← Chapters

နေ့စဥ်ဘဝ

Vol. 24 Ch. 352

နေ့စဥ်ဘဝ

Vol. 24 Ch. 352

ဒါရိုက်တာလီ၏ ဦးဆောင်မှုနောက်ကို လိုက်လာပြီးနောက် ဆေးရုံ၏ သုံးဆယ်ထပ်မှ တဆင့် ခေါင်မိုးပေါ်သို့ တက်လာပြီး မီးဆိုင်းများကို ချက်ချင်း ရုတ်သိမ်းခဲ့သည်။

ခေါင်မိုးထပ်မှာ ကြံ့ခိုင်ရေး အထောက်အကူပြု ပစ္စည်းများ တပ်ဆင်ထားသည့် ကျယ်ပြန့်သော ဧရိယာတစ်ခု ဖြစ်သည်။

ဆေးရုံလူနာများက ပုံမှန်အားဖြင့် တစ်နေ့လျှင် တစ်နာရီမှ နှစ်နာရီ ကိုယ်လက် လှုပ်ရှားမှုများ ပြုလုပ်လေ့ ရှိသည်။

လူနာများ အဆောက်အဦးပေါ်မှ ခုန်ချခြင်းကို တားဆီးရန်အတွက် လူတစ်ဦး၏ အမြင့်ထက် အဆများစွာ မြင့်၍ အလွန်တရာ ထူထပ်သော သတ္တုခြံစည်းရိုးများဖြင့် ဧရိယာအားလုံးကို ကာရံထားသည်။

လွန်ခဲ့သည့်နှစ်များစွာက စိတ်ဝေဒနာရှင်များသည် ကိုယ်လက် လှုပ်ရှားမှု လုပ်သည့် အချိန်အတွင်း အဆောက်အဦးမှ ခုန်ချခဲ့သည့် ဖြစ်ရပ်များစွာ ရှိခဲ့သည်။

ဤပြဿနာကို ထပ်ပြီး ဆွေးနွေးချင်လျှင် လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ပွင့်လာခဲ့သော ကမ္ဘာခြား ဂိတ်တံခါးကနေ စတင်ရပေမည်။

ကမ္ဘာခြားဂိတ်တံခါးမှ နတ်ဆိုးများ မဆင်းသက်ခင် တိရစ္ဆာန်များက ထူးဆန်းစွာ ပြုမူ၍ နိမိတ်လက္ခဏာများ ပြသခဲ့သော်လည်း မည်သူမှ သတိမထားမိခဲ့ကြပေ။

ယင်းသို့ဖြစ်ရခြင်းကို အပြစ်မဆိုသာချေ။

ဝိညာဉ်စွမ်းအင် သတင်းအချက်အလက်တွင် သိပ္ပံနည်းကျ ကိရိယာများ အသုံးပြုခြင်းဖြင့် သဘာဝ ဘေးအန္တရာယ်များကို ရက်ပေါင်းများစွာ ကတည်းက ကြိုတင်ခန့်မှန်းနိုင်သောကြောင့်ပင်။

ကမ္ဘာခြားဂိတ်တံခါးပွင့်၍ နတ်ဆိုးများ ဆင်းသက်လာသော နေ့ရက်တွင်မူ လေထဲ၌ တိမ်တစမျှပင် မရှိတော့ဘဲ အရာအားလုံးက တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။

ဂိတ်မပွင့်မီ တစ်ရက်အလိုတွင် ကိုယ်လက် လှုပ်ရှားမှု အတွက် ခေါင်မိုးပေါ်တွင် ရှိနေသော စိတ်ဝေဒနာရှင်များသည် ဂိတ်တံခါး ပွင့်မည်ကို ကြိုသိနေသကဲ့သို့ ရုတ်တရက် တုန်လှုပ်သွားကြသည်။

တစ်ချိန်တည်းမှာပင် သူတို့အားလုံးက ရူးသွပ်စွာဖြင့် ခေါင်မိုးပေါ်မှ ခုန်ချခဲ့ကြသည်။

ဤအဖြစ်အပျက်ပြီးနောက် ကျွမ်းကျင်သူများ၏ ခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံ၍ စိတ်ဝေဒနာရှင်များသည် ကမ္ဘာခြားဂိတ်ပေါက်ရှိ အော်ရာ အတက်အကျများကို ပို၍ အာရုံခံစားနိုင်မှန်း သိခဲ့ကြသည်။

ဤသည်မှာ ခေါင်မိုးပေါ်တွင် အကာအရံများ တပ်ဆင်ထားရသည့် အကြောင်းရင်း ဖြစ်သည်။

ထိုအချိန်မှစ၍ လူသားများက ရှေးဆိုရိုးစကားကို လုံးလုံးလျားလျား ယုံကြည်ခဲ့ကြသည်။

{စိတ်ဝေဒနာရှင်များသည် ကိုယ်ပိုင် အတွေးအခေါ် ရှိကြသည်}

ကမ္ဘာခြားဂိတ်တံခါး ပွင့်ခဲ့သည်မှာ ခြောက်နှစ်ရှိပြီ ဖြစ်သည်။

ခေါင်မိုးပေါ်၌ ရပ်နေသော ဝမ်လင်းက ကလေးဘဝတုန်းက ဤသတင်း ထုတ်လွှင့်မှုအား ကြည့်ရှုခဲ့ရပြီး အံ့သြတုန်လှုပ်သွားခဲ့ဖူးသည်။

ထိုသတင်းတွင် အဆောက်အဦးပေါ်မှ ခုန်ချသည့် စိတ်ဝေဒနာရှင်များ၏ ဗီဒီယိုဖိုင်ကိုပါ ဖွင့်ချခဲ့၏။

ထိုအဖြစ်အပျက်က သူ့အတွက် တကယ်ကို စိတ်ထိခိုက်စရာကောင်းသည်ဟု ဝမ်လင်း ခံစားမိသည်။

ကျင့်ကြံမှု နယ်ပယ် မြင့်မားခြင်းက အရာတစ်ခု ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုမှာ အခြား အရာတစ်ခု ဖြစ်သည်။

ထိုနှစ်တွင် သူက ဆယ်နှစ်သာ ရှိသေး၏။

ထိုအချိန်ကဆိုလျှင် ဖေဖေဝမ်နှင့် မေမေဝမ်က သူ့ကို တုန်နေအောင် ဂရုစိုက်ခဲ့သည်။

လူများစွာက အသက်ဆယ့်ခြောက်နှစ် အရွယ်တွင် အမြင်သုံးပါး သိပ်မရှိသဖြင့် မရင့်ကျက်တတ်ကြပေ။

အကောင်းဆုံးဥပမာမှာ သစ်သီးစားပြီးနောက်တွင် အစွမ်းထက်လာသည်ဟု ထင်ခဲ့သော ရှောင်ယွင်ချမ်းပင်။

အကျိုးဆက်အနေဖြင့် ပိုင်းခြားစိတ်ဖြာနိုင်သည့် အာရုံကို ဆုံးရှုံးသွားခဲ့၏။

ဝမ်လင်းက သူ့ကိုယ်သူ အလွန်ရင့်ကျက်သည်ဟု မထင်ခဲ့ပေ။

တစ်ခုခုလုပ်ရာတွင် အလွန်ကလေးဆန်သည့် အချိန်များပင် ရှိခဲ့ဖူးသည်။

သို့သော် သူ့အမြင် သုံးပါးက သူ့လုပ်ဖော်ကိုင်ဖက်တွေထက် ပိုကောင်းသည်ဟု ခံစားမိကာ ဂုဏ်ယူခဲ့ရသည်။

နယ်ပယ် အသီးသီး၏ အထွတ်အထိပ်သို့ အမှန်တကယ် ရောက်ရှိခဲ့ကြသော ကျင့်ကြံသူများနှင့် သူ့ကို နှိုင်းယှဉ်ခြင်းမှာ ၎င်းတို့အတွက် တရားမျှတမှု မရှိကြောင်း အမြဲလိုလို ခံစားခဲ့ရသည်။

သူက သင်ယူစရာတွေ အများကြီး ကျန်ပါသေး၏။

သူ့မိဘက သူ့ကို ငယ်စဥ်ကတည်းကပင် စိတ်ပိုင်းဆိုင်ရာ အခြေခံကောင်းများကို ပေးထားခဲ့ပြီးသား ဖြစ်သည်။

ဘဝ၏ အဓိပ္ပါယ်အစစ် နှင့် အလှတရားကို နားမလည်သေးဘဲ ဘဝတစ်ဝက် ကျော်ကျော်လောက် ရှင်သန်နေခဲ့သည့် သူတွေလည်း ရှိသည်။

ဝမ်လင်းက သူ့မွေးရာပါနယ်ပယ် အတွက် အဓိပ္ပါယ်ရှိရှိ နေရမည်ဟု အမြဲတွေးခဲ့ဖူးသည်။

သူ့နေ့စဉ်ဘ၀မှာ ယင်းကိုသာ အချိန်တိုင်း ရှာဖွေနေခဲ့၏။

"နေ့စဉ်ဘဝဆိုတာ အဘယ်နည်း"

၎င်းကိုဖော်ပြရန် ဂန္တဝင်စာကြောင်း တစ်ကြောင်းကသာ အကောင်းဆုံးဖြစ်မည်ဟု ခံစားမိသည်။

"ကျွန်ုပ်တို့ ဖြတ်သန်းနေရသော နေ့ရက်တိုင်းမှာ အံ့ဖွယ်ဖြစ်ရပ်တွေ အမြောက်အများ ဆက်တိုက် ဖြစ်ပေါ်နေနိုင်တယ်"

............................

ဒါရိုက်တာလီက ခေါင်မိုးပေါ်သို့ ဝမ်လင်းကို ခေါ်သွားခဲ့သည်။

ပွင့်လင်းစွာပြောရလျှင် ဝမ်လင်းက အဆောက်အဦး ထဲသို့ ခြေချမိသည်နှင့် ဆေးရုံခေါင်မိုးထပ်၌ ပုံမှန် မဟုတ်သော အခြေအနေများကို ခံစားမိနေပြီ ဖြစ်သည်။

ဝမ်လင်းက မျက်မှောင်ကြုတ်လိုက်သည်။

သူ့မျက်နှာပေါ်မှ စဉ်းစားနေသော အမူအရာကို မြင်လိုက်ရလျှင် ဒါရိုက်တာလီက ခေါင်းညိတ်လိုက်သည်။

"ဆရာ့ရဲ့ ထင်မြင်ချက်က လုံးဝမှန်ကန်တဲ့ပုံပဲ.. ဆရာသခင်အင်မော်တယ် ထုန်ရာလည်း ဆေးရုံကို ရောက်လာစဥ်က တစ်ခုခုမှားနေပြီ ဆိုတာကို သိသိသာသာ ခံစားမိပေမဲ့ ဆရာ့ရဲ့အာရုံက လင်းကျန်ရန်လောက် တိကျပုံမရဘူး"

တစ်စုံတစ်ယောက်က ဤနေရာတွင် တစ်ခုခုကို လုပ်ဆောင်ခဲ့သည့်ပုံပင်။

ဝမ်လင်းက ခေါင်မိုး၏ အလယ်ဗဟိုသို့ လျှောက်သွားကာ ခြေရင်းအောက်ရှိ မြေပြင်ကို စိုက်ကြည့်လိုက်သည်။

မမြင်နိုင်သော မှော်အစီအရင်တစ်ခုကို ဤနေရာတွင်ချထား၏။

၎င်း၏ လုပ်ဆောင်ချက်ကို မသိရသေးသော်လည်း ၎င်းက အလွန်ခေတ်မီသော တပ်ဆင်မှုတစ်ခု ဖြစ်သည်။

ယခုအချိန်အထိ သူကြုံတွေ့ခဲ့ရသော မှော်အစီအရင်များထဲတွင် ထိုအစီအရင်က အနည်းဆုံး ထိပ်ဆုံးသုံးခု စာရင်းဝင်သည်ဟု ဝမ်လင်း ခံစားမိသည်။

ဒဏ္ဍာရီလာ အင်မော်တယ်ကျန်းရွမ် ကဲ့သို့ ကျင့်ကြံခြင်း သမိုင်းတွင် အစီအရင် ကျွမ်းကျင်သူ အမြောက်အမြား ရှိခဲ့သော်လည်း ခေတ်သစ်သမိုင်းတွင်မူ အင်မော်တယ်ရှဲဖီ၏ အစီအရင် ကျွမ်းကျင်မှုကို မည်သူမျှမမီပေ။

ဝမ်လင်းက ဝပ်ချကာ မြေပြင်ကို ထိကိုင်ကြည့်လိုက်သည်။

သူက အစီအရင်ကို ဖော်ထုတ်ရန် ဝိညာဉ်စွမ်းအားကို မှော်အစီအရင်ထဲ တွန်းပို့ဖို့ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ဝိညာဥ်စွမ်းအားက ရွှံ့နွံထဲကို ကျသွားသည့် နွားတစ်ကောင်လိုပင်။

ထိုအရာကို နည်းနည်းလေးမှ သက်ရောက်မှုမရှိခဲ့ပေ။

အစီအရင်တစ်ခုကို ဖော်ထုတ်ရသည်က ဗုံးတစ်လုံးကို ဖြုတ်ရသလိုပင် ကျွမ်းကျင်မှုများစွာ လိုအပ်သည်။

၎င်းကို မဖျက်ဆီးမီ ၎င်း၏ ပင်မအစီအရင် ပုံစံကို ကနဦး ရှာဖွေရ၏။

ထို့နောက် အသေးစိတ် ခွဲခြမ်းစိပ်ဖြာပြီးမှသာ အစီအရင်ကို ဖြိုခွဲရမည် ဖြစ်သည်။

သို့သော် ဝမ်လင်းအတွက် ခက်ခဲစေသော အပိုင်းမှာ အစီအရင်ကို မမြင်နိုင်သောအလွှာများစွာဖြင့် အထပ်ထပ် ဖုံးအုပ်ထားခြင်းပင်။

ယင်းကို ဖြေရှင်းရန် အချိန်တစ်ခုတော့ ယူရပေလိမ့်မည်။

"အင်း အခက်တော့တွေ့ပြီ.. အစီအရင်ပညာရှင်ရှိရင် ကောင်းမှာပဲ"

ဤအချိန်တွင် သူတို့ဘက်၌ မှော်အစီအရင် ကျွမ်းကျင်သူ တစ်ယောက်သာ ရှိလျှင် အလွန် ကောင်းမည်ဟု ဝမ်လင်း စိတ်ထဲတွင် တွေးနေမိသည်။

အနည်းဆုံးတော့ ယင်းက သူ့အတွက် ပင်ပန်းမှုများစွာကို သက်သာစေမည် မဟုတ်လော။

ထိုအချိန်မှာပင် ဝမ်လင်းက သူတို့နောက်ရှိ စင်္ကြံလမ်းကနေ လျှောက်လာသည့် ခြေသံများကို ရုတ်တရက် ကြားလိုက်ရသည်။

"ဘယ်သူလဲ"

သူ ခေါင်းကို လှည့်ကြည့်လိုက်သည်။

ဒါရိုက်တာလီက ဝမ်လင်း၏ တုံ့ပြန်မှုကြောင့် ထိတ်လန့်သွားသည်။

လှည့်ကြည့်လိုက်ရာ ဘောင်းဘီတောက်တောက်ကို ဝတ်ထားသည့် လူငယ်လေး တစ်ယောက်က သူတို့ဆီ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။

ဒါရိုက်တာလီက ချက်ချင်းပင် အေးစက်သော ချွေးများ ထွက်လာသည်။

သူက ခေါင်မိုးထပ်၏ တံခါးကို သော့ခတ်ဖို့ မေ့သွားချိန်တွင် မထင်မှတ်ပဲ တစ်စုံတစ်ယောက်က ဤနေရာသို့ ရောက်လာ၏။

ထို့အပြင် သူလုံးဝ သတိမထားမိခဲ့ပေ။

ဤလူငယ်၏ အော်ရာက အလွန်မှိန်ဖျော့နေပြီး သူ၏ တက်ကြွသော အပြုအမူနှင့် လုံးဝ လိုက်ဖက်မှုမရှိပေ။

ဒါရိုက်တာလီက ဆိုးရွားသော ခံစားချက်ကို ခံစားခဲ့ရသည်။

"မင်းဘယ်သူလဲ...မင်းဒီမှာ ရှိမနေသင့်ဘူး"

ဒါရိုက်တာလီက လူငယ်ကို စိုက်ကြည့်၍ပြောလိုက်သည်။

ဖန့်ရှင်းက သူ့လက်နှစ်ဖက်လုံးကို မြှောက်လိုက်ကာ ပြုံးပြလိုက်၏။

"စီနီယာ အင်မော်တယ်ထုန်ရာက ကျွန်တော့်ကို လာကြည့်ခိုင်းလို့ပါ"

"ငါတို့လူလား"

ဒါရိုက်တာလီက မျက်ခုံးပင့်လိုက်သည်။

"ကျွန်တော်က ဖန့်ရှင်းပါ.. မကြာသေးခင်ကမှ ချက်ဂရု အဖွဲ့ဝင် ဖြစ်လာတာပါ...ဒါရိုက်တာလီနဲ့က အခုမှပဲ တွေ့ရတော့တယ်"

ဖန့်ရှင်းက သူ့အမှတ်သင်္ကေတ ဖြစ်သည့် အပြုံးချိုချိုလေးကို ထုတ်ဖော်လိုက်သည်။

ဤအပြုံးက ဖန့်ရှင်း၏ အထူးခြားဆုံးသော အင်္ဂါရပ်ဖြစ်သည်ဟု ဝမ်လင်း ထင်ခဲ့သည်။

သူပြုံးလိုက်တိုင်း သူ့ပါးစပ်ထောင့်က အမြဲလိုလို ကွေးညွှတ်နေတတ်၏။

အပြုံးက အတု ဟုတ်မဟုတ်ပင် ပြောဖို့ခက်သည် အထိ အသက်ဝင်စွာ ဆွဲဆောင်မှုရှိလွန်း၏။

"ဒါဆို မင်းက ညီနောင်ဖန့်ရှင်းပေါ့"

ဖန့်ရှင်းက သူ့ကိုယ်သူ မိတ်ဆက်ပြီးနောက်တွင် ဒါရိုက်တာလီက သက်ပြင်းချလိုက်သည်။

ဒါရိုက်တာလီက ဖန့်ရှင်း နှင့် ယခင်က မတွေ့ဆုံဖူးသော်လည်း ထိုလူငယ်က အင်မော်တယ် စံအိမ်သခင်ကို ဖမ်းဆီးရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး အလွန်သန်မာကြောင်း သူ၏ဆရာ အင်မော်တယ်ထုန်ရာ ထံမှ ကြားသိရသည်။

အင်မော်တယ်စံအိမ် အဖြစ်အပျက်ပြီးနောက်တွင် ပါဝင်ပတ်သက်သူ အားလုံးက ဖန့်ရှင်း၏ ကိုယ်ရေး အစစ်အမှန်ကို ထပ်မံ ဖော်ပြခြင်း မပြုရန် သဘောတူခဲ့ကြသည်။

ဝမ်လင်းက ဤနေရာသို့ ဖန့်ရှင်း အမှန်တကယ် ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

"ငါတို့ရှေ့မှာ မျက်နှာဖုံးတပ်ထားတဲ့သူက အတန်းဖော်ဝမ်လင်း ဟုတ်လား"

ဖန့်ရှင်း ပြုံးလိုက်သည်။

"မင်းရဲ့ အသွင်အပြင်က ဘယ်သူ့ကိုမှ လှည့်စားလို့မရဘူး.. နောက်တစ်ခါကျရင် အတန်းဖော် ဝမ်လင်းက နေကာမျက်မှန်တပ်တာ ပိုကောင်းမယ်.. မဟုတ်ရင် မင်းဘယ်သူလဲ ဆိုတာ မင်းမျက်လုံးကို တစ်ချက်ကြည့်မိတာနဲ့ ဘယ်သူမဆို ပြောနိုင်တယ်"

ဝမ်လင်း "..............."

ဒါရိုက်တာလီ "လင်းကျန်းရန်က ဒီမှာ မမြင်နိုင်တဲ့ အစီအရင်တစ်ခုကို ရှာတွေ့ခဲ့တယ်.. ဒါပေမယ့် အစီအရင်ကို ထုတ်ဖော်ဖို့က နည်းနည်း ခက်ခဲနေပုံရတယ်.. ညီနောင်ဖန့်ရှင်းလည်း ရောက်လာပြီ ဆိုမှတော့ လင်းကျန်းရန်နဲ့အတူ ပူးပေါင်းပြီး အစီအရင်ကို ဖြေရှင်းပေးပါဦး"

"မမြင်နိုင်တဲ့ အစီအရင်လား"

ဖန့်ရှင်းက မေးစေ့ကိုပွတ်သပ်လိုက်သည်။

"အစီအရင်တွေအကြောင်း ငါနားလည်ပါတယ်.. တကယ်တော့ ငါက အစီအရင် ပညာရှင် တစ်ယောက်ပါ"

ဒါရိုက်တာလီ "ညီနောင်ဖန့်ရှင်းက အစီအရင်ပညာရှင်လား"

ဖန့်ရှင်း ပြုံးလိုက်သည်။

"ဟုတ်တယ်.. ငါ့အဖေဆီက အမွေရခဲ့တာ"

ထိုစကားကို ကြားမှ ဝမ်လင်း တစ်စုံတစ်ရာကို သတိရသွားပြီး ရုတ်တရက် သူ့နဖူးကိုသူ ပြန်ရိုက်လိုက်သည်။

ဖန့်ရှင်းက အင်မော်တယ်ရှဲဖီ၏ သားဖြစ်ကြောင်း ထိုအချိန်မှပင် သတိရမိသွားသည်။

ဖန့်ရှင်းသာ ဘာမှ မပြောခဲ့လျှင် ဝမ်လင်း မေ့လုနီးပါး ဖြစ်နေမည်သာ။

အစောပိုင်းက အစီအရင် ကျွမ်းကျင်သူ တစ်ဦးရှိလျှင် ကောင်းမည်ဟု ပြောခဲ့ဖူးသည်။

တကယ်ပဲ ပေါ်လာလိမ့်မည်ဟု သူဘယ်တုန်းကမှ မတွေးမိခဲ့ပေ။

သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ဝမ်လင်းက သူ့ကိုယ်သူ အလွန် ပါးစပ်စီးသည်ဟု ထင်ခဲ့သည်။

All Chapters