တာအိုဆရာ တောက်တိ
Vol. 22 Ch. 326
ဇူလိုင်တစ်ရက်နေ့သည် စာသင်နှစ်၏ ဆယ်ပတ်မြောက် စနေနေ့ ဖြစ်သည်။
သာယာသည့် နံနက်ခင်းတစ်ခုတွင် ဝမ်လင်းက အတန်း၏ ချက်ဂရု၌ အထူး တက်ကြွနေသည်ကို တွေ့ရှိခဲ့သည်။
ပုံမှန်အားဖြင့် ချက်ဂရုထဲ၌ မည်သူမှ စကားမပြောဖြစ်ကြပေ။
အများစုအတွက်မှာ စာရွက်စာတမ်းများ မျှဝေရန်သာဖြစ်သည်။
အဆုံးသတ်တွင် နံနက်ပိုင်း ကိုယ်ပိုင် စာလေ့လာချိန် အတွင်း ချက်ဂရု၏ အမျိုးမျိုးသော အကြောင်းအရာ အားလုံးကို ကော်ဟောက်ကသာ လွှမ်းမိုးသွားသည်။
ချက်ဂရုကို ဖန်တီးပြီးနောက်တွင် တစ်စုံတစ်ယောက်က 92ထကြောင်ပြီး ဆရာမဖန်ကိုပါ ဂရုထဲ ထည့်လိုက်ရာ မန်ဘာများအတွက် အလွန်ကို အဆင်မပြေ ဖြစ်စေခဲ့သည်။
မကြာသေးမီ အချိန်ကစပြီး ချက်ဂရုထဲ၌ ခါတိုင်းထက်ပို၍ အတင်းအဖျင်း ပြောဆိုမှုများ ဖြစ်လာသည်။
ဤနေ့နံနက်တွင် ချက်ဂရုက အထူး ပေါက်ကွဲသွားခဲ့သည်။
ဝမ်လင်းက ချက်ဂရုကို ဖွင့်သောအခါတွင် သူ မဖတ်ရသေးသော မက်ဆေ့ချ် အရေအတွက်က 99+ ဖြစ်နေကြောင်း တွေ့ရှိခဲ့သည်။
ယင်းက ရွှေကုံးဂိုဏ်းကိစ္စ၏ တိုးတက်မှု အသစ်များကြောင့် ဖြစ်ကြောင်း မည်သူမဆို ပြောနိုင်ပေသည်။
သူက မက်ဆေ့ချ်များကို ကြည့်လိုက်ရာ ကော်ဟောက်၏ မက်ဆေ့ချ်များကို တွေ့လိုက်ရသည်။
"မင်းသိလား မနေ့တုန်းက အဖမ်းခံရတဲ့ ရွှေကုံးဂိုဏ်းဝင်လို့ သံသယရှိသူက အပြစ်ရှိကြောင်း ဝန်ခံခဲ့တယ်.. ဒီသတင်းကို လူသိရှင်ကြား မထုတ်ပြန်ရသေးဘူး.. ငါ့ဦးလေးဆီက ကြားခဲ့တာ"
"အပြစ်ရှိကြောင်း ဘာလို့ဝန်ခံသွားရတာလဲ.. ပျောက်ဆုံးနေတဲ့ ကျောင်းသားအားလုံး ပြန်ရောက်လာပြီ မဟုတ်လား"
"မဟုတ်ဘူး.. ကျောင်းသားတွေက အဖြစ်အပျက်တွေကို မမှတ်မိတော့ဘူး.. အဲဒီလူရဲ့ အဆိုအရ အသီးတစ်မျိုးကို ကျွေးထားတာတဲ့"
"ဘာအသီးကျွေးတာလဲ"
"အဲဒါတော့ မသိသေးဘူး.. အဲဒီလူက ရွှေကုံးဂိုဏ်းရဲ့ အရံအဖွဲ့ဝင်တစ်ဦးပဲ ဖြစ်ပုံရတယ်.. သူ့ရဲ့တာဝန်က ကျောင်းသားတွေကိုဖမ်းဖို့လောက်ပဲ.. သူက တစ်စုံတစ်ဦးကို ဖမ်းမိတာနဲ့ ဂိုဏ်းရဲ့ အတွင်းစည်းက စီနီယာတွေထံ လွှဲပြောင်းပေးရတယ်.. ရွှေကုံးဂိုဏ်းရဲ့ ဌာနချုပ်က ဘယ်မှာရှိမှန်းတောင် သူ မသိဘူး.. ဒီလူက ရွှေကုံးဂိုဏ်းကို တကယ်တော့ ရွှေကုံးဂိုဏ်းလို့ ခေါ်တာ မဟုတ်ဘူးလို့တောင် ပြောခဲ့တယ်
"ဘာကိုဆိုလိုတာလဲ"
"စံအသံထွက်အရ တကယ်တော့ ရွှေကော ဖြစ်သင့်တယ်.. မန်ဒရင်း လေသံက လူတွေကို အမှတ်မှားစေနိုင်တယ် ဆိုတာ ဘယ်သူသိနိုင်မှာလဲ"
လူတိုင်း "............"
ဝမ်လင်း "............"
ဝမ်လင်းက ကော်ဟောက်၏ ကျန်သတင်းများကို လှန်လှောကြည့်လိုက်သည်။
အချက်အလက် အားလုံးကို အကျဉ်းချုံး ပြောရလျှင် ရွှေကုံးဂိုဏ်း၏ အမည်ရင်းမှာ ရွှေကောဂိုဏ်း ဖြစ်သည်။
အထူးသဖြင့် ရုပ်ရည်ချောမောသူများကိုသာ ပြန်ပေးဆွဲရန် ကျောင်းဆင်းပြီး အိမ်ပြန်လာမည့် ကျောင်းသားများကို ဤအဖွဲ့က အခွင့်ကောင်းယူခဲ့သည်။
ဖမ်းမိခဲ့လျှင် မှောင်မိုက်နေသည့် အခန်းကျဉ်းလေးထဲတွင် ပိတ်ထားပြီး စားဖို့ သစ်သီးများ ပေးသည်။
ထို့နောက်တွင် ၎င်းတို့က ထိခိုက်မှုမရှိဘဲ ပြန်ပို့ခံခဲ့ရ၏။
ဤအမှောင်အဖွဲ့အစည်းက တစ်စုံတစ်ရာ မှားယွင်းနေပါသလော။
အချက်အလက် အားလုံးကို စုစည်းပြီးနောက် ဝမ်လင်းက စဥ်းစားခန်းဝင်ခဲ့သည်။
ကျောင်းသားများက ဘေးကင်းစွာ ပြန်လာခဲ့ကြသော်လည်း ရွှေကုံးဂိုဏ်း၏ ရည်ရွယ်ချက်အမှန်ကို မဖော်ထုတ်မချင်း ရဲများနှင့် ကျောင်းအာဏာပိုင်များက လက်ရှိ တင်းကျပ်ထားမှုများကို ဖြေလျှော့ပေးမည် မဟုတ်ပေ။
ကျောင်းဆင်းလျှင် မိဘများက သားသမီးများကို ဆက်၍ ကြိုရပေဦးမည်။
ယင်းမှာ မငြိမ်သက်သေးသော အခြေအနေ အောက်တွင် ရွှေကုံးဂိုဏ်းက တစ်ခုခု လုပ်ဆောင်လာမည်ကို စိုးရိမ်နေခြင်းကြောင့် ဖြစ်သည်။
ဖန်သားပြင်ပေါ်မှ မက်ဆေ့ချ်များကို စိုက်ကြည့်ရင်း ဝမ်လင်းက အတွေးထဲတွင် နစ်မြောသွားခဲ့သည်။
အမှတ် ၆၀ အထက်တန်းကျောင်းမှ ကျောင်းသားတစ်ဦးမှ ယခုတစ်ကြိမ် ဖြစ်စဉ်တွင် ထိခိုက်မှု မရှိခဲ့ပေ။
ဤကျောင်းက ဆက်မနေသင့်တော့ဟု သူတွေးမိသည်။
ထိုအတွေးကြောင့် သူ့စိတ်ထဲတွင် ပြုံးလိုက်မိသည်။
သူ၏ အထက်တန်း ကျောင်းသားဘဝက တကယ်ကို အရောင်အသွေးစုံလင်လှ၏။
ကျောင်းစတက်တာ ခဏလေးသာ ရှိသေးသော်လည်း ဒုက္ခများကို ဒုနှင့်ဒေး ကြုံနေရပြီ မဟုတ်လော။
.........................
ထိုအချိန်တွင် ရဲတိုက်လေဒီသည် မြို့လယ်ရှိ ကျားရှစ် ရင်ပြင်၏ ရုံးအဆောက်အဦး အပေါ်ဆုံးထပ်တွင် ထိုင်ခုံပေါ်တွင် ထိုင်ကာ နံနက်ခင်းသတင်းကို ကြည့်ရှုနေသည်။
တစ်ချိန်တည်းမှာပင် သူမက တာအိုဆရာ တောက်တိ၏ နည်းဗျူဟာကို တိတ်တဆိတ် သဘောကျနေခဲ့သည်။
သူမ ကိုယ်တိုင် အပါအဝင် မည်သူကမှ ကျောင်းသားများကို ဘေးကင်းစွာ ပြန်လာမည်ဟု မမျှော်လင့်ခဲ့ကြပေ။
ဤကိစ္စကို စတင်ကတည်းက ရွှေကုံးဂိုဏ်း၏ လှုပ်ရှားမှုအားလုံးကို စီစဉ်ခဲ့သူမှာ စီနီယာတောက်တိ ဖြစ်သည်။
မော့အင်မော်တယ်ရဲတိုက်က ပါတနာအနေဖြင့် သူတို့ စုံစမ်း စုစည်းထားသော မြို့တော်၏ အချက်အလက်များကို ပေးလိုက်ရုံမျှသာ။
ထိုအချက်အလက်များမှာ စုန့်ချင်းရှု မော့အင်မော်တယ်တွင် ရှိစဥ်ကတည်းက ရှာဖွေထားခြင်း ဖြစ်သည်။
ရဲတိုက်လေဒီက ထိုအချက်အလက်ကို တစ်ချိန်လုံး လက်ဝယ်ကိုင်ထားသော်လည်း ထိုမျှ အသုံးဝင်မည်ဟု မထင်ထားခဲ့ပေ။
သူမက နံနက်ခင်းသတင်းကို ကြည့်ရင်း တစ်စုံတစ်ယောက်က ဤနေရာသို့ ရောက်နေကြောင်း သူမ ကောင်းစွာ သိရှိခဲ့သည်။
ထို့အပြင် ဤလူက အစွမ်းထက်ကျင့်ကြံသူ တစ်ယောက်ပင်။
အဆောက်အဦး၏ အောက်ထပ်ကနေ အော်ရာတစ်ခု ထွက်ပေါ်လာပြီးနောက် လူတစ်ယောက်က အထဲကို ဝင်လာကြောင်း သူမ ခံစားမိသည်။
သူမက မျက်မှောင်ကြုတ်သွားပြီး အေးစက်သော ချွေးများက နဖူးပေါ်ကနေ အဆက်မပြတ် စီးကျလာသည်။
ယခုရောက်လာသောလူက အလောင်းကောင် တောင်ပုံရာပုံများ နှင့် သွေးပင်လယ်ပြင်ကို ဖြတ်ကျော်လာ သကဲ့သို့ ခန္ဓာကိုယ်အော်ရာက ကြောက်စရာ ကောင်းလွန်းလှသည်။
ထို့အပြင် အော်ရာက တိကျသော ဦးတည်ချက် မရှိပေ။
ထိုလူက ရည်ရွယ်ချက်ရှိရှိ ထုတ်လွှတ်ခဲ့မှန်း ထင်ရှားနေ၏။
ဤအဆောက်အဦးထဲရှိ လူအားလုံးကို သူရောက်လာကြောင်း သတိပေးချက် ပြောင်ပြောင်တင်းတင်း ပေးလိုက်သကဲ့သို့ပင်။
"စီနီယာ.. သင်ကဘယ်သူလဲ"
ရဲတိုက်လေဒီ၏ အသံက လေထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
စက္ကန့်အနည်းငယ် အကြာတွင် ရုံးခန်း၏ ပင်မတံခါးက ပေါက်ကွဲသံကြီးနှင့် အတူ ပွင့်သွားခဲ့ပြီး သတ်ဖြတ်လိုသော အော်ရာများ လှိုင်လှိုင် ထွက်ပေါ်လာ၏။
ရဲတိုက်လေဒီ၏ မျက်နှာပေါ်မှ ချွေးများက တသွင်သွင် စီးကျလာသည်။
ထိုခဏတွင် မျက်နှာဖုံးစွပ်ထားသည့် အမျိုးသား တစ်ဦးကို သူမ မြင်လိုက်ရသည်။
ထိုမျက်နှာဖုံးစွပ် အမျိုးသားက မျက်မှန်နက် နှင့် အနက်ရောင် လေကာ အပေါ်ဝတ်ရုံကို ဝတ်ဆင်ကာ ဖြည်းညှင်းစွာ ဝင်လာသည်။
ရဲတိုက်လေဒီက ထိုလူကို မြင်သောအခါ ထိတ်လန့်သွားပြီး ကပျာကယာ ဦးညွှတ်လိုက်သည်။
"တွေ့ရတာဝမ်းသာပါတယ် စီနီယာတောက်တိ"
ရဲတိုက်သခင်က တာအိုဆရာ တောက်တိ၏ အသွင်အပြင် အကြောင်းကို ကြာရှည်စွာ ပြောပြခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော အော်ရာနှင့် တွဲဖက်ကာ သူမက ယခု ရောက်လာသောလူ၏ ဝိသေသ လက္ခဏာကို ချက်ချင်းနီးပါး ခန့်မှန်းနိုင်ခဲ့သည်။
အနက်ရောင် လေကာ အပေါ်ဝတ်ရုံကို ၀တ်ဆင်ထားသော အမျိုးသားက ဘာမပြော ညာမပြောဖြင့် ရဲတိုက်သခင်၏ ထိုင်ခုံတွင် ထိုင်ချလိုက်သည်။
ဆယ်စက္ကန့်လောက် တိတ်ဆိတ်သွားပြီးနောက် သူက စကားစပြောခဲ့သည်။
"ဟက်.. အခုခေတ်ရဲ့ လူငယ်တွေက လောကဝတ်တွေ မသိတော့ဘူးပဲ"
ရဲတိုက်လေဒီက ချွေးများထွက်လာသည်။
"စီနီယာတောက်တိ စိတ်မဆိုးပါနဲ့ .. ဒီဂျူနီယာက စီနီယာလာလည်မှာကို မသိလိုက်လို့ပါ.. သိခဲ့ရင် စီနီယာကို ကိုယ်တိုင် ကြိုဆိုမှာပေါ့"
"အင်း ငါဆိုလိုတာက.."
တောက်တိက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး မျက်မှန်ကို ပင့်တင်ကာ သူမကို စိုက်ကြည့်လိုက်သည်။
"ဒီတစ်ခါတော့ ငါ ရုတ်တရက် လာမိတယ်.. ကြိုမပြောထားဘူးဆိုတော့ မင်းအပြစ်လည်း မဟုတ်ပါဘူး.. ဒါပေမဲ့ မင်းရဲ့အောက်ထပ်က ငယ်သားတွေကတော့ တကယ်ကို အသုံးမကျဘူး"
ရဲတိုက်လေဒီက အံ့အားသင့်သွားသည်။
"စီနီယာက ဘာလို့ ဒီလိုပြောရတာလဲ"
တောက်တိ "ငါဒီကိုလာတာ ပြဿနာ ရှာဖို့မဟုတ်ဘူး.. ဒါပေမယ့် ပင်မဝင်ပေါက်ကို ရောက်တဲ့အခါမှာ ဧည့်ကြိုခေါင်းဆောင်က ငါ့ကို ကြိုချိန်းထားလားလို့ မေးပြီး နေကာမျက်မှန်နဲ့ မျက်နှာဖုံးကို ချွတ်ဖို့ အတင်းအကြပ် တောင်းဆိုတယ်လေ"
ရဲတိုက်လေဒီ "............"
တောက်တိက သက်ပြင်းချ၍ ပြောလိုက်သည်။
"မင်းလက်အောက်ငယ်သားတွေက လူကဲမခတ်တတ်ဘူး"
ရဲတိုက်လေဒီ "စီနီယာ ဘယ်လိုအရေးယူလိုက်လဲ"
တောက်တိ "ငါ့မျက်နှာဖုံးကို တစ်ဝက် ဖယ်ပေးပြီး မင်းရဲ့လက်အောက်ငယ်သားတွေကို အန်ဖတ်ဆို့အောင် လုပ်ပေးလိုက်တယ်"
ရဲတိုက်လေဒီ "............."
ထိုစကားကိုပြောနေသည့် တောက်တိ၏ အမူအရာက မပျော်မရွှင် ဖြစ်နေကြောင်း သိသာနေသည်။
တာအိုဆရာ တောက်တိ အတွက်တော့ သူ၏ရုပ်ရှည်မှာ အမြဲလိုလို တားမြစ်ချက် တစ်ခု ဖြစ်ခဲ့သည်။
အောက်ထပ်မှ သူ့လက်အောက်ငယ်သားများ ကျူးလွန်ခဲ့သည့် လုပ်ရပ်ကိုကြားလျှင် ရဲတိုက်လေဒီက အေးစက်သော ချွေးများ ထွက်လာ၏။
"စီနီယာ သူတို့ကို ဆုံးမတာ မှန်ပါတယ်.. သေတာက သူတို့အတွက် ကံကောင်းလွန်းနေပါသေးတယ်"
"သူတို့ကို သတ်လိုက်ပြီလို့ ငါဘယ်တုန်းကမှ မပြောခဲ့ဘူး.. ငါ့ရဲ့အော်ရာနဲ့ ပညာပေးလိုက်ရုံပါပဲ"
"ဟားဟား.. ငါသာ အော်ရာကို ဆက်ပြီး ထုတ်လွှတ်ခဲ့ရင် သူတို့ရဲ့ ရွှေအူတိုင်တွေ လွှင့်ပစ်လိုက်ရမှာကိုတောင် စိုးရိမ်မိတယ်"
ရဲတိုကိလေဒီ "............"
ထိုစကားများကို ပြောရင်း အနက်ရောင် လေကာ အပေါ်ဝတ်စုံကို ဝတ်ထားသည့် တောက်တိက ခေတ္တရပ်ကာ ရဲတိုက်လေဒီကို စူးစိုက်ကြည့်လိုက်၏။
"ငါက စီနီယာအကို လေလွင့်ကိုယ်လူချောလို အပြစ်ကင်းစင်တဲ့သူတွေကို တမင် သတ်ပစ်မယ်လို့ ထင်နေတာလား"