ကမ္ဘာပတ်နေသူအတွက် အပိုပညာရပ်ဆိုတာ ဝန်ထုပ်ဝန်ပိုး မဟုတ်ပါဘူး
Vol. 24 Ch. 351
ဝမ်မင် နှင့် ကျိုးရီတို့က ချုံရှစ်စစ် နှင့် ရင်ဆိုင်နေရသော အချိန်တွင် ဝမ်လင်းက ဘာမှမလုပ်ရသေးဘဲ အေးအေးလူလူ ဖြစ်နေသည်။
ကျောင်းသားများကို ကယ်တင်ရန် ကောင်းကင်သတ္တုဓားကို အသုံးပြုရခြင်းမှာ ဝမ်မင်၏ တစ်ခုတည်းသော အလုပ်ဖြစ်ပြီး သူ၏ အလုပ်ကမူ မော်ကွန်းဝင် လူသတ်သမားနှစ်ဦးကြားမှ ပဋိပက္ခကို ပြေလည်အောင် ဖြေရှင်းပေးရန် ဖြစ်၏။
အဆုံးသတ်တွင် ဝမ်လင်းက လူသတ်ဆရာ၏ လက်ဆောင်ကို ထိုအချိန်က လက်ခံခဲ့ရာ ထိုကျေးဇူးကို ပြန်လည် ပေးဆပ်သင့်သည်ဟု နားလည်ခဲ့သည်။
ရိုးရိုးသားသား ပြောရလျှင် သူက ဤကိစ္စတွင် အမှန်တကယ် မပါဝင်ချင်ခဲ့ပေ။
ယင်းမှာ ထိုအချိန်က ခေါက်ဆွဲကြွပ်ကြော်ကို မငြင်းဆန်နိုင်ခဲ့သည့် ရလဒ်တစ်ခုပင်။
ဝမ်မင်က ရှောင်ယွမ်ချမ်းကို ကိုင်တွယ်ရန် သွားပြီကို သိရှိပြီးနောက် ဝမ်လင်း ဆေးရုံသို့ ချက်ချင်းသွားခဲ့သည်။
သူ့သီအိုရီသာ မှန်လျှင် ဤညတွင် တာအိုဆရာ တောက်တိက ဤနေရာ၌ တစ်ခုခုကို ကြီးကြီးမားမား လုပ်မည်မှာ သေချာ၏။
ယင်းက ကားထဲတွင် ဝမ်မင်ပြောခဲ့သည်နှင့် တူညီသည်။
ရှောင်ယွင်ချမ်းမှာ ၎င်းတို့၏ အဓိက အစီအစဥ်ကို မထိခိုက်စေရန်အတွက် အာရုံလွှဲသည့် ဗျူဟာ တစ်ခုသာ ဖြစ်လောက်၏။
ကျောင်းသားတစ်ဦးကြောင့် ဖြစ်ပေါ်လာသော စိတ်ဝိညာဉ်ပေါက်ကွဲမှုကို ကိုင်တွယ်ရန်မှာ ဖြစ်နိုင်သေးသည်။
သို့သော် ဆေးရုံသာ ရန်သူ့လက်ထဲ ကျရောက်ပြီး ဤနေရာရှိ ကျောင်းသား အားလုံး တစ်ချိန်တည်းတွင် ပေါက်ကွဲသွားခဲ့လျှင်မူ စုန့်ဟိုင်မြို့က ဘေးဒုက္ခ ကျရောက် သွားလိမ့်မည် မဟုတ်ပါလား။
ဝမ်လင်းက ဆေးရုံ၏ ပန်းခြံသို့ တိုက်ရိုက် တည်နေရာရွှေ့ပြောင်းပြီးနောက် ပင်မတံခါးပေါက် ဆီသို့ ဖြည်းညှင်းစွာချဉ်းကပ်လာခဲ့သည်။
ထိုအချိန်တွင် ဆေးရုံ၏ ပင်မဝင်ပေါက်၌ အတားအဆီး အနေဖြင့် ပေါက်ကွဲမှု ဆန့်ကျင်ရေး မှော်ဒိုင်းများကို ကိုင်ထားသည့်အထူးတပ်ဖွဲ့ တစ်ဖွဲ့ ရှိနေသည်။
တံခါးဝမှာတင် မဟုတ်ပေ။
အထူးတပ်ဖွဲ့များက အနီးနားရှိ လမ်းများကို ကင်းလှည့်ကာ မှောင်မိုက်သော လမ်းများကို မီးမောင်းများဖြင့်ပင် ဖြိုခွင်းခဲ့ကြသည်။
အစိုးရက အရေးပေါ် အခြေအနေတွင် အထူးအစီအမံများကို ပြုလုပ်ခဲ့၏။
သံသယရှိသူ မည်သူမဆို ၎င်းတို့က ချက်ချင်း သတိပြုမိလိမ့်မည်။
ထို့ကြောင့် ဤနေရာသို့ မရောက်မီ ကတည်းကပင် ဝမ်လင်းက ဒါရိုက်တာလီ နှင့် ဆက်သွယ်ပေးရန် အင်မော်တယ် ထုန်ရာကို အထူး တောင်းဆိုခဲ့သည်။
ဝင်ပေါက်မှာ အကြာကြီး ရပ်စောင့်နေသည့် ဒါရိုက်တာလီက ဝမ်လင်းကို လှမ်းမြင်လိုက်သည်နှင့် ပြေးလာခဲ့သည်။
ထုံးစံအတိုင်း ဒါရိုက်တာလီက အဖြူရောင် ကုတ်အင်္ကျီကို ၀တ်ဆင်ထားပြီး ID ကတ်ကို လည်ပင်းတွင် ချိတ်ဆွဲထား၏။
ဝမ်လင်းနှင့် တွေ့ပြီးနောက်တွင် ဒါရိုက်တာလီက သူယူလာသည့် ဝန်ထမ်း ID ကတ် နဲ့ အင်္ကျီအဖြူ တစ်ထည်ကို ပေးလိုက်သည်။
ဤအရာများကို အင်မော်တယ်ထုန်ရာက ဒါရိုက်တာလီအား ကြိုတင် ပြင်ဆင်ခိုင်းထားခြင်း ဖြစ်သည်။
ဝတ်စုံဖြူကို ဝတ်ဆင်ပြီးနောက်တွင် သူ့အသွင်အပြင်က ပြီးပြည့်စုံသွားခဲ့သည်။
ဝမ်လင်းက သူ့လက်ထဲမှ ဝန်ထမ်းကတ်ကို ကြည့်လိုက်သည်။
ဝမ်ဟွာ.. စိတ်ရောဂါကုဌာန အကြီးအကဲ၊ ကျင့်ကြံရေးပြည်သူ့ဆေးရုံ။
"..........."
ဝမ်လင်း၏ ပါးစပ်ထောင့်များက ချက်ချင်းပင် တလှုပ်လှုပ်ဖြစ်သွားသည်။
ဤနာမည်က အတုမှန်း သိသာနေ၏။
သို့သော် သူက အဘယ်ကြောင့် စိတ်ရောဂါကုဌာန၏ အကြီးအကဲ ဖြစ်လာရသနည်း။
"ခွင့်လွှတ်ပါ လင်းကျန်းရန်.. ငါ့မှာ အပြောင်းအရွှေ့နဲ့ ရောက်လာတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ရှိတယ်...သူက စိတ်ရောဂါကုဌာနကပဲ.."
ဒါရိုက်တာလီက တိုးတိုးပြောလိုက်သည်။
"ငါတို့ အထောက်အထား အစစ်ကို မစီစဉ်ထားဘူးဆိုရင် မင်းကို အလွယ်တကူ သိနိုင်လိမ့်မယ်"
ဝမ်လင်းက ခေါင်းညိတ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။
ထို့နောက် ဒါရိုက်တာလီက သူ၏အိတ်ကပ်ထဲမှ ခွဲစိတ်ခန်းသုံးမျက်နှာဖုံးနှစ်ခုကို ဆွဲထုတ်လိုက်သည်။
၎င်းတို့နှစ်ဦးစလုံးက ဆေးရုံထဲသို့ အလွယ်တကူ ဝင်ရောက်သွားနိုင်ခဲ့သည်။
ဝင်ပေါက်ရှိ အထူးတပ်ဖွဲ့က ဒါရိုက်တာလီကို သိထားသောကြောင့် မေးခွန်း မမေးခဲ့ပေ။
ဒါရိုက်တာလီက ဝမ်လင်းကို ကိုယ်တိုင်ကိုယ်ကျ နှုတ်ဆက်ဖို့ ပြေးသွားသည်ကို ၎င်းတို့က ကျွမ်းကျင်ပညာရှင် တစ်ယောက်ရောက်လာ၍ နှုတ်ဆက်ရန် ပြေးသွားသည်ဟု ထင်ခဲ့ကြသည်။
ယခင်ကလည်း ဆရာဝန်အားလုံးနီးပါးကို ဒါရိုက်တာလီက ကိုယ်တိုင်ကိုယ်ကျ နှုတ်ဆက်ခဲ့သည် မဟုတ်လော။
ထို့ကြောင့် အထူးတပ်ဖွဲ့က ၎င်းနှင့် ပတ်သက်ပြီး သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိမည်ဟု မထင်ခဲ့ပေ။
တစ်ခုခု သံသယဖြစ်ခဲ့လျှင် ဝမ်လင်းက အရမ်းငယ်လွန်းနေသည်ကိုသာ သံသယ ဖြစ်လိမ့်မည်။
ထို့ကြောင့် ဒါရိုက်တာလီက မျက်နှာဖုံးကိုပါ ယူလာခြင်းဖြစ်၏။
ယခု ဤဆေးရုံတွင် ဆရာဝန်များနှင့် သူနာပြုများ တင်မဟုတ်ဘဲ အမှတ် ၆၀ အထက်တန်းကျောင်းမှ ဆရာ၊ဆရာမ အများအပြားလည်း ရှိနေသည်။
ဤနေရာတွင် သူ့ကို မှတ်မိသွားပါက ဒုက္ခဖြစ်မည်မှာ သေချာသည်။
"လင်းကျန်းရန်ကို လက်ရှိအခြေအနေ ပြောပြပါရစေ"
ဝမ်လင်းကို သီးခြားဆောင်သို့ ပို့ဆောင်စဉ် ဒါရိုက်တာလီက လက်ရှိအခြေအနေနှင့် ပတ်သက်၍ ရှင်းပြခဲ့သည်။
"အသီး စားသုံးမိတဲ့ ကျောင်းသားတွေ အားလုံးကို အတန်းနဲ့ ကျောင်းအလိုက် အုပ်စုတွေ ခွဲထားပြီးပါပြီ.. ကျွမ်းကျင်သူတွေနဲ့ တိုင်ပင် ဆွေးနွေးပြီးနောက်မှာ ကျနော်တို့က ဝိညာဉ်စွမ်းအင်ထုတ်လုပ်မှုကို တားဆီးဖို့ နဲ့ ခန္ဓာကိုယ်အတွင်းက ဝိညာဥ်စွမ်းအား သိပ်သည်းဆကို လျှော့ချဖို့အတွက် အချိန်တိုအတွင်းမှာ ဓာတ်ဆေး တစ်မျိုးကို တီထွင်ခဲ့တယ်.. ဒါပေမဲ့ ဒီဓာတ်ဆေးကလည်း မနက်ဖြန် နေ့လည်အထိပဲ အလုပ်ဖြစ်လိမ့်မယ်"
ထိုစကားကို ပြောပြီးနောက် ဒါရိုက်တာလီက သက်ပြင်းချလိုက်သည်။
"ရိုးရိုးသားသား ပြောရရင် အဲဒီအချိန်ကျရင် ဘာတွေ ဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး"
ဝမ်လင်း ခေါင်းညိတ်လိုက်သည်။
ဤအဖြစ်အပျက်က အလွန် ကြောက်စရာကောင်းပြီး အန္တရာယ်ရှိပုံ ပေါ်သော်လည်း တကယ်တမ်းတွင် ကောင်းကင်သတ္တုဓားကို ယူလာသည့် ဝမ်လင်းက ဆေးရုံကို အမြန်သွားသရွေ့ ကိစ္စအားလုံး ပြီးသွားလိမ့်မည်သာ။
ဝမ်လင်း အစိုးရိမ်ဆုံး အရာမှာ တာအိုဆရာ တောက်တိက လှည့်ကွက် တချို့ လုပ်ထားမည်ကိုပင်။
ဒါရိုက်တာလီက ဓာတ်လှေကားသို့ ခေါ်ဆောင်သွားပြီးနောက် ဓာတ်လှေကား အဖွင့်ခလုတ်ကို မနှိပ်မီ ၎င်း၏ ဝန်ထမ်း ID ကတ်ဖြင့် စနစ်၏ စစ်ဆေး အတည်ပြုခြင်းကို ခံယူလိုက်သည်။
ယင်းစနစ်ကို ထည့်သွင်းထားရခြင်းမှာ စိတ်မနှံ့တဲ့လူနာများ ထွက်ပြေးသွားမည်ကို တားဆီးရန်ပင်။
ဆေးရုံဝန်ထမ်းကတ် မရှိရင် ဓါတ်လှေကား အပြင် အရေးပေါ် လှေကားကိုပင် မည်သူမှ မတက်နိုင်ပေ။
ဤတစ်ကြိမ်တွင် ဒါရိုက်တာလီသည် အမြင့်ဆုံးအထပ်၊ သုံးဆယ်ထပ်ကို သွားမည့် ခလုတ်ကို တိုက်ရိုက် နှိပ်လိုက်သည်။
အသီးကို စားသုံးမိသော ကျောင်းသား အားလုံးကို ထိုနေရာသို့ ပို့ထားခဲ့၏။
ဒါရိုက်တာလီ "အခုအချိန်မှာ ကျောင်းသားတချို့က စိတ် မတည်မငြိမ် ဖြစ်နေတယ်.. ဒါကြောင့် လွန်ခဲ့တဲ့ နာရီဝက်လောက်ကပဲ မြို့တော်ရုံးကို အကူအညီ တောင်းခဲ့သေးတယ်.. လင်းကျန်းရန် ရောက်မလာခင်ကပဲ စိတ်ရောဂါကု ဆရာဝန် ပထမအသုတ် ရောက်လာခဲ့တယ်"
သူတို့စကားပြောနေကြစဉ် ဓာတ်လှေကား တံခါးများက ဖြည်းညှင်းစွာ ပွင့်သွားသည်။
ဝမ်လင်းက သူ့ရှေ့တွင် ရင်းနှီးသော ရုပ်သွင်များကို တွေ့လိုက်ရသည်။
ပိန်ပြီး အရပ်ရှည်သည့် လူငယ်တစ်ယောက်..
ထိုလူက သူနာပြုတစ်ဦးထံမှ အင်္ကျီအဖြူတစ်ထည်ကို လက်ခံခဲ့ပြီး သူမအား ပြုံးပြလိုက်သည်။
"အခု ကလေးတွေ အခြေအနေ ဘယ်လိုရှိလဲ"
သူနာပြုအမျိုးသမီး "ဒါရိုက်တာလီက ကိုင်တွယ်ရခက်တဲ့ သူတွေကို ကိုယ်တိုင် ကြီးကြပ်ပြီးသွားပါပြီ.. ဒေါက်တာစုန့်.. ရှင့်ရဲ့တာဝန်က အဆောင် 12 နဲ့ 13 က ကလေးတွေပဲ.. သူတို့ကို ပြုစုစောင့်ရှောက်ဖို့ ရှင့်ကိုပဲ ကျမတို့ ဒုက္ခပေးရတော့မယ်"
ဒေါက်တာစုန့်က သူ့ရင်ဘတ်ကို စိတ်ချပါဟူသော အမူအရာဖြင့် ပုတ်ပြလိုက်သည်။
"ကိစ္စမရှိပါဘူး.. ငါနဲ့သာ လွှဲထားလိုက်ပါ"
ဝမ်လင်း ".............."
ရင်းနှီးသောအသံ၊ ရင်းနှီးသော ဟန်ပန်အမူအရာနှင့် ဖြူဖွေးသောသွားများ..
ဟုတ်ပါသည်။ ထိုလူက စုန့်ကျီခိုင်(ခေါ်)လဲ့မုန့်မုန့် ဖြစ်သည်။
ဤဆေးရုံ၏ အကြံပေးမှာ လဲ့မုန့်မုန့်၏ တက္ကသိုလ် ပါမောက္ခဖြစ်ကြောင်း နောက်ပိုင်းတွင် သူသိရှိခဲ့သည်။
တက္ကသိုလ်တွင် လဲ့မုန့်မုန့်က စိတ်ပညာကို အထူးပြု လေ့လာခဲ့ပြီး ယခင်က ဖိုးဖိုးဝမ်၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာကိုပင် ဖြေရှင်းပေးခဲ့ဖူးသည်။
သူ၏ အပြုသဘောဆောင်သည့် သဘောထားကြောင့် အမျိုးသမီး သူနာပြုက ခေါင်းညိတ်ပြလိုက်သည်။
"ဒေါက်တာစုန့်.. ရှင်က အရမ်းတော်တဲ့ လူတစ်ယောက်ပါ.. ဒါပေမယ့် ကျမ နားမလည်ဘူး .. ဘာလို့ စိတ်ရောဂါကု နယ်ပယ်မှာ ဇောက်ချပြီး အသက်မမွေးရတာလဲ"
"တကယ်တော့ ငါက ငါ့ဆရာလောက် ထူးချွန်ထက်မြက်တဲ့သူ မဟုတ်ဘူးလေ.. ငါက တက္ကသိုလ်မှာ သင်ယူခဲ့သမျှကို လက်တွေ့ အသုံးချနေရုံပါပဲ.. ငါ့အနေနဲ့တော့ ငါ့ဆရာကျန်းလီရဲ့ အဆင့်ကို မရောက်နိုင်ဘူး ဆိုရင် စိတ်ရောဂါကု ဆရာဝန်အဖြစ် အသက်မမွေးသင့်ဘူးလို့ ခံယူထားတယ်"
လဲ့မုန့်မုန့်က အမျိုးသမီး သူနာပြုကို ပြုံးပြလိုက်သည်။
"ဒါနဲ့ နောက်ပိုင်းမှာ ငါ ဝတ္ထု အယ်ဒီတာ ဖြစ်လာတယ်.. ပထမတော့ စာရေးဆရာအချို့ ရောင်းကောင်းရင် အမြတ်ဝေစုရလိမ့်မယ်လို့ ငါထင်ခဲ့တယ်"
အမျိုးသမီး သူနာပြု "နောက်ရော ဘာဆက်ဖြစ်လဲ"
လဲ့မုန့်မုန့် "နောက်မှပဲ တစ်ပြားတစ်ချပ်မှ မရတာကို သိလိုက်တယ်"
အမျိုးသမီး သူနာပြု "............"
လဲ့မုန့်မုန့် "ဒါပေမယ့် ဒီအလုပ်က တော်တော် လွယ်တယ်လို့ ခံစားမိတယ်...လစာကတော့ ပုံမှန်ပဲ ဆိုပေမဲ့သက်သက်သာသာနဲ့ အပိုဝင်ငွေရလည်း မနည်းဘူးလေ"
အမျိုးသမီး သူနာပြု "............"
"ဒါကိုဥပမာပြရရင် ငါတို့ ဝဘ်ဆိုဒ်က စာရေးဆရာတစ်ဦးနဲ့ တူတယ်... သူက စာအုပ်တွေ၊ သီချင်းတွေ၊ ပြဇာတ်တွေ ရေးသားတဲ့ အပြင် ကာတွန်းတွေ နဲ့ ဗီဒီယိုတွေကိုတောင် ထုတ်လုပ်တယ်လေ.. အဲဒါက တကယ်တော့ ငါတို့ကို လေးနက်တဲ့အကြောင်းပြချက် တစ်ခု ပေးခဲ့တယ်"
လဲ့မုန့်မုန့်က အမျိုးသမီး သူနာပြုကို စိုက်ကြည့်၍ လေးလေးနက်နက် ပြောလိုက်သည်။
"ကမ္ဘာပတ်နေသူ အတွက် အပိုပညာရပ်ဆိုတာ ဝန်ထုပ်ဝန်ပိုး မဟုတ်ပါဘူး"