ငယ်စဥ်ကတည်းက ခေါက်ဆွဲခြောက်နှင့်နှစ်ပါးသွားခဲ့သည်
Vol. 24 Ch. 347
အထပ်မြင့် အဆောက်အဦး တစ်ခု၏ ခေါင်မိုးက ကျယ်ပြန့်သည့် ဧရိယာကို လွှမ်းခြုံ၍မြင်နိုင်၏။
ယင်းက ဌက်လှောင်အိမ်ကဲ့သို့ အရာအားလုံးကို ဖုံးအုပ်ထားသည်ဟု ဆိုရမည်။
သိုသော်မှ လူတစ်ယောက်ကို ဖမ်းရန် ခက်ခဲနေဆဲပင်။
ဝမ်မင်က တစ်စုံတစ်ခုကို တွေးတောနေသကဲ့သို့ အာရုံစူးစိုက်မှု အပြည့်ဖြင့် မျက်လုံးများကို မှိတ်ထားသည်။
တကယ်တမ်းတွင် ဝမ်မင်ထံမှ ဝိညာဉ်စွမ်းအင် အပြောင်းအလဲများကို သူ နားမလည်နိုင်ခဲ့ပေ။
ဤလူက သာမာန်လူတစ်ဦး ဖြစ်သည်။
သို့သော် ဝမ်မင်က သာမန် မဟုတ်ဟု ကျိုးရီ ခံစားမိ၏။
ကျောင်းခြောက်ကျောင်း၏ စစ်ရေး ပူးပေါင်း လေ့ကျင့်မှုတွင်ဝမ်မင်က မှော်ရတနာ ထိန်းသိမ်းခြင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ယောက် အနေဖြင့် ရှင်သန်ခြင်း ပြိုင်ပွဲထဲကို ဝင်ရောက်ခဲ့သော်လည်း ထိုအချိန်က သူ့ကို ကျိုးရီ သတိမထားမိပေ။
ယခုမှ ပြန်လည် စဉ်းစားမိလိုက်ရာ ရုတ်တရက် အနည်းငယ် ထိတ်လန့်သွားသည်။
ဝမ်မင် ရှင်သန်ခြင်းပြိုင်ပွဲထဲ ဝင်ရောက်လာသော အခါက သူ၏ အချက်ပြမှု ပိတ်ဆို့သွားသည်ကို သတိရမိသည်။
ယင်းမှာ ဝမ်မင်တစ်ယောက် ထိုအချိန်က ဝမ်လင်း နှင့် အတူရှိနေရသည်ကို သက်သေပြနေ၏။
ဝမ်လင်း၏ အချက်ပြမှုကို ပိတ်ရန် သူ့အခွင့်အာဏာကို အသုံးပြုခဲ့ပုံပင်။
ဝမ်လင်း လက်ဗလာဖြင့် ကမ္ဘာခြား ဂိတ်တံခါးကို ပိတ်လိုက်သောအခါကလည်း ထိုနေရာတွင် ဝမ်မင် ရှိနေလောက်၏။
လူတစ်ဦး အနေဖြင့် သူတို့၏ ဘဝတစ်လျှောက်လုံးတွင် ထိုသို့သော အံ့မခန်းမြင်ကွင်းကို မြင်တွေ့ရန်မှာ အခွင့်အရေး မရှိသလောက် နည်းပါးသည်။
သာမန်လူတစ်ယောက် အနေနှင့် ဝမ်မင် မြင်ခဲ့ရသည့် အရာများက ကျင့်ကြံသူအစစ်များ တွေ့ကြုံခဲ့ရသည့် အရာများထက် မနည်းလောက်ဟု ထူးဆန်းစွာ ခန့်မှန်းမိခဲ့သည်။
သူတို့ နှစ်ယောက်စလုံး ဤအထပ်မြင့် အဆောက်အဦး၏ ခေါင်မိုးပေါ်တွင် ရပ်နေချိန်၌ လေများ တိုက်နေ၏။
ကျိုးရီက ကျယ်ဝန်းသော ဧရိယာတစ်ခုလုံးကို ဖြန့်ကျက်ရန် သူ၏ ဝိညာဥ်ရေးအာရုံကို အသုံးမချနိုင်ပေ။
ရွှေကုံးဂိုဏ်း၏ အဆုံးစွန်သော ရည်ရွယ်ချက်မှာ ဝိညာဉ်ရေး ပေါက်ကွဲမှုကို ဖန်တီးရန် ဖြစ်သောကြောင့် အသီးကို စားသုံးမိသော ကျောင်းသားမှာ ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် ကျရောက်ကာ ပုန်းအောင်းရန် ညွှန်ကြားခံရမည် ဖြစ်သည်။
ယခုပြဿနာမှာ ရှောင်ယွင်ချမ်း၏ တည်နေရာကို ရှာဖွေရန် ဖြစ်သည်။
အချိန်အတော်ကြာပြီးနောက် ဝမ်မင်သည် မျက်လုံးကိုဖွင့်ကာ သက်ပြင်းလိုက်သည်။
ကျိုးရီ "ညီနောင်အာ.. ဘာလုပ်နေတာလဲ"
"ဒီဧရိယာတစ်ခုလုံးမှာ လမ်းဆုံလမ်းခွပေါင်း လေးရာကျော်ရှိပြီး ရှောင်ယွင်ချမ်း ပုန်းအောင်းနိုင်တဲ့ အဆောက်အအုံက ငါးရာကနေ ခြောက်ရာကျော်ရှိတယ်"
"စောစောက ငါ့ရဲ့စိတ်အာရုံကို ကော်ပီ ငါးဆယ် လုပ်ပြီး လမ်းတွေပေါ်မှာ ရှာဖွေခဲ့ပေမယ့် သူ့သဲလွန်စကို ရှာမတွေ့ခဲ့ဘူး"
ကျိုးရီ အံ့သြသွားသည်။
"ဒါက ဦးနှောက် တွက်ဆတဲ့ နည်းစနစ်ပါ"
ဝမ်မင်က သူ့ကို ကြည့်လိုက်သည်။
"သာမန်လူတွေက သူတို့ ဦးနှောက်ရဲ့ ဆယ်ရာခိုင်နှုန်းကိုပဲ အသုံးပြုတယ်လို့ တချို့က ပြောကြတယ်"
ထိုစကားကြောင့် ကျိုးရီ၏ အမူအရာက စူးစမ်းသော အမူအရာ ဖြစ်လာသည်။
သူက ဦးနှောက်ကို အမှန်တကယ် စူးစမ်းလေ့လာရန် အလားအလာ ရှိမရှိ မေးတော့မည့်အချိန်တွင် ဝမ်မင်၏ နောက်ထပ်စကားက သူ့မေးခွန်းကို ရေအေးဖြင့် ချက်ချင်း လောင်းချလိုက်သကဲ့သို့ပင်။
"တကယ်တော့ ဒါက လိမ်တာပဲ"
".............."
"စာမေးပွဲမှာ အမှတ်ရအောင်ကြိုးစားတာတွေ ဒါမှမဟုတ် နှလုံးသားနဲ့ သင်ယူတာတွေ လုပ်နေရင်ကို မင်းဦးနှောက်က တစ်ခုခု မှားယွင်းနေပြီလေ"
"ဒါပေမယ့် ဒီလို အခြေအနေမျိုးမှာ လုံလုံလောက်လောက် အလုပ်ကြိုးစားရင်တော့ စစ်မှန်တဲ့ အသိပညာကို ရရှိမှာ ဖြစ်တယ်"
"သစ်ကြားသီး ရှစ်လုံးသောက်တာက ဉာဏ်ရည်ကို တိုးမြင့်လာစေမှာ မဟုတ်သလို ဒိုင်းမွန်းပါတနာ စားသုံးခြင်းကလည်း ဦးနှောက်ကို ဖွံ့ဖြိုးကြီးထွားလာစေမှာ မဟုတ်ဘူး"
"ဒါတွေအားလုံးက ဝမ်လောင်ကျီကို သောက်ရင် ပုံမှန်ထက်အသက် ဆယ်ရာခိုင်နှုန်း အထိ ပိုရှည်နိုင်တယ်လို့ တီဗီမှာကြော်ငြာသလိုမျိုး လိမ်ညာနေကြတာပါ"
"................."
ထိုစကားများက ရုတ်တရက် သူ့နှလုံးသားကို ထိုးဖောက်သွားသလို ကျိုးရီ ခံစားလိုက်ရသည်။
[မင်းဘာလို့ အမှန်တွေပြောနေရတာလဲ]
"ပြောရရင် လူတစ်ယောက်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးက မွေးကတည်းက ဆုံးဖြတ်ပြီးသားပါ.. ငါဆို နှစ်လသားအရွယ်မှာ စကားပြောတတ်ခဲ့တယ်.. သုံးလမှာ ငါရှင်းဟွာအဘိဓာန်ကို ဖတ်နိုင်ခဲ့တယ်.. အဲဒီနောက်မှာတော့ စွယ်စုံကျမ်း ကို အလွတ်ကျက်ဖို့ ငါ့အတွက် မခက်ခဲတော့ဘူး"
".............."
"နောက်ပိုင်းမှာ ဂန္တဝင်အက္ခရာသုံးလုံး၊ သက်ရှည်ကျမ်း၊ စိန်သုတ္တန်၊ မဟာကရုဏာမန္တန်၊ ထန်ကဗျာသုံးရာနဲ့ မေးခွန်းပေါင်း သိန်း ရာချီ အစုံအလင်ကိုလည်း မှတ်သားခဲ့ရတယ်.. ဘောပင်သာရှိရင် အဲဒါတွေ အားလုံးကို မှတ်ဉာဏ်ထဲကနေ အချိန်မရွေး ကူးယူလို့ရတယ်"
"..............."
ကျိုးရီက ဝမ်မင်ကို အသက်မဲ့စွာ ကြည့်လိုက်သည်။
"ဒါပေမယ့် ငါ့မှာ ပျော်ရွှင်စရာ တစ်စက်ကလေးမှ မရှိခဲ့ဘူး"
ဝမ်မင် သက်ပြင်းချလိုက်သည်။
"ငါးလသားအရွယ်တုန်းကဆို တရုတ်နှစ်သစ်ကူးဆိုတော့ အဒေါ်တွေက ကျေးလက်မှာ တစ်အိမ်တက်ဆင်း ဖျော်ဖြေဖို့ ငါ့ကို ဆွဲခေါ်သွားခဲ့တယ်.. ငါဘယ်လိုခံစားရလဲ မင်းသိလား"
ကျိုးရီက တိတ်ဆိတ်နေခဲ့သည်။
တကယ်တမ်းတွင် လူတိုင်းနီးပါးမှာ ငယ်စဥ်က ထိုအတွေ့အကြုံမျိုး ဖြတ်သန်းဖူးကြ၏။
ပွဲတော်ရာသီအတွင်း မိဘများသည် အထူးသဖြင့် ကလေးများအား ၎င်းတို့၏ ဆွေမျိုးများနှင့် သူငယ်ချင်းများရှေ့တွင် ဖျော်ဖြေရန် အတင်းအကြပ် ခိုင်းစေကြသည်။
ကလေးများကို ကဗျာရွတ်ဆိုခြင်း၊ သီချင်းဆိုခြင်း၊ ကာယဗလ စတန့်လုပ်ခြင်း အစရှိသည်တို့ကို ခိုင်းစေခဲ့ကြ၏။
အဆိုးဆုံးမှာ မဖျော်ဖြေလျှင် အန်ပေါင်းရမည် မဟုတ်ပေ။
တရုတ်နှစ်သစ်ကူး ကာလတွင် သက်ကြီးရွယ်အိုများ အနှစ်သက်ဆုံးအရာမှာ ကလေးများကို ၎င်းတို့၏ လေ့လာမှု၊ စွမ်းရည်နှင့် စရိုက်လက္ခဏာတို့အား နှိုင်းယှဉ်ရန် ဖြစ်သည်။
ကလေးက ပိုကောင်းအောင် လုပ်နိုင်သ၍ မိဘက မျက်နှာပန်းပိုပွင့်သည်။
"ကလေးဘဝမှာ လင်းလင်းက ဒုက္ခအရောက်ဆုံး ကလေး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်"
ထိုစကားကိုပြောရင်း ဝမ်မင်က ခါးသီးစွာ ပြုံးလိုက်သည်။
"သူ အသက်တစ်နှစ်ခွဲ အရွယ်မှာ သူ့အဖေက သူ့ ရင်ဘတ်ပေါ်မှာ ကျောက်တုံးတွေ တင်ခွဲဖို့ သူငယ်ချင်းတွေနဲ့ ဆွေမျိုးတွေရှေ့ကို ဆွဲခေါ်သွားခဲ့တယ်"
"အိုး.. ဘုရားရေ..."
ကျိုးရီ အလွန်တုန်လှုပ်သွားသည်။
ဝမ်မင် "တစ်ချို့လူကြီးတွေက သူ့ကို ခေါက်ဆွဲခြောက်ကြွပ်ကြော် ဝယ်ကျွေးဖို့ အနီးနားက စတိုးဆိုင်ဆီ ခေါ်သွားလေ့ရှိကြတယ်.. အသက်လေးနှစ် မတိုင်ခင်အထိ နှစ်စဉ်နှစ်တိုင်း သူရလာတဲ့ နှစ်သစ်ကူး အန်ပေါင်းက ခေါက်ဆွဲခြောက်တွေပဲ"
နောက်ဆုံးတွင် ကျိုးရီက သူ၏ ဆရာ ခေါက်ဆွဲအကြွပ်ကြော်များအား စွဲလမ်းနေရသည့် အကြောင်းရင်းကို သိရှိသွားခဲ့သည်။
ယင်းမှာ ကလေး ဘဝကတည်းက စတင်ခဲ့ခြင်း ဖြစ်သည် မဟုတ်လော။
ထိုအချိန်တွင် ဝမ်မင်၏ လက်ပေါ်ရှိ သိုလှောင်လက်စွပ်က တောက်ပလာပြီး သန့်စင်သော အနက်ရောင် ဦးထုပ်တစ်လုံး ထွက်ပေါ်လာသည်။
ကျိုးရီ "ဒါကဘာလဲ"
"ဒါက ငါတီထွင်ခဲ့တဲ့ ပစ္စည်းတစ်ခုပါ.. အဲဒါက ဦးနှောက်လှိုင်းတွေကို ချဲ့ထွင်နိုင်တဲ့ ဦးထုပ်ပါ"
"ဒါကို တပ်ဆင်ပြီးတာနဲ့ ငါ့ရဲ့ ဦးနှောက်လှိုင်းတွေကို အဆငါးဆယ်ကျော် ချဲ့ထွင်နိုင်သွားပြီ"
"တစ်ချိန်တည်းမှာပဲ ငါက ဦးနှောက် တွက်ဆခြင်း နည်းပညာကိုသုံးရင် ငါ့ရဲ့ စိတ်အာရုံကို ကော်ပီ ခြောက်ရာအထိ ကူးလို့ရသွားပြီ"
ဝမ်မင်က အသေးစိတ် ရှင်းပြလိုက်သည်။
"ဒီဦးထုပ်နဲ့ဆိုရင် ရှောင်ယွင်ချမ်းကို အမြန်ဆုံး ရှာတွေ့နိုင်မယ်လို့ ငါယုံကြည်တယ်"
ကျိုးရီက ဝမ်မင်ကို ကြောက်ရွံ့နေ၏။
"ဦးနှောက်တွက်ဆခြင်း နည်းစနစ်"သည် ဝိညာဉ်စွမ်းအင် သတင်း အချက်အလက်ခေတ်တွင် တီထွင်ဖန်တီးထားသော သာမန် မှော်နည်းစနစ် တစ်မျိုး ဖြစ်သည်။
ဝိညာဉ်စွမ်းအင်ကို သုံးစွဲရန် မလိုအပ်သောကြောင့် သာမန်လူများပင် ၎င်းကို အသုံးပြုနိုင်သည်။
ဤနည်းပညာ၏ အဓိကအခက်အခဲမှာ စိတ်အာရုံ ကော်ပီများ ဖန်တီးခြင်းမှ ထွက်လာနိုင်ခြေများနှင့် သက်ဆိုင်သည်။
ယေဘုယျအားဖြင့် ကျင့်ကြံသူတစ်ဦးသည် ကော်ပီငါးခုသာဖန်တီးနိုင်မည် ဖြစ်၏။
ယင်းမှာ အကန့်အသတ်လည်း ဖြစ်သည်။
ထို့အပြင် စိတ်အာရုံကော်ပီ လုပ်ရာမှရရှိသော ဖြစ်နိုင်ခြေများကလည်း လုံး၀ တိကျမှု မရှိပေ။
သို့သော် ဝမ်မင်ကမူ ဤဦးထုပ်ကို မဝတ်ဆင်ရသေးခင်မှာပင် ကော်ပီ ငါးဆယ်ကို ပြုလုပ်နိုင်ခဲ့သည်။
သူ၏ ဦးနှောက်လှိုင်းများကို ချဲ့ထွင်ပြီးနောက်တွင် ထိုအရေအတွက်က အမှန်တကယ် ခြောက်ရာအထိ တိုးလာနိုင်သေးသည်။
သာမန်လူတစ်ယောက် အနေဖြင့် ထိုမျှများပြားသော.စိတ်အာရုံကော်ပီများကို ထိန်းချုပ်ရန် နည်းလမ်းမရှိပေ။
တစ်နည်းအားဖြင့် ဝမ်မင်က အလွန်ကြောက်စရာကောင်းသော လူတစ်ယောက်ဟု ကျိုးရီ ထင်မြင်မိသည်။
ဝမ်မင်က ဦးထုပ်ကို ဆောင်းခါနီးတွင် တစ်စုံတစ်ရာကို သတိထားမိလိုက်သည်။
သူ့အမူအရာက ရုတ်တရက် အေးခဲသွားသည်။
သိပ်မကြာခင်မှာပဲ မနှစ်မြို့ဖွယ် ကောင်းသည့် အသံတစ်ခုက သူတို့နောက်မှ ထွက်ပေါ်လာသည်။
"တကယ်ပဲ ဒီကို သာမာန်လူတစ်ယောက်နဲ့ ရွှေအမြုတေ အဆင့်ကျင့်ကြံသူတစ်ယောက်ကို လွှတ်လိုက်တာလား
"ဒါက ငါတို့ ရွှေကုံးဂိုဏကို အတော်လေး အထင်သေးနေတာပဲ.."