တိကျသောရည်ရွယ်ချက်ရှိသူ
Vol. 22 Ch. 327
တာအိုဆရာ တောက်တိ၏ စကားကြောင့် ရဲတိုက်လေဒီက အနည်းငယ် စိတ်ပျက်သွားသည်။
တစ်ချိန်က ခိုင်မာသော နှောင်ကြိုးများ ရှိခဲ့ပြီး လူသတ်သမားစာရင်းကို အတူတကွ ပြုစုခဲ့ကြသော ဤညီနောင် နှစ်ဦးမှာ ယခုအခါတွင် ခွာပြဲသွားခဲ့ပြီ ဖြစ်သည်။
တစ်ယောက်နှင့် တစ်ယောက် အဆက်အသွယ် လုံးဝပြတ်သွားသော်လည်း အကြောင်းရင်းကို မည်သူမှ ရှင်းရှင်းလင်းလင်း မသိခဲ့ပေ။
ဟုတ်ပါသည်။ စီနီယာ လေလွင့်ကိုယ်လူချောက မစ်ရှင်ဆောင်ရွက်ရင်း လုပ်ခဲ့မိသည့် အမှားတစ်ခုကြောင့်ဟု ကောလဟာလများ ရှိခဲ့သော်လည်း အမှန်တရားကို မည်သူမှ မသိခဲ့ကြပေ။
ဤဖြစ်ရပ်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ရဲတိုက်လေဒီက ရဲတိုက်သခင် သူမကို မှာထားသည့်သတိပေးချက်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။
စီနီယာတောက်တိ ရောက်လာလျှင် ပြော၍မရသည့် အချက်နှစ်ချက် ရှိသည်။
ပထမတစ်ချက်က စီနီယာတောက်တိ၏ အသွင်အပြင်နှင့် သက်ဆိုင်ပြီး ဒုတိယအချက်မှာ တောက်တိ နှင့် လေလွင့်ကိုယ်လူချောတို့ ဆက်ဆံရေး ပြတ်တောက်ရသည့် အကြောင်းရင်းဖြစ်သည်။
အကယ်၍ လျှာရှည်မိလျှင် ပြဿနာကို ဖိတ်ခေါ်သလိုသာ ဖြစ်စေလိမ့်မည် မဟုတ်လော။
ယေဘုယျအားဖြင့် ဤကဲ့သို့ အခြေအနေမျိုးတွင် ဆိတ်ဆိတ်နေခြင်းသည်သာ အကောင်းဆုံး ဖြစ်ပေသည်။
"ဒီဖြစ်ရပ်က တော်တော်ကြာနေပါပြီ.. ဒါပေမယ့် အခုပြန်တွေးကြည့်တော့လည်း ဒေါသမထွက်ဘဲ မနေနိုင်သေးဘူး"
ရဲတိုက်လေဒီက စကားလုံးဝ မပြောရဲပေ။
သူမက စီနီယာတောက်တိ ထံမှ ဒေါသကို ရှင်းရှင်းလင်းလင်း ခံစားနေရသည်။
"ငါ့စီနီယာအကို လေလွင့်ကိုယ်လူချောက ဘယ်လောက်ထိချောမောလည်း ဆိုတာကိုပဲ ကမ္ဘာက သိတယ်.. ငါ့ကိုတော့ ဘယ်သူမှ ဂရုမစိုက်ခဲ့ကြဘူး.. တကယ်တော့ ရုပ်ရည်က အရာရာတိုင်းအတွက် မဖြစ်နိုင်တဲ့ အချိန်တွေလည်း ရှိပါတယ်"
တောက်တိက ထိုင်ရာမှထပြီး ရဲတိုက်လေဒီကို စိုက်ကြည့်လိုက်သည်။
"မင်းသိလား.. လေလွင့်ကိုယ်လူချောက ငါ့မွေးစားသား ဘလက်ဂါ့ဇ်ကို သတ်ခဲ့တယ်.. ဒါကြောင့်ပဲ ငါတို့တွေ လမ်းခွဲခဲ့ကြတယ်"
"ပြင်ပမှာပြန့်နေတဲ့ ကောလဟာလတွေ အရတော့ သူက အမှားအယွင်း လုပ်မိတယ်လို့ ပြောနေကြတယ်.. ဒါပေမဲ့ ငါ မြင်လိုက်ရတာကတော့ သူက ရည်ရွယ်ချက်ရှိရှိ လုပ်တာပဲ"
"............."
ရဲတိုက်လေဒီက အလွန် တုန်လှုပ်သွားသည်။
ကြောက်မက်ဖွယ် လျှို့ဝှက်ချက်တစ်ခုကို ကြားလိုက်ရပြီးနောက် သူမကိုယ်သူမ ချုပ်နှောင်ခံထားရသလို ခံစားခဲ့ရ၏။
တောက်တိက ဆက်၍ ပြောခဲ့သည်။
"သူနဲ့ငါ အဆက်အသွယ် ဖြတ်ပြီးတဲ့ နောက်မှာတော့ သူက ကျင့်ကြံရေး လောကကနေ တရားဝင် အနားယူခဲ့ပြီး လုပ်ကြံရေး အသိုင်းအဝိုင်းကနေ ပျောက်ကွယ်သွားခဲ့တယ်"
"အဲဒီနောက်ပိုင်း သူ့အသွင်အပြင် ပြောင်းလဲသွားတော့ ငါ သူ့ကို ရှာမတွေ့ခဲ့ဘူး.. မင်းရဲ့ သခင်ကြောင့်သာ မဟုတ်ရင် သူက သာမန် အထက်တန်းကျောင်းမှာ သမိုင်းဆရာ ဖြစ်နေပြီဆိုတာ ငါဘယ်လိုမှယုံနိုင်မှာ မဟုတ်ဘူး.. ဟက်.. ငါတို့ ကံကြမ္မာတွေက ဆက်နွှယ်နေတဲ့ပုံပဲ"
တာအိုဆရာ တောက်တိက ထိုအချိန်က ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်များကို မမေ့နိုင်သေးကြောင်း ထင်ရှားနေ၏။
"ဒီကိစ္စကို ငါစီစဉ်နေတာကြာပြီ.. သူ့ကို ငါ့လို နာကျင်မှုမျိုး ခံစားစေချင်တယ်.. ဒါပေမယ့် ငါသူ့ကို ဒုက္ခမပေးချင်ဘူး.. သူ့အပြစ်တွေအတွက် လူတိုင်းကို ပေးဆပ်စေချင်တယ်"
သို့သော် ယင်းအချိန်မှာပင် ရဲတိုက်လေဒီက အဆောက်အဦး၏ ပြင်သစ် ပြတင်းပေါက်များမှ တဆင့် ၎င်းတို့ဆီသို့ အလင်းတန်းများ ကျရောက်လာသည်ကို ရုတ်တရက်တွေ့လိုက်ရသည်။
"သတိထားပါ"
တာအိုဆရာတောက်တိက ရဲတိုက်လေဒီကို ဘေးသို့ တွန်းထုတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် ထိုအလင်းတန်းကို ဖမ်းရန် သူ၏ လက်ချောင်းများကို ဆန့်ထုတ်လိုက်သည်။
ထိုအခါမှသာ ရဲတိုက်လေဒီက ထင်ထင်ရှားရှား မြင်လိုက်ရသည်။
ဤအလင်းတန်းက တကယ်တမ်းတွင် မြေဖြူခဲ အပိုင်းအစတစ်ခု ဖြစ်နေသည်။
ထို့နောက် အသံတစ်သံက လေထဲကနေ တိုးညှင်းစွာ ထွက်ပေါ်လာသည်။
"တာအိုဆရာတောက်တိက သူတပါး နောက်ကွယ်မှာ အတင်းအဖျင်း ပြောတတ်မယ်လို့ ဘယ်သူက ထင်မိမှာလဲ"
"ဘယ်သူလဲ"
"ထိတ်လန့်နေစရာ မလိုပါဘူး.. သူက ဂျူနီယာလေးပါ"
တောက်တိက သူ့လက်ထဲမှ မြေဖြူခဲကို စိုက်ကြည့်ကာ ပြုံးလိုက်သည်။
"မင်းရဲ့ တိကျမှုက ကောင်းပေမယ့် မင်းရဲ့ လက်ချောင်းအားက မင်းရဲ့ဆရာကို မမီသေးဘူး"
"လျှို့ဝှက်လက်နက်အဖြစ် သာမန်အရာဝတ္ထုကို ပိုသုံးလေ၊ ကိုင်တွယ်ရ ပိုခက်လေပဲ.. ကမ္ဘာပေါ်မှာ မြေဖြူခဲကို လျှို့ဝှက်လက်နက်အဖြစ် သုံးနိုင်တဲ့ ကျင့်ကြံသူ သုံးယောက်ပဲ ရှိတယ်"
ရဲတိုက်လေဒီ "သူတို့က ဘယ်သူတွေလဲ။"
ထိုအချိန်တွင် တာအိုဆရာ တောက်တိက သူ့မျက်လုံးများကို လေထဲသို့ ကြည့်ကာ ရယ်မောလိုက်သည်။
"ပထမတစ်ယောက်ကတော့ ကျူပင် ဆိုတဲ့ ကုဒ်နာမည်နဲ့ နာမည်ကြီး လူသတ်သမားပါ.. အဲဒီအချိန်ကတော့ သူက လျှို့ဝှက်လက်နက် အသုံးပြုရာမှာ တိကျ သေချာလွန်းတာကြောင့် လူသတ်သမားစာရင်းရဲ့ ထိပ်ဆုံးကို တက်လုနီးပါးဖြစ်ခဲ့တယ်.. သူက လက်နက်ပုန်းအပြင် သေနတ်ပစ်တာကိုလည်း ကျွမ်းကျင်တယ်.."
"သူက လီတစ်သောင်းအကွာက လူကိုသတ်ဖို့ ဝိညာဥ်ရေးစွမ်းအားကို အသုံးပြုပြီး လက်နက် လမ်းကြောင်းကို တိကျစွာ ထိန်းချုပ်နိုင်တယ်.. ဒါ့အပြင် သေနတ်ပစ်ရင်လည်း လက်တုန်ယင်မှုမရှိဘူး.. လက်ကောက်ဝတ်အားကို အသုံးမပြုဘဲ လက်နှစ်ချောင်းကိုပဲ အသုံးပြုပြီး မိနစ်ပိုင်းအတွင်း ပျက်စီးမှုအများအပြား ဖြစ်အောင် လုပ်ဆောင်နိုင်တယ်"
"ဒါပေမယ့် အဲဒီအချိန်က လူသတ်သမားတွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် သူသေဆုံးသွားရတဲ့ အတွက် အပြင်မှာရှိနေတဲ့ ဂျူနီယာက သူတော့ ဖြစ်နိုင်ဖွယ် မရှိဘူး"
ရဲတိုက်လေဒီ "............"
"ဒုတိယလူက ငါ့ရဲ့စီနီယာ အစ်ကို လေလွင့်ကိုယ်လူချောပဲ"
ထိုစကားကိုပြောရင်း တောက်တိက ရဲတိုက်လေဒီကို ကြည့်ကာ ရယ်မောလိုက်သည်။
"ဒါပေမယ့် ငါ့အစ်ကိုကြီးဆိုရင် မင်းသေနေလောက်ပြီ"
"ငါတို့ဆရာကလွဲပြီး ငါ့အကိုရဲ့ လျှို့ဝှက်လက်နက်ပုန်းကို ဖမ်းနိုင်တဲ့သူ ဒီကမ္ဘာပေါ်မှာ မရှိတော့ဘူး"
ရဲတိုက်လေဒီက စကားမပြောဘဲ နေခဲ့သည်။
"............"
တစ်ဖက်လူ၏ စကားထဲတွင် မာန်မာန အရိပ်အယောင်များ ကပ်ပါလာသည်ကို သူမ နားမလည်ဘဲ မနေပေ။
"တတိယလူကတော့.."
တောက်တိက မျက်နှာဖုံးအောက်မှ ခပ်ယဲ့ယဲ့ပြုံးကာ လက်နှစ်ချောင်းဖြင့် ဖိချလိုက်ရာ မြေဖြူခဲက ချက်ချင်းပင် အမှုန့်ဖြစ်သွားသည်။
"သူက ငါ့အစ်ကိုကြီးရဲ့ တပည့်အကြီးဆုံးဖြစ်တဲ့ လူသတ်ဆရာပဲ"
ထိုခဏတွင် လူသတ်ဆရာ၏ အသံက လေထဲတွင် ထွက်ပေါ်လာသည်။
"မျှော်လင့်ထားသလိုပဲ စီနီယာက အမြင်စူးရှသားပဲ"
"ငါက မင်းရဲ့ဆရာနဲ့ ဂိုဏ်းတူတွေပဲလေ.. ငါ့မှာ ဒီလောက်လေးတောင် အရည်အချင်း မရှိရင် ငါသေသွားတာ ကြာလောက်ပြီ"
တောက်တိက ပြုံးလိုက်သည်။
"မင်းရဲ့ ဆရာအတွက် ပြောစရာရှိလို့လား.. ဂိုဏ်းတူချင်း ခင်မင်ရင်းနှီးမှုအတွက် သူ့ရဲ့ နောက်ဆုံးအချိန်ကို ပြင်ဆင်ဖို့ အချိန်အလုံအလောက် ပေးမယ်လို့ သူ့ကို ပြန်ပြောလိုက်ပါ"
သူဆက်မပြောမီ တစ်ဖက်က ရှင်းရှင်းလင်းလင်း ခေတ္တရပ်သွားပြီးမှ ပြောလိုက်သည်။
"ငါ စိတ်တိုလာပြီ.. အဲဲဒီကိစ္စက ဆရာနဲ့ ဘာမှမဆိုင်ဘူး.. အခု သူ့ဘဝက အရမ်း အခြေကျနေပြီ.. သူက ဒီအသိုင်းဝိုင်းကနေ ထွက်ခွာသွားတာလည်း ကြာပါပြီ.. အဲဒီတုန်းက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် အတွက် သူက အမြဲတမ်း စိတ်မကောင်းဖြစ်နေခဲ့တာပါ.. စီနီယာတောက်တိက ဒီကိစ္စကို သဘောထားကြီးပြီး ခွင့်လွှတ်ပေးခဲ့မယ်ဆိုရင် ဒီထက် ပိုကောင်းတဲ့ကိစ္စ ရှိတော့မှာ မဟုတ်ဘူး.. ဒီကိစ္စကို အလျော်ပေးလို့ မရဘူးလား"
မျက်နှာဖုံးအောက်ရှိ တာအိုဆရာ တောက်တိ၏ ပါးစပ်ထောင့်များက လှုပ်ယမ်းသွားသည်။
"တောင်းပန်လို့ရကြေးဆိုရင် ငါတို့တွေက ရဲကို ဘာလုပ်ဖို့ လိုအပ်တော့မှာလဲ"
"............."
လူသတ်ဆရာ "လေးစားစွာဖြင့်မေးပါရစေ စီနီယာမှာ ဆွေးနွေးဖို့ ဆန္ဒမရှိဘူးလား"
"ဘလက်ဂါ့ဇ် သေဆုံးမှုကို ပြန်ပေးဆပ်ရမယ်"
တာအိုဆရာ တောက်တိ၏ အသံက လေထဲတွင် ပဲ့တင်ထပ်နေ၏။
"မင်း ဆွေးနွေးချင်ရင် ရပါတယ်.. ဒါပေမယ့် မင်းရဲ့ဆရာကို လူကိုယ်တိုင်လာပြီး လျှို့ဝှက်လက်နက်ကို ယူလာခိုင်းလိုက်ပါ"
"အခုတော့ နည်းနည်းလောက် ခံစားလိုက်ဦး"
ထို့နောက် တောက်တိထံမှ ပြင်းထန်သော အော်ရာ တစ်ခု ထွက်လာသည်။
ဤသတ်ဖြတ်လိုသော အော်ရာက သူသာလျှင် ပိုင်ဆိုင်သောအရာ ဖြစ်သည်။
အော်ရာကို ထုတ်လွှတ်လိုက်သည်နှင့် ရဲတိုက်လေဒီပင် လဲကျသွား၏။
ဤ ထိတ်လန့်တုန်လှုပ်ဖွယ် အော်ရာက မြေဖြူခဲ လာသည့် လမ်းကြောင်းအတိုင်း တည့်တည့် တိုးဝင်သွား၏။
၎င်းက ပြင်းထန်သော စိတ်ဝိညာဉ် လှိုင်းလုံးကြီး တစ်ခုနှယ်။
ဤသည်မှာ သူအကျွမ်းကျင်ဆုံး လူသတ်နည်း ဖြစ်သည်။
၎င်းကို နှစ်ပေါင်းများစွာ အသုံးပြုပြီးနောက် တောက်တိက ဤနည်းစနစ်၏ ကျွမ်းကျင်မှု၌ ပြီးပြည့်စုံမှု အထွတ်အထိပ်သို့ ရောက်ရှိသွားသည်ဟုပင် ဆိုနိုင်သည်။
ထိုအချိန်တွင် မီတာထောင်ပေါင်းများစွာ အကွာအဝေးရှိ ရုံးခန်း အဆောက်အအုံတစ်ခု၏ ခေါင်မိုးပေါ်တွင် လူသတ်ဆရာမှာ အော်ရာ တိုက်ခိုက်မှုကို ခံစားလိုက်ရပြီး မျက်နှာဖြူဖျော့သွားသည်။
သူက အင်အားအပြည့်ဖြင့် အတားအဆီးတစ်ခုကို အမြန်ဖန်တီးလိုက်၏။
ဤကဲ့သို့ စိတ်ဓာတ်ကျစရာ အလှည့်အပြောင်းကို မြင်လျှင် ဆံဖြူ ချာတိတ်လေးက အကူအညီပေးရန် အမြန်ပြေးလာခဲ့သည်။
"အကိုကြီး ငါ မင်းကို ကူညီမယ်"
ဓားပြမိစ္ဆာက ကြွေးကြော်လိုက်သည်။
သို့သော် ဤအော်ရာ သက်ရောက်မှုက ပြင်းထန်လွန်းလှသည်။
အော်ရာက မီတာတစ်သောင်း အကွာမှ ပစ်လွှတ်လိုက်သော်လည်း ၎င်းတို့ ချမှတ်ထားသည့် အတားအဆီးကို တိုက်ရိုက် ချိုးဖျက်ပစ်လိုက်သည်။
ပြင်းထန်သော ရိုက်ခတ်မှုက လူသတ်ဆရာ၏ အဝတ်အစားများကို စုတ်ပြဲသွားစေ၏။
ထို့နောက် သူနှင့်ဓားပြမိစ္ဆာ နှစ်ယောက်လုံးမှာ သူတို့နောက်မှ နံရံနှင့် ပြင်းပြင်းထန်ထန် ဝင်ဆောင့်မိကြသည်။
နှစ်ယောက်စလုံးက သွေးစိမ်းများကို ထွေးအန်လိုက်ရသည်။
မိနစ်အနည်းငယ် ကြာပြီးနောက်တွင် ထိုသတ်ဖြတ်လိုသော အော်ရာက ပျောက်ကွယ်သွားခဲ့သည်။
ဓားပြမိစ္ဆာက သူ့ခန္ဓာကိုယ် အတွင်းရှိ ချီ နှင့် သွေးများကို လှည်ပတ်အောင် ပြုလုပ်လိုက်ပြီးနောက် လူသတ်ဆရာကို ကြည့်လိုက်၏။
"အကိုကြီး.. ဆရာက ဒါကိုရှောင်နိုင်ပါ့မလား..."
လူသတ်ဆရာက သူ၏ ချီ နှင့် သွေးများ စီးဆင်းမှုကို ထိန်းချုပ်ပြီးနောက် သက်ပြင်းကိုပင် မချနိုင်ခဲ့ပေ။
"ဆရာက ဒါကို ရှောင်နိုင်ပါ့မလား ငါလည်းမသိဘူး... ဘယ်လိုပဲဖြစ်ဖြစ်.. ငါ့ရဲ့ ပန်းပွင့်ပုံ အတွင်းခံ ဘောင်းဘီက ပျက်စီးသွားပြီ...နောက်မှ ငါ့ကို ပြန်လျော်ပေးဖို့ ဆရာကို တောင်းဆိုရလိမ့်မယ်"
ဓားပြမိစ္ဆာ ".........."