ငွေအပ်ရဲ့ နောက်ကွယ်က အဓိပ္ပါယ်ကိုသိလား
Vol. 24 Ch. 350
ထိုအချိန်တွင် ရုပ်ဆိုးဆိုးလူက လိမ်လည် လှည့်စားခြင်းကို ခံရသလို ခံစားခဲ့ရသည်။
အင်္ကျီဖြူဝတ်ထားသည့် လူငယ်လေးက သာမန်လူတစ်ယောက်မျှသာ ဖြစ်ကြောင်း ထင်ရှားသော်လည်း ထိုလူငယ်က သူ့အဆင့်ရှိ ကျင့်ကြံသူများစွာထက်ပင် ဆက်ဆံရ ပိုခက်သည်ဟု ခံစားမိခဲ့သည်။
ရှုံးနိမ့်မှုကို ခံစားခဲ့ရပြီးနောက် ရရှိခဲ့သည့် ပြင်းပြသော ခံစားချက်မှာ ဖော်ပြရန် ခက်ခဲလှသည်။
အင်တာနက်မှာ ဖြူစင်ပြီး ချစ်ဖို့ကောင်းသည့် ညီမငယ်လေးတစ်ယောက်နှင့် တွေ့ဆုံရသလိုပင်။
သို့သော် အဆုံးသတ်၌ ထိုညီမလေးက ဒေါသကြီးပြီး အနိုင်ကျင့်တတ်သူ ဖြစ်နေတတ်၏။
ဝမ်မင်က ဓားတစ်ချောင်းကို ကိုင်ထားသည်။
ထိုလူက လျှော်ကြိုးမှ လွတ်မြောက်ရန် ထပ်မံ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
၎င်းက သာမန်ကြိုးမျှသာဖြစ်သော်လည်း အတွင်းဘက်ရှိ အသားကပ်ဝတ်စုံကမူ ပုံမှန်မဟုတ်ချေ။
၎င်းက ရုပ်ဆိုးဆိုးလူ၏ ဝိညာဉ်စွမ်းအင် စီးဆင်းမှုကို လုံးလုံးလျားလျား ဟန့်တားထားခဲ့သည်။
"ရုန်းကန်မနေပါနဲ့.. ဒီအသားကပ်ဝတ်စုံက မင်းထက် အဆင့်မြင့်တဲ့သူတွေကိုတောင် လက်မှိုင်ချသွားစေနိုင်တယ်"
"ဒါက ငါတို့ဝတ်ထားတဲ့ ဝတ်စုံနဲ့ အတူတူပါပဲ.. ဒါပေမယ့် ရည်ရွယ်ချက်ကတော့ မတူဘူးလေ"
ဝမ်မင်က ပြုံးပြီး ပြောလိုက်သည်။
"ဒါနဲ့ မင်းတို့ဂိုဏ်းရဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲ"
ရုပ်ဆိုးဆိုးလူက ခေါင်းငုံ့ပြီး သွားများကို အံကြိတ်လိုက်သည်။
သူက ထိုမေးခွန်းကို ပြန်မဖြေခဲ့ပေ။
ဝမ်မင်က ခပ်ယဲ့ယဲ့လေး ပြုံးလိုက်ပြီး ကောင်းကင်သတ္တုဓားဖြင့် ထိုလူ၏ လည်ပင်းကို အနည်းငယ် သွေးစို့အောင်လုပ်လိုက်သည်။
တစ်ဖက်တွင်လည်း ကျိုးရီက ကောင်းကင်သတ္တုဓား၏ စွမ်းရည်ကို အံ့အားသင့်နေ၏။
အင်မော်တယ် စံအိမ်သခင်က တကယ် ရုန့်ရင်းသည့် ဓားတစ်ချောင်းကို ပြုလုပ်ခဲ့သည်။
ဓားက ဓားဝိညာဥ် မရှိသော်လည်း ဓားချီကမူ အမှန်တကယ်ပင် ကြောက်စရာ ကောင်းလှသည်။
ဓားထဲသို့ ဝိညာဉ်စွမ်းအင်များ ထည့်သွင်းပြီး နောက်တွင် သာမန်လူတစ်ဦးပင်လျှင် အခြေတည်အဆင့် ကျင့်ကြံသူကို အလွယ်တကူ ဖြတ်တောက်နိုင်၏။
ဝမ်မင်က သရုပ်ပြမှုလေး တစ်ခုအဖြစ်သာ ရည်ရွယ်ခဲ့သည်။
ပထမတွင် ရုပ်ဆိုးဆိုးလူက အလေးအနက် မထားသော်လည်း သူ့အမူအရာက စိတ်မသက်မသာ ဖြစ်သည့် အမူအရာသို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။
အဘယ်ကြောင့်ဆိုသော် ဓားချီက သူ့ခန္ဓာကိုယ်အနှံ့ ဖြတ်သန်း စီးဆင်းသွားပြီး သူ၏ ဝိညာဉ်စွမ်းအင်ကို တဖြည်းဖြည်းချင်း ဝါးမျိုသွားခြင်းကြောင့် ဖြစ်သည်။
ဤဓားချီက သူ့ဝိညာဉ်စွမ်းအင်ကို အမှန်တကယ် စည်းတံဆိပ်ခတ်ထားနိုင်သည်။
ဝမ်မင်က ပြုံး၍ ပြောလိုက်သည်။
"အခုပြောတော့မလား... ငါ့မှာ ဒီဓားရှိသ၍ မင်းကို အားထုတ်စရာတောင် မလိုဘဲ ငါသ-တ်-နိုင်တယ်.. ဒီဓားရဲ့ ဓားချီက ဝိညာဉ်စွမ်းအင်ကို ဝါးမျိုနိုင်တယ်.. အစောပိုင်းက သတိပေးချက် အနေနဲ့ပဲ.. ငါသာ မင်းကို တကယ်ခုတ်ခဲ့ရင် မင်း နှစ်အတော်ကြာ အိပ်ရာက ထနိုင်မှာမဟုတ်ဘူး"
ဝမ်မင်၏ စကားက တကယ်တမ်းတွင် အမှန်တရားနှင့် လိမ်ညာမှုများဖြင့် ရောထွေးနေသည်။
ထိုအချိန်က ဖန့်ရှင်းမှာ ပြင်းထန်သော တိုက်ပွဲအတွင်း ထိုဓားဖြင့် ထိုးခံခဲ့ရသည်။
သို့သော်လည်း ဝိညာဉ်စွမ်းအင် အပေါ် မူတည်၍ ဓားချီက သုံးရက်မှ ငါးရက်မျှသာ သက်ရောက်ခဲ့၏။
ဓားချီက ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင် အားလုံးကို လက်တွေ့ကျကျ ဝါးမျိုပြီးနောက် ခန္ဓာကိုယ်အတွင်း လည်ပတ်ကာ တဖြည်းဖြည်း ပျောက်ကွယ်သွားမည်ဖြစ်သည်။
ယင်းကို ကျိုးရီသာ သိသည်။
ထို့ကြောင့် ဝမ်မင်၏ စကားကို ကြားရသောအခါတွင် စိတ်ထဲ၌ မညည်းတွားဘဲ မနေနိုင်တော့ပေ။
ဝမ်မင်၏ သရုပ်ဆောင် စွမ်းရည်ကြောင့် သရုပ်ဆောင် မလုပ်ခြင်းမှာ သူ့အတွက် ဖြုန်းတီးမှုတစ်ခုပင်။
ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီဖြစ်သော ထိုလူ၏ မျက်နှာက ပို၍ပင် ဆိုးရွားလာခဲ့သည်။
"ကြည့်ရတာ ငါပြောတာမှန်တဲ့ပုံပဲ.. မင်းတို့မှာ လျှို့ဝှက်ချက်တွေ ရှိတယ်မလား"
ဝမ်မင်က ထိုလူကို စေ့စေ့ကြည့်ကာ ပြောလိုက်သည်။
"ငါမင်းကို နောက်ဆုံးအကြိမ် မေးမယ်.. မင်းသိသမျှ ပြောပြမှာလား"
နှစ်မိနစ် သုံးမိနစ်ခန့် တိတ်ဆိတ်သွားပြီးနောက်တွင် ရုပ်ဆိုးဆိုးလူက ခေါင်းငုံ့ကာ သက်ပြင်းချလိုက်သည်။
ဝမ်မင် "မင်းနာမည်ကို ဘယ်လိုခေါ်လဲ ငါသိချင်တယ်"
"ငါ့နာမည်က ချုံရှစ်စစ်ပါ.. ငါ့နာမည်ကို မင်းကိုပြောပြရတဲ့ အကြောင်းပြချက် တစ်ခု ရှိတယ်.. ငါတို့ရဲ့ ရွှေကုံးဂိုဏ်းမှာ ငါတို့ရဲ့ အဆင့်အတန်းကို နယ်ပယ်တွေနဲ့ မဆုံးဖြတ်ဘူး.. ရုပ်ဆိုးလေ.. ငါတို့ရာထူးက ပိုမြင့်လေပဲ"
"ငါ့နာမည်က ချုံရှစ်စစ်.. ဆိုလိုတာကတော့ ငါက ဂိုဏ်းမှာ ဆယ့်လေးယောက်မြောက် ရုပ်အဆိုးဆုံးလူပဲ"
".............."
ဝမ်မင် နှင့် ကျိုးရီ အံ့သြသွားသည်။
ချုံရှစ်စစ်၏ ရုပ်ပျက်ဆင်းပျက် မျက်နှာက လုံးဝ ပုံသဏ္ဍာန် ကင်းမဲ့နေပြီး နှာခေါင်းနှင့် မျက်လုံးကိုပင် ခွဲခြား၍ မရပေ။
ယင်းသို့သော်မှ သူက အဆင့်ဆယ့်လေးသာ ရှိသေး၏။
ပထမအဆင့်သာ ဆိုလျှင် မည်မျှပင် ရုပ်ဆိုးလိမ့်မည်နည်း။
ချုံရှစ်စစ်က ရယ်မောလိုက်သည်။
"မင်းငါ့ကို မေးရင်တောင် ငါသိပ်မသိဘူး.. မင်းငါ့ကို ဖမ်းခေါ်သွားပြီး မှတ်ဉာဏ် ရှာဖွေရင်တောင် ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး.. တကယ့် ထိပ်တန်း လျှို့ဝှက်ချက်တွေက အဆင့်မြင့်တဲ့ လူတွေရဲ့ လက်ထဲမှာပဲ ရှိတယ်.. ထိပ်တန်း သုံးယောက်ကပဲ အစီအစဉ် အပြည့်အစုံကို သိတယ်"
"ဒါဆို နံပါတ်တစ် ကိုရုပ်ဆိုးက တာအိုဆရာတောက်တိလား"
ကျိုးရီက စိတ်ဝင်တစား မေးလိုက်သည်။
"မဟုတ်ဘူး"
ထိုလူက ခေါင်းခါယမ်းလိုက်သည်။
"သခင့်ရဲ့ ရုပ်ဆိုးမှုကတော့ ပြောမပြတတ်အောင် ဖြစ်နေပြီ.. သူ့ရဲ့ရုပ်ရည်ကိုမြင်ရင် ငါတို့တောင် ပျို့အန်ချင်သလို ခံစားရတယ်.. သခင့်ရုပ်ရည်က ကမ္ဘာကြီးရဲ့ အလှအပကို ဖျက်ဆီးနေသလိုပဲ.. ဒါကြောင့် သခင်က မျက်နှာဖုံးကို အမြဲတပ်ထားလေ့ ရှိတယ်"
ဝမ်မင်နှင့်ကျိုးရီ "............"
ကျိုးရီက အသက်ခပ်ပြင်းပြင်းရှူရင်း မေးခွန်းထုတ်လိုက်သည်။
"မင်းတို့ဂိုဏ်းက သစ်သီးဂိုဏ်း (ရွှေကောဂိုဏ်း) မဟုတ်ဘူးလား... မင်းတို့က ဘာလို့ ရွှေကုံးဂိုဏ်းလို့ ခေါ်တာလဲ "
"စစချင်းတုန်းကတော့ မန်ဒရင်း လေယူလေသိမ်းရှိတဲ့ ညီအစ်ကိုတစ်ယောက်က 'ရွှေကုံးဂိုဏ်း' လို့ခေါ်ခဲ့မိတယ်.. နောက်ပိုင်းမှာတော့ ဒီနာမည်က ပိုလွှမ်းမိုးလာတယ်လို့ ကျွန်တော်တို့အားလုံး ခံစားမိတဲ့ အတွက် ရွှေကုံးဂိုဏ်းလို့ပဲ ခေါ်ဖြစ်တော့တယ်"
ချုံရှစ်စစ်က သက်ပြင်းချလိုက်သည်။
"ကျောင်းသားတွေကို ပြန်ပေးဆွဲစဥ်က ငါတို့ကိုယ် ငါတို့ သစ်သီးဂိုဏ်းဝင်(ရွှေကောဂိုဏ်းဝင်) တွေလို့ ပြောခဲ့တယ်.. သူတို့က လုံးဝ မကြောက်ခဲ့ဘူး.. ငါတို့ကို သူတို့က ( Fruit Ninja)တွေလို့ ထင်နေခဲ့တာလေ.. ဒါကြောင့် ရွှေကုံးဂိုဏ်းဆိုတဲ့နာမည်က ပိုကောင်းတဲ့ နာမည်ပဲ"
ဝမ်မင် နှင့် ကျိုးရီ "..........."
ကျိုးရီက သက်ပြင်းချကာ ဖြည်းဖြည်းချင်း နီးကပ်လာသည်။
"ဒါဆို မင်းသိသမျှကို ပြောပြပါ"
ယင်းအချိန်တွင် ကျိုးရီ သူ့ အနားသို့ ကပ်လာသည်ကို မြင်ပြီး ချုံရှစ်စစ် ရုတ်တရက် ကောက်ကျစ်စွာ ပြုံးလိုက်သည်။
သူက ပါးစပ်ကိုဖွင့်၍ လည်ချောင်းထဲကနေ ငွေအပ်ကို မှုတ်ထုတ်လိုက်၏။
ငွေအပ်က လေထဲ၌ ဖြတ်သန်းသွားပြီး ပြင်းထန်သော အရှိန်အဟုန်ဖြင့် ကျိုးရီ၏ နဖူးဆီသို့ ပျံသန်းသွားသည်။
ဤသည်မှာ ချုံရှစ်စစ်၏ နောက်ဆုံး ဝှက်ဖဲ ဖြစ်သည်။
သို့သော် သူ တိုက်ခိုက်နိုင်သော အကွာအဝေးက အကန့်အသတ် ရှိသောကြောင့် လူနှစ်ဦးထဲမှ တစ်ဦး သူ့အနီးသို့ တိုးကပ်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
မီတာဝက်အကွာအဝေး.. ဤသည်မှာ တစ်စုံတစ်ဦးကို သ-တ်ဖြတ်ရန် အတွက် လုံလောက်သော အကွာအဝေး ဖြစ်၏။
သို့သော် ဤလက်နက်က ကျိုးရီကို ထိမိသောအခါတွင် ချုံရှစ်စစ် တုန်လှုပ်သွားခဲ့သည်။
ကျိုးရှီ၏နဖူးတွင် သွေးတစ်စက်မျှ မထွက်ခဲ့ပေ။
ထိုအစား လူက သဲအဖြစ်သို့ ပြောင်းလဲသွားပြီး လေထဲ လွင့်စင်သွားသည်။
.........................
နောက်ထပ် အခိုက်အတန့်တွင် ကျိုးရီ ပြန်ပေါ်လာသည်ကို သူတွေ့လိုက်ရသည်။
ဝမ်မင်က သူ့ကို ကြည့်လိုက်သည်။
"မင်းမှာ တခြားလှည့်ကွက်တွေ ရှိနေသေးတယ် ဆိုတာ ငါသိထားသားပဲ.. ငါ့ရဲ့ ဦးနှောက်တွက်ဆခြင်း နည်းစနစ်ကနေ လွတ်မြောက်သွားပြီလို့ မင်းကိုယ်မင်း ထင်နေတာလား"
ချုံရှစ်စစ်က သူ့သွားများကို အံကြိတ်လိုက်သည်။
နောက်ထပ် အခိုက်အတန့်တွင် ဝမ်မင်က ကောင်းကင်သတ္တုဓားဖြင့် ချုံရှစ်စစ်ကို ထိုးချလိုက်သည်။
ကောင်းကင်သတ္တုဓား၏ ဓားချီက ချုံရှစ်စစ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး ဝိညာဥ်စွမ်းအင်များကို စတင် ဝါးမျိုးတော့သည်။
ချုံရှစ်စစ်က မြေပြင်ပေါ်သို့ နာကျင်စွာ လဲကျသွား၏။
သူက အနည်းငယ် စိတ်ပျက် အားငယ်နေပုံရသည်။
အစောပိုင်းက လုပ်ကြံမှုကို သူ နောင်တရနေမိသည်။
ဤတစ်ကြိမ်တွင် သူ့ခန္ဓာကိုယ်ထဲသို့ ဓားတစ်ချောင်း ဝင်ရောက်လာသောကြောင့် သူ၏ ဝိညာဉ်စွမ်းအင်များက ပို၍ပင် ဝါးမျိုခံရကာ ဆိတ်သုဉ်းသွားခဲ့သည်။
သူက မည်သို့မှ မလွတ်မြောက်နိုင်တော့ပေ။
ဤအခြေအနေတွင် သာမန်လူတစ်ယောက်ပင် သူ့ကိုကြိုက်သလို လုပ်နိုင်၏။
ကျိုးရီက မြေပြင်ကနေ ငွေအပ်ကို ကောက်ယူခဲ့သည်။
"ဒါက လျှို့ဝှက် လက်နက်စာရင်းမှာ အဆင့်တစ်ဆယ် ချိတ်တဲ့ ငွေအပ်ပဲ"
ကျိုးရီက အရွယ်အစား သေးငယ်သည့် ဤမှော်လက်နက်ကို မှတ်မိသည်။
အကွာအဝေးပိုနည်းလေ ၎င်း၏စွမ်းအားက ပိုမိုပေါက်ကွဲလေပင်။
မီတာဝက်အကွာကနေ ဤလက်နက်ပုန်းဖြင့် လုပ်ကြံခံရလျှင် စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူပင်လျှင် ကံမကောင်းသည့် အဆုံးသတ်ကို ရင်ဆိုင်ရနိုင်သည်။
"မင်းငါ့ကိုလုပ်ကြံရဲတယ်လား"
ကျိုးရီ ဒေါသထွက်သွားပြီး ချုံရှစ်စစ်၏ မျက်နှာအနှံ့ကို ရိုက်နှက်လိုက်သည်။
ဝမ်မင်သာ ဤနေရာတွင် မရှိလျှင် သူအသေသတ်မိလိမ့်မည်။
သေခြင်းတရားက ကြီးကျယ်သောကိစ္စ မဟုတ်သော်လည်း၊ သေပြီးနောက်တွင် သူ့ဆရာကို ဘယ်တော့မှ တွေ့ရတော့မည်မဟုတ်ပေ။
ဝမ်မင်က ထိုမြင်ကွင်းကို ကြည့်ပြီး မရယ်ဘဲ မနေနိုင်တော့ချေ။
"ဒီအချိန်မှာ သူက အသုံးမဝင်တော့ဘူး.. မင်းကြိုက်သလိုလုပ်လို့ရတယ်"
ကျိုးရီက ငွေအပ်ကို လက်ချောင်းထဲတွင် ညှပ်ထားရင်း ဝမ်မင်ကို ကြည့်သည်။
"ညီနောင်အာ.. ငွေအပ်ရဲ့နောက်ကွယ်က အဓိပ္ပါယ်ကို မင်းသိလား"
ဝမ်မင် "..........."
ကျိုးရီ "သူ့အဓိပ္ပါယ်က အရိုက်ခံရဖို့ တောင်းဆိုနေတာတဲ့"
ဝမ်မင် "..........."