← Chapters

အကျဉ်းသားအခန်းဖော်များနှင့် ငါ...

Vol. 22 Ch. 324

အကျဉ်းသားအခန်းဖော်များနှင့် ငါ...

Vol. 22 Ch. 324

ဇွန်လ 30 ရက်သည် စာသင်နှစ်၏ ဆယ်ပတ်မြောက် သောကြာနေ့ ဖြစ်သည်။

နံနက်ခင်း ကိုယ်ပိုင် လေ့လာချိန်အတွင်း ကော်ဟောက်ကရုတ်တရက် ပြောလိုက်သည်။

"မင်းတို့တွေ ကြားပြီးပြီလား"

"အဓိကမြှင့်တင်ခြင်း အထက်တန်းကျောင်းက မိန်းကလေးတစ်ဦးကို ရွှေကုံးဂိုဏ်း အဖွဲ့ဝင်လို့ သံသယရှိသူက ပြန်ပေးဆွဲဖို့ကြိုးစားခဲ့တယ်တဲ့"

"အင်း ကြားပြီးပြီ.. ဒီသတင်းက WeChat မှာ ပျံ့နေတယ်လေ"

မြေပဲလေးက ခေါင်းညိတ်လိုက်သည်။

"ယောက်ျားတစ်ယောက်က သူ့ကိုယ်သူ အဖေလို့ ပြောပြီး ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့တယ်လို့ အဲဒီမိန်းကလေးက ပြောတယ်"

"အကြောက်ရဆုံးအချက်က လမ်းသွားလမ်းလာထဲက ဘယ်သူကမှ သူမ အကူအညီတောင်းတာကို အဖက်မလုပ်ကြတာပဲ"

"ရဲအရာရှိတွေတောင် မိသားစု အငြင်းပွားမှု ဆိုရင် မဖြေရှင်းနိုင်ဘူးလေ.. လူတော်တော်များများ အတွက်တော့ ဒါက မိသားစုကိစ္စ တစ်ခုလို့ပဲ ထင်နေခဲ့တာ ဖြစ်မှာပါ.. ဒါကြောင့် သူတို့ ဝင်မပါချင်တာ သဘာဝပါပဲ.. စီနီယာ ကျိုးရီသာ ရောက်မလာဘူးဆိုရင် ဒီမိန်းကလေးက အန္တရာယ်ရှိလိမ့်မယ်"

ကော်ဟောက်က ပြောလိုက်သည်။

"ဒီလူကိုဖမ်းမိလိုက်တာက ရွှေကုံးဂိုဏ်း တစ်ခုလုံးကို ဖြိုလှဲဖို့အတွက် အကြီးမားဆုံး ခြေလှမ်းပဲ"

"စီနီယာကျိုးရီက တကယ်တော်တာပဲ"

လူတော်တော်များများက မချီးမွှမ်းဘဲ မနေနိုင်ကြတော့ပေ။

အခုအခါ အထက်တန်းကျောင်းသားများ ကြားထဲတွင် စကားတစ်ခွန်းက ခေတ်စားနေသည်။

ယင်းမှာ ကျိုးရီ လှုပ်ရှားသည်နှင့် ကိစ္စ ကြီးကြီးမားမား တစ်ခု ပေါ်ပေါက်လာမည် ဆိုခြင်းပင်။

ကြီးမားသော အဖြစ်အပျက်များ ဆက်တိုက် ဖြစ်ပွားလာပြီးနောက်တွင် ဤအမည်ကို လူအများက ပိုမို ရင်းနှီးလာကြ၏။

ဆွေးနွေးပွဲကို နားထောင်ပြီးနောက် ဝမ်လင်းက ခေါင်းငုံ့ကာ တိတ်တဆိတ် နေလိုက်သည်။

မနေ့က အဖြစ်အပျက်အတွက် ကျိုးရီ၏ စွမ်းဆောင်မှုဟု ဖြေပေးရန် ထိုမိန်းကလေးကို အထူးတောင်းဆိုခဲ့သည်။

သို့သော်လည်း ကောင်မလေးက ဝမ်လင်း ကယ်တင်ခဲ့သည်ကို မမေ့ခဲ့ပေ။

အစပိုင်းတွင် ဤအစီအစဉ်ကို သူမက လက်မခံခဲ့ချေ။

ယင်းက ဝမ်လင်း၏ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို ကာကွယ်ရန်အတွက် ဖြစ်သည်ဟု အချိန်အတော်ကြာ ဖျောင်းဖြလိုက်မှသာ သဘောတူခဲ့သည်။

ယခုအချိန်တွင် ကောင်မလေးက ကျိုးရီ၏ စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်း ဆောင်ရွက်နေလောက်သည်ဟု ဝမ်လင်း ခန့်မှန်းခဲ့သည်။

ရွှေကုံးဂိုဏ်းမှ လူတစ်ဦးကို နောက်ဆုံးတွင် ရှာဖွေ တွေ့ရှိခဲ့ပြီဖြစ်၏။

မည်သူကမှ အချိန်ဖြုန်းချင်ကြမည် မဟုတ်ပေ။

.......................

စုန့်ဟိုင်ထောင်၏ အခြားတစ်နေရာ..

ယမန်နေ့က ဖမ်းမိခဲ့သော သိုးမွှေးဦးထုပ်ဝတ် အမျိုးသား(ဝါ) ရွှေကုံးဂိုဏ်းဝင် အဖြစ် သံသယရှိသူကို စစ်ဆေးမေးမြန်းမှု စတင်နေပြီ ဖြစ်သည်။

သို့သော် ယခုအချိန်၌ ကျိုးရီနှင့် ထောင်အုပ်လျန့် တို့က အတော်လေး ရှုပ်ထွေးသည့် ပြဿနာတစ်ရပ်ကို ရင်ဆိုင်ခဲ့ကြရ၏။

တရားခံက ၎င်း၏ ပြစ်မှုများကို ဝန်ခံရန် ငြင်းဆိုခဲ့သည်။

ထိုလူကို စစ်မေးခန်း အလယ်တွင် ကြိုးဖြင့်ချည်၍ ထိုင်စေကာ ဝိညာဉ်စွမ်းအင်များကို လုံး၀ ပိတ်ဆို့ထားခဲ့သည်။

၎င်းက ပျင်းရိငြီးငွေ့စွာဖြင့် ခြေထောက်ကို ခါယမ်းကာ အဆက်မပြတ် ရယ်မောရင်း ပေါက်ကရ ပြောဆိုနေ၏။

"မင်းတို့ ငါ့ကို သေအောင်ရိုက်ရင်တောင် ငါဘာမှမပြောဘူး"

"ငါ့ကို ထာဝရ စည်းခတ်ထားရဲလား.. သတ္တိရှိရင် လုပ်ကြည့်စမ်းပါ.. မင်းတို့မှာ အရည်အချင်း မရှိဘူး မဟုတ်လား.. ငါ့ကို တကယ်ပဲ ညှဥ်းပန်းနှိပ်စက်ရဲလို့လား..ငါ့ကို ကြော်စားမယ်ဆိုလည်း သေချာလုပ်နော်.. မဟုတ်ရင်တော့ ငါက အိုးကပ်ကြော်လို ဖြစ်သွားလိမ့်မယ်"

"............"

စစ်ကြောရေးအခန်း အပြင်ဘက်တွင် ထောင်အုပ်လျန့်က လေးလေးနက်နက် သက်ပြင်းချကာ ကူကယ်ရာမဲ့သလို ခံစားခဲ့ရသည်။

လောလောဆယ်တွင် ထိုလူက ရွှေကုံးဂိုဏ်းနှင့် တိုက်ရိုက်ဆက်နွှယ်မှုရှိကြောင်းကို ဝန်ခံရန် လုံးဝ ငြင်းဆိုခဲ့သည်။

ထို့ကြောင့် သူတို့အနေဖြင့် ပြန်ပေးဆွဲရန် ကြိုးပမ်းမှုဖြင့်သာ ထိုလူကို စွဲချက်တင်ရတော့မလို ဖြစ်နေသည်။

ကျောင်းသားတစ်ဒါဇင်ကို သဲလွန်စ မကျန်ရစ်စေဘဲ ပြန်ပေးဆွဲနိုင်သည့် ရွှေကုံးဂိုဏ်းလို အဖွဲ့အစည်းတစ်ခု၏ နောက်ကွယ်တွင် ခိုင်မာသည့် အစီအစဥ်တစ်ခု ရှိမည်မှာ သေချာသည်။

ဤလူက လုံးဝ ဖွင့်ပြောခြင်း မပြုရန် စိတ်ပိုင်းဖြတ်ထားကြောင်း ထောင်အုပ်လျန့် ဆိုနိုင်၏။

သို့သော် ထိုလူပြောသည့် စကားက ထောင်အုပ်လျန့်၏ အရှိုက်ကို ထိသွားစေခဲ့သည်။

ဝိညာဉ်စွမ်းအင်ဆိုင်ရာ သတင်းအချက်အလက်ခေတ်တွင် စဉ်ဆက်မပြတ် တိုးတက်လာမှုများနှင့် အတူ တရားရေးစနစ်တွင်လည်း ရှေးခေတ်မှကျင့်သုံးသည့် ပြစ်ဒဏ်ပေးခြင်း ပုံစံကို ဖျက်သိမ်းခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။

ထို့ကြောင့် လွန်ခဲ့တဲ့ နှစ်၁၀၀၀၊၂၀၀၀ လောက်က ကျင့်သုံးခဲ့သည့် ရက်စက်ကြမ်းကြုတ်သော အကျဥ်းထောင် စည်းမျဥ်းကို မည်သူမှ ဂရုမစိုက်တော့ပေ။

ယခုခေတ်တွင်မူ ထောင်မှူးက အကျဥ်းသားများကို ထိုင်၊ထ၊ဘယ်၊ညာ ဟုသာ တိုက်ရိုက် သုံးနိုင်တော့သည်။

ထိုစကားစုလောက်ဖြင့် ရာဇဝတ်သား၏ ပါးစပ်ကို မည်သို့ ဖွင့်၍ ရပါမည်နည်း။

"ငါတို့ ဘာလုပ်သင့်လဲ ဒါရိုက်တာကျိုး.. မင်း ဘယ်လိုထင်လဲ"

ထောင်အုပ်လျန့်က သူ၏ နားထင်ကို ဖိနှိပ်နေရသည်။

သူ၏ အာရုံကြောများ တဆတ်ဆတ်တုန်ခါကာ နာကျင်မှုကို ခံစားလိုက်ရ၍ ဖြစ်၏။

နှစ်နာရီနီးပါးကြာ စစ်ဆေးမေးမြန်းပြီး နောက်တွင် အဆိုပါအမျိုးသားက ၎င်း၏ အမည်ကို ပြောပြရန် ငြင်းဆိုခဲ့သည်။

သူနှင့်အတူပါလာခဲ့သည့် ID မှာလည်း အတု ဖြစ်နေ၏။

ထိုထက် စိတ်အနှောင့်အယှက်ဖြစ်စရာ အကောင်းဆုံးမှာ သူထံမှ စုဆောင်းရရှိထားသော DNA နမူနာများကို စစ်ကြည့်လိုက်သောအခါ ကိုက်ညီမှု တစ်ခုကိုမှ ရှာမတွေ့ခဲ့ခြင်းပင်။

ဤလူက မှတ်ပုံမတင်ထားသော ဘုရားစူး နိုင်ငံသား ဖြစ်နေသည်။

ထိုလူက အဘယ်ကြောင့် မကြောက်ရသနည်း။

သူဘာမှ မပြောသရွေ့ သူ့အကြောင်း အချက်အလက်များအား လုံးဝ မရှာဖွေနိုင်သည်ကို သိထားသောကြောင့်လော။

"ဦးနှောက်ထဲက မှတ်ဥာဏ်တွေကို အတင်းအကျပ် ဆွဲထုတ်နိုင်တဲ့ အစီအရင် တစ်ခုရှိတယ် ဆိုတာ ငါအမှတ်ရမိတယ်..."

ကျိုးရီက ပြောလိုက်သည်။

"အဲဒီလိုလုပ်ရင် အန္တရာယ်ရှိနိုင်တယ် ဒါရိုက်တာကျိုး"

ထောင်အုပ်လျန့်က ခေါင်းခါလိုက်သည်။

"ကြိုးတိုက်မှာရှိနေတဲ့ အကျဉ်းသားတွေကိုပဲ ဒီနည်းဗျူဟာကို ကျနော်တို့က အသုံးချပါတယ်.. ဒီလို အင်အားသုံး ကျူးကျော်ဝင်ရောက်မှုမျိုးက သံသယရှိသူရဲ့ မှတ်ဉာဏ်ကနေ သက်သေအထောက်အထားတွေကို တိုက်ရိုက် ထုတ်ယူနိုင်ပေမယ့် သံသယရှိသူက ခုခံပြီး ပူးပေါင်းဖို့ ငြင်းဆိုခဲ့ရင် ထုတ်ယူခြင်းလုပ်ငန်းစဉ်အတွင်းမှာ မှတ်ဉာဏ်တွေ ရှုပ်ယှက်ခတ်သွားမှာ ဖြစ်လို့ အလွန်ကြီးမားတဲ့ အန္တရာယ်ရှိတယ်"

ထိုစကားကို ပြောပြီးနောက်တွင် ထောင်အုပ်လျန့်က သူ့နှုတ်ခမ်းများကို တင်းတင်းကျပ်ကျပ် ဖိကိုက်ထားလိုက်သည်။

"ဒါ့အပြင် စံလုပ်ထုံးလုပ်နည်းအရ ဒီလို အင်အားသုံး ကျူးကျော်ဝင်ရောက်မှုကို အသုံးချချင်ရင် အထက်အရာရှိတွေကို အရင်တင်ပြပြီး ညွှန်ကြားချက်ကို စောင့်ရလိမ့်မယ်"

"ရွှေကုံးဂိုဏ်းကို ဒီလိုမျိုး ဦးဆောင်မှုရဖို့က မလွယ်ဘူး.. တစ်ခုခု မှားယွင်းသွားရင် ကျွန်တော်ရော ဒါရိုက်တာကျိုး ရော တာဝန်ယူနိုင်မှာ မဟုတ်ဘူး"

"အင်း"

ကျိုးရီက ခေါင်းညိတ်၍ မျက်မှောင်ကြုတ်လိုက်သည်။

"ဒါဆို ငါတို့မှာ နောက်ဆုံး နည်းလမ်းတစ်ခုပဲ ရှိတော့တယ်.."

ထောင်အုပ်လျန့် "အဲဒါက ဘယ်လိုနည်းလမ်းလဲ"

ကျိုးရီက ထောင်အုပ်လျန့် အနီးကို ရောက်လာပြီး နားထဲသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။

"ဗြန်း"

ထောင်အုပ်လျန့်က အားရစွာဖြင့် စားပွဲကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

သူ၏ မျက်လုံးများက ရုတ်တရက် တောက်ပလာသည်။

"ကောင်းလိုက်တဲ့အကြံ.. အဲဒီလိုပဲလုပ်ရအောင်"

............................

စုန့်ဟိုင်ထောင်၏ အထူးအချုပ်ခန်း။

သိုးမွှေးဦးထုပ် ဆောင်းထားသည့် အမျိုးသားကို အကျဉ်းထောင် အရာရှိနှစ်ဦးက အထူး အချုပ်ခန်းသို့ ပို့ဆောင်ခဲ့သည်။

"မ-အေ-ပေးတွေ ငါ့ကို မတွန်းနဲ့.. ငါကိုယ်တိုင် လမ်းလျှောက်နိုင်တယ်"

သူ့စကားများက မာထန်နေဆဲဖြစ်သည်။

သူက ထောင်အရာရှိနှစ်ယောက်၏ ရှေ့မှာပင် ကြောက်ရွံ့မှုမျိုး လုံးဝမပြဘဲ ခံနိုင်ရည်ရှိကြောင်း ပြသခဲ့သည်။

ထောင်အရာရှိ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးလိုက်၏။

"ဟားဟား.. ဆက်ပြီး ရယ်ထားစမ်းပါ.. နောက်မှ ငိုရလိမ့်မယ်"

အရာရှိနှစ်ယောက်က ထိုစကားကို ပြောပြီးနောက် ဘာမှ ထပ်မပြောတော့ဘဲ ခြေထောက်ကိုယ်စီ မြှောက်၍ ထိုလူကို အချုပ်ခန်းထဲသို့ ကန်ထည့်လိုက်သည်။

ဤကန်ချက်က အလွန်ပင် ကျေနပ်အားရစရာကောင်း၏။

ထောင်အရာရှိတစ်ယောက်က သူ့ကို စိုက်ကြည့်လိုက်သည်။

"ဒုတိယ စစ်မေးမှု မတိုင်ခင်အထိ မင်းဒီမှာနေရမယ်"

"အခန်းက မဆိုးပါဘူး ကျယ်သားပဲ"

ထိုလူက ထောင်အရာရှိများကို ထီမထင်စွာ ကြည့်၍ ပြောလိုက်သည်။

ထို့နောက် အရှက်မဲ့စွာ ရယ်လိုက်သည်။

"ဟား... ဒီမှာ လက်တိုလက်တောင်းခိုင်းဖို့ အစောင့်တစ်ယောက်တောင် မရှိဘူးလား"

"မင်းတို့တွေ ငါ့ကို နည်းနည်းလောက် ကောင်းကောင်းကန်းကန်း မဆက်ဆံနိုင်ဘူးလား"

ထောင်အရာရှိနှစ်ယောက်က ထိုစကားများကို မကြားချင်ဟန်ဆောင်ပြီး အချုပ်ခန်းတံခါးကို ဂျိန်းခနဲ ကောက်ပိတ်လိုက်သည်။

ထောင်အရာရှိ နှစ်ယောက် လှည့်ထွက်သွားစဉ် ထိုလူက အေးစက်စွာ ရယ်မောလိုက်သည်။

"ဘာမဟုတ်တဲ့ထောင်လေးပဲ.. ဒါက စုန့်ဟိုင်ထောင်တဲ့လား ထောင်အရာရှိတွေကလည်း ဘာမှသောက်သုံးမကျဘူး"

ထိုစကားကို ပြောပြီးနောက်တွင် ကြက်သီးမွေးညင်းများ ထလာသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။

သူက ဦးခေါင်းကို လှည့်ကြည့်လိုက်ရာ အထူးအကျဉ်းခန်းထဲရှိ သူ့အဖော်နှစ်ယောက်က သူ့ကို စိုက်ကြည့်နေမှန်း တွေ့လိုက်ရသည်။

ချက်ချင်းပင် ထိုလူက အေးစက်သော ချွေးစေးများ ထွက်လာ၏။

အဘယ်ကြောင့်ဆိုသော် သူ့၏ အကျဉ်းခန်းဖော် နှစ်ယောက်လုံးက သာမန်လူများ မဟုတ်၍ပင်။

၎င်းတို့ထဲမှ တစ်ဦးမှာ ဟွာရှို့နိုင်ငံ၏ သမိုင်းတွင် အင်အား အကြီးမားဆုံး အမှောင်အင်အားစု ခေါင်းဆောင်တစ်ဦး ဖြစ်သည့် အင်မော်တယ်စံအိမ်သခင် ဖြစ်သည်။

နောက်တစ်ဦးမှာ အရိပ်အဖွဲ့အစည်းခေါင်းဆောင် ကျန်းလျှိုယွဲ့၏ ခန္ဓာကိုယ်ထဲတွင် ရှိနေပြီး တစ်ချိန်က ဟွာရှို့နိုင်ငံ တစ်ခုလုံးတွင် ကြောက်မက်ဖွယ် အမှောင်ခေတ်ကြီးအား ဖန်တီးခဲ့သည့် မိစ္ဆာအင်ပါယာ ကွာဖီ ဖြစ်နေသောကြောင့်ပင်။

All Chapters