ညီနောင်.. ဖန့်ရှင်းလား
Vol. 24 Ch. 353
ညဆယ်နာရီကျော်နေပြီ ဖြစ်သည်။
ဝမ်လင်း နှင့် ဖန့်ရှင်းတို့က အစီအရင်ကို ကိုင်တွယ် ဖြေရှင်းနေချိန်တွင် ဝမ်မင်က အခြေအနေကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း အကြောင်းကြားခဲ့သည်။
ကျိုးရီနှင့် ဝမ်မင်တို့က ရွှေကုံးဂိုဏ်း၏ အလယ်အလတ်အဆင့်အဖွဲ့ဝင် ချုံရှစ်စစ်ကို ဖမ်းမိခဲ့သည်။
သို့သော်လည်း ကနဦး စစ်ဆေးမေးမြန်းမှု အပြီးတွင် ချုံရှစ်စစ်က ရွှေကုံးဂိုဏ်းနှင့် ပတ်သက်ပြီး အနည်းငယ်လောက်သာ သိသည်ကို တွေ့ရှိခဲ့သည်။
သို့ရာတွင် ရွှေကုံးဂိုဏ်း၏ ရုပ်ရည်ပေါ် မူတည်၍ အထက်အောက် ရာထူးအဆင့် ခွဲခြားပုံကိုမူ သိရှိခဲ့ရသည်။
ဝမ်မင်က ချုံရှစ်စစ်၏ အန်ချင်စရာ ကောင်းသော ရုပ်ရည်ကို ဓာတ်ပုံရိုက်၍ လှပစေသော Filterဖြင့် စစ်ထုတ်ပြီးမှ ဝမ်လင်းထံ ပေးပို့လိုက်၏။
ထိုသို့ filterဖြင့် စစ်ထုတ်ထားသည့်တိုင် ချုံရှစ်စစ်၏ မျက်နှာက မယုံနိုင်လောက်အောင် ကြောက်စရာ ကောင်းနေသေးသည်။
ပန်းခြံထဲတွင် ယခင်က မိန်းကလေးငယ်များကို ပြန်ပေးဆွဲမှုဖြင့် ဖမ်းဆီးခံခဲ့ရသော လူလတ်ပိုင်းအရွယ် အမျိုးသားမှာ အလွန် ရုပ်ဆိုးသော်လည်း အနည်းဆုံးတော့ ပုံမှန် အသွင်အပြင် ရှိနေဆဲ ဖြစ်သည်။
ထိုလူလတ်ပိုင်း အရွယ် ရွှေကုံးဂိုဏ်းဝင်ကမူ ဂိုဏ်းထဲတွင် ပမွှားအဆင့်သာ ရှိ၏။
နှိုင်းယှဉ်ကြည့်လျှင် ဤချုံရှစ်စစ်၏ အင်္ဂါရပ်များသည် ငါးပိကဲ့သို့ ရွံစရာ ကောင်းနေ၏။
ဖန့်ရှင်းက မမြင်နိုင်သော မှော်အစီအရင်၏ ဖွဲ့စည်းပုံကို စစ်ဆေးနေချိန်တွင် မျက်လုံးထောင့်ကနေ ဝမ်မင် ပို့လိုက်သော ချုံရှစ်စစ်၏ ပုံကိုမြင်လိုက်ရပြီး စိတ်မထိန်းနိုင်တော့ဘဲ အော်ဟစ် ရယ်မောလိုက်သည်။
"ဟားဟား.. ဒီလူရဲ့ မျက်နှာက တကယ့်လက်ရာကောင်းပဲ.. ပီကာဆို ဆွဲခဲ့တာလား"
ဝမ်လင်း ".............."
ယခု သူတို့စိတ်ထဲတွင် ချုံရှစ်စစ်ပင် ဤမျှ ရုပ်ဆိုးနေလျှင် ရွှေကုံးဂိုဏ်း၏ ထိပ်တန်းပုဂ္ဂိုလ်များ အနေဖြင့် မည်မျှ ရုပ်ဆိုးနေမည်နည်း ဟူသော မေးခွန်းကိုသာ တွေးနေမိသည်။
ရွှေကုံးဂိုဏ်း၏ အဆင့်သတ်မှတ်ချက် စနစ်အကြောင်း သိလိုက်သည်နှင့် တစ်ပြိုင်နက် ဤမေးခွန်းသည် လူတိုင်းနီးပါးအလိုအလျောက် တွေးမိသည့် မေးခွန်းတစ်ခု ဖြစ်သည်။
........................
အစီအရင်တစ်ခုကို ခွဲခြမ်းစိတ်ဖြာရန် ကျွမ်းကျင်မှု လိုအပ်သည်။
သူတို့ခြေထောက်အောက်ရှိ မမြင်ရသည့် မှော်အစီအရင်ကို အချိန်တိုလေး အတွင်း ဝမ်လင်း ထုတ်ဖော်၍ မရပေ။
ယင်းမှာ ကုဒ်ကို ဖောက်ထွင်းရန် မကျွမ်းကျင်သောကြောင့်ဖြစ်သည်။
သူက ကုဒ်ကို ဖောက်ထွင်းရန် ကောင်းကင်မျက်လုံးကိုသာ အသုံးပြုလိုက်လျှင် တီကောင်ကို တောင်တန်းဖြင့် ထုသတ်သလို ဖြစ်သွားလိမ့်မည် မဟုတ်လော။
အခြားနည်းလမ်းများဖြင့် မအောင်မြင်ပါက သူ၏ ကောင်းကင်မျက်လုံးကိုသာ အားကိုးရပေမည်။
"အစီအရင်က နည်းနည်း ဆန်းကြယ်တယ် ဆိုပေမယ့် သေချာပေါက် ဖြေရှင်းနိုင်ပါတယ်"
ဖန့်ရှင်းက ခေါင်းငုံ့ကာ မြေပြင်ကို နှစ်မိနစ် သုံးမိနစ်လောက် စိုက်ကြည့်လိုက်သည်။
ထို့နောက် ခေါင်းညိတ်လိုက်ပြီး လက်ညှိုးထိပ်ကို ချက်ချင်းကိုက်ကာ သူ့သွေးများဖြင့် စည်းတံဆိပ် တစ်ခုကို ဆွဲလိုက်သည်။
ဝမ်လင်းက မျက်မှောင်ကြုတ်၍ စည်းတံဆိပ်ကို စစ်ဆေးကြည့်လိုက်၏။
အင်မော်တယ်ရှဲဖီမှာ ထိုအချိန်က ကျော်ကြားသော အစီအရင်ပညာရှင် တစ်ဦး ဖြစ်သည်။
ပညာရှင်တစ်ဦးထက် ပို၍ အနည်းဆုံးတော့ သူက ဒဏ္ဍာရီလာဆရာတစ်ဦးဟု ဆိုရမည်။
ဖန့်ရှင်း အမွေဆက်ခံခဲ့သော အရာများစွာထဲတွင် အစီအရင်နှင့် ပတ်သက်ပြီး အင်မော်တယ်ရှဲဖီ ချန်ထားခဲ့သည့် မှတ်စုစာအုပ်များ ရှိမည်ဟု ဝမ်လင်း ယူဆခဲ့သည်။
ဤမှတ်စုစာအုပ်က စစ်မှန်သော ရတနာတစ်ပါး ဖြစ်ပြီး ယနေ့အချိန်အထိ အစီအရင် ပညာရှင်များအားလုံး အရူးအမူးလိုက်ရှာနေသောအရာ ဖြစ်၏။
ဆိုရလျှင် မှော်အစီအရင် နယ်ပယ်ထဲ၌ အဆိုပါမှတ်စုစာအုပ်သည် "အဖိုးမဖြတ်နိုင်သောမှော်ရတနာ" ဖြစ်သည်။
ဖန့်ရှင်းက အင်မော်တယ်ရှဲဖီ၏ ပညာရပ်များကို အိတ်သွန်ဖာမှောက် ဆက်ခံခဲ့မှန်း ထင်ရှားနေ၏။
အဆုံးသတ်တွင် သူက အင်မော်တယ်ရှဲဖီ၏ သားအရင်း ဖြစ်သည် မဟုတ်လော။
"ငါအဆင်သင့်ဖြစ်ပြီ"
ဖန့်ရှင်းက စည်းတံဆိပ်ကို ဆွဲပြီးနောက် သူ၏လက်နှစ်ဘက်လုံးကို မြေကြီးပေါ်တွင် ကပ်လိုက်ပြီး ကြွေးကြော်သံနှင့်အတူ ဝိညာဉ်စွမ်းအင်ကို မြေကြီးထဲသို့ သွန်းလောင်းလိုက်သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် မမြင်နိုင်သော မှော်အစီအရင်က အံ့မခန်း အသွင်အပြင်ဖြင့် သူ့တို့ရှေ့၌ ပေါ်လွင်လာသည်။
၎င်းက ခြောက်မီတာ အချင်းဝက်ရှိပြီး အမျှင်တန်းများဖြင့်ရှုပ်ထွေးနေ၏။
၎င်းကို ဖော်ထုတ်ပြီးနောက် အစီအရင်၏ အလယ်ဗဟိုမှ ရက်စက်ကြမ်းကြုတ်သော သားရဲကဲ့သို့ ပုံသဏ္ဍာန်တစ်ခုက ဝမ်လင်းကို ဆုပ်ကိုင်လိုက်သည်။
ဤသည်မှာ အစီအရင်ဝိညာဉ် ဖြစ်သည်။
ဝမ်လင်းက အလွန်လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။
သူက သူ့ကိုဆုပ်ကိုင်ထားသည့် အစီအရင်ဝိညာဥ်၏ လက်ကိုတင်းကျပ်စွာ ပြန်လည် ဆုပ်ကိုင်၍ အားအနည်းငယ်ထည့်လိုက်ရာ အစီအရင်ဝိညာဥ်က ပေါက်ကွဲသွားခဲ့သည်။
ဤမြင်ကွင်းက ဘေးမှာ ရပ်ကြည့်နေသည့် ဒါရိုက်တာလီကို အံ့အားသင့်စေခဲ့၏။
ဤအစီအရင်က သိဒ္ဓိ အစီအရင် မဟုတ်သော်လည်း ထိပ်တန်း အစီအရင်တစ်ခု အဖြစ် အဆင့်သတ်မှတ်ခံရဆဲဖြစ်သည်။
သို့သော် ဤအစီအရင်၏ ဝိညာဥ်ကမူ ဝမ်လင်း၏လက်ထဲတွင် စက္ကန့်ဝက်မျှပင် မရှင်သန်နိုင်ခဲ့ပေ။
လင်းကျန်းရန်၏ ခွန်အားက အလွန် ကြောက်စရာ ကောင်းလွန်းပေသည်။
အစီအရင်ဝိညာဥ် ပျက်စီးသွားသဖြင့် မှော်အစီအရင်က အလုပ်မဖြစ်တော့ပေ။
သို့သော် အချက်တစ်ချက်ကို မရှင်းလင်းသေးချေ။
၎င်းမှာ ဤအစီအရင်ကို ခင်းကျင်းရခြင်း၏ ရည်ရွယ်ချက်ဖြစ်သည်။
"ငါမမှားဘူးဆိုရင် ဒါက အာရုံလှုံ့ဆော်တဲ့ မှော်အစီအရင်ပဲ"
ဖန့်ရှင်းက လက်တစ်ဖက်ဖြင့် အစီအရင်ကို ထိကိုင်ကြည့်လိုက်သည်။
"ဒီလိုအာရုံလှုံ့ဆော်တဲ့အစီအရင်တွေက အများအားဖြင့် တစ်ခုတည်း ခင်းလေ့ခင်းထ မရှိဘူး.. အနီးနားက အဆောက်အဦးတွေရဲ့ ခေါင်မိုးပေါ်မှာလည်း ရှိနေနိုင်တယ်"
"ဒီအစီအရင် အားလုံးကို ခင်းကျင်းရတဲ့ ရည်ရွယ်ချက်က ဘာများဖြစ်နိုင်မလဲ"
ဒါရိုက်တာလီက စိတ်ဝင်တစား မေးလိုက်သည်။
"ငါ့လေ့လာမှုအရတော့ ဒါက ကြီးမားတဲ့ ဝိညာဉ်စွမ်းအားတွေကို စုစည်းဖို့အတွက် လျှို့ဝှက် အစီအရင်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်တယ်.."