စိတ်ကူးဉာဏ်ပျောက်ဆုံးနေသည့် ဖေဖေဝမ်
Vol. 23 Ch. 338
ဝမ်လင်းက အိပ်မက်ဆိုး မမက်တာ ကြာပြီမို့ သူ့ခန္ဓာကိုယ်အတွင်းပိုင်းကို စစ်ဆေးကြည့်လိုက်သည်။
သူ၏ ဝိညာဉ်ကို စစ်ကြည့်ခဲ့သေးသော်လည်း အုန်းသီးအဖိုးအို ပြောခဲ့သည့် ဝိညာဉ်စာချုပ်ကို ရှာမတွေ့ခဲ့ပေ။
[ဒါက အတွေးလွန်နေတာဖြစ်နိုင်မလား]
ဝမ်လင်း သက်ပြင်းတစ်ချက် ချလိုက်သည်။
တကယ်ပဲ အိပ်မက်ထဲက အုန်းသီအဖိုးအို ပြောခဲ့သည့် စကားက မှန်သည် ဆိုလျှင် နေရာလွတ်ထဲကို ဝင်လိုက်သည်နှင့် ဝိညာဉ်ချည်နှောင်မှု၏ အကျိုးသက်ရောက်မှုကို သူခံစားရမည် ဖြစ်သည်။
ယခုချိန်တွင် သူ့ဘဝက အနည်းငယ် ရှုပ်ထွေးနေသော်လည်း အခြေအနေတစ်ခုလုံးက လက်ခံ၍ ရနေဆဲပင်။
ဝမ်လင်းက တွေ့ကရာလူနှင့် မိတ်ဆွေမဖွဲ့ချင်ပေ။
ထို့ကြောင့် ကျင့်ကြံမှုအသိုင်းအဝိုင်းရှိ အကြီးအကဲများနှင့်လည်း ပတ်သက်မှု နည်းပါးသည်။
သို့မဟုတ်လျှင် ထိုအရာက သူ့ကို ပို၍ပင် ဒုက္ခဖြစ်စေလိမ့်မည်။
သူက မျက်မှောင်ကြုတ်ရင်း လက်တစ်ဖက်ကို မြှောက်လိုက်ရာ အခန်းပြတင်းပေါက်က ပွင့်သွားခဲ့သည်။
ဝမ်လင်းက ပျော်ရွှင်စရာ သီတင်းကျွတ်ပိတ်ရက် ဖြစ်မည်ဟု မျှော်မှန်းခဲ့သော်လည်း အုန်းသီးအဖိုးအိုကြောင့် အနည်းငယ် စိတ်မကြည်မလင် ဖြစ်သွားခဲ့သည်။
ပြတင်းပေါက်ကနေ အေးမြသည့် လေနုအေးက သူ့ပါးပြင်ကို ပွတ်သပ်လာသောကြောင့် မငြိမ်မသက်ဖြစ်ပြီး လှုပ်ခါနေသည့် သူ့နှလုံးသားက အနည်းငယ် ငြိမ်သက်သွားခဲ့သည်။
အပေါ်ထပ်တွင် ဝမ်လင်းက ကျောင်းစာကို အနည်းငယ်လုပ်ပြီးနောက် ကျောင်းစာအုပ်ကို ပိတ်လိုက်သည်။
ထိုအချိန်တွင် သူက ပြတင်းပေါက်မှ တစ်ဆင့် ဖိုးဖိုးဝမ်နှင့်မေမေဝမ်တို့ သုံးဘီးဆိုင်ကယ်ပေါ် တက်သွားသည်ကို တွေ့လိုက်ရသည်။
ဖိုးဖိုးဝမ်က ဆိုင်ကယ်မောင်းနှင်စဥ် မေမေဝမ်က ထွင်ထျန်းဟာကို ချီကာ သုံးဘီးဆိုင်ကယ် အနောက်ဘက်တွင် ထိုင်နေခဲ့သည်။
မေမေဝမ်တို့က ကုန်စုံဆိုင်တွင် စျေးဝယ်ထွက်ရင်း တစ်ချိန်တည်းမှာပင် ထွင်ထျန်းဟာကို ကျောင်းပေးခြင်း ဖြစ်သည်။
ဝမ်လင်းက စားပွဲခုံမှာ မေးတင်ထားရင်း သုံးဘီးဆိုင်ကယ် အရှေ့ဟွမ် လမ်းမပေါ်ကနေ ဖြတ်သွားသည်ကို အဝေးကနေ ကြည့်လိုက်သည်။
ဝမ်မိသားစု အိမ်ငယ်လေးနှင့် မီတာဆယ်ဂဏန်း အကွာသို့ ရောက်နေချိန်တွင် ထွင်ထျန်းဟာက သူကြည့်နေသည်ကို မြင်နေရသကဲ့သို့ အောက်မျက်ခွံကို လက်သည်းများနှင့် ဆွဲချလိုက်သည်ကို မြင်လိုက်ရပြီး ဝမ်လင်း၏ မျက်နှာက အီလည်လည်ကြီး ဖြစ်သွားသည်။
[မေငိုးခွေးက ငါ့ကိုလှောင်နေတာဟ]
ထိုခဏတွင် ထွင်ထျန်းဟာ၏ဘဝက သူ့ကိုယ်ပိုင်ထက်ပင် ပိုသက်သောင့်သက်သာရှိသည်ဟု သူအမှန်တကယ် ခံစားခဲ့ရသည်။
..........................
ဝမ်လင်းက ဖေဖေဝမ်၏ ဝတ္ထုကို သူ့လက်ပတ်နာရီတွင် တင်ထားခဲ့ပြီး ဖေဖေဝမ်က အပိုင်းအသစ်များ တင်မထားသည်ကို တွေ့ရှိလိုက်ရသဖြင့် အံ့သြသွားခဲ့သည်။
ဝမ်လင်းက "အင်မော်တယ်ဘုရင်၏ တိုက်ရိုက်ထုတ်လွှင့်မှုဘဝ" ဝတ္ထုစီးရီး အတွက် မှတ်ချက်များ ကဏ္ဍတွင် သူထင်ထားသည့်အတိုင်း မကျေနပ်မှုများဖြင့် ပြည့်နှက်နေသည်ကို မြင်လိုက်ရသည်။
"အသစ်မတင်သေးဘူးလား"
"ဂုရုဝမ်စစ်ထူ.. ဒီနေ့ အပ်ဒိတ်တင်ဖြစ်လား.. မတင်ဖြစ်ရင်လည်း ငါတို့ကို ပြောပါ.. အပ်ဒိတ်တွေကို စောင့်ရတာက အရမ်း နာကျင်ရတယ်"
"စစ်ကိုခင်းမည်လော.. စာကိုရေးမည်လော"
"ချီးပဲ.. ဝဘ်ဝတ္ထု စာရေးဆရာတွေက အပိုင်းသစ်တင်ဖို့ တအားကြာတယ် ဒါက အကျင့်စာရိတ္တ ပျက်ပြားတာလား ဒါမှမဟုတ် ဒီအရာတွေရဲ့ နောက်ကွယ်မှာ လူသားဆန်မှုတွေ ကင်းမဲ့နေတာလား"
"အရင်က ကျွန်တော်က စာရေးဆရာတစ်ယောက်ရဲ့ သုံးရက်နှစ်ည ဆိုတဲ့ စာအုပ်ကို ဖတ်ကြည့်ခဲ့တယ်.. အခုတော့ ဒီစာရေးသူက သုံးရက်ကြာမှ နှစ်ရက်လောက် အပ်ဒိတ် ဖြစ်တာကို ဆိုလိုချင်မှန်း ကျွန်တော် သဘောပေါက်သွားခဲ့ပြီ"
"ဦးလေး ဝမ်စစ်ထူ.. ကြိုးစားရေးပေးပါ"
"စာရေးဆရာ စာမရေးရင် အမှောင်ခန်း ကျဥ်းကျဉ်းလေးမှာ သော့ခတ်ပြီး ရိုက်နှက်ရမယ်"
"မင်းရဲ့အပြုအမူကို သတိထားပါ.. သူတစ်ပါးကို ခြိမ်းခြောက်တာက မှန်ကန်တဲ့နည်းလမ်း မဟုတ်ဘူး"
"ငါ့အမြင်အရတော့ စာရေးသူ အိမ်ရှေ့တံခါးအပြင်ကို ထွက်လာတဲ့အခါ အိတ်ထဲကောက်ထည့်ပြီး သ-တ်-ပ-စ်-လိုက်"
"အခုကနေစပြီး တစ်ရက်ကို အပ်ဒိတ်တစ်ခုတောင်မှ နပ်မှန်ပါ့မလား"
ဝမ်လင်း "..........."
သူ့အမြင်တွင် ဖေဖေဝမ်မှာ မကြာခဏ အချိန်ဆွဲတတ်သူ မဟုတ်ပေ။
ထို့အပြင် ဤနှစ်များတွင် ဝတ္ထုနှင့် ပတ်သက်ပြီး ဖေဖေဝမ်၏ စည်းမျဉ်းများကို အကြမ်းဖျင်း နားလည် သဘောပေါက်ထားသောကြောင့် ဖေဖေဝမ်ထံတွင် တမင်တကာ နှောင့်နှေးခြင်း သို့မဟုတ် ပျင်းရိခြင်းမျိုး မရှိကြောင်း သူသိသည်။
သို့သော်လည်း ဖေဖေဝမ်က စိတ်ကူးဉာဏ်ကွန့်မြူးပြီး တစ်ပတ်စာ ရေးရမည့် စာများကို တစ်ရက်အတွင်း ရေးလိုက်မိ၏။
ယင်းက ဖေဖေဝမ်၏ စိတ်စွမ်းအားကို လုံးဝ ကုန်ဆုံးသွားစေခဲ့သည်။
အဓိကအချက်မှာ ဖေဖေဝမ်က သာမန်လူတစ်ဦးမျှသာ ဖြစ်၍ စိတ်စွမ်းအင် လုံလောက်မှုမရှိပေ။
ဆိုရလျှင် ဖေဖေဝမ်က စိတ်စွမ်းအင်များကို အစွမ်းကုန် ထုတ်သုံးပြီးနောက် ဦးနှောက်ကနေ စိတ်ကူးဉာဏ် သိပ်မထွက်တော့ဘဲ ဗလာ အခြေအနေသို့ ရောက်ရှိသွားခဲ့ခြင်းသာ။
စာရေးဆရာများ အနေဖြင့် တစ်ခါတလေ များများရေးချင်၍ အလျင်လိုလျှင် ပို၍ပင် စာမရေးနိုင်သည့် အချိန်များ ရှိတတ်သည်။
စာရွက်ပေါ်တွင် ဘောပင် တင်လိုက်သည်နှင့် စိတ်တွေက မည်မျှအထိ ဗလာဖြစ်နေမှန်း သိသာ၏။
ဝါရင့်ဝဘ်ဝတ္ထု စာရေးဆရာ ဖေဖေဝမ် အတွက် အပ်ဒိတ်များ နှောင့်နှေးခြင်း သို့မဟုတ် ခေတ္တအနားယူရခြင်း အကြောင်းရင်းများသည် ဝဘ်ဆိုက်နှင့် ပူးပေါင်းလုပ်ဆောင်ပြီး သူ၏ဝတ္ထုများအတွက် အရောင်းမြှင့်တင်မှုများ ပြုလုပ်သည့် အချိန်အခါနှင့်လည်း သက်ဆိုင်သည်။
ဟုတ်ပါသည်။ တစ်ခါတစ်ရံ၌ အချိန်အခါနှင့်လည်း သက်ဆိုင်၏။
ဖေဖေဝမ်က နှစ်ပေါင်းများစွာ စာရေးသားလာ၍ ဝမ်လင်းက သူ့အဖေ၏ စာရေးသားသည့် အရည်အချင်းကို သံသယမရှိခဲ့ပေ။
ရေးဖြစ်လျှင်ပြီးရောဟု တွေးပြီး စိတ်ကူးဉာဏ် မကွန့်မြူးဘဲ အတင်းရေးလျှင် စာပေ၏ အရည်အသွေးက ကျဆင်းသွားမည် မဟုတ်လော။
အရေအတွက် သို့မဟုတ် အရည်အသွေး
ဤသည်မှာ စာရေးဆရာများစွာ ကြုံတွေ့ရသည့် ပြဿနာတစ်ခုဖြစ်သည်။
ဝမ်လင်း အောက်ထပ်သို့ ဆင်းလာသောအခါတွင် ဖေဖေဝမ်က ဆိုဖာပေါ်၌ မျှော်လင့်ချက်မဲ့သော အမူအရာဖြင့် ထိုင်ကာ ဆေးလိပ်သောက်နေသည်ကို တွေ့လိုက်ရသည်။
ဖေဖေဝမ်၏ စိတ်အားထက်သန်မှုကို လှုံ့ဆော်ရန် ပုံမှန်နည်းလမ်းမှာ အမျိုးသမီး ရုပ်သံအစီအစဉ် တင်ဆက်သူများ၏ တိုက်ရိုက်ထုတ်လွှင့်မှုများကို ကြည့်ရှုရန် ဖြစ်သော်လည်း ၎င်း၏ အနှစ်သက်ဆုံး အမျိုးသမီး အစီအစဉ်တင်ဆက်သူ ရွှယ်လေးက အွန်လိုင်းတွင် ရှိမနေသည့် အတွက် ဖေဖေဝမ်က ကြောင်ပျောက်နေခဲ့သည်။
ဝမ်လင်း အောက်ထပ်ကို ဆင်းလာသည်ကိုမြင်တော့ ဖေဖေဝမ်က ဆိုဖာကို ပုတ်ပြလိုက်သည်။
"လင်းလင်း.. လာထိုင်ပါဦး"
ဤအရာက ဖေဖေဝမ်၏ လှုံ့ဆော်မှုကို ရှာဖွေရန် ဒုတိယ နည်းလမ်း ဖြစ်သည်ကို ဝမ်လင်း သိထားသည်။
ထိုနည်းလမ်းမှာ သူနှင့် စကားပြောမည့် လူကို အရူးအမူး ရှာဖွေနေခြင်း ဖြစ်သည်။
ပုံမှန်အားဖြင့် ဖေဖေဝမ်ပြောသမျှကို နားထောင်နေကျသူမှာ မေမေဝမ် ဖြစ်သည်။
သို့သော် ယခု သူမက ဖိုးဖိုးဝမ် နှင့် ဈေးဝယ်ထွက်သွားသဖြင့်ဝမ်လင်းက အစားထိုး ဖြစ်လာ၏။
"မင်လေး ဒီညလာမှာမို့ မင်းအမေနဲ့ အဖိုးက ကုန်စုံဆိုင်ကို ဈေးဝယ်ထွက်သွားကြတယ်"
ဖေဖေဝမ်က ဝမ်လင်းနှင့် စကားပြောရင်း သူ့စီးကရက်မှ ပြာများကို ဖယ်ထုတ်လိုက်သည်။
ဝမ်လင်းက လက်ရှိအချိန်တွင် ဖေဖေဝမ်နှင့် စကားပြောချင်စိတ်မရှိပေ။
ဖေဖေဝမ်ကမူ သူ၏ လှုံ့ဆော်မှု ဆုံးရှုံးသွားသောကြောင့် စိတ်ပျက်အားငယ်မှုအပြည့် ဖြစ်နေသည်။
ယင်းက ဝမ်လင်းကို အနည်းငယ် စိတ်မငြိမ်မသက် ဖြစ်စေ၏။
ဖေဖေဝမ်က သူ့ကို တစ်ချက် ကြည့်လိုက်သည်။
ဝမ်လင်းက သူ့နှင့် အနည်းငယ် ခွာထိုင်နေမှန်း သိလိုက်သောအခါတွင် သူ့ပါးစပ်ထောင့်များက ချက်ချင်းပင် တလှုပ်လှုပ် ဖြစ်သွား၏။
"ဒီကလေး... မင်းဘာလို့ ငါနဲ့အဝေးမှာ ထိုင်နေတာလဲ"
ဝမ်လင်း ".............."
"မင်း ငယ်ငယ်တုန်းက ငါ့ကို အရမ်း တွယ်ကပ်နေတာလေ.. မင်းအဲဒါတွေကို မေ့သွားပြီလား"
ဝမ်လင်းက အသက်ခပ်ပြင်းပြင်းရှူပြီး ငြင်းဆန်ရန် ဆုံးဖြတ်လိုက်သည်။
".................."
သူ့ကလေးဘဝက အထင်ရှားဆုံးသော စွဲလမ်းမှုမှာ ဖေဖေဝမ်၏ နှုတ်ခမ်းမွေး ဖြစ်သည်။
ဤအရာက တကယ်ကို သည်းမခံနိုင်လောက်အောင် ထူထဲနေ၏။
ဝမ်လင်း ငယ်ငယ်တုန်းက အကြောင်းများကို ရုတ်တရက်ပြောပြီးနောက် ဖေဖေဝမ်က ပြုံးလိုက်သည်။
"မင်းသိလား မင်းအမေလည်း အရင်က ဝတ္ထုတွေ ရေးခဲ့သေးတယ်"
"............"
ဝမ်လင်းက အလွန်အမင်း အံ့အားသင့်သွားသည်။
ဖေဖေဝမ် "ငါတို့က ငယ်သူငယ်ချင်းတွေ ဆိုတော့ မင်းအမေရဲ့ ဝါသနာကို အဲဒီအချိန်ထဲက ငါရှင်းရှင်းလင်းလင်း သိခဲ့တယ်"
"မင်းအမေက စာအုပ်တစ်အုပ် ထုတ်ဝေခဲ့ဖူးပြီး စာရေးလည်း တော်တော်ကောင်းတယ်.. အဲဒီတုန်းက ပုံနှိပ်တိုက် တော်တော်များများက မင်းအမေကို နောက်ဆက်တွဲ ရေးဖို့ ဆက်သွယ်ခဲ့ကြတယ်.. မင်းအမေက ဝတ္ထုအတွက် အဓိက အကြောင်းအရာတွေကိုတောင် ဖရိန်ချခဲ့ပြီးပြီ.. သူမက မတူညီတဲ့ ကလောင်အမည်နဲ့ အသစ်ပြန်စဖို့ ဆုံးဖြတ်ခဲ့တယ်... ဒါပေမယ့် နောက်ဆုံးမှာတော့ မင်းအမေက မင်းကို ကိုယ်ဝန်ရှိလာခဲ့တယ်"
ဝမ်လင်း "..............."