← Chapters

မိသားစုတစ်ခုအတွက် အရေးကြီးဆုံးအရာသည် မိသားစုဝင်အချင်းချင်း ဂရုစိုက်ရန်ဖြစ်သည်

Vol. 22 Ch. 323

မိသားစုတစ်ခုအတွက် အရေးကြီးဆုံးအရာသည် မိသားစုဝင်အချင်းချင်း ဂရုစိုက်ရန်ဖြစ်သည်

Vol. 22 Ch. 323

[ဒီလူကဘာလုပ်ဖို့ကြိုးစားနေတာလဲ]

ကောင်မလေးက ထိုလူကိုအဖေမဟုတ်ဟု ပြောဆိုနေသော်လည်း ထိုလူက နေ့ခင်းကြောင်တောင် ပြန်ပေးဆွဲနေသည်။

ကျောင်းဆင်းချိန် လေးနာရီကျော်နေပြီ ဖြစ်၍ ပတ်ဝန်းကျင်တွင် လူအနည်းငယ်သာ ရှိတော့သည်။

လမ်းသွားလမ်းလာ အနည်းငယ်က ဤမြင်ကွင်းကို မြင်တွေ့နေရသော်လည်း မည်သူမှ အဖက်မလုပ်ခဲ့ကြပေ။

ထိုမြင်ကွင်းမှာ လူများစွာ အတွက်မူ နာခံမှုမရှိသော သမီးကို အိမ်ပြန်ခေါ်နေသည့် သနားစရာ ဖခင်တစ်ဦးနှင့် တူနေသည်။

၎င်းတို့က အိမ်မှ ထွက်ပြေးသော မိန်းကလေးအား ဖခင်က စိတ်ပူ၍ ကျယ်လောင်စွာ ဆူပူကြိမ်းမောင်းနေသည်ဟုသာ ထင်နေကြသည်။

ထို့ကြောင့် လူတော်တော်များများက ဝင်မပါချင်ကြခြင်း ဖြစ်၏။

အဆုံးသတ်တွင် ၎င်းက တခြားသူ၏ ကိစ္စသာ ဖြစ်သည်မဟုတ်လော။

အဘယ်ကြောင့် အလုပ်ရှုပ်ခံရမည်နည်း။

သို့သော် ဖေဖေဝမ်ကမူ တစ်ချက် ကြည့်လိုက်သည်နှင့် သိုးမွှေးဦးထုပ်ဆောင်းထားသော အမျိုးသား၏ လက္ခဏာနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာသော အကြောင်းတစ်ခုခု ရှိနေသည်ဟု ခံစားလိုက်ရသည်။

ဖေဖေဝမ်က ဤခံစားချက်ကို မည်သို့ ဖော်ပြရမှန်းမသိပေ။

ယင်းက ဆဌမအာရုံ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

သူ့တွင် ဝမ်လင်းကဲ့သို့ လူနှစ်ဦးကြားရှိ သွေးသားဆက်စပ်မှုကို တိုက်ရိုက် ခွဲခြမ်းစိတ်ဖြာနိုင်သည့် မဟာသွေးဇစ်မြစ် တာအို မရှိသော်လည်း ဆဌမအာရုံကနေ အာရုံခံစား၍ရ၏။

သူခံစားရသည်မှာ ဤသိုးမွှေးဦးထုပ်နှင့် လူက ကောင်မလေး၏ ဖခင် မဟုတ်ပေ။

မိသားစုတစ်ခုအတွက် အရေးကြီးဆုံးအရာမှာ မိသားစုဝင်အချင်းချင်း ဂရုစိုက်ရန် ဖြစ်သည်။

ထို့အပြင် မိသားစုတစ်ခုတွင် မိဘနှင့်သားသမီးက အကျင့်စရိုက် သိပ်မကွာတတ်ပေ။

ထိုမိန်းကလေးက နာမည်ကြီး တံဆိပ်များကို ခေါင်းစမှ ခြေဖျားအထိ ၀တ်ဆင် သုံးစွဲထား၏။

ထို့ကြောင့် ဤအရောင်မွဲညစ်နေသော မီးခိုးရောင် သိုးမွှေးဦးထုပ်နဲ့လူက သူမ အဖေ ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။

လူတစ်ဦးက သံသယဖြစ်ဖွယ် ကိစ္စတစ်ခုခုကို ပြုလုပ်သောအခါ၌ ငေးကြည့်ခံရသော အခါတွင် အပြစ်ရှိသည်ဟု သေချာပေါက် ခံစားရမည်။

ဝမ်မိသားစု၏ မျိုးရိုးလိုက်သော သင်္ကေတဖြစ်သည့် ငါးမျက်လုံး နှစ်လုံး၏ စိုက်ကြည့်မှုအောက်တွင် မီးခိုးရောင် သိုးမွှေးဦးထုပ် ဝတ်ထားသည့်လူက ဦးခေါင်း ပေါက်ကွဲသွားသလို ခံစားလိုက်ရ၏။

ဖေဖေဝမ်က တစ်စုံတစ်ခုကို ပြောဖို့ ရှေ့ကို တက်မလာခင် ထိုလူက ကူကယ်ရာမဲ့စွာ ငေါက်ငမ်းလိုက်သည်။

"ဘာကြည့်နေတာလဲ.. သမီးကို စည်းကမ်းပေးနေတဲ့ ဖအေကို မမြင်ဖူးဘူးလား"

ကောင်မလေးက ထိုလူ၏ ငေါက်ငမ်းမှုကြောင့် ထိတ်လန့်သွားသည်။

သူမ၏ မျက်ဝန်းတွင် မျက်ရည်များ စိုစွတ်နေပြီး သူမ မျက်နှာပေါ်တွင်လည်း ကြောက်လန့်နေသော အမူအရာ ထင်ဟပ်နေ၏။

သူမက ခေါင်းကို တတ်နိုင်သမျှ ခါယမ်းလိုက်သော်လည်း စကားမပြောနိုင်ခဲ့ပေ။

ထိုသို့ဖြစ်အောင် ထိုလူက လုပ်ခဲ့ခြင်းပင်။

ထိုလူက အစောပိုင်းလေးကမှ မိန်းကလေး၏ လျှာကြောကို အော်ရာထုတ်လွှတ်ကာ စည်းတံဆိပ်ခတ်လိုက်ကို ဝမ်လင်း ရှင်းလင်းစွာ မြင်ခဲ့ရသည်။

ကောင်မလေး သူမကို ကယ်ဆယ်ပေးရန် ဖေဖေဝမ်ကို အသနားခံသည့် အနေဖြင့် ခေါင်းကိုသာ သွင်သွင်ခါနိုင်ခဲ့သည်။

ဖြတ်သွားဖြတ်လာ မည်သူမျှ ဝင်ရောက် မစွက်ဖက်ဝံ့ကြ၍ ဖေဖေဝမ်ကို သူမ၏ နောက်ဆုံး မျှော်လင့်ချက် ကောက်ရိုးတစ်မျှင်အဖြစ် ဆုပ်ကိုင်ကြည့်လိုက်ခြင်းပင်။

ထို့ကြောင့် နောက်ထပ် အခိုက်အတန့်မှာပင် ဖေဖေဝမ်က ရှေ့သို့ ပြတ်ပြတ်သားသား ခြေလှမ်းလိုက်ပြီး ရုပ်ရှင်ထဲမှ ဂန္တဝင် စာသားအတိုင်း ပြောလိုက်သည်။

"ကောင်မလေးကိုလွှတ်လိုက်"

သိုးမွှေးဦးထုပ် ဆောင်းထားသောလူ၏ မျက်နှာက မည်းမှောင်သွားသည်။

"ကိုယ့်လူ.. ကိုယ့်ကိစ္စမဟုတ်ရင် အေးဆေးနေစမ်းပါ.. ဒီလိုမှမဟုတ်ရင် နောင်တရသွားလိမ့်မယ်"

ထိုလူ၏ အမူအရာနှင့် လေသံတွင် ခြိမ်းခြောက်သောအရိပ်အငွေ့များ ပါနေသော်လည်း ဖေဖေဝမ်က လုံးဝ မကြောက်ရွံ့ကြောင်း ထင်ရှားနေ၏။

ဖေဖေဝမ်က ချီသန့်စင်ခြင်း အဆင့်တွင်သာ ရှိသောကြောင့် ထိုလူက လုံးဝ အလေးအနက် မထားပေ။

ဤသားအဖ နှစ်ယောက်လောက်တော့ အသာအယာ ကိုင်တွယ်နိုင်မည်ဟု သူထင်ခဲ့သည်။

ချီသန့်စင်ခြင်း အဆင့် ဖခင်နှင့် အခြေခံတည်ဆောက်ခြင်း အဆင့် ကျောင်းသား တို့က သူ့အတွက် လုံးဝ ခြိမ်းခြောက်မှု မဟုတ်ချေ။

ထိုထက် အရေးကြီးဆုံးမှာ ငါးမျက်လုံးနှင့် ကောင်လေးက တကယ်ကို ရုပ်ရည်ချောမောသူမှန်း သိလိုက်ရပြီး သူအံ့သြသွားသည်။

အထူးသဖြင့် ရုပ်ရည်ချောမောသော ကျောင်းသားအချို့ကို ပြန်ပေးဆွဲရန် အထက်က အထူး မှာကြားထားသည် မဟုတ်လော။

ယခု သူက ကောင်မလေး တစ်ယောက်ကို ပြန်ပေးဆွဲထားပြီ ဖြစ်၍ ဤကောင်လေးကိုပါ ပြန်ပေးဆွဲရန် တွေးမိလိုက်သည်။

ထိုနှစ်ယောက်လုံးကိုသာ ပြန်ပေးဆွဲနိုင်ခဲ့လျှင် အထက်လူကြီး၏ ချီးကျူးမှုကို ခံရမည်မှာ သေချာ၏။

သူက ကောက်ကျစ်သော အကြည့်ဖြင့် ဖေဖေဝမ်ကို စိုက်ကြည့်ကာ ရယ်လိုက်သည်။

"သူက မင်းရဲ့သားလား"

ဖေဖေဝမ် "ဟုတ်တာပေါ့"

သိုးမွှေးဦးထုပ်နှင့်လူ "ကောင်းပြီလေ.. အခုကစပြီး သူက ငါ့သားပဲ"

ဖေဖေဝမ် "...???..."

ထိုသို့ပြောပြီးနောက် ထိုယောက်ျားက မိန်းကလေး၏ သွေးကြောများကို မလှုပ်နိုင်အောင် တံဆိပ်ခတ်လိုက်၏။

ထို့နောက် သူက လက်ချောင်းမှချီဖြင့် ဝမ်လင်း၏ သွေးကြောကိုပိတ်ရန် ကြိုးစားလိုက်သည်။

ထိုချီက သွေးကြောများကို စည်းတံဆိပ်ခတ်ရန် အတွက် ခိုင်ခံ့သောချီလည်း ဖြစ်၏။

ထိုလူက ထိုနည်းစနစ်ကို အချိန်အတော်ကြာအောင် လေ့ကျင့်ခဲ့ရသည်။

အဖွဲ့အစည်းရှိလူတိုင်းက ထိုနည်းစနစ် အသုံးပြုသည့်အခါတွင် အမှားအယွင်း မရှိအောင် အထူးလေ့ကျင့်ထားရသည်။

ချီက တစ်စုံတစ်ဦးကို ထိမှန်သည်နှင့် ၎င်းတို့၏ ထူးကဲသော ပင်မ သွေးကြောကြီး ရှစ်ခုက ချက်ချင်း တံဆိပ်ခတ် ခံရမည်ဖြစ်သည်။

ဤနည်းစနစ်သည် ရွှေအမြူတေ အဆင့်အောက်ရှိ ကျင့်ကြံသူများအတွက် အထူး ထိရောက်၏။

သို့သော် အခြေအနေက ထိုလူ မျှော်လင့်ထားသလို မဖြစ်လာပေ။

ဤအားကောင်းသောချီက လူငယ်ကို ထိမိသည်နှင့် မထင်မှတ်ဘဲ အင်အားနှစ်ဆဖြင့် သူ့ဆီ ပြန်လှည့်လာသည်။

ချီက မူလတွင် သွေးကြောများကို တံဆိပ်ခတ်ရန် ခိုင်ခံ့သောချီမျှသာ ဖြစ်ကြောင်း သိသာထင်ရှားသော်လည်း ယခုအခါတွင် ထိုချီက လျင်မြန်စွာ ပေါက်ကွဲနိုင်သော ဝိညာဉ်ဗုံး တစ်ခုလိုပင်။

သူ မဆဲခင်မှာပင် တန်ပြန် တုံ့ပြန်မှုကနေ ပြန်လှည့်လာသည့်ချီက သူ့ပခုံးသားကို ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။

သူ့မျက်နှာက နာကျင်ခြင်းနှင့်အတူ ချက်ချင်း ရှုံ့မဲ့သွားပြီး ဝမ်လင်းကို ထိတ်လန့်စွာ စိုက်ကြည့်လိုက်သည်။

"မင်း.."

တစ်ဖက်သား၏ တုံ့ပြန်မှုကို သူသေချာ မမြင်လိုက်ရပေ။

အထက်တန်းကျောင်းမှ ကျောင်းသား တစ်ယောက်က သူ၏ချီကို မည်သို့မည်ပုံ ဖြိုခွင်းလိုက်လဲ ဆိုတာကိုပင် သူ လုံးလုံး မသိလိုက်ပေ။

ယခုတစ်ကြိမ်တွင် သူ၏တာဝန်မှာ ကျရှုံးနေပြီ ဖြစ်သည်ကို သူကောင်းကောင်း သိသည်။

သူ့ရှေ့က မိန်းကလေးအပါအဝင် ဤကောင်လေးကိုပါ လက်ရှောင်ရန် ဆုံးဖြတ်လိုက်၏။

ယခုအချိန်တွင် လွတ်မြောက်ရေးကသာ သူ၏ ထိပ်တန်းဦးစားပေး ဖြစ်သည် မဟုတ်လော။

သို့သော် အလွန်လျင်မြန်စွာပင် သူက နောက်တစ်ကြိမ် အတွေးလွန်နေမှန်း သိလိုက်ရသည်။

ပြင်းထန်သော ဝိညာဉ်ရေးဖိအားများက သူ့ကို နေရာမှာပင် အေးခဲစေပြီး ကြွက်သားများအားလုံးကို ချက်ခြင်း ပိတ်ဆို့စေခဲ့သည်။

အခြေခံ တည်ထောင်ခြင်းအဆင့်မှ အထက်တန်းကျောင်းသားတစ်ဦးတွင် ထိုသို့သော ဝိညာဉ်ရေးဖိအားများ ရှိနေရန်မှာ မဖြစ်နိုင်ပေ။

ထိုလူ၏ မျက်လုံးများကနေ သွေးများထွက်နေပြီး မျက်နှာတွင်လည်း နာကြည်းမုန်းတီးသော အရိပ်အယောင် အပြည့်ရှိနေသည်။

အဖွဲ့အစည်းက ဤကဲ့သို့ ကိစ္စများကို ဆောင်ရွက်ရန် လူအများအပြားကို စေလွှတ်ခဲ့သော်လည်း သူက ပထမဆုံး အဖမ်းခံရသူ ဖြစ်လာလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။

"အံ့သွနတောလား"

ဖေဖေဝမ်က သူ့ကို စိုက်ကြည့်ရင်း ပြုံးလိုက်သည်။

"ဒါက အမြည်းကျွေးရုံလောက်ပဲမို့ သက်သာသွားတယ်မှတ်ပါ"

သိုးမွှေးဦးထုပ်နှင့်လူ "............"

ကျင့်ကြံခြင်းရဲများ အားသွန်ခွန်စိုက် ကြိုးစားလုပ်ဆောင်နေသည့် ကိစ္စက သူနှင့် ခပ်မြန်မြန် ထိတွေ့လိမ့်မည်ဟု ဝမ်လင်း မထင်ထားခဲ့ပေ။

ထိုလူက တစ်စုံတစ်ရာကို သိသည်ဖြစ်စေ မသိသည်ဖြစ်စေ သူ၏ လက်ရှိ အပြုအမူအရ ရွှေကုံးဂိုဏ်းနှင့် ပတ်သက်မှုတစ်ခုခု ရှိနေသည်မှာ သေချာသည်။

ထို့နောက်တွင် ဝမ်လင်းက မိန်းကလေး၏ သွေးကြောများကို သူ၏ ဝိညာဉ်ရေး ဖိအားကို အသုံးချ၍ အဝေးကနေ ဖြေပေးလိုက်သည်။

သူက သူ့မျက်နှာကို ထိုမိန်းကလေး မမြင်နိုင်စေရန် ဖေဖေဝမ်၏ ကျောဘက်တွင် တမင် ပုန်းအောင်းနေခဲ့သည်။

"ကျေးဇူးတင်ပါတယ်.. တကယ်ကျေးဇူးတင်ပါတယ်"

ကောင်မလေး၏ အသံက အနည်းငယ် တုန်ယင်နေသေးသော်လည်း စိုးရိမ်ပူပန်မှုများ ငြိမ်းသက်သွားပြီ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။

သူမက ဝမ်လင်းကို ကြည့်ရန် ကြိုးစားခဲ့သော်လည်း ဖေဖေဝမ်၏ တားဆီးခြင်းကို ခံလိုက်ရသည်။

"မင်းဘယ်ကျောင်းကလဲ.. ကျောင်းဝတ်စုံကို ဘာလို့မဝတ်ထားတာလဲ.. မင်းမိဘတွေက ဘယ်ရောက်နေတာလဲ.. မင်းကိုဘာလို့ လာမကြိုတာလဲ"

ကောင်မလေးက ခေါင်းညိမ့်လိုက်သည်။

"သမီးက အဓိကမြှင့်တင်ခြင်း အထက်တန်းကျောင်းကပါ.. အဖေက သမီးကို လာကြိုချင်ပေမဲ့ ကြီးကြီးကျယ်ကျယ် ဖြစ်မယ် မထင်တာကြောင့် အိမ်ကို တစ်ယောက်ထဲလည်း ပြန်တတ်တယ်လို့ ခံပြောခဲ့မိပါတယ်"

"ဒီနှစ်ရက်က မတူဘူး.. ကျောင်းသား ဘယ်နှစ်ယောက် ပြန်ပေးဆွဲခံရပြီးပြီလဲ ဆိုတာ မင်း မသိဘူးလား.. ကလေးမ... မင်းအနေနဲ့ မိဘကို ကလန်ကဆန် လုပ်ချင်ရင်တောင် အကန့်အသတ်တော့ ရှိရမယ်"

ဖေဖေဝမ်က သက်ပြင်းချ၍ သတိပေးလိုက်သည်။

သူဘာမှ ထပ်မပြောဖြစ်တော့ပေ။

အဆုံးသတ်တွင် သူမက သူ့သမီးလည်း မဟုတ်ချေ။

သူ့မိဘကိုယ်တိုင် ဆုံးမသည်ကသာ ပိုကောင်းသည် မဟုတ်လော။

"ဦးလေးပြောတာမှန်ပါတယ်.. သမီး ထပ်မလုပ်တော့ပါဘူး.."

မိဘကို ပုန်ကန်တတ်သည့် မိန်းကလေးက အစောပိုင်းက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကြောင့် တကယ်ကို ထိတ်လန့်သွားပြီး အသက်ကိုပင် ကောင်းစွာ မရှုရဲဘဲ ဖေဖေဝမ် ရှေ့တွင် ခေါင်းငုံ့ထားခဲ့သည်။

သူစိမ်းတစ်ယောက်၏ သမီးဟု သမုတ်ပြီး ဖမ်းဆီးခြင်းကို ခံရသည့် ခံစားချက်က တကယ်ကို ကူကယ်ရာမဲ့စေသော ခံစားချက်ဖြစ်၏။

သူမအနေဖြင့် သည်းမခံနိုင်လောက်သည် အထိ ဖြစ်ခဲ့ရသည်။

"ခဏစောင့်ပါ.. ငါ့သားရဲ့ သူငယ်ချင်းကို လာခေါ်ခိုင်းလိုက်မယ်.. အဲဒီလူက ကျောင်းပေါင်း ၁၀၀ အထွေထွေ အုပ်ချုပ်ရေးဌာနက ဆိုတော့ သူသာ အိမ်ပြန်ပို့ပေးမယ်ဆိုရင် ငါ့စိတ်ကို သက်သာရာ ရစေလိမ့်မယ်"

ဖေဖေဝမ်က ကောင်မလေးကို စိုက်ကြည့်ရင်း သက်ပြင်းချလိုက်သည်။

သူ့ကို အားကိုးတကြီး အကူအညီတောင်းမှတော့ သူ အစွမ်းကုန် လုပ်ရပေတော့မည်။

ကောင်မလေးက ဖေဖေဝမ်၏ လက်ကို သူမ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

"ကျေးဇူးတင်ပါတယ် ဦးလေး"

သူတို့စကားပြောနေကြစဉ်တွင် ကောင်မလေးက ခေါင်းကို ငုံ့ထားသော်လည်း ဝမ်လင်းအား တမင်တကာ စိုက်ကြည့်နေသည်ကို ဖေဖေဝမ် ရုတ်တရက် သတိပြုမိခဲ့သည်။

ထို့ကြောင့် သူမ၏ မြင်ကွင်းကို ဖေဖေဝမ်က ပိတ်ဆို့ထားလိုက်သည်။

ဖေဖေဝမ်၏ အပြုအမူကြောင့် သူမက ကူကယ်ရာမဲ့ကာ မျက်မှောင်ကြုတ်သွားသည်။

ထိုမြင်ကွင်းကို မြင်လျှင် ဖေဖေဝမ်က မရယ်ဘဲ မနေနိုင်တော့ချေ။

"ဘာကြည့်နေတာလဲ"

ကောင်မလေးက ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်သည်။

"............."

ဖေဖေဝမ် "ရှက်မနေနဲ့.. မင်းတို့နှစ်ယောက်က မဖြစ်နိုင်ဘူး!"

ကောင်မလေး "............"

All Chapters