လူသတ်သမားများ၏ ဘိုးဘေးကြီး
Vol. 23 Ch. 333
လူသတ်ဆရာ "လုပ်ကြံရေး နယ်ပယ်မှာတော့ နှစ်တစ်ထောင်သေဆုံးခြင်း နည်းစနစ်က အနီးကပ်တိုက်ပွဲနဲ့ ပတ်သက်ရင် အစွမ်းထက်ဆုံး နည်းစနစ် အဖြစ် အသိအမှတ်ပြုခံထားရတယ်"
ဒီနည်းစနစ်ကို မှန်မှန်ကန်ကန် အသုံးချတတ်ရင် ရန်သူကို တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တယ်.. ဒါပေမယ့်လည်း အားနည်းချက် တစ်ခုတော့ ရှိတယ်.. ဒီနည်းစနစ်ကို အသုံးပြုဖို့ အခွင့်အလမ်းက ရှာရခက်တယ်.. ဘာလို့လည်းဆိုတော့ အခြေအနေ အများစုမှာ ဆပ်ပြာနဲ့ တွဲဖက် အသုံးပြုဖို့ လိုအပ်လို့လေ"
ဝမ်လင်း "............"
ထွင်ထျန်းဟာ "............."
လူသတ်ဆရာက လေးနက်စွာ ပြောလိုက်သည်။
"ဟုတ်ပါတယ်.. နတ်ဘုရားမယ်တော်က ဒီလို အဆင့်မြင့် လုပ်ကြံရေး နည်းစနစ် အပြင် လုပ်ကြံရေး နယ်ပယ်မှာ အရာများစွာကို မိတ်ဆက်ပေးခဲ့တယ်.. ငါ့ဆရာနဲ့ ဆရာဦးလေးရဲ့ စွမ်းရည်တွေက သူမဆီကနေ သင်ယူခဲ့တာပဲ"
"မင်း သူမကို တွေ့ဖူးလား"
ထွင်ထျန်းဟာက မေးလိုက်သည်။
"မတွေ့ဖူးဘူး"
လူသတ်ဆရာက ခေါင်းခါယမ်းလိုက်သည်။
"ဆရာတို့လောက်ပဲ သူမရဲ့ မူလပုံစံကို မြင်ဖူးကြမယ်လို့ ထင်တယ်.. သူမရဲ့ အသွားအလာက လေလိုမျိုး လျင်မြန်တယ်.. မော်ကွန်းဝင် အဆင့်ရှိသူတွေပဲ သူမကို မြင်နိုင်လောက်တယ်..
ငါ့ရဲ့ လက်ရှိနယ်ပယ်အရတော့ ငါ့ဆရာကို အမီလိုက်နိုင်ဖို့ဆိုရင် နောက်ထပ် အနှစ်တစ်ထောင်လောက် ကျင့်ကြံဖို့ လိုကောင်းလိုလိမ့်မယ်.. ဒါကြောင့် သူမကို တွေ့ဖို့မလွယ်ဘူး .. ဒါက ငါ့ဘဝမှာ အကြီးမားဆုံး နောင်တရမှုတစ်ခုပဲ"
"ဒါပေမယ့် ငါက ဘိုးဘေးကြီး ကိုယ်တိုင် ပြုစုထားတဲ့ မူရင်း လုပ်ကြံသတ်ဖြတ်ရေးကျမ်းကို ကံကောင်းပြီး ဖတ်ခွင့်ရခဲ့တယ်.. အဲဒီစာအုပ်မှာ သူမရဲ့ သေသပ်လှပတဲ့ လက်ရေးမူစာလုံးတွေနဲ့ ပြည့်နှက်နေတယ်"
"အဲဒိကျမ်းကို ငါ့ဆီပြခဲ့တဲ့သူက ငါ့ဆရာပဲ.. ဒါပေမယ့် နောက်ဆုံးမှာတော့ မူရင်းအားလုံး ပျောက်သွားခဲ့တယ်.. ဆရာကတော့ ဘိုးဘေးကြီး ပြန်သိမ်းသွားတယ်လို့ ပြောတာပဲ"
လူသတ်ဆရာက သက်ပြင်းချလိုက်သည်။
"အဲဒီအချိန်တုန်းက ဆရာက ငါ့ကို စက္ကန့်သုံးဆယ်လောက်ပဲ ကြည့်ခွင့်ပေးခဲ့ပေမယ့် ခေါင်းစဉ်ကို ဖတ်ရုံနဲ့တောင် တကယ် အကျိုးရှိခဲ့တယ်.. ဘိုးဘေးကြီးက တကယ်ကို လက်ဖျားခါးလောက်ပြီး အရမ်းကြောက်ဖို့ကောင်းတယ်"
လူသတ်ဆရာ၏ ရှင်းပြချက်ကြောင့် ဤနတ်ဘုရားမယ်တော်က မည်မျှ စွမ်းအားကြီးကြောင်း ဝမ်လင်း စိတ်ကူးကြည့်နိုင်သည်။
လုပ်ကြံရေးနယ်ပယ်၏ တင်းကျပ်သော အဆင့် သတ်မှတ်မှုစနစ်အရ ဒဏ္ဍာရီလာ လူသတ်သမား အဆင့်ကို မော်ကွန်းဝင်အဆင့်သို့ မြင့်တင်ရန်မှာ ခက်ခဲသည်။
ထို့ကြောင့် လေလွင့်ကိုယ်လူချော နှင့် တောက်တိတို့ ကဲ့သို့သော သူရဲကောင်းများမှာ နှစ်တစ်သောင်းလျှင် တစ်ကြိမ်သာ ပေါ်ထွက်လာတတ်သည့် ပါရမီရှင်များဟု ဆိုရမည်။
စင်စစ် လူသတ်သမားများ၏ တကယ့် အဆင့်အတန်းသည် ယင်းအထောက်အထားများ အပေါ်တွင် မမူတည်ဘဲ စစ်မှန်သော အရည်အချင်း အပေါ်တွင်သာ မူတည်၏။
တကယ်တမ်းတွင် လူသတ်ဆရာက ထိပ်တန်း လူသတ်သမားအချို့လောက် ပါရမီ မရှိသော်လည်း သူ့၌ နာမည်ကျော် ဆရာ
တစ်ဦး ရှိနေသည်။
ယင်းအတွက်ကြောင့် သူက ငယ်ငယ်ရွယ်ရွယ်ဖြင့် ဒဏ္ဍာရီလာ လူသတ်သမားအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး စာရင်း၏ အုပ်ထိန်းသူ အသစ် ဖြစ်လာခဲ့ခြင်းပင်။
လုပ်ကြံရေးနယ်ပယ် တစ်ခုလုံး၏ တစ်ဦးတည်းသော ဘိုးဘေး လူသတ်သမား အနေဖြင့် မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
ထိုထက် အရေးကြီးသည်မှာ ဝမ်လင်းက ဤနာမည်ကို အနည်းငယ် ရင်းနှီးနေသလို ခံစားမိနေခြင်းပင်။
ထိုနာမည်ကို သူအရင်က ကြားဖူးခဲ့ပါသလော။
စကားပြောရင်း လူသတ်ဆရာက သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
"ငါ့ဆရာနဲ့ဆရာဦးလေးက ဘိုးဘေးကြီးရဲ့ကိုယ်ခံပညာမှတ်တမ်းကိုဖတ်ခွင့်ရတာ အမှန်တကယ် ကံကောင်းတယ်"
ထွင်ထျန်းဟာ လန့်သွားပြန်သည်။
"ဘာလို့ကံကောင်းတယ်လို့ပြောရတာလဲ"
"အဲဒီကျမ်းရဲ့ ခေါင်းစဉ်စာမျက်နှာမှာ စာကြောင်းတစ်ကြောင်းရှိတယ်.. ဒီစာအုပ်ကိုတွေ့တဲ့သူက နတ်ဘုရားမယ်တော်ရဲ့ ဂိုဏ်းဝင်လို့ မှတ်ယူရမယ်တဲ့"
ထိုစကားကို ကြားသောအခါ ဝမ်လင်း၏ နှုတ်ခမ်းထောင့်များက တလှုပ်လှုပ် ဖြစ်သွား၏။
"..............."
အရင်ခေတ်မှ စီနီယာကြီးများက တပည့်များကို ဤသို့ပင် ပေါက်လွှတ်ပဲစား စုဆောင်းခဲ့ပါသလော။
"ဆရာတို့ရဲ့ ကံကြမ္မာက တကယ်ကို ထူးခြားပါတယ်"
လူသတ်ဆရာက စကားဆက်လိုက်သည်။
"ငါက အသက်ငယ်ငယ်လေးနဲ့ ဒဏ္ဍာရီလာ လူသတ်သမားဖြစ်လာပေမယ့် ယနေ့ခေတ် လုပ်ကြံသတ်ဖြတ်မှုတွေက ငါ့အတွက် ဒီလောက်ကြီး အရေးမပါတော့ဘူး.. ငါ့အတွက်အရေးပါတာက ဆံပင်ပဲ.."
"ငါ့ဆံပင်ကို ကြည့်ပါဦး.. ငါဆေးဝါးတွေ ဘယ်လောက်ပဲ သုံးနေပါစေ ပြန်မပေါက်လာတော့ဘူး.. စောစောကသာ သိခဲ့မယ်ဆိုရင် ဘာဝမ်ခေါင်းလျှော်ရည်ကို အရင်ကတည်းက သုံးခဲ့မိမှာပဲ"
ဝမ်လင်း "..........."
ထွင်ထျန်းဟာ "ဒါနဲ့ မင်းဘာလို့ဒီကိုရောက်လာတာလဲ"
ထိုမေးခွန်းကိုကြားမှ လူသတ်ဆရာက သူ့ခေါင်းကိုသူ ပြန်ရိုက်လိုက်သည်။
အချိန်အတော်ကြာအောင် စကားကောင်းနေပြီးနောက် သူ၏ လာရင်းကိစ္စကို မေ့လုနီးပါး ဖြစ်သွားခဲ့၏။
သူက ဒူးထောက်ကာ ဝမ်လင်းကို စိုက်ကြည့်နေသည်။
"ဒီရွှေကုံးဂိုဏ်းရဲ့ အဖြစ်အပျက်က မော်ကွန်းဝင် လူသတ်သမား နှစ်ယောက်ကြားက အမုန်းတရားတွေကြောင့် ဖြစ်ရတာပါ.. ဒီဂျူနီယာမှာ သူတို့ကို ဖျောင်းဖြဖို့ လုံလောက်တဲ့ အစွမ်းမရှိပါဘူး...ဒါကြောင့် လင်းကျန်းရန်က ဒီပဋိပက္ခကို ပြေလည်အောင် ဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။"
ထို့နောက် သူက ဝမ်လင်း၏ ခြေရင်းနားတွင် ပြားပြားဝပ်နေလိုက်သည်။
"ကျေးဇူးပြုပြီး ကူညီပါ လင်းကျန်းရန်"
ဝမ်လင်း "............."
ဤသည်မှာ လုပ်ကြံရေးနယ်ပယ်က ဂုရုနှစ်ပါးနှင့် သက်ဆိုင်သည့် ကိစ္စရပ်ဖြစ်သည်။
ဝမ်လင်းက ၎င်းတို့နှင့် လုံးဝ မပတ်သက်လိုပေ။
သို့သော်လည်း ဤရွှေကုံးဂိုဏ်း၏ အဖြစ်အပျက်မှာ မကြာသေးမီက သူ၏ အေးချမ်းသော အထက်တန်းကျောင်းသား ဘဝအပေါ် သက်ရောက်မှု ရှိခဲ့သောကြောင့် ဝမ်လင်းက ပါဝင်ပတ်သက်ရန် စိတ်ဆုံးဖြတ်လိုက်သည်။
ထွင်ထျန်းဟာ "ငါတို့ အတွက် ဘာပြန်ရမှာလဲ"
ထိုစကားကြောင့် လူသတ်ဆရာက ရယ်မောလိုက်ပြီး ဝိညာဉ်အလင်းရောင်နှင့်အတူ သူ့လက်ထဲ၌ ရွှေရောင်ကတ် တစ်ခု ပေါ်လာသည်။
"လင်းကျန်းရန်.. ဝိညာဥ်စမ်းချောင်း လမ်းထဲမှာ ဖွင့်ထားတဲ့ မူလလက်ဟောင်း ခေါက်ဆွဲခြောက်ကြွပ်ကြော်ဆိုင်ကို သိတယ်မလား.. ဒါက ရွှေကတ်ဖြစ်ပြီး အနှစ်တစ်ရာတိုင် အသုံးဝင်တယ်.. လစဉ် နောက်ဆုံးထွက် ခေါက်ဆွဲခြောက်အရသာကို မြည်းစမ်းကြည့်နိုင်ရုံ အပြင် အပတ်တိုင်း ဝင်ပြီး ဗိုက်မပြည့်မချင်း ကြိုက်သလောက် စားလို့လည်းရတယ်"
ဝမ်လင်း "..........."
ထွင်ထျန်းဟာ "............"
ထို့ကြောင့် ဝမ်လင်းက ဤကိစ္စတွင် ပျော်ရွှင်စွာ ပါဝင်ရန် ဆုံးဖြတ်ခဲ့သည်။
လူသတ်ဆရာက သူ့အတွက် လေးလေးနက်နက် ထည့်သွင်းစဉ်းစားထားသည်ဟု သူခံစားမိခဲသည်။
ဟုတ်ပါသည်။ ဤကိစ္စက သူအတွက် လုံးဝ အနှောင့်အယှက် မဖြစ်ပေ။
....................................
"လင်းကျန်းရန်.. အကယ်၍ ဖျောင်းဖြလို့မရရင် သူတို့ကို ရိုက်နှက်ပြီး သင်ခန်းစာပေးလိုက်ပါ.. အထူးသဖြင့် ငါ့ရဲ့ဆရာဦးလေးကိုပေါ့.. သူ့ကို သေအောင်ရိုက်လည်း ကိစ္စမရှိဘူး.. သူအိမ်တွင်းအောင်းနေရရင် လူတွေက သူ့ရုပ်ဆိုးဆိုးမျက်နှာကို မမြင်ရတော့ဘူးပေါ့"
ထိုစကားကို လူသတ်ဆရာက စိတ်ပါလက်ပါ ပြောလိုက်သည်။
ထို့နောက်တွင် သူ့မျက်နှာအမူအရာ နှင့် လေသံက အနည်းငယ် စိတ်ပျက်သော အသွင်သို့ ပြောင်းလဲသွား၏။
"ဒီကိစ္စပြီးရင် သူကို တစ်သက်လုံးကို ငါစောင့်ရှောက်မှာပါ"
ဝမ်လင်း "..........."
ဝမ်လင်းက ဤနှစ်ရက်အတွင်း တာအိုဆရာ တောက်တိနှင့် ပတ်သက်၍ ကောလာဟလများစွာကို ကြားခဲ့ရသည်။
ထို့ကြောင့် သူက တာအိုဆရာတောက်တိ မည်မျှ ရုပ်ဆိုးကြောင်း အတိအကျ သိလိုခဲ့သည်။
"ဒါနဲ့လင်းကျန်းရန်ကို ပြောဖို့ မေ့သွားတာတစ်ခု ရှိတယ်.. ဒီတစ်ကြိမ်မှာ ငါ့ရဲ့ဆရာဦးလေးက မော့အင်မော်တယ်ရဲတိုက်နဲ့ ပူးပေါင်းခဲ့ပုံရတယ်"
ဝမ်လင်း ခေါင်းညိတ်ပြလိုက်သည်။
သူက ဤမော့အင်မော်တယ် ရဲတိုက်နှင့် မစိမ်းပေ။
သို့သော် မော့အင်မော်တယ် ရဲတိုက်က အားနည်းလွန်းသောကြောင့် သူက ဂရုမစိုက်မိခြင်းပင်။
မော့အင်မော်တယ် ရဲတိုက်က ဤကိစ္စတွင် ပါဝင်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားမိပေ။
"သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ သိလား"
ထွင်ထျန်းဟာက မေးလိုက်သည်။
"ကျနော့်ယူဆချက် မမှားဘူးဆိုရင် ကျောင်းသား ၁၂ ယောက်ရဲ့ အချက်အလက်တွေ အပါအဝင် လက်ရှိမှာ ရွှေကုံးဂိုဏ်း အသုံးပြုနေတဲ့ အချက်အလက်တွေ အားလုံးက မော့အင်မော်တယ်ရဲတိုက်ဆီကပဲ.. ကျွန်တော် ဒီအဖွဲ့အစည်းကို စုံစမ်းပြီးပြီ.. သူတို့ရဲ့ စွမ်းအားက သာမန်လောက်ပဲ ဆိုပေမယ့် သတင်းပေးတွေတော့ အများကြီးရှိတယ်"
လူသတ်ဆရာက ပြောလိုက်သည်။
"သူတို့က ငါ့ရဲ့ ဆရာဦးလေးကို လက်ထောက်ချတဲ့သူတွေပဲ.. အပြန်အလှန်အားဖြင့် ဆရာဦးလေးက ငါ့ဆရာပိုင်ဆိုင်တဲ့ ထိပ်တန်းလက်နက်ကို ပြန်ရယူဖို့ သူတို့ကို ကူညီပေးရလိမ့်မယ်။"
ဝမ်လင်း နှင့် ထွင်ထျန်းဟာတို့ နှစ်ဦးစလုံး၏ မျက်နှာပေါ်တွင် အံ့သြသော အမူအရာများ ပေါ်လာသည်။
လေလွင့်ကိုယ်လူချောရဲ့ ထိပ်တန်းလက်နက်..
"ကျွန်တော်က ဆရာ့နောက်ကို နှစ်ပေါင်းများစွာ လိုက်ခဲ့တယ်...ဒါပေမယ့် ဒီအဆင့်မြင့်လက်နက်ကိုတော့ တစ်ခါမှ မကြားဖူးခဲ့ဘူး.. သေချာတာက သတင်းမှားတစ်ခုပဲ ဖြစ်ရမယ်"
လူသတ်ဆရာသည်လည်း လုံးဝကို အံ့သြနေပုံရသည်။
ထိုစကားကို ပြောပြီးသည်နှင့် သူက ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားသည်။
"အင်း နောက်တစ်ချက် ပြောစရာ ရှိသေးတယ်.. ငါ့ရဲ့ဆရာ လေလွင့်ကိုယ်လူချောက အငြိမ်းစားယူပြီးနောက်မှာ အသွင်အပြင်က လုံးဝ ပြောင်းလဲသွားခဲ့ပြီ"
ထိုစကားပြောရင်း သူက ဓာတ်ပုံတစ်ပုံကိုထုတ်ကာ ဝမ်လင်း၏ လက်ထဲသို့ ထိုးထည့်လိုက်သည်။
"ဒါက သူ့ဓာတ်ပုံပါ.. ကျေးဇူးပြုပြီး ကြည့်ကြည့်ပါ"
"............"
ဝမ်လင်းက ဓာတ်ပုံထဲမှ လူကိုတွေ့သောအခါ ကူကယ်ရာမဲ့စွာအံ့အားသင့်သွား၏။
သူက ဤဓါတ်ပုံထဲကလူနှင့် မရင်းနှီးစရာအကြောင်းမရှိချေ။
[အဆီပိတ်နေတဲ့ ငါတို့ သမိုင်းဆရာပါလား]
.............................
မေမေဝမ် နှင့် ဖိုးဖိုးဝမ်က အိမ်သို့ပြန်ရောက်နေပြီ ဖြစ်သည်။
လူသတ်ဆရာက အိမ်ရှေ့တံခါးဝသို့ ရောက်သည်အထိ ဖိုးဖိုးဝမ်ကို နှုတ်ဆက်ရန် သတ္တိမရှိပေ။
ဝမ်မိသားစု အိမ်ငယ်လေးသို့ ရောက်လာသော ဧည့်သည်အသစ်တိုင်း၏ ဖိုးဖိုးဝမ် အပေါ် အထင်ကြီးမှုသည် ယခုအချိန်ထိ ဆက်လက် တည်မြဲနေဆဲ ဖြစ်ကြောင်း ဝမ်လင်းခံစားမိသည်။
ပထမအကြိမ် သူစိမ်း၊ ဒုတိယအကြိမ် မိတ်ဆွေဆိုသော စကားအရ သူက နောက်တစ်ကြိမ် အခွင့်အရေးကို စောင့်ရဦးမည်သာ။
ထွက်သွားခါနီးတွင် လူသတ်ဆရာက ဤအတွေးဖြင့်သာ သူ့ကိုယ်သူ နှစ်သိမ့်ခဲ့သည်။