လင်းကျန်းရန်၏ ခွန်အားကိုမေးခွန်းထုတ်ခြင်း
Vol. 22 Ch. 330
လူသတ်ဆရာ၏ ခွေးသား နှင့် ပတ်သက်သော ဇာတ်လမ်းက အစောပိုင်းက ကြည်နူးဖွယ်ပုံရိပ်များကို ဤကဲ့သို့ပင် ကွဲအက်သွားစေခဲ့သည်။
ယခုအခါတွင် ထွင်ထျန်းဟာကချွေးများထွက်နေပြီး မလှုပ်ရှားဝံ့တော့ပေ။
သေချာပါသည်။ ထိုဇာတ်လမ်းက သူ့ကို ရည်ရွယ်၍ ခြိမ်းခြောက်ခြင်း ဖြစ်ရပေမည်။
လူသတ်ဆရာက လုပ်ကြံမှုနယ်ပယ်နှင့် ကျင့်ကြံခြင်း အသိုင်းအဝိုင်းတွင် ထင်ရှားကျော်ကြားသော လူသတ်သမားကြီး တစ်ဦးအဖြစ် ထင်ရှားခဲ့သည်။
သူ၏ တာဝန်အားလုံးမှာ ဆိုးသွမ်းသူများကို အပြစ်ပေးခြင်းနှင့် မကောင်းမှုများကို ချေမှုန်းခြင်းတို့ဖြင့်သာ ပတ်သက်၏။
ယခုအချိန်အထိ မည်သည့်တာဝန်ကိုမျှ မကျရှုံးခဲ့ပေ။
ထို့ကြောင့် အခြေအနေက ကြောက်မက်ဖွယ် ကောင်းသော်လည်း လူသတ်ဆရာက သူ့ကို အမှန်တကယ် လုပ်ရဲလိမ့်မည်ဟု ထွင်ထျန်းဟာ မယုံခဲ့ပေ။
အရေးအကြီးဆုံးမှာ ဆရာလေးလင်းက အပေါ်ထပ်မှာ ရှိနေဆဲဖြစ်၏။
စကားတစ်ခွန်းရှိသည်မဟုတ်လော။
"ခွေးကိုရိုက်ချင်ရင် ခွေးသခင်မျက်နှာကို ကြည့်ရပေမည်"
ဝမ်လင်း၏ တည်ရှိမှုက ထွင်ထျန်းဟာ အတွက်မူ မဟာလုံခြုံရေး ကွန်ယက်တစ်ခုနှယ်။
လူသတ်ဆရာက တမင်တကာ ခြိမ်းခြောက်ခဲ့ခြင်းပင်။
အစောပိုင်းက သူ့ဇာတ်လမ်းတွင် အမှန်တစ်ဝက်၊ အမှားတစ်ဝက်ပါနေခဲ့သည်။
သူက ခွေးကို တမင်တကာ ခြိမ်းခြောက်လိုသော ရည်ရွယ်ချက်ဖြင့် ဤဇာတ်လမ်းကို ပြောပြခဲ့ခြင်းသာ။
သို့သော် အဆုံးသတ်တွင် ဤခွေးစိမ်း၏ တုံ့ပြန်မှုက သူမျှော်လင့်ထားသည်ထက် အများကြီး ငြိမ်သက်သွားခဲ့သည်။
ဤခွေးကိုကြည့်၍ လင်းကျန်းရန်က ကောလဟာလတွေအတိုင်း တကယ်ကို အားကောင်းသည်ဟု သူမှန်းဆနိုင်ခဲ့သည်။
အကယ်၍ သူသာ လင်းကျန်းရန် နှင့် တိုက်ခိုက်ရန် အခွင့်အရေး ရှိခဲ့လျှင် ယင်းက အလွန်စိတ်ဝင်စားဖွယ် ကောင်းမည်မှာ သေချာသည်။
စိတ်ကူးအိပ်မက်ထဲတွင် သူ့ကိုယ်သူ ပျောက်ဆုံးသွားသကဲ့သို့ သူက ထွင်ထျန်ဟာ၏ အမွေးများကို ပွတ်သပ်လိုက်သည်။
ထိုခဏတွင် ဝမ်မိသားစု အိမ်ငယ်လေး၏ တံခါးက ရုတ်တရက် ပွင့်လာပြီး တံခါးကြားကနေ အလင်းရောင် တစ်ခုထွက်လာကာ လူသတ်ဆရာ၏ နောက်ကျောဘက်သို့ ရောက်သွားသည်။
လူသတ်ဆရာက ခေါင်းကို လှည့်ကြည့်လိုက်ရာ အဖြူရောင် ယုန် ညအိပ်ဝတ်စုံ ဝတ်ထားသည့် ဆယ်ကျော်သက် လူငယ်လေး တစ်ယောက်က သူ့ရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
"လေးစားစွာနဲ့ မေးပါရစေ သင်က လင်းကျန်းရန်လား"
ဤနေရာသို့ မလာခင်တွင် လူသတ်ဆရာက ဒဏ္ဍာရီလာ လင်းကျန်းရန်၏ ပုံပန်းသဏ္ဍာန်ကို အများကြီး စိတ်ကူးယဉ်ခဲ့ဖူးသည်။
ကောလဟာလတွေ အရတော့ လင်းကျန်းရန်က အရမ်းငယ်ရွယ်လွန်း၏။
သို့သော် သူ့မျက်လုံးနှင့် တပ်အပ်မြင်လိုက်ချိန်တွင် သူအတော်လေး ထိတ်လန့်သွားခဲ့သည်။
လင်းကျန်းရန်က ကလေးတစ်ယောက် ဆိုတာ ထင်ရှားနေသည် မဟုတ်လော။
ဝမ်လင်းက ဘာမှပြန်မပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ရဲ့လား.. သင်က တကယ်ပဲ လင်းကျန်းရန်လား"
လူသတ်ဆရာ၏ မျက်နှာတွင် အံ့အားသင့်သွားသည့် အမူအရာများ ထင်ဟပ်လာသည်။
သူက ခေတ္တမျှ တိတ်ဆိတ်ပြီးနောက် ဝမ်လင်းကို တောင်းဆိုလိုက်၏။
"မင်းငါနဲ့ တိုက်လို့ရမလား"
".............."
ဝမ်လင်း မယုံနိုင်လောက်အောင် ဖြစ်သွားသည်။
ဤထိပ်ပြောင်က သူ၏ အစွမ်းအစကို မေးခွန်းထုတ်နေပါသလော။
လူသတ်ဆရာက ဂါရဝပြုလိုက်ပြီး လာရင်းကိစ္စကိုပြောလိုက်၏။
"ဒီဂျူနီယာက မကြာသေးခင်က နာမည်ကြီးလာတဲ့ ရွှေကုံးဂိုဏ်းနဲ့ ပတ်သက်ပြီး လင်းကျန်းရန်ကို လာရှာတာပါ"
"ဒီကိစ္စက တော်တော်လေး အရေးကြီးတဲ့ ကိစ္စပါ.. ဖြစ်နိုင်ရင် တကယ့် လင်းကျန်းရန် အစစ်က ကိုယ်တိုင် ထွက်လာပြီး တွေ့ဆုံခွင့်ပေးမယ်လို့ မျှော်လင့်ပါတယ်"
ဝမ်လင်း "............."
လူသတ်ဆရာက သူ့ကို စိုက်ကြည့်နေသည်။
"ယေဘုယျအားဖြင့် စီနီယာကြီး တစ်ယောက်ကို မတွေ့ခင်မှာ တစ်စုံတစ်ယောက်က အရင်ဆုံး စမ်းသပ်လေ့ရှိတယ် မဟုတ်လား.. ကျနော်က လုပ်ရိုးလုပ်စဉ်ကို သိပါတယ်"
ဝမ်လင်း "............"
ထို့နောက် လူသတ်ဆရာက ဝမ်လင်း၏ ရှေ့တွင် အသင့်ပြင်လိုက်သည်။
"ညီငယ်လေး.. ကျေးဇူးပြုပြီး စလိုက်ပါ"
ဝမ်လင်းက စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
လူသတ်ဆရာက ယခုအချိန်ထိ နားလည်မှုလွဲနေဆဲပင်။
ဝမ်လင်းကသာ သူ၏စိန်ခေါ်မှုကို လက်မခံခဲ့လျှင် သူက လင်းကျန်းရန် ဖြစ်မှန်း သက်သေပြနိုင်မည် မဟုတ်တော့ပေ။
ဤသည်မှာ အမှန်တကယ်ပင် မဟာ ကာကွယ်ရေး တာအို၏ အဓိက အားနည်းချက်ဖြစ်သည်။
အဆုံးသတ်တွင် လူများစွာက သူ့အကြောင်းကို ကောလဟာလများသာ ကြားဖူးခဲ့ပြီး သူ့မျက်နှာကို တရားဝင် မတွေ့ခင်အထိ ၎င်းတို့စိတ်ထဲမှ သူ့ပုံရိပ်မှာ ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးဖြင့် ပုံဖော်ထားသော ပုံရိပ်များသာ။
သီအိုရီအရ ပြောရလျှင် အနီးကပ်တိုက်ပွဲက လူသတ်ဆရာ၏ အားသန်သော တိုက်ပွဲ မဟုတ်ပေ။
ယခုတစ်ကြိမ်တွင် သူ၏ပြိုင်ဘက်က လူသတ်ဆရာ ဖြစ်သောကြောင့် ဝမ်လင်း၏ အမူအရာက အနည်းငယ် လေးနက်လာသည်။
ထွင်ထျန်းဟာက အလွန် အံ့သြသင့်နေသည်။
သာမန်ထက် ဆယ့်ငါးရာခိုင်နှုန်း ပိုကြီးသည့် ငါးမျက်လုံးတွေကနေ ဆရာလေးလင်းက အလေးအနက် ထားနေကြောင်း သူပြောနိုင်သည်။
ဤသည်မှာ ဝမ်လင်း၏ ပုံမှန်လေးနက်သော အသွင်အပြင် ဖြစ်သည်။
ထွင်ထျန်းဟာက သူ၏ သခင်လေးလင်း ထိုသို့သော သဘောထားမျိုး ပြသခြင်းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
၎င်းတို့နှစ်ဦးက အရှေ့ဟွမ်လမ်း တစ်ဖက်ရှိ စွန့်ပစ်ထားသည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ သွားခဲ့ကြသည်။
တစ်ယောက်နှင့် တစ်ယောက် မျက်နှာချင်းဆိုင်လိုက်သည်နှင့် ငြိမ်သက်နေသည့် လေထုက အနည်းငယ် တင်းမာလာသည်။
ထွင်ထျန်းဟာက အင်တာနက်သုံးရန် သင်ယူပြီးနောက် ဒဏ္ဍာရီလာ လူသတ်ဆရာ၏ အကြောင်းကို အွန်လိုင်းတွင် အနည်းငယ်မျှ လေ့လာခဲ့ဖူးသည်။
လူသတ်ဆရာက သူ၏ ထူးခြားသောပညာရပ် နှစ်ခုကြောင့် ကျော်ကြားသည်။
ပထမတစ်ခုမှာ သူ၏ "မျက်တောင်ပေကလပ် ရန်သူသတ်" စွမ်းရည် ဖြစ်သည်။
သူ မစ်ရှင်တွေ ဆောင်ရွက်သည့်အခါ "မျက်တောင်ပေကလပ်ရန်သူသတ်" စွမ်းရည်ဖြင့် သူ့ပစ်မှတ်ဖြစ်သည့် ရက်စက်ဆိုးသွမ်းသူများကို ခေါင်းဖြတ်လေ့ရှိ၏။
ဒုတိယစွမ်းရည်မှာ သူ၏ "လက်ချောင်းသေနတ်"စွမ်းရည် ဖြစ်သည်။
လူသတ်ဆရာက တာဝန်ထမ်းဆောင်ရာ၌ ဤစွမ်းရည်ကို အကြိမ်များစွာ အသုံးပြုခဲ့ဖူးပြီးနောက်တွင် ဤစွမ်းရည်ကလုပ်ကြံရေး နယ်ပယ်တွင် ဂယက်ထသွားခဲ့သည်။
ဤစွမ်းရည်ကြောင့်ပင် လူသတ်ဆရာက နိုင်ငံတကာအဆင့် လူသတ်သမားများ စာရင်း၌ ယခုအချိန်ထိ ပြိုင်ဘက်ကင်းနေရခြင်းပင်။
ဆိုရလျှင် ယခုအချိန်အထိ သူ၏ နံပါတ်တစ်နေရာကို မဖယ်ခဲ့ရဖူးပေ။
"ညီငယ်လေး အဆင်သင့်ဖြစ်ပြီလား မင်းမလှုပ်ရှားသေးရင် ငါအရင်တိုက်တော့မယ်.."
လူသတ်ဆရာက ပြုံးလိုက်သည်။
တစ်ဖက်လူက လှုပ်ရှားမှု နှေးကွေးနေသဖြင့် သူ၏တိုက်ခိုက်မှုကို မခုခံနိုင်လောက်ချေ။
လူသတ်ဆရာက သူ၏ ညာလက်ကိုမြှောက်ကာ လက်ညိုးနှင့် လက်မကို ပစ္စတိုပုံစံ ပုံဖော်လိုက်သည်။
ထို့နောက်တွင် ဝမ်လင်းက အင်အား ကြီးမားသော ဝိညာဉ်စွမ်းအင် အစုအဝေးများက လူသတ်ဆရာ၏ လက်ညှိုးထိပ်တွင် တဖွဲဖွဲ စုဝေးလာသည်ကို တွေ့လိုက်ရသည်။
တခဏအတွင်းမှာပင် ထိုအရာကနေ အလွန်သိပ်သည်းသော ဝိညာဉ်စွမ်းအင် ရှိသည့် ပဲစိအရွယ် အပြာရောင် အစက်တစ်ခု အဖြစ် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။
လက်ချောင်းသေနတ် စွမ်းရည်၏ နောက်ကွယ်မှ နိယာမမှာ ကွာဖီ၏ နာမည်ကျော် ပျက်စီးခြင်း စက်လုံးစွမ်းရည်နှင့် ဆင်တူသော်လည်း အသုံးပြုရတာ မခက်ခဲပေ။
၎င်းက သင်ယူရန် အလွန် လွယ်ကူသည်။
သို့သော်လည်း ၎င်းတွင် ကြီးမားသော အားနည်းချက်တစ်ခု ရှိသည်။
ဝိညာဉ်စွမ်းအင်ဘောလုံးက သေးငယ်သော အရွယ်အစားကြောင့် စွမ်းအင်သိပ်သည်းသည့် အနေအထားသို့ လွယ်ကူစွာ ရောက်ရှိခဲ့သည်။
တစ်နည်းဆိုရသော် လက်ချောင်းသေနတ် စွမ်းရည်တွင် စွမ်းအင် ကန့်သတ်ချက် ရှိနေသည်။
ထိုစွမ်းရည်က အသုံးပြုသူ၏ နယ်ပယ်ပေါ်တွင် လုံးလုံးလျားလျား မှီတည်နေ၏။
ထွင်ထျန်းဟာက လူသတ်ဆရာ၏ လက်ချောင်းထိပ်ရှိ ဝိညာဉ်စွမ်းအင် ဘောလုံးကို ကြည့်နေခဲ့သည်။
ယခုအခါ ၎င်း၏ သေးငယ်ပြီး ဝိုင်းစက်သော မျက်နှာလေးက အလွန်ပင် တည်ငြိမ်နေသည်။
ဤအတိုင်းအတာမျှသာ ဆိုလျှင် ဆရာလေးလင်းက အကာအကွယ် ရွှေရောင်အလင်းတန်းကို အသုံးပြုဖို့ပင် မလိုအပ်ပေ။
သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့တင် ဤတိုက်ခိုက်မှုကိုလုံးလုံးလျားလျား ခုခံကာကွယ်နိုင်လိမ့်မည် ဖြစ်သည်။
သို့သော် ထိုအချိန်တွင် လူသတ်ဆရာက ခပ်ယဲ့ယဲ့ ပြုံးနေသည်ကို ထွင်ထျန်းဟာ တွေ့လိုက်ရ၏။
လူသတ်ဆရာက ကျန်လက်ချောင်းများကို ဖြန့်လိုက်သည်။
သူ့လက်မမှ လွဲ၍ ဝိညာဉ်စွမ်းအင် ဘောလုံးများက သူ၏ လက်လေးချောင်း ထိပ်များတွင် တစ်ပြိုင်နက်တည်း စုရုံးလာကြသည်။
"လက်လေးချောင်းသေနတ် စွမ်းရည်လား"
နောက်ဆုံးတွင် ဤမြင်ကွင်းကြောင့် ထွင်ထျန်းဟာ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
လက်ချောင်းထိပ် တစ်ခုပေါ်ရှိ ဝိညာဉ်စွမ်းအင်ဘောလုံး တစ်ခုကို ထိန်းသိမ်းရန်မှာပင် အလွန်တရာ ခက်ခဲနေပြီ ဖြစ်သည်။
တစ်ချိန်တည်းတွင် လက်လေးချောင်းထိပ်ရှိ ဝိညာဉ်စွမ်းအင် ဘောလုံးများ စုဝေးခြင်းကို ထိန်းချုပ်ခြင်းမှာမူ သာမန်လူတစ်ဦး ဘယ်သောအခါမျှ လုပ်နိုင်မည် မဟုတ်သည့် အဆင့်မြင့် လုပ်ဆောင်မှု တစ်ခု ဖြစ်သည်။
ထွင်ထျန်းဟာက ဤမြင်ကွင်းကြောင့် တုန်လှုပ်သွားခဲ့သည်။
အရာအားလုံးကို ခြုံကြည့်လိုက်လျှင် ဤဒဏ္ဍာရီလာ လူသတ်ဆရာက အမှန်တကယ်ပင် ချီးကျူးဖို့ကောင်း၏။
"သတိထားပါ ညီငယ်လေး"
လူသတ်ဆရာက ဝမ်လင်းကို အန္တရာယ်ကင်းသော အပြုံးဖြင့် စိုက်ကြည့်နေသည်။
"ငါ ဒီလက်လေးချောင်းသေနတ် စွမ်းရည်ကို တခြားဘယ်သူနဲ့မှ မသုံးဖူးသေးဘူး"
နောက်ထပ် အခိုက်အတန့်တွင် သူ၏လက်လေးချောင်းက အပြာရောင် တောက်သွားပြီး အတိုင်းအဆမရှိ စွမ်းအားကြီးမားသော ဝိညာဉ်စွမ်းအင် ဘောလုံးများက ဝမ်လင်းအား ပြင်းထန်စွာ ဖြိုခွင်းရန် လေထုကို ဖြတ်သန်းလာသည်။
ဤအရာများက စက်သေနတ်ကဲ့သို့ပင်။
ပဲစိအရွယ် ဝိညာဉ်စွမ်းအင် ဘောလုံးများက ဝမ်လင်းကို ပြင်းထန်စွာ ပစ်ခတ်စဉ် မီးပွားများပင် ဖွာကျလာသည်။
ဝမ်လင်း မျက်ခုံးပင့်လိုက်သည်။
ဤစွမ်းရည်၏ အကျိုးကျေးဇူးမှာ ဝိညာဉ်စွမ်းအင် ဘောလုံးတစ်လုံးတွင် ဝိညာဥ်စွမ်းအား သိပ်သည်းစွာ ပါရှိခြင်းဖြစ်၏။
သို့သော် တစ်ချိန်တည်းတွင် ၎င်းထံ၌ ကြီးမားသောအားနည်းချက် တစ်ခုလည်း ရှိသည်။
ယင်းမှာ ၎င်း၏အမြန်နှုန်းက "လက်တစ်ချောင်းသေနတ်" ထက် သိသိသာသာ နှေးကွေးခြင်းပင်။
ဝမ်လင်း၏ စိတ်အာရုံက အလွန် အစွမ်းထက်၏။
သူ့မျက်စိထဲတွင်မူ သူ့ဆီ ပျံသန်းလာသည့် ဤဝိညာဉ်စွမ်းအင်ဘောလုံးများ၏ အရှိန်က အဆ ရာပေါင်းများစွာ နှေးကွေးသွားသလိုပင်။
ထို့ကြောင့် သူက လုံးဝ ရှောင်တိမ်းနိုင်မည်မှာ သေချာသလောက်ပင်။
ယင်းအတွက်ကြောင့် ဝမ်လင်း၏ မျက်နှာပေါ်တွင် တုန်လှုပ်ချောက်ခြားသော အရိပ်အယောင် အနည်းငယ်ပင် မရှိခဲ့ပေ။
ထိုအချိန်တွင် လူသတ်ဆရာက သူ့ကို ပြုံးပြလိုက်သည်။
"မရှောင်နိုင်လို့လား ညီငယ်လေး"
ယင်းအချိန်တွင် ဝမ်လင်းက လေထဲတွင် ကြိမ်နှုန်းအလွန်တရာ သေးငယ်သော အီလက်ထရွန်းနစ် အသံကို ကြားလိုက်ရသည်။