အိုး.. ခဏနေပါဦး.. လိုင်းအောက် မသွားပါနဲ့
Vol. 23 Ch. 336
ဝမ်လင်းက ကောင်းကင်အက်ကွဲကြောင်းနှင့် ပတ်သက်ပြီး သဘာဝကျကျ သိသည်။
ကောင်းကင်အက်ကွဲရာများ ပါရှိသော အဖိုးတန်ကျောက်များကို ကောင်းကင်အက်ကွဲကျောက်များဟု ခေါ်ကြသည်။
ရှေးကျမ်းစာများအရ ထိုကဲ့သို့ ကျောက်တုံးများသည် ထင်ရှားကျော်ကြားသော ရဟန်းတော်များကို မီးသဂြိုလ်ပြီးနောက် ကျန်ရစ်ခဲ့သော ဓာတ်ပုလဲများနှင့် ဆင်တူ၏။
ကောင်းကင်အက်ကွဲ ကျောက်တုံးများတွင် ငုပ်လျှိုးနေသော ဝိညာဉ်စွမ်းအားများ ပါ၀င်သည်။
အသုံးပြုပုံကို သိသရွေ့ လူတစ်ဦးက ပကတိအင်မော်တယ် မဟုတ်လျှင်ပင် အမည်ခံ ဥပဒေသများကို တိုက်ရိုက်ဖန်တီးနိုင်သည်။
ရှေးခေတ်ကတည်းကပင် ကောင်းကင် အက်ကွဲကျောက်များ မှာ အလွန်ရှားပါးခဲ့သည်။
ပုံမှန်အခြေအနေအရ ပကတိအင်မော်တယ်များသည် ၎င်းတို့၏ နောက်ဆုံးနှစ်များအတွင်း များသောအားဖြင့် မီးသဂြိုလ်ရန် မတောင်းဆိုကြတော့ပေ။
ပကတိအင်မော်တယ်များက ၎င်းတို့၏ ခန္ဓာကိုယ်များကို လုံခြုံသော နေရာတွင် ထိန်းသိမ်းထားနိုင်မည့် နည်းလမ်းကိုသာ တွေးတောလေ့ ရှိကြသည်။
သံသရာဝဋ်ဆင်းရဲကို ကြံ့ကြံ့ခံနိုင်သမျှ ကာလပတ်လုံး မိမိတို့၏ ခန္ဓာကိုယ်သို့ ပြန်လည် ရောက်ရှိနိုင်ကာ နောက်ထပ် အနှစ်နှစ်ထောင်ကျော်ကြာလျှင် နယ်ပယ် နောက်တစ်ဆင့်သို့ ရောက်သွားနိုင်ပေသည်။
ထို့ကြောင့် သာမန် အခြေအနေများအောက်တွင် ပကတိအင်မော်တယ်သည် ၎င်းတို့၏ အလောင်းများကို မီးသဂြိုလ်ရန် မရွေးချယ်တော့ပေ။
ကောင်းကင်အက်ကွဲကျောက်များကို အကဲဖြတ်ရာတွင် တိုက်ရိုက်အကျဆုံး နည်းလမ်းမှာ ကောင်းကင်မျက်လုံးကို အသုံးပြုပြီး ထိုအထဲတွင် အနက်ရောင် အက်ကွဲကြောင်း မည်မျှရှိသည်ကို စစ်ဆေးရန်ဖြစ်သည်။
အက်ကွဲကြောင်း တစ်ခုစီက အမည်ခံ ဥပဒေတစ်ရပ်ကို ကိုယ်စားပြုသောကြောင့် အက်ကွဲကြောင်း များလေလေ ကောင်းကင်အက်ကွဲ ကျောက်တုံးက ပိုတန်ဖိုးကြီးလေ ဖြစ်၏။
သို့သော် ကောင်းကင်အက်ကွဲကြောင်းထဲမှ အရာများကို အင်မော်တယ်တိုင်းက မမြင်နိုင်ပေ။
ကောင်းကင်မျက်လုံးကို အဆင့်တစ်ခုအထိ ရောက်နေသောကျင့်ကြံသူကသာ လုပ်ဆောင်နိုင်၏။
ထို့ကြောင့် 'ဖက်တီးလော'က ကျောက်စိမ်းတုံးကို အချိန်အတော်ကြာ စစ်ဆေးခဲ့သော်လည်း မှန်ကန်စွာ အကဲမဖြတ်နိုင်ခြင်းပင်။
သူ၏ ကောင်းကင်မျက်လုံးက အားနည်းလွန်းပြီး သူ၏သတ္တုပစ္စည်း စတိုးရှိ အကဲဖြတ်နိုင်သော မှော်ရတနာ အားလုံးကလည်း အက်ကွဲရာ များကို အတိအကျ အကဲမဖြတ်နိုင်ခဲ့ပေ။
ထို့ကြောင့် ဤရှေးဟောင်း ကျောက်စိမ်းတုံးက ဒဏ္ဍာရီလာ ကောင်းကင်အက်ကွဲရာ ပါသော ကျောက်စိမ်းတုံး ဟုတ်မဟုတ် ကောင်းကင်မျက်လုံး မပါဘဲ သေချာစွာ မပြောနိုင်ပေ။
သို့သော် ယင်းက တကယ်ပဲ ကောင်းကင်အက်ကွဲ ကျောက်တုံးဖြစ်နေခဲ့လျှင် ဖက်တီးလောက ဂျက်ပေါ့ထိသွားပြီဟု ဆိုရမည်။
ဝမ်လင်းက ကျောက်စိမ်းတုံးကို ကိုင်ထားရင်း ကောင်းကင်မျက်လုံးကို ဖွင့်လိုက်ရာ သူ့မျက်လုံးများက ချက်ချင်းဆိုသလို ရွှေရောင် ပွင့်ချပ် ၃ပွင့် အဖြစ် ပြောင်းသွားခဲ့၏။
ထိုကောင်းကင်မျက်လုံးမှ ပြင်းထန်သော ဝိညာဉ်စွမ်းအင်များက ကျောက်စိမ်းတုံး အပေါ် သွန်းလောင်းလိုက်သည်ကို ခံစားမိကာ ဖက်တီးလော အံ့အားသင့်သွား၏။
ဤရူပါရုံစွမ်းအားက ကျောက်စိမ်းတုံးတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားပြီးနောက်တွင် ဝမ်လင်းက ဖက်တီးလော ပြောခဲ့သည့်အတိုင်း အတွင်း၌ အနက်ရောင် အက်ကွဲကြောင်းကို တွေ့ရှိခဲ့သည်။
ဝမ်လင်းက သူ၏ အမြင်စွမ်းအားကြောင့် ပွန်းပဲ့နေသော အစွန်းများ တစ်လျှောက်ရှိ သွားပေါက်ပုံစံ အရာများကိုပင် ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။
ဤအနက်ရောင် အက်ကွဲကြောင်းကို လေ့လာလိုက်ရာ အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုလို ဖြစ်နေသည်။
ဝမ်လင်းက သူ၏ အမြင်စွမ်းအားဖြင့် ထိုအထဲသို့ တိုက်ရိုက် စိမ့်ဝင်ပြီး အက်ကွဲကြောင်း၏ နက်နဲမှုကို ရှာဖွေနိုင်သည်ဟု ခံစားမိသည်။
နောက်ထပ် အခိုက်အတန့်တွင်မူ သူ့ရှေ့မှ မြင်ကွင်းက အပြာရောင်ပင်လယ်နှင့် ကောင်းကင်ကြီး အဖြစ် ပြောင်းလဲသွားခဲ့၏။
သူက တကယ်ပဲ လူသူမရောက်ရှိနိုင်သည့် ကျွန်းတစ်ကျွန်းကိုရောက်နေသည်။
ဤသည်မှာ စိတ်ကူးယဉ် နယ်ပယ်တစ်ခု ဖြစ်နေမည်လော။
သူက ကမ်းခြေမှာ မတ်တပ်ရပ်ရင်း လတ်ဆတ်သည့် ပင်လယ်လေညင်းက သူ့ပါးပြင်များကို ပွတ်သပ်သွားသလို ခံစားလိုက်ရသည်။
သူက သဲတချို့ကို ကောက်ယူကြည့်လိုက်၏။
ထိုအခါမှပင် ဤရှုခင်းက အမှန်တကယ် အစစ်အမှန်ဖြစ်ကြောင်း သူသဘောပေါက်သွားခဲ့သည်။
ဤအခြေအနေတွင် ၎င်းက စိတ်ကူးယဉ် နယ်မြေ တစ်ခု မဟုတ်ခဲ့ပေ။
သူ၏ အမြင်အာရုံစွမ်းအားက ကောင်းကင်အက်ကွဲရာထဲတိုးဝင်ရာမှ တဆင့် ဤလျှို့ဝှက်နေရာကို ရှာတွေ့ခဲ့ခြင်း ဖြစ်နိုင်ကြောင်း မှန်းဆမိခဲ့သည်။
ဤနေရာသို့ စိတ်ဝိညာဥ် အဆင့် ရူပါရုံစွမ်းအားဖြင့် ဘယ်သောအခါမှ မရောက်နိုင်ပေ။
ဝမ်လင်းက ဤနေရာကို တစ်စုံတစ်ဦးမှ တမင်သက်သက် ဖန်တီးထားခြင်း ဖြစ်လောက်သည်ဟု တွေးနေမိသည်။
ထိုသို့ သူ့အတွေးများ ရှုပ်ယှက်ခက်နေသော အချိန်တွင် သူ့နောက်ကနေ လေပြင်းတိုက်သံ တချို့ကို ရုတ်တရက် ကြားလိုက်ရသည်။
သူက တစ်ဖက်ကို ခပ်မြန်မြန် ရှောင်တိမ်းလိုက်ရာ အုန်းသီးတစ်လုံးက သူ့ဆီသို့ ပျံဝဲလာပြီး ပင်လယ်ထဲ ကျသွားသည်ကို တွေ့လိုက်ရ၏။
ဝမ်လင်းက အရှောင်မြန်၍ အုန်းသီးက သူ့ကို မထိလိုက်ပေ။
သူက အုန်းသီးလာရာ လမ်းကြောင်းကို ကြည့်လိုက်သောအခါ လက်တစ်ဖက်တွင် အုန်းသီးတစ်လုံးကို ကိုင်ထားသည့် အဖိုးအိုတစ်ယောက် သူ့ဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။
"ဒီအဘိုးကြီးရဲ့ လျှို့ဝှက်လက်နက်ကို တကယ်ပဲ ရှောင်သွားနိုင်တယ် ဆိုတော့ ကြည့်ရတာ မင်းက ကြောက်စရာကောင်းတဲ့ ဂျူနီယာတစ်ယောက်ပဲ"
အဖိုးကြီးက အော်ဟစ်လိုက်သည်။
ဝမ်လင်း အံ့အားသင့်သွားသည်။
"ဒါဆို ဒီအုန်းသီးက လျှို့ဝှက်လက်နက်လား.. နောက်နေတာလားဟ.. အုန်းသီးကို ဘာကြောင့်သုံးရတာလဲ.. မြေဖြူခဲတစ်ဖဲ့တောင်မှ ဒီထက် ပိုစိတ်ချရတယ်"
"သင်ဘယ်သူလဲ"
ဝမ်လင်းက ဤမေးခွန်းကို စိတ်ချင်းဆက်သွယ်၍ မေးနေစဉ် ကျဉ်းမြောင်းသော မျက်လုံးများဖြင့် အဖိုးအိုအား စိုက်ကြည့်လိုက်သည်။
အုန်းသီး အဖိုးကြီးက သူ့ကို ပြန်ကြည့်လိုက်သည်။
"ငါ့မျိုးရိုးက ဖန်းဖြစ်ပြီး ငါ့နာမည်ကတော့ ကွမ်း"
ဝမ်လင်း "ဖန်းကွမ်းလား"
အုန်းသီးအဖိုးကြီး "စိတ်မပူပါနဲ့ ငါက ပကတိအင်မော်တယ် တစ်ယောက် ဖြစ်ပေမဲ့ မင်းကို ထိခိုက်အောင်မလုပ်ပါဘူး"
ဝမ်လင်း "............."
အုန်းသီးအဖိုးကြီး "ဒါပေမယ့် ငါမင်းကို မထိခိုက်စေရင်တောင်မှ မင်းက အရမ်းတော်တာပဲ"
ဝမ်လင်း "...???..."
အုန်းသီးအဖိုးကြီး "ငါက ပကတိအင်မော်တယ်လို့ ပြောတဲ့အခါ အားနာပါနာနဲ့ အံ့ဩသွားဟန်လေးတော့ ပြသင့်တယ် မထင်ဘူးလား"
ဝမ်လင်း "............"
ဝမ်လင်း၏ အေးစက်စက် မျက်နှာက အစမှအဆုံးတိုင် မပြောင်းလဲသည်ကို တွေ့လိုက်ရလျှင် အုန်းသီး အဖိုးအိုက သက်ပြင်းချလိုက်သည်။
"အိမ်း.. ဘာပဲဖြစ်ဖြစ် မင်းလို အလိုက်မသိတဲ့ ဂျူနီယာတွေနဲ့ ငါမငြင်းခုံတော့ဘူး.. ဒါပေမယ့် မင်းပျော်သင့်တယ် ညီငယ်လေး.. ငါ ဒီလျှို့ဝှက်နေရာကို ကောင်းကင်အက်ကွဲကျောက်ထဲမှာ တည်ဆောက်ပြီးကတည်းက မင်းက ဒီကို ပထမဆုံး ရောက်လာတဲ့သူပဲ"
အကြောင်းပြချက် တစ်ခုခုကြောင့် ဝမ်လင်းက ဤစကားကိုကြားလိုက်ရသောအခါ လုံးဝ ကံမကောင်းသလို ခံစားလိုက်ရသည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အုန်းသီး အဖိုးကြီးက ဝမ်လင်းကို လှမ်းကြည့်ကာ ရုတ်တရက် မေးလိုက်သည်။
"ညီငယ်လေး သံသရာဝဋ်ဆင်းရဲနဲ့ ပတ်သက်ပြီး သိလား"
ဝမ်လင်း မျက်မှောင်ကြုတ်လိုက်သည်။
"စိတ်မပူပါနဲ့ ငါမင်းကို ဒီအကြောင်းနည်းနည်း ပြောပြချင်တယ်"
အုန်းသီးအဖိုးကြီးက လွတ်လပ်စွာ ရယ်လိုက်သည်။
"သံသရာဝဋ်ဆင်းရဲဆိုတာ ပကတိအင်မော်တယ်တွေ နယ်ပယ်ကို ဖြတ်ကျော်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းပဲ.. ဒါပေမဲ့ ရှေးခေတ်ကတည်းကနေ ရေတွက်ရင် အောင်မြင်တဲ့သူ အလွန် နည်းပါးတယ်.. ဘေးဒုက္ခတွေလည်း အမျိုးမျိုးရှိတယ်"
"ကပ်ဘေးကို ခံယူလိုတဲ့ ပကတိ အင်မော်တယ်တွေက သူတို့ရဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းထားပြီး သူတို့ရဲ့ ဝိညာဉ်တွေကိုတော့ မိုးကြိုးကပ်ဘေးရဲ့ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို ခံနိုင်ရည်ရှိဖို့ အတွက် လူဝင်စား ဂိတ်တံခါးကို ဝင်ရောက်ကြရတယ်.. သူတို့ရဲ့ ဝိညာဉ်တွေက လူဝင်စားဂိတ်ကို ဖြတ်ကျော်ပြီး သူတို့ရဲ့ ခန္ဓာကိုယ်ထဲကို အောင်မြင်စွာ ပြန်ရောက်ပြီးရင်တော့ သံသရာဝဋ်ဆင်းရဲက ပြီးလုနီးပါးဖြစ်သွားပါပြီ"
"ကပ်ဘေးဒုက္ခကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်သူတွေက အင်မော်တယ်အရှင်မြတ် အဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပြီး နောက်ထပ် အနှစ်နှစ်ထောင် သက်တမ်းကို ရရှိမှာဖြစ်တယ်"
"ဒါပေမယ့် လူနည်းစုကပဲ သံသရာဝဋ်ဆင်းရဲရဲ့ တကယ့်အနှစ်သာရက ဘာလဲဆိုတာ သိတယ်.. ငါကတော့ အားလုံးထဲမှာ အခက်ခဲဆုံး နည်းလမ်းကို ရွေးချယ်ခဲ့တယ်.. ငါအောင်မြင်သရွေ့ လူဝင်စားခြင်းကို တိုက်ရိုက်ကျော်ဖြတ်ပြီး အင်မော်တယ်အရှင်မြတ် ဖြစ်လာနိုင်လိမ့်မယ်"
ဝမ်လင်းက အုန်းသီးအဖိုးအို ပြောသမျှကို စိတ်ပါဝင်စားစွာနားထောင်နေခဲ့သည်။
"တည်ဆောက်ဖို့အတွက် အရင်ဖျက်ဆီးရတယ် ဆိုတဲ့စကားလိုပေါ့.. ငါက ငါ့ခန္ဓာကိုယ်ကို တမင်တကာ မီးရှို့ပြီး ငါ့ဝိညာဉ်ကို သန့်စင်ခဲ့တယ်.. ပြီးတော့ ဒီကောင်းကင်အက်ကွဲကျောက်ထဲမှာ စည်းတံဆိပ် ခတ်ထားခဲ့တယ်"
"ငါက ရုပ်ပွားတော် ကိုးသောင်းကိုးထောင်ကိုးရာရှစ်ဆယ့်တစ်ခုကို ပြုလုပ်ပြီး တပည့်ရှာဖွေရမယ်.. ကံထူးသူက ဒီကောင်းကင်အက်ကွဲကြောင်းထဲမှာ တစ်နေ့ ပေါ်လာလိမ့်မယ်..သူက ငါတပည့်အသစ် ဖြစ်လာတဲ့အချိန်မှာ ငါက သံသရာဝဋ်ဆင်းရဲကို ဖြတ်ကျော်နိုင်လိမ့်မယ်"
ဤအချက်အလက်များကို ပြောပြရင်း အုန်းသီး အဖိုးကြီးက စိတ်လှုပ်ရှားနေပုံရသည်။
သူက အုန်းသီးကို ဘေးဖယ်လိုက်ပြီး ဝမ်လင်း၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
"ညီငယ်လေး.. မင်းက ကံထူးသူပဲ"
ဝမ်လင်း "..........."
အုန်းသီးအဖိုးကြီးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ငါအင်မော်တယ်အရှင်မြတ် အဆင့်ကို ရောက်သွားတဲ့အခါ မင်းက အမွေခံတပည့် ဖြစ်လာလိမ့်မယ်
ဝမ်လင်းက မကျေမနပ်ဖြစ်ကာ သူ့လက်ကို ပြန်ဆွဲယူလိုက်ပြီး သက်ပြင်းချလိုက်သည်။
[ဒီငကြောင်က ဘယ်ကလာတာလဲ.. ဖင်တောင်ကျိန်းတယ်ဟ"
အုန်းသီးအဖိုးအိုက ဝမ်လင်းအား ကောက်ကျစ်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
"မင်း သဘောမတူမချင်း ငါပြန်ခွင့်မပြုဘူး.. မင်းအသံထွက်ပြီး ကြိုက်သလောက် ငိုနိုင်တယ်... ဒီမှာ မင်းကို ကယ်တင်မယ့်သူ မရှိဘူး"
သို့သော် ထိုခဏတွင် သူပြောလိုက်သည့် စကားကြောင့် နောင်တရမိသွားသည်။
ဝမ်လင်း၏ ပုံပန်းသဏ္ဍာန်က တဖြည်းဖြည်း မှုန်ဝါးသွားသည်ကို သူတွေ့လိုက်ရ၏။
"ဘယ်လိုဖြစ်တာလဲ"
ဤသည်မှာ သူကိုယ်တိုင် ဖန်တီးထားသောနေရာ ဖြစ်သည်။
[ဒီဂျူနီယာက ဘာလို့ လွယ်လွယ်ကူကူ လွတ်မြောက်သွားတာလဲ]
အဖိုးအိုက ဝမ်လင်း ပျောက်ကွယ်သွားသည်ကို မှင်တက်၍ ကြည့်နေခဲ့သည်။
သူ မပျောက်ခင်လေးမှာပင် အဖိုးအိုက ကြောက်လန့်တကြား အော်ဟစ်လိုက်၏။
"ညီ.. ညီငယ်လေး ခဏနေပါဦး.. လိုင်းအောက် မသွားနဲ့လေ.. ငါတို့မှာ ပြောစရာတွေ အများကြီး ရှိတယ်.. ငါ့စကားကို နားထောင်..."