုက်သည်။

"မျိုးရိုးဗီဇတွေမှာလည်း သိပ္ပံနည်းကျ ရှင်းပြလို့မရတဲ့ အချိန်တွေ ရှိတတ်ပါတယ်"

ဖေဖေဝမ်က ဤကဲ့သို့ကိစ္စမျိုးကို ကောင်းစွာ နားလည်သည်။

သူတို့ဇနီးမောင်နှံက သာမန်လူများသာ ဖြစ်သော်လည်းဝမ်လင်းလို ကလေးမျိုးကို မွေးထုတ်လာမိသည် မဟုတ်လော။

ကျမ်းပိုင်ကို ကြိုပြီးနောက် ကျန်းဟိုင်ဖူက ထွက်မသွားခင် ဖေဖေဝမ်ကို လိပ်စာကတ်တစ်ခု ပေးခဲ့သည်။

ထိုလိပ်စာကတ်ကို သေသေချာချာ ကြည့်လိုက်ရာ Kikkaro စားသောက်ဆိုင်က မီးဖိုချောင်သုံးဓားဂိုဏ်း၏ လုပ်ငန်းများထဲမှ တစ်ခုဖြစ်နေသည်ကို သိလိုက်ပြီး ဖေဖေဝမ် အံ့သြသွားခဲ့သည်။

ဖိုးဖိုးဝမ်က ငယ်စဉ်ကပင် ထိုနေရာ၌ အလုပ်လုပ်ခဲ့သည်။

ထမင်းချက်အဖြစ် စတင် လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းတွင် စားဖိုမှူး ဖြစ်လာခဲ့သည့် အပြင် ဆိုင်၏ အစားအသောက် အကြံပေး အဖြစ်လည်း အချိန်အတော်ကြာအောင် လုပ်ဆောင်ခဲ့သေး၏။

"ဒါဆို ဒီ Kikkaro စားသောက်ဆိုင်က မင်းရဲ့ လုပ်ငန်းလား"

ဖေဖေဝမ်က မျက်ခုံးပင့်၍ မေးလိုက်သည်။

"အင်း.. ဒီဆိုင်ကို ငါတို့ မီးဖိုချောင်သုံးဓားဂိုဏ်းရဲ့ အမှတ်တံဆိပ် သင်္ကေတလို့ ယူဆနိုင်ပါတယ်.. ဒီဆိုင်က မီးဖိုချောင်သုံးဓားဂိုဏ်းရဲ့ အခြေခံအုတ်မြစ်လည်း ဖြစ်တယ်.. ငါတို့ရဲ့ ထောက်ပံ့ရေး ကွင်းဆက်အားလုံးက Kikkaro စားသောက်ဆိုင်ရဲ့ အမြတ်အစွန်းတွေနဲ့ လှည့်ပတ်နေတာလေ"

ကျန်းဟိုင်ဖူက စကားပြောရင်း ရယ်မောလိုက်သည်။

"တကယ်တော့ ငါက အရမ်း ကံကောင်းခဲ့တယ်.. ငါငယ်ငယ်တုန်းက ကျွမ်းကျင်တဲ့ ဆရာတစ်ယောက်ဆီမှာ ဟင်းချက်နည်းကို သင်ကြားခဲ့ရတယ်လေ.. မဟုတ်ရင် ဒီ Kikkaro စားသောက်ဆိုင် လုပ်ငန်းက ဟိုးအောက်ခြေကနေ ရုန်းထွက်နိုင်ခဲ့မှာ မဟုတ်ဘူး"

ဖေဖေဝမ် နှင့် မီးဖိုချောင်သုံးဓားဂိုဏ်း၏ ခေါင်းဆောင် ကျန်းဟိုင်ဖူတို့က ထိုကဲ့သို့ပင် တစ်ယောက်နှင့် တစ်ယောက် သိလာခဲ့သည်။

ဝမ်လင်း နှင့် ကျန်းပိုင်တို့ အားကစားရုံမှ ထွက်လာသောအခါတွင် နှစ်ယောက်လုံး အံ့သြသွားကြသည်။

တစ်ခါတစ်ရံတွင် အမျိုးသားများ၏ ခင်မင်ရင်းနှီးမှုသည် ထိုမျှမရှုပ်ထွေးပေ။

ရိုးရိုးရှင်းရှင်းပြောရလျှင် ယင်းက ဘုံအခြေခံတူညီမှုကို ရှာဖွေဖို့သာ လိုအပ်သည်။

.........................

ကျန်းဟိုင်ဖူ နှင့် အခြားသူများကို နှုတ်ဆက်ပြီးနောက် ဖေဖေဝမ်က ဝမ်လင်းကို ပန်းခြံတစ်ခု ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

လမ်းမပေါ်တွင် လူအတော်များလွန်းနေ၍ အများသူဌာ သွားလာနေသော နေရာကနေ အိမ်ကို တည်နေရာ ရွှေ့ပြောင်းသည်က မျက်စိ ဖမ်းစားစရာ ကောင်းလွန်းနေသည် မဟုတ်လော။

ထို့အပြင် စုန်းဟိုင်ဂိုဏ်းနှင့် ပတ်သက်သည့် ကိစ္စကြောင့် နေရာတိုင်းတွင် လုံခြုံရေး သိသိသာသာ တိုးမြင့်လာခဲ့ပြီး လမ်းတိုင်းလိုလိုတွင် ရဲကားများ ရပ်နားထား၏။

ဖေဖေဝမ်က ထိုမြင်ကွင်းကို ကြည့်ကာ လေးလေးနက်နက် သက်ပြင်းချလိုက်သည်။

"လင်း.. ဒါက နည်းနည်းထူးခြားတယ်လို့ သား မထင်ဘူးလား"

"ရဲတွေ အင်အားကုန်သုံးပြီး ကျော့ကွင်း ထောင်ထားတာတောင် ဒီစုန့်ဟိုင်ဂိုဏ်းရဲ့ ခြေရာလက်ရာကို နည်းနည်းမှ မတွေ့ခဲ့ရဘူး.. ဒါက အတော်လေး ထူးဆန်းလွန်းနေတယ်"

ဖေဖေဝမ်က စကားပြောရင်း မျက်မှောင်ကြုတ်လိုက်ပြီး ဝမ်လင်းကို ကြည့်သည်။

ဤအခိုက်အတန့်တွင် ဝမ်လင်းက အလွန် ကူကယ်ရာမဲ့သွားသလို ခံစားလိုက်ရသည်။

ရိုးရိုးသားသား ပြောရလျှင် စုန့်ဟိုင်ဂိုဏ်း၏ အသွင်အပြင်သည် သူ့ကို အမှန်တကယ် အံ့အားသင့်စေသည်။

အဆုံးသတ်ပြောရလျှင် အင်မော်တယ်စံအိမ်၏ ကိစ္စက လုံးလုံး မပြီးပြတ်သေးပေ။

အစိုးရက အမှောင်အင်အားစုများကို နှိမ်နင်းဖို့ စတင် လုပ်ဆောင်ချိန်မှာပင် ရာဇ၀တ်ဂိုဏ်းများက ထပ်မံ ထွက်ပေါ်လာသည်။

ဖေဖေဝမ်က အခြေအနေကို ဆက်လက် ဆန်းစစ်နေသော်လည်း အဆုံးတွင် သူတို့ နှစ်ဦးစလုံး ပန်းခြံအနီးသို့ ရောက်လာခဲ့၏။

ထိုအချိန်မှာပင် ကောင်မလေး တစ်ယောက်၏ အော်ဟစ်သံကို ကြားလိုက်ရသည်။

"ရှင်က ကျမ အဖေ မဟုတ်ဘူး.. ကျမ ရှင်နဲ့မလိုက်ဘူး"

ဝမ်လင်းက မျက်မှောင်ကြုတ်၍ အဝေးတစ်နေရာသို့ ကြည့်လိုက်သည်။

သိုးမွှေးဦးထုပ် ဆောင်းထားသည့် အမျိုးသားတစ်ဦးက မိန်းကလေး တစ်ယောက်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားကာ အဆက်မပြတ် မာန်မဲနေသည်ကို တွေ့လိုက်ရသည်။

"မင်းက ချီးကလေးပဲ.. ငါနဲ့ မြန်မြန် အိမ်ပြန်လိုက်ခဲ့စမ်း"

All Chapters