မိုက်မဲသော အရာတစ်ခုကို မလုပ်သရွေ့ မင်းကို ခြောက်လှန့်ဖို့ ပြန်လာမည်မဟုတ်
Vol. 23 Ch. 337
အုန်းသီး အဖိုးကြီး ပြောသလိုပင်။
သံသရာဝဋ်ဆင်းရဲ၏ ဘေးဒုက္ခကို ခံရဖို့ နည်းလမ်း အမျိုးမျိုး ရှိသည်။
လူဝင်စား ဂိတ်တံခါးကို ဝင်သွားသည့် ဝိညာဉ် တော်တော်များများမှာ မိုးကြိုးကပ်ဘေး ကဲ့သို့သော သမားရိုးကျ လမ်းစဥ်ကိုသာ ရွေးချယ်လေ့ရှိကြသည်။
သဘာဝအားဖြင့် ၎င်းမှာ အန္တရာယ်အနည်းဆုံး ဖြစ်သည်။
ယင်းက တခြား ထူးခြားသည့် နည်းလမ်းတွေထက်တော့ ပိုကောင်းနေပါသေးသည်။
ဥပမာအားဖြင့် အုန်းသီး အဖိုးအိုက ကောင်းကင်အက်ကွဲကြောင်းထဲတွင် နေထိုင်သလိုမျိုး ဖြစ်သည်။
ထိုပုဂ္ဂိုလ်က ရုပ်ပွားတော် တည်ဆောက်မှုမပြီးမီ ဤနေရာသို့ တပည့်တစ်ယောက် လာရန် စောင့်မျှော်နေရ၏။
အခန့်မသင့်လျှင် ငရဲပြည်က အေးခဲသွားသော ကာလထိတိုင်(မဖြစ်နိုင်သည့်အချိန်ကာလ) စောင့်ရနိုင်သည်။
ဝမ်လင်းက အက်ကွဲကြောင်းထဲမှ ပြန်ထွက်လာပြီးနောက် ရှေးဟောင်း ကျောက်စိမ်းတုံးကို ဖက်တီးလောထံ ပစ်ပေးလိုက်၏။
ဖက်တီးလောက သူ့ကို မျှော်လင့်တကြီး စိုက်ကြည့်နေသည်။
"လင်းကျန်းရန်.. အဲဒါက တကယ်ပဲလား"
ဝမ်လင်းက ခေါင်းညိတ်လိုက်သည်။
'ဖက်တီးလော'က ဤကဲ့သို့သော ရတနာကို အမှန်တကယ် ရှာဖွေတွေ့ရှိခဲ့သည်။
ဝမ်လင်းက အချိန်အများကြီး မရှိသဖြင့် ကောင်းကင်အက်ကွဲကျောက်တုံးအတွင်း၌ မည်သည့် အမည်ခံဥပဒေ ပါရှိသည်ကို မဆုံးဖြတ်နိုင်ခဲ့ပေ။
ဝမ်လင်း၏ အဖြေကိုကြားလျှင် 'ဖက်တီးလော'က ဆိုးယုတ်စွာ ပြုံးလိုက်သည်။
"ဟားဟား.. ငါ အချဥ်ဖမ်းပြီး ဝယ်ထားတဲ့ ပစ္စည်းက ဒီလောက်တန်ဖိုးကြီးတဲ့ ရတနာတစ်ခု ဖြစ်သွားမယ်လို့ ငါတကယ် မယုံနိုင်ဘူး"
ဖက်တီးလောက သဘာဝကျစွာ ပျော်ရွှင်နေသော်လည်း ဝမ်လင်းကမူ နည်းနည်းလေးမှ မပျော်ပေ။
သူက ကောင်းကင်အက်ကွဲကျောက်တုံး အစစ် ဟုတ်၊ မဟုတ်ဆိုသည်ကို တစ်ဖက်လူအား ကူညီပေးချင်ရုံသာ ဖြစ်သည်။
အထဲတွင် စည်းတံဆိပ်ခတ်ထားသည့် စစ်မှန်သည့် အင်မော်တယ် နေရာတစ်ခု ရှိနေလိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။
ထိုအုန်းသီး အဖိုးအိုကို လူဆိုးတစ်ယောက်ဟု မထင်ထားသော်လည်း ဝမ်လင်းက ထိုလူနှင့် လုံးဝ မပတ်သက်ချင်ပေ။
အမှန်တကယ်တွင် ယင်းက ဝမ်လင်း၏ ကံကြမ္မာအစ ဖြစ်သည်။
ကောင်းကင်အက်ကွဲ ကျောက်တုံးတွင် အကန့်အသတ်မရှိသော ဝိညာဉ်စွမ်းအားများ ပါရှိသည်။
၎င်းကို အသုံးချနိုင်သူများသည် ပကတိ အင်မော်တယ်၏ အစွမ်းသတ္တိကို ပိုင်ဆိုင်ခြင်းနှင့် ညီမျှသည်။
ထို့အပြင် ဤကျောက်တုံးက လူတစ်ဦးအား နယ်ပယ်အဆင့် တိုးတက်အောင် ကူညီပေးနိုင်သည့် အဖိုးမဖြတ်နိုင်သော ရတနာတစ်ခု ဖြစ်၏။
သို့သော် အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုသည် အများအားဖြင့် အသတ်ခံရခြင်း ဘေးဆိုးကို ဖြစ်စေတတ်သည်။
ဝမ်လင်းက ဖက်တီးလောကို သတိထားရမည့် လက္ခဏာအဖြစ် အဓိပ္ပါယ်ရှိသော အကြည့်တစ်ချက် ပေးလိုက်သည်။
ယင်းက ကောင်းမွန်သည့် သတိပေးချက်ဟု ယူဆနိုင်၏။
ဖက်တီးလော ချက်ချင်း နားလည်သွားသည်။
သူက ကောင်းကင်အက်ကွဲ ကျောက်တုံးကို သေသေချာချာ သိမ်းဆည်းလိုက်ပြီး ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။
"လင်းကျန်းရန် စိတ်ချပါ.. ဒီအချိန်မှာ ဒီရှေးဟောင်းကျောက်စိမ်းကို ငါမလိုအပ်ပါဘူး.. ငါသေချာဂရုစိုက်ပါ့မယ်"
ဝမ်လင်းက ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပင် တည်နေရာရွှေ့လိုက်သည်။
သူ့ခန္ဓာကိုယ် လင်းလက်လာပြီးနောက် ဖက်တီးလော ရှေ့မှာပင် သူက တိုက်ရိုက် ပျောက်ကွယ်သွားသည်။
ဤမြင်ကွင်းကို ကြည့်ကာ 'ဖက်တီးလော'က မယုံနိုင်စွာ ရေရွတ်လိုက်သည်။
"ဒါ.. ဒါက ဒဏ္ဍာရီလာ တည်နေရာရွှေ့ပြောင်းခြင်း စွမ်းရည် မဟုတ်လား"
သူက အံဩခြင်းနှင့်အတူ အားကျ မနာလိုစိတ်များ ပြည့်နှက်လာသည်။
လင်းကျန်းရန်၏နယ်ပယ်က တကယ်ကို မြင့်မားလွန်းနေ၏။
'ဖက်တီးလော'က ဝမ်လင်းအား လိုက်မီရန် ကျင့်ကြံရာတွင် အချိန်အားလုံးကို မြှုပ်နှံထားသော်လည်း အနှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက်တွင်ပင် လိုက်မမီနိုင်မှန်း သိသွားခဲ့သည်။
အိမ်ပြန်ရောက်လျှင် ဝမ်လင်းက သူ့ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး စောစောပိုင်းက အုန်းသီး အဖိုးအို အကြောင်း တွေးနေမိသည်။
အင်မော်တယ်အရှင်မြတ် ဖြစ်ရန် အားထုတ်နေသည့် ကျင့်ကြံသူများ ဤကမ္ဘာကြီး၌ အမှန်တကယ် ရှိနေဦးမည်ဟု သူဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
လူအများစုအတွက် ဤသည်မှာ လက်တွေ့မဆန်သော အဆင့်ဖြစ်ပြီး ဤနယ်ပယ်သို့ ရောက်ဖူးသူများ အကြောင်းကို ဖော်ပြထားသည့် ရှေးကျမ်းစာများလည်း အလွန်နည်းပါးသည်။
အတိုင်းအတာ တစ်ခုအထိ မှတ်တမ်းတင်ထားသည့် တစ်ဦးတည်းသောသူမှာ ဒဏ္ဍာရီလာ အင်မော်တယ် ကျန်းရွမ် ဖြစ်သည်။
ကောလဟာလအရ အင်မော်တယ်ကျန်းရွမ်မှာ အင်မော်တယ်အရှင်မြတ် ဖြစ်သည်။
သို့သော် ဤကောလာဟလ မှန်မမှန်ကို မည်သူမျှမသိပေ။
ထို့ပြင် ကျမ်းဂန်များတွင် အတည်ပြုရန်လည်း နည်းလမ်းမရှိပေ။
ဝမ်လင်းက သူ့လက်သီးကို ဆုပ်ထားခဲ့သည်။
သူ၏လက်မောင်းတွင် ကပ်ထားသော အစီအရင် စည်းတံဆိပ်၏ ရည်ရွယ်ချက်မှာ သူ၏ အော်ရာကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်ရန်နှင့် ပုံမှန်ဘဝတွင် နေထိုင်နိုင်ရန် ဖြစ်သည်။
ထိုသို့သော်မှ အံ့အားသင့်ဖွယ် စွမ်းအားကို သူက ကိုင်စွဲထားနိုင်သေးသည်။
ဥပမာအားဖြင့် သူက ကမ္ဘာခြားဂိတ်တံခါးကို လက်တစ်ဖက်တည်းဖြင့် ပိတ်လိုက်သောအခိုက်တွင် စည်းတံဆိပ်ကို ဖယ်ရှားရန် မလိုအပ်ဘဲ ပကတိအင်မော်တယ် အဆင့်နှင့်ညီသော စွမ်းအားကို ထုတ်လွှတ်ခဲ့ကြောင်း သတိရမိသည်။
အကယ်၍ သူသာ ဤစည်းတံဆိပ်ကို ဖြုတ်ခဲ့မည်ဆိုလျှင် သူကိုယ်တိုင်ပင် ဘာဆက်ဖြစ်မည်မှန်း မသိနိုင်ပေ။
သူက ကုတင်ပေါ်တွင် အချိန်အတော်ကြာ လှဲလျောင်းပြီးနောက်တွင် မျက်ခွံများက ရုတ်တရက် ပြင်းထန်စွာ လှုပ်ယမ်းသွားပြီး အနည်းငယ် အိပ်ငိုက်လာသည်။
ထူးဆန်းသည်မှာ ငယ်စဥ်ကတည်းက သူ့တွင် ချို့ယွင်းချက်တစ်ခု အမြဲရှိခဲ့ပြီး ယင်းမှာ အိပ်မငိုက်ခြင်းပင် ဖြစ်သည်။
သူ့ဘဝတစ်လျှောက်လုံးတွင် အိပ်ငိုက်ခဲ့ဖူးတဲ့ အကြိမ်အရေအတွက်ကို လက်ချိုး၍ပင် ရေတွက်နိုင်၏။
အစောပိုင်းက ကောင်းကင်မျက်လုံးကို အသုံးပြုရာတွင် စွမ်းအင်များ အလွန်အကျွံ သုံးခဲ့မိပါသလော။
ကောင်းကင်မျက်လုံးကို အသုံးပြု၍ ကောင်းကင်အက်ကွဲကျောက်ကို ဆန်းစစ်ရန် အမြင်စွမ်းအား မည်မျှ သုံးစွဲခဲ့သည်ကို သူမသိပေ။
သို့သော် ဤအရာလောက်နှင့် သူ့ကို အိပ်ငိုက်စေလောက်သည်အထိ မဖြစ်သင့်ဟု သူခံစားမိသည်။
ယင်းအစား ဖြစ်နိုင်ခြေအရှိဆုံး အကြောင်းရင်းမှာ ထိုအဖိုးအို၏ နေရာမှ ထွက်သွားရန် ကောင်းကင်မျက်လုံးကို အသုံးပြုခဲ့စဉ်က သုံးစွဲခဲ့သော အမြင်စွမ်းအား ပမာဏ ဖြစ်သည်။
ထိုအချိန်က သူ့ကို ထိုကျွန်းနေရာလေးကနေ ဘယ်တော့မှ ထွက်ခွာသွားနိုင်မည် မဟုတ်ကြောင်း လေးနက်စွာ ပြောကြားခဲ့သည့် အုန်းသီးအဖိုးကြီးကို သတိရမိသွားသည်။
ကံမကောင်းစွာပဲ သူ၏ခွန်အားက အုန်းသီးအဖိုးကြီး ဆုံးဖြတ်နိုင်သော အရာ မဟုတ်ခဲ့ပေ။
ဝမ်လင်းက ဖိုးဖိုးဝမ်၏ မီးဖိုချောင်သုံးဓားကို ပြုပြင်ထိန်းသိမ်းရန်အတွက် ဖက်တီးလောဆီ ပေးဆောင်ပြီးနောက် ကျောင်းစာကို ပြန်လည်သုံးသပ်ရန် ကနဦး စီစဉ်ထားခဲ့သည်။
သို့သော် အလွန်အမင်း အိပ်ငိုက်လာသောကြောင့် စိတ်သွားတိုင်း ကိုယ်မပါတော့ချေ။
သူက မီတာအနည်းငယ် အကွာမှ သူ့စားပွဲကို စိုက်ကြည့်ရင်း လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သော်လည်း သူ့လက်က တဖြည်းဖြည်း လေးလံသွားသည်။
ယင်းက ဒဏ္ဍာရီလာ "ပျင်းရိခြင်းကင်ဆာ" ဖြစ်နိုင်၏။
[မေ့လိုက်ပါ... ခဏလောက် အိပ်လိုက်.. နောက်မှ စာပြန်လုပ်လည်းရတာပဲ]
သူ့စာကျက်စားပွဲကို ကြည့်လိုက်ရင်း ဝမ်လင်းက အတွေးများ လွန်ဆွဲနေပြီ ဖြစ်သည်။
မျက်လုံးမမှိတ်ခင်တွင် သူက ဝမ်မင်ကို သူ့လက်ပတ်နာရီပေါ်ကနေ မက်ဆေ့ခ်ျ တစ်စောင် ပို့လိုက်သည်။
ဖက်တီးလောဆီကနေ ဓားကို ပြန်လည်ရယူခဲ့ပြီ ဖြစ်သည်။
ဝမ်မင်ထံ အာမခံကုမ္ပဏီဖြင့် ပေးပို့မည့်အစား ဝမ်မင်ကိုယ်တိုင် ဓားလာယူခြင်းက ပိုလုံခြုံသည်ဟု ဝမ်လင်း ခံစားမိသည်။
ကောင်းကင်သတ္တုဓားတွင် ပါရှိသော ပစ္စည်းများကြောင့် ထိုဓားကိုသာ အမှန်တကယ် ဆုံးရှုံးသွားခဲ့လျှင် ကုမ္ပဏီတစ်ခုလုံးကို ရောင်းချလိုက်သော်မှ ယင်းအတွက် လျော်ကြေးပေးရန် မဖြစ်နိုင်သေးပေ။
မက်ဆေ့ချ် ပို့လွှတ်လိုက်ပြီးနောက် ဝမ်လင်းက ငိုက်စဥ်းနေသော မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။
ပုံမှန်အခြေအနေတွင် ဝမ်လင်းက တော်ရုံ အိပ်မက် မမက်တတ်ပေ။
ရံဖန်ရံခါ မက်တတ်သော အိပ်မက်များကလည်း နိမိတ်ပေး အိပ်မက်များသာ ဖြစ်သည်။
လေးမိနစ်လောက် အကြာတွင် သူက အိပ်မက်နယ်မြေထဲကို ရောက်သွားကြောင်း အတည်ပြုနိုင်ခဲ့သည်။
သူ့ရှေ့တွင် အဆုံးမဲ့ သမုဒ္ဒရာကြီးတစ်ခု ရှိနေပြီး သူက ကျွန်းတစ်ကျွန်းပေါ်တွင် ရပ်နေ၏။
ခဏနေပါဦး..
ဤမြင်ကွင်းနှင့် ပတ်သက်၍ ရင်းနှီးနေသလိုပင်။
ဝမ်လင်း၏ ပါးစပ်ထောင့်များက လှုပ်ယမ်းသွားသည်။
သူက အနောက်ကို လှည့်ကြည့်လိုက်ရာ အုန်းသီးအဖိုးအိုက လိမ္မာပါးနပ်သော အပြုံးနှင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။
"ဟားဟား.. ညီငယ်လေး.. ငါပြောပါတယ် မင်းမလွတ်နိုင်ပါဘူးလို့.."
ဝမ်လင်း "............."
အုန်းသီး အဖိုးအိုက ဂုဏ်ယူစွာ ပြောလိုက်သည်။
"အရင်ကတည်းက ဒီနေရာမှာ စိတ်ဝိညာဉ် စည်းနှောင်မှု သဘောတူညီချက်ကို ငါ ချမှတ်ထားပြီးသားပါ.. ဒီနေရာကို ပထမဆုံး ဝင်ရောက်လာသူက ငါနဲ့ အလိုအလျောက် စာချုပ်ပြီးသားပဲ"
"အခုချိန်ကစပြီး မင်းအိပ်မက်မက်တိုင်း မင်းငါ့ကို အိပ်မက်မက်လိမ့်မယ်.. ဒါက ကောင်းတယ် မဟုတ်လား .. မင်းစိတ်လှုပ်ရှားသွားလား.. အတော်လေး အံ့သြနေတယ်မဟုတ်လား"
..........................
နောက်ထပ် အခိုက်အတန့်တွင် ဝမ်လင်းက နိုးလာသည်။
အချိန်ကိုကြည့်လိုက်ရာ အိပ်မက်ထဲတွင် ခဏလောက်သာ ရှိသော်လည်း မိနစ်နှစ်ဆယ်လုံးလုံး အိပ်စက်ရင်း ကုန်ဆုံးသွားမှန်း သိလိုက်ရသည်။
"ဒါက ဘယ်လိုခံစားချက်မျိုးလဲ"
ထိုအရာကို ဖော်ပြရမည်ဆိုလျှင် ချစ်သူ နှင့် အိပ်ယာပေါ်တွင် ကုလားသေ ကုလားမော ဖက်အိပ်ပြီးမှ ချစ်သူထံ၌ တတိယခြေထောက် တစ်ချောင်း ရှိနေမှန်း သိ၍ လန့်နိုးသလိုမျိုးပင်။