သူ့မျက်လုံးထဲက ဖော်ပြချက်အပေါ် အခြေခံ၍ လုပ်ဆောင်ရန် လိုအပ်သည်
Vol. 23 Ch. 331
ထွင်ထျန်းဟာက အီလက်ထရွန်းနစ် အသံကို ကြားသောအခါ ထိတ်လန့်သွားသည်။
ကံကောင်းထောက်မစွာပင် လောလောဆယ်၌ တစ်စုံတစ်ခုမျှ မစားရသေးပေ။
ထိုသို့မဟုတ်လျှင် အော့အန်မိမည်မှာ သေချာသလောက်ပင်။
အဘယ်ကြောင့်ဆိုသော် ထိုအီလက်ထရွန်းနစ် အသံက လူသတ်ဆရာ၏ ဖ-င်ထဲမှ ထွက်လာခဲ့သောကြောင့်ပင်။
ယင်းက လူသတ်ဆရာ၏ မဟာ လှည့်ဖြားမှု နည်းစနစ်ဖြစ်သည်။
ထို့အပြင် လူသတ်ဆရာက ခေတ်နှင့်အညီ သူ၏နည်းစနစ်တွင် အီလက်ထရွန်းနစ် သက်ရောက်မှု အချို့ကိုပင် ထည့်သွင်းခဲ့သည်။
"လက်လေးချောင်းသေနတ်" စွမ်းရည်၏ အပြာရောင် ဝိညာဉ်စွမ်းအင် မီးပွားများက အလွန်တရာ ပြင်းထန်ပြီး အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် ပစ်လွှင့်လာ၏။
လူသတ်ဆရာက သူ၏ လက်ချောင်းများ တစ်ဝိုက်တွင် လျင်မြန်စွာ စုစည်းထားသည့် သိပ်သည်းသော စွမ်းအင်ဘောလုံးများနှင့်အတူ ထိုအီလက်ထရွန်းနစ် အသံမှ ထွက်ပေါ်လာသော အော်ရာ ခြေရာခံခြင်း စွမ်းရည်ကို ပေါင်းစပ်အသုံးပြုထား၍ ပစ်မှတ်ကို ထိမှန်ရန်မှာ ရာနှုန်းပြည့်ဟု ဆိုရမည်။
ဝမ်လင်းက သူ၏ လှုပ်ရှားမှုများကို အရှိန်မြှင့်လိုက်သည်။
ဤဝိညာဉ်စွမ်းအင် ဘောလုံးများကို ရှောင်တိမ်းရုံမျှဖြင့် လုံလောက်မည်ဟု သူထင်ခဲ့သော်လည်း ထိုဘောလုံးများက သူနှင့် မထိမချင်း သူ့နောက်သို့ လိုက်လာမည် ဖြစ်သည်။
ထို့ကြောင့် ဝမ်လင်းက ၎င်းတို့ကို ရှောင်ရန် မြန်နှုန်းမြင့် တည်နေရာ ရွှေ့ပြောင်းခြင်း နည်းစနစ်ကို စတင် အသုံးပြုခဲ့ရသည်။
ဤအခြေအနေတွင် သူက အကာအကွယ် ရွှေရောင်အလင်းတန်းများကို အသုံးပြုမည်ဆိုလျှင် ဝိညာဉ်စွမ်းအင်ဘောလုံးများက သူ့ခန္ဓာကိုယ်ကို ဘာမှ လုပ်ဆောင်နိုင်တော့မည် မဟုတ်ပေ။
သို့သော်လည်း ယခုအခါတွင် သူက တာအို၀တ်စုံ သို့မဟုတ် အသားကပ် ဘောင်းဘီရှည်ကို ၀တ်မထားပေ။
သိဒ္ဓိမတင်ရသေးသည့် သာမန် ညဝတ်အင်္ကျီကိုသာ ၀တ်ဆင်ထားသည်။
အဓိကအားဖြင့် ဤယုန်ညအိတ်ဝတ်စုံက လွန်ခဲ့သည့်နှစ်လကမှ ဝယ်ထားခဲ့ခြင်းဖြစ်သည်။
အင်္ကျီဝယ်ရန် သူ့အိတ်ကပ်ထဲမှ ထုတ်သုံးလိုက်ရသည့် ပိုက်ဆံမှာ ခေါက်ဆွဲအကြွပ်ကြော် နှစ်ဗူးနှင့် ညီမျှ၏။
ဖေဖေဝမ်၏ ကပ်စီးနည်းမှု အောက်တွင် အင်္ကျီဝယ်မည့် မုန့်ဖိုးကို သူ မနည်းစုခဲ့ရခြင်းပင်။
သူက သူကိုယ်တိုင် ဝယ်ထားသည့် ဤညအိတ်အင်္ကျီကို မပျက်စီးလိုပေ။
ဝမ်လင်းက တခြားသူ၏ ပိုက်ဆံကို သုံးရန် ဘယ်တုန်းကမှ မတွေးခဲ့ဖူးချေ။
မည်သူမဆို ကိုယ့်ပိုက်ဆံဖြင့် ဝယ်ယူသည့် ပစ္စည်းကိုသာ အထူး မြတ်နိုးမိကြသည် မဟုတ်ပါလော။
ထို့နောက်တွင် တုန်ခါနေသော ဝိညာဉ်စွမ်းအင်ဘောလုံးများက ဝမ်လင်း၏ နောက်သို့ လိုက်သွားသည်ကို ထွင်ထျန်းဟာက မြင်လိုက်ရသည်။
ဝမ်လင်း၏ လျင်မြန်သော လှုပ်ရှားမှုကို ကြည့်ကာ လူသတ်ဆရာက အထင်မသေးရဲတော့ပေ။
"ညီလေး.. မင်းကြောက်နေရင် လင်းကျန်းရန်ကို ထွက်လာခိုင်းလိုက်ပါ.. ငါ့ရဲ့ ဒီနည်းစနစ်က ကိုင်တွယ်ရ အရမ်းခက်တယ်.. ခြေရာခံနည်းစနစ်ကို အသုံးပြုထားတာကြောင့် မင်း ဘယ်လိုခန္ဓာကိုယ် လှုပ်ရှားမှု နည်းနစ်ကို အသုံးပြုပါစေ.. လွတ်မြောက်ဖို့ နည်းလမ်းမရှိဘူး.. ဒီနည်းစနစ်က ဖြေရှင်းရအရမ်း ခက်ခဲတယ်.. အထူးသဖြင့် အနီးကပ်တိုက်ပွဲမှာ အတော်လေး ဒုက္ခပေးနိုင်တယ်"
"............."
ဝမ်လင်းက မျက်လုံးများ ကျဥ်းမြောင်းသွားသည်။
ဤနည်းစနစ်က အံ့မခန်းနည်းစနစ် ဖြစ်သော်လည်း စွမ်းအင် အများအပြား သုံးစွဲဖို့လိုအပ်သည်ဟု သူသုံးသပ်မိ၏။
အကယ်၍ လူသတ်ဆရာသာ ဤပုံစံအတိုင်း နာရီဝက်ကြာ ဆက်လက် အသုံးပြုနိုင်လျှင် ထိုစံချိန်က အလွန် ကောင်းမွန်နေပြီဟု ယူဆနိုင်ပေသည်။
ထို့အပြင် ဤနည်းစနစ်၏ စွမ်းအင်သုံးစွဲမှုက လူတစ်ဦး၏ ပင်မ သွေးကြော ခံနိုင်ရည်အားကို ထိခိုက်စေ၏။
အဘယ်ကြောင့်ဆိုသော် ဝိညာဉ်စွမ်းအင်များကို သွေးကြောများမှ တဆင့် ဆက်တိုက် စုပ်ယူနေသောကြောင့် ဖြစ်သည်။
ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျှင် သွေးကြောပျက်စီးမှုများဖြစ်နိုင်ပေ၏။
ယင်းက ကျင့်ကြံသူများ အဖြစ်များသည့် ရောဂါတစ်ခုဖြစ်သည်။
ထို့ကြောင့် ဝိညာဉ်စွမ်းအင်ဘောလုံးများကို ရှောင်တိမ်းနေချိန်တွင် ဝမ်လင်းက စိတ်ထဲကနေ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။
ယနေ့ခေတ်တွင် စီနီယာ ကျင့်ကြံသူများသည် ၎င်းတို့၏ ခန္ဓာကိုယ်ကို ပို၍ မြတ်နိုးလာကြသည် မဟုတ်လော။
ဝမ်လင်းက ရှောင်တိမ်းနေရင်း နောက်ဆုံးတွင် အခွင့်အရေးတစ်ခုကို တွေ့လိုက်ရသည်။
သူက ဝိညာဥ်စွမ်းအင်ဘောလုံးများကို ထောင်ချောက်ဆင်ရန်အတွက် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ သူ့ လက်ဖဝါးတွင် ပြင်းထန်သော ဝိညာဉ်စွမ်းအင်များ ရောက်ရှိလာသည်။
ထို့နောက်တွင် ဝိညာဥ်စွမ်းအင် ဘောလုံးများက သူ၏ လက်ဖဝါးရှိ ဝိညာဉ်စွမ်းအင်များနှင့် အတူ ပေါင်းစပ်သွားခဲ့သည်။
ချာတိတ်လေး၏ လက်ထဲတွင် စွမ်းအင် သိပ်သည်းသည့် ဝိညာဥ်စွမ်းအင် ဘောလုံးများကို မြင်လိုက်ရသောအခါ လူသတ်ဆရာက တုန်လှုပ်သွားခဲ့၏။
ထို့နောက် အရာအားလုံးက အေးခဲသွားပုံရပြီး လေထဲတွင် ရပ်တန့်ကာ တစ်လက်မမျှပင် မလှုပ်ရှားနိုင်တော့ပေ။
ထိုအချိန်တွင် ကောင်းကင်ကြီးကလည်း မှောင်မည်းနေပြီ ဖြစ်သည်။
ဝမ်လင်းက လက်ထဲမှ ဝိညာဉ်စွမ်းအင် ဘောလုံးများကို တစ်လုံးထဲ အဖြစ် စုစည်းလိုက်ပြီး ကောင်းကင်သို့ တရှိန်ထိုး လွှတ်တင်လိုက်သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် မှောင်မိုက်သော တိမ်တိုက်များတွင် ကြီးမားသော အပေါက်ကြီးတစ်ခု ပွင့်လာပြီး စွန့်ပစ်ထားသော ဆောက်လုပ်ရေး လုပ်ငန်းခွင်နှင့် ဝမ်မိသားစု အိမ်ငယ်လေးကို လင်းထိန်စေရန် အတွက် ကြယ်ရောင်များ ဖြာဆင်းလာသည်။
အစောပိုင်းက မှောင်မိုက်နေသော ကောင်းကင်ကြီးမှာ အမှန်တကယ်ပင် ဤဝိညာဉ်စွမ်းအင်ကြောင့် ကွဲထွက်သွားပြီး ကြယ်ထောင်ပေါင်း များစွာကို ချက်ချင်းပင် ထုတ်ဖော်ပြသခဲ့သည်။
ဤမြင်ကွင်းကြောင့် လူသတ်ဆရာက အံ့အားသင့်သွားပြီး ဝမ်းသာမဆုံး ဖြစ်နေသည်။
"မင်းက တကယ့် လင်းကျန်းရန် အစစ်ပဲ"
သူက ကနဦးတွင် ထိုချာတိတ်၏ ဝိသေသလက္ခဏာ အမှန်ကို သံသယ ရှိသောကြောင့် လင်းကျန်းရန် ထွက်လာစေရန် အတွက် ဖိအားပေးခဲ့ခြင်း ဖြစ်သည်။
လူသတ်ဆရာက ဆက်ပြောလိုက်သည်။
"လင်းကျန်းရန်ကသာ ဒီ တိုက်ခိုက်မှု အတိုင်းအတာကို ရှောင်နိုင်လိမ့်မယ်"
"............"
ဝမ်လင်းက ပြန်လည်ချေပရန် အလွန်ပျင်းရိနေသည်။
သူဉာဏ်အလင်းပေးထားသော မှင်စာများထဲမှ ဘယ်သူမဆို ထိုတိုက်ခိုက်မှုကို ရင်ဆိုင်နိုင်ပေသည်။
ထွင်ထျန်းဟာကမူ ဝမ်လင်း သူ့အတွက် ပြုပြင်ပေးထားသော နည်းစနစ်ကို နှစ်အနည်းငယ် အာရုံစိုက် လေ့ကျင့်ရုံဖြင့် ထိုသို့သော တိုက်ခိုက်မှုကို လွယ်ကူစွာ ရှောင်တိမ်းနိုင်သွားမည်ဖြစ်၏။
သို့သော်လည်း ဝမ်လင်းက ဤဒဏ္ဍာရီလာ လူသတ်သမား၏ ယုံကြည်မှုကို မရိုက်ချိုးချင်သောကြောင့် နှုတ်ဆိတ်၍သာ နေလိုက်သည်။
နှိုင်းယှဥ်မှုပြုလုပ်ခြင်းသည် လူတစ်ဦး၏ ခံစားချက်ကို ထိခိုက်နစ်နာစေသည့် အချိန်များ ရှိခဲ့ဖူးသည်။
တစ်စုံတစ်ဦး၏ ယုံကြည်မှုကို ချိုးနှိမ်ခြင်းသည် သနားညှာတာမှုကင်းမဲ့သည့် လုပ်ရပ်စစ်စစ် ဖြစ်သည်။
ထို့ကြောင့် နက်နဲသော နယ်ပယ်ရှိ ကျင့်ကြံသူ အများစုသည် ယေဘုယျအားဖြင့် ၎င်းတို့ကိုယ်ကို အခြားသူများနှင့် နှိုင်းယှဉ်ရန် သို့မဟုတ် ချီးမြှောက်မှုကို ခံယူရန် ငြင်းဆန်ကြသည်။
ရှေးခေတ်ကတည်းကပင် ဘုရင်များ၊ ဧကရာဇ်များ၏ ချီးကျူးမှုကို ခံရသော ကျင့်ကြံသူ အများစုသည် နောက်ဆုံးတွင် မိသားစုနှင့်အတူ ဝေးလံခေါင်သီသော ကျေးလက်ဒေသတွင်သာ အနားယူရန် ရွေးချယ်ခဲ့ကြသည်။
ဤမူက လက်တွေ့ အခြေအနေများတွင်လည်း ထင်ဟပ်ခဲ့သည်။
ဥပမာအားဖြင့် စာမေးပွဲဖြေဆိုပြီးနောက် စာရွက်ကြမ်းများကို မြေပြင်ပေါ်ပစ်ချပြီး အော်ဟစ်နေတတ်သည့် ထိပ်တန်းကျောင်းသားအချို့ အမြဲတွေ့ရလိမ့်မည်။
သို့သော် နောက်ဆုံး ရလဒ်များ ထွက်လာလျှင် ၎င်းတို့၏ ရမှတ်က ကိုးဆယ့်ကိုးမှတ် ရနေလိမ့်မည်။
ယင်းမှာ တပါးသူ၏ ယုံကြည်မှုကို ရိုက်ချိုးသော နည်းလမ်း ဖြစ်သည်။
စစ်မှန်သော ထိပ်တန်းသခင်များသည် မတူညီသော ကမ္ဘာ့အမြင် ရှိကြသည်။
ဝမ်လင်းကမူ မိမိကိုယ်ကို ဟန်ဆောင်ခြင်းဖြင့် အခြားသူများ၏ ယုံကြည်မှုကို ရိုက်ချိုးခြင်းက မိမိ ပုံရိပ်ကို မည်သို့မျှ တည်ဆောက်နိုင်မည် မဟုတ်ကြောင်း အမြဲခံစားခဲ့ရသည်။
ဟန်ဆောင်သော လုပ်ရပ်က လွန်လွန်ကျူးကျူး ဖြစ်ခဲ့လျှင် တစ်ဖက်သားကို အမှတ်မထင် သေစေနိုင်၏။
လူသတ်ဆရာက လက်သီးဆုပ်၍ ဝမ်လင်းကို ဂါရဝပြုလိုက်သည်။
"ဒီဂျူနီယာရဲ့ အပြုအမူကို လင်းကျန်းရန် ခွင့်လွှတ်ပေးပါ.. ဒီဂျုနီယာက လင်းကျန်းရန်ကို စော်ကားမိခဲ့တယ်"
ထိုခဏတွင် ဝမ်လင်းက အဝေးကို လှမ်းကြည့်လိုက်ရာ အရှေ့ဟွမ်လမ်း၏ အဆုံးတွင် သုံးဘီးဆိုင်ကယ် ပေါ်မှ ဖိုးဖိုးဝမ်ကို သတိထားမိလိုက်သည်။
စိတ်ပြေလက်ပျောက် အပြင်ထွက်ပြီးနောက် ဖိုးဖိုးဝမ်က ထမင်းချက်ရန် အိမ်သို့ပြန်လာခဲ့ခြင်းပင်။
ယင်းမြင်ကွင်းကို လူသတ်ဆရာကလည်း သတိပြုမိလိုက်သည်။
လူသတ်ဆရာ "မေးလို့ရမလား အဲဒါဘယ်သူလဲ"
ထွင်ထျန်းဟာ "လင်းကျန်းရန်ရဲ့အဖိုး"
ထိုစကားကြောင့် လူသတ်ဆရာက တုန်လှုပ်သွားသည်။
သူဝယ်ထားသည့် သတင်းပေးက ဤအိမ်ငယ်လေးတွင် နေထိုင်သည့် စီနီယာကြီး အကြောင်း ပြောပြဖူးသည်ကို သူပြန်သတိရသွား၏။
အဖိုးအိုက သာမန်လူတစ်ဦး၏ အသွင်အပြင် ရှိသော်လည်း ခွန်အားက နားမလည်နိုင်လောက်သည့် အဆင့်ထိရောက်နေပြီဟု သတင်းပေးက ဆိုခဲ့သည်။
လင်းကျန်းရန်ပင် အလွန်ကြောက်စရာကောင်းနေရာ မီးဖိုချောင်ထဲတွင်သာ အမြဲနေတတ်သော ဤအဖိုးအိုက ဆိုဖွယ်ရာမရှိပေ။
၎င်းက သက်ရှိရုပ်ကြွင်းအဆင့် ကျင့်ကြံသူ ဖြစ်ဖွယ်ရှိသည်။
[စီနီယာကြီးကို နှုတ်ဆက်ဖို့ နောက်မှ အခွင့်အရေးရှာရမယ်]
လူသတ်ဆရာက ထိုအချက်ကို တွေးတောရင်း အဝေးကို လှမ်းကြည့်လိုက်သည်။
ထို့နောက် သူက ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိလိုက်ပြီးထွင်ထျန်းဟာကို တအံ့တသြ ကြည့်လိုက်၏။
"ခဏနေပါဦး မင်းက တကယ်ပဲ စကားပြောလို့ရနေတာလား"
ထွင်ထျန်းဟာ "ဆရာလေးလင်းက စကားပြောရတာ သိပ်သဘောမကျဘူး.. ဒါကြောင့် မင်းကို စာရေးပြီး ရှင်းပြခဲ့တာပါ.. ငါ့လို ခွေးတစ်ကောင်က ဘာရွေးချယ်စရာ ရှိမှာလဲ.. ငါလည်း စိတ်ပျက်နေရပါတယ်"
လူသတ်ဆရာ "............."
ထိုအချိန်တွင် လူသတ်ဆရာက အိမ်ငယ်လေးထဲသို့ လင်းကျန်းရန် လျှောက်မသွားမီ သူ့ဘက်သို့ တစ်ချက်ငဲ့ကြည့်လိုက်သည်ကို သတိပြုမိလိုက်သည်။
ဤလုပ်ရပ်က လူသတ်ဆရာကို စိတ်ရှုပ်စေခဲ့သည်။
ထွင်ထျန်းဟာက လူသတ်ဆရာကို ကြည့်လိုက်၏။
"မင်းဘာကိုစောင့်နေတာလဲ.. ဆရာလေးလင်း နောက်ကို မြန်မြန်လိုက်သွားလေ"
လူသတ်ဆရာ "လင်းကျန်းရန် နောက်ကို လိုက်သွားရမှာလား"
ထွင်ထျန်းဟာ "သူ့မျက်လုံးထဲက အမူအရာပေါ် အခြေခံပြီး လုပ်ရမှာပေါ့ဟ"
လူသတ်ဆရာ အံသြသွားသည်။
".............."
[ငါးမသာပေါ်တဲ့ မျက်လုံးလို ဟန်မူရာကင်းမဲ့တဲ့ မျက်လုံးမှာ ထိန်ဝှက်ထားတဲ့ အမူအရာတွေ ရှိနေသေးတာလား]
အပိုင်း(၃၃၁) ပြီး၏။