← Chapters

မော်ကွန်းဝင် လူသတ်သမား နှစ်ဦးကြားမှ နိဂုံး

Vol. 24 Ch. 360

မော်ကွန်းဝင် လူသတ်သမား နှစ်ဦးကြားမှ နိဂုံး

Vol. 24 Ch. 360

"အဲဒါဘယ်သူလဲ"

"ဘယ်သူက ဒီလိုလုပ်လိုက်တာလဲ"

တာအိုဆရာ တောက်တိက ဒေါသတကြီး အော်ဟစ်လိုက်ရာလေထုက တုန်လှုပ် ချောက်ခြားစရာ ကောင်းသည့် လှိုင်းအဖြစ်သို့ ပြောင်းလဲသွားသည်။

ထို့နောက်တွင် သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး စွမ်းအင် လှိုင်းလုံးများကို အလွယ်တကူ ချေဖျက်ပစ်လိုက်သည်။

"စီနီယာအကို.. ဒါမင်းလက်ချက် မဟုတ်လား"

တာအိုဆရာ တောက်တိက ရှူးရှူးရှဲရှဲ ဖြစ်နေသည်။

ရှေးဟောင်းစာအုပ်ကြီး "...???..."

လက်သည် တရားခံဖြစ်သည့် ဝမ်လင်းက ၎င်းတို့ အနီးနားတွင် တိတ်တဆိတ် စောင့်ကြည့်နေသည်။

"............"

အကြောင်းတစ်ခုခုကြောင့် ဝမ်လင်းက ဝင်ရှုပ်မိသလို ခံစားခဲ့ရသည်။

အစောပိုင်း တိုက်ခိုက်မှု တစ်ကြိမ်က လွှဲလျှင် ဤနှစ်ယောက်တွင် အသေအကျေ တိုက်ပွဲဝင်ရန် ပြတ်သားသော ရည်ရွယ်ချက်ကို မတွေ့ရသေးပေ။

ယင်းက ဘေးမှကြည့်ရှုနေသူ ဝမ်လင်းကို အံသြသွားသလို ခံစားရစေသည်။

အကြောင်းမှာ အမှန်တကယ် တိုက်ပွဲ စတင်ချိန်မှသာ သူ၏ အစီအရင်က အသုံးဝင်နိုင်မည် ဖြစ်သောကြောင့်ပင်။

ထို့ကြောင့် လက်ရှိတွင် ကူကယ်ရာမဲ့သလို ခံစားနေရ၏။

ထို့အပြင် နောက်ထပ် ပြဿနာတစ်ခု ရှိသေးသည်။

ယင်းမှာ အသေအကျေ တိုက်ပွဲ ဖြစ်လာခဲ့လျှင် သူ၏ ကိုယ်ပိုင်လက္ခဏာကို မဖော်ပြဘဲ ဤဂိုဏ်းတူ ညီအစ်ကို နှစ်ယောက်ကြားမှ ပဋိပက္ခကို သူ ဘယ်လို ကူညီဖြေရှင်းရမလဲ ဆိုသော အချက်ပင်။

ဝမ်လင်းက မေမေဝမ်၏ ဝတ္ထုကို အစမှအဆုံးထိ ဖတ်ခဲ့၏။

သူမ ရေးသားခဲ့သော ဝတ္ထုထဲတွင် လူသတ်သမားများသည် အစုအပြုံလိုက် သေစေနိုင်မည့် တိုက်ခိုက်မှုများကို တစ်ခါမျှ မပြုလုပ်ခဲ့ပေ။

အများစုမှာ လုပ်ကြံသတ်ဖြတ်ခြင်းများသာ ဖြစ်ပြီး ယင်းမှာ လူသတ်သမားများနှင့် အံဝင်ခွင်ကျ ဖြစ်ခဲ့သည်။

ထို့ကြောင့် ဝမ်လင်းက ၎င်းတို့နှစ်ဦး အမှန်တကယ် တိုက်ခိုက်ခဲ့မည်ဆိုလျှင် လျှို့ဝှက်လက်နက် အသုံးပြုခြင်းများ ပါဝင်လာနိုင်ပြီး အနီးကပ် တိုက်ပွဲတစ်ခု ဖြစ်လာနိုင်သည်ဟု ယူဆခဲ့သည်။

မေမေဝမ် ဝတ္ထုထဲတွင် ရေးထားသည့် အနီးကပ် တိုက်ခိုက်ရေး စွမ်းရည်များထဲတွင် အကျော်ကြားဆုံးမှာ "အနှစ်တစ်ထောင် သေဆုံးခြင်း" ဖြစ်သည်။

ထို့ကြောင့် ဤလူနှစ်ယောက်သာ တိုက်ပွဲ စတင်ခဲ့မည် ဆိုလျှင် အံ့မခန်းတိုက်ပွဲ ဖြစ်လာမည်မှာ သေချာသည်။

နှစ်ယောက်သားက မျက်နှာချင်းဆိုင်ထားရင်း မိနစ်အတော်ကြာအောင် ငြိမ်သက်သွားသည်။

ထို့နောက် ရှေးဟောင်းစာအုပ်ကြီးက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

"တကယ်တော့ မင်းရဲ့ရုပ်ရည်ကို ပြန်လည် ထိန်းသိမ်းဖို့အတွက်နဲ့ ဝိညာဉ်စွမ်းအားတွေ စုစည်းဖို့အတွက် ကလေးတွေကို ယဇ်ပူဇော်ဖို့ မင်းဘယ်တုန်းကမှ မကြံစည်ခဲ့ဘူးမလား"

"မင်းအနေနဲ့ ဒီလောက်ကြီးမားတဲ့ ပြဿနာကို ဖန်တီးရတဲ့ အကြောင်းရင်းက ငါ့ကို မျှားထုတ်ဖို့ သက်သက်ပဲ"

"ဝိညာဉ်စွမ်းအင် စုစည်းမှုအတွက် ဒီမှော်အစီအရင်က မင်းအတွက် တကယ်ပဲ အရေးကြီးတယ်ဆိုရင် မင်းဒီလိုတုံ့ပြန်မှာမဟုတ်တာ သေချာတယ်"

မျက်နှာဖုံးအောက်ရှိ တာအိုဆရာတောက်တိ၏ မျက်နှာက မည်းမှောင်သွားသည်။

"မင်းဘယ်လိုသိတာလဲ အစ်ကိုကြီး"

ရှေးဟောင်းစာအုပ်ကြီး "နတ်ဘုရားမယ်တော်ရဲ့ လက်ရေးမူကျမ်းကို ကောက်ယူလိုက်ချိန်က စပြီး မင်းနဲ့ငါက နတ်ဘုရားမယ်တော်ရဲ့ ဂိုဏ်းဝင်တွေ အလိုအလျောက် ဖြစ်သွားခဲ့ပြီ"

"မင်းငယ်ငယ်ကတည်းက ဆရာကို လေးစားခဲ့တယ်.. သူ့ကို လူကိုယ်တိုင် တစ်ခါမှ မတွေ့ဖူးဘူး ဆိုရင်တောင် လုပ်ကြံသတ်ဖြတ်ရေး မူရင်းကျမ်းရဲ့ ခေါင်းစဉ်စာမျက်နှာမှာ ဆရာ ရေးထားတဲ့ ဂိုဏ်းစည်းမျဉ်းတွေကိုတော့ မင်း ဘယ်တော့မှ ချိုးဖောက်မှာ မဟုတ်ဘူး"

"ငါတို့ နတ်ဘုရားမယ်တော် ဂိုဏ်းဝင်တွေက လူတွေကို လုပ်ကြံသတ်ဖြတ်ဖို့ သွန်သင်ပေးနိုင်ပေမဲ့ လူဆိုးလူသွမ်း တွေကိုပဲ သတ်ပစ်ခွင့်ရှိတယ်"

ဤအထိပြောပြီးနောက် ရှေးဟောင်း စာအုပ်ကြီးက သက်ပြင်းချလိုက်သည်။

"နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ သူတွေကို သတ်တိုင်း လူသတ်သမားအတွက် ကုသိုလ်အမှတ် တစ်ရာရလိမ့်မယ်လို့ ဆရာ ပြောခဲ့တယ်.. အမှတ်တစ်သန်း ရောက်ရင် ဆရာ့ကို တွေ့နိုင်လိမ့်မယ်.."

"ဒါပေမယ့် အပြစ်မဲ့သူတွေကို ထိခိုက် နစ်နာစေမိရင်တော့ ငါ့တို့ရဲ့ ကုသိုလ်ရမှတ်တွေက ထက်ဝက်လောက် လျော့ကျသွားလိမ့်မယ်.. လုပ်ကြံသတ်ဖြတ်ရေး မူရင်းကျမ်းကို ရှာတွေ့တဲ့နေ့ကစပြီး မင်းနဲ့ငါက ဆရာနဲ့ တွေ့ခွင့်ရဖို့ အိပ်မက်မက်ခဲ့တယ်..ဒါက ဘယ်တော့မှ မပြောင်းလဲတဲ့ မင်းရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ပဲ"

ဝမ်လင်းက ဤမှတ်ချက်ကြောင့် အံ့အားသင့်ခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် မေမေဝမ်က သူမ၏ ဝတ္ထုထဲတွင် လူသတ်သမားများ၏ ကုသိုလ်ရမှတ်များ အကြောင်းကို အမှန်ပင် ရေးသားထားသောကြောင့် ဖြစ်သည်။

ယင်းက ဝတ္ထုအတွက်မူ ဇာတ်ကွက် တစ်ခုမျှသာ ဖြစ်သည်။

ဝမ်လင်းက ဤလူနှစ်ယောက်ကို ဤအတိုင်းအတာ အထိ အမှန်တကယ် ရင်ဖွင့်လိမ့်မည်ဟု မထင်ထားခဲ့ချေ။

"ဒီကိစ္စတွေရဲ့ နောက်ကွယ်မှာ မင်း ရှိနေတယ် ဆိုတာ သိလိုက်ရတော့ ငါစိတ်မပူတော့ဘူး.. ငါက မင်းနဲ့အတူ ကြီးပြင်းလာတာလေ.. ကလေးဘဝထဲက ပုရွက်ဆိတ် တစ်ကောင်ကို သတ်ဖို့တောင် မင်းက ဝန်လေးနေခဲ့တာ.. အပြစ်မဲ့ ကလေးတစ်စုကို မင်းက ဘယ်လိုလုပ်သတ်မှာလဲ"

ဤစကားကို ပြောရင်း ရှေးဟောင်းစာအုပ်ကြီးက အလွန်လေးနက်သော မျက်နှာထားဖြင့် တင်ပျဉ်ခွေထိုင်နေခဲ့သည်။

ထို့နောက် အိတ်ကပ်ထဲမှ အစပ်ချောင်းကို ထုတ်စားလိုက်ရင်း တာအိုဆရာ တောက်တိကို မေးလိုက်သည်။

"မင်းရော စားဦးမလား.. အရမ်း အရသာရှိတယ်"

"............."

တာအိုဆရာ တောက်တိက အချိန်အတော်ကြာအောင် စကားမပြောနိုင်ခဲ့ပေ။

ထို့နောက် သူက အသက်ခပ်ပြင်းပြင်းရှူလိုက်သည်။

"ဘလက်ဂါ့ဇ်ကိစ္စကို မင်းဘယ်လို ဖြေရှင်းပေးမှာလဲ"

ရှေးဟောင်းစာအုပ်ကြီးက ဝမ်းနည်းပူဆွေးစွာဖြင့် ပြောလိုက်သည်။

"ဒါက ငါ့အမှားပါပဲ.. ဒါကြောင့် ဒီနှစ်တွေ တစ်လျောက်လုံး အပြစ်ရှိတဲ့စိတ်နဲ့ နေထိုင်ခဲ့တာပဲ"

"ဒါပေမယ့် သူက ခြောက်နှစ်အရွယ် ကလေးပဲ ရှိသေးတယ်.."

တာအိုဆရာ တောက်တိက ခေါင်းငုံ့လိုက်ရာ မျက်နှာဖုံးအောက်ကနေ မြေပြင်ပေါ်သို့ မျက်ရည်နှစ်စက် ကျဆင်းလာသည်။

ဝမ်လင်းက အဝေးတွင် ရှိနေသော်လည်း ဤမြင်ကွင်းကို အလွန်ရှင်းလင်းစွာ မြင်နိုင်ခဲ့သည်။

"ငါနားလည်ပါတယ်.. မင်းက ငါ့ရဲ့ရှင်းပြချက်ကို နားထောင်ဖို့ အမြဲငြင်းဆန်ခဲ့တယ်.. ဘယ်လို ရှင်းပြချက်မျိုးကမှ မင်းအတွက် အကျိုးမရှိဘူး ဆိုတာ ငါသိပါတယ်"

"အဲဒီတုန်းက မစ်ရှင်တစ်ခုကနေ ပြန်ရောက်တော့ မင်းနဲ့ မတွေ့ရတာ အတော်ကြာသွားခဲ့တယ်.. ဒါကြောင့် ဘလက်ဂါ့ဇ် နဲ့ မင်းရဲ့ ပတ်သက်မှုကို ငါလုံးဝမသိခဲ့ဘူး"

တာအိုဆရာ တောက်တိက သူ၏ လက်သီးများကို ဆုပ်ထားခဲ့သည်။

"ငါ ရုပ်ဆိုးသွားပြီးနောက်မှာ ဘလက်ဂါ့ဇ်က ငါ့ရဲ့ ဖြစ်တည်မှုကို အသိအမှတ်ပြုပေးတဲ့ တစ်ဦးတည်းသောသူပဲ.. စီနီယာ အစ်ကိုတောင်မှ တခြားသူတွေလို ဖြစ်လာပြီး ငါ့ကို မျက်လုံးနဲ့ မကြည့်ရဲတော့ဘူးလေ

"မင်းမှားနေပြီ ဂျူနီယာညီလေး"

ရှေးဟောင်း စာအုပ်ကြီး၏ မျက်နှာပေါ်တွင် အတိတ်ကို သတိရသည့် ရီဝေသော အမူအရာများ ဖြစ်ပေါ်လာသည်။

"ငါ မင်းကို တခါမှ ခွဲခြားဆက်ဆံတာ မရှိခဲ့ဘူး.. ကျင့်စဥ်အမှားတစ်ခုကို လေ့ကျင့်မိလို့ မင်းရဲ့အသွင်အပြင် ပျက်စီးပြီးတဲ့ နောက်မှာ အဖြေတစ်ခုရှာဖို့ ငါကြိုးစားခဲ့တယ်.. ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ငါမအောင်မြင်ခဲ့ဘူး"

တာအိုဆရာ တောက်တိ အံ့သြသွားသည်။

"ဘာကိုဆိုလိုတာလဲ စီနီယာ အစ်ကို"

ရှေးဟောင်းစာအုပ်ကြီးက သက်ပြင်းချလိုက်သည်။

"အဲဒီကျင့်စဥ်ကို ထဲထဲဝင်ဝင် နားလည်ဖို့ ငါကိုယ်တိုင် ကျင့်ကြံခဲ့တယ်.. ဒါကြောင့် ငါ့ခန္ဓာကိုယ်က အဝလွန်လာတာပဲ.. မင်းကို ပုန်းအောင်းဖို့ ငါမရည်ရွယ်ခဲ့ပါဘူး.. ငါ့ရဲ့ ပြောင်းလဲသွားတဲ့ ရုပ်ရည်သွင်ပြင်ကို မင်းကို မမြင်စေချင်လို့ပါ"

ထို့နောက် ဖန်ပုလင်းကို ထုတ်ယူလိုက်သည်။

ယင်းမှာ စောစောက အိမ်သာထဲတွင် ရွှင်းဖုန်း အမြန်ချောပို့မှ ပေးပို့ခဲ့သော ဖန်ပုလင်းဖြစ်သည်။

"ဒီပုလင်းထဲက ဆေးဝါးတွေက အွန်လိုင်းမှာ ရောင်းချလေ့ရှိတဲ့ အပြင်းထန်ဆုံး ပုံသွင်း ဆေးဝါးတွေပါ.. ဒါက ငါ့ရဲ့ ယခင်အသွင်အပြင်ကို ပြန်လည်ရရှိဖို့ လုံလောက်ပါတယ်.. ကံမကောင်းစွာနဲ့ ဆေးအာနိသင်က ငါ့အပေါ်မှာ ကြာရှည် မသက်ရောက်တော့ဘူး"

"ကျင့်စဥ်အမှားကို ကျင့်ရာကနေ စစချင်း ဝဖြိုးလာစဥ်ကတော့ ဒီဆေးပြားတစ်ခုရဲ့ အာနိသင်က နှစ်ရက်ကနေ သုံးရက်အထိ ကြာရှည်ခံပေမဲ့ အခုဆို နှစ်မိနစ် သုံးမိနစ်တောင် မခံတော့ဘူး"

ဝမ်လင်း အံ့သြသွားသည်။

နောက်ကွယ်တွင် ဤကဲ့သို့ ဇာတ်လမ်းမျိုး ရှိနေလိမ့်မည်ဟု မည်သူက ထင်မည်နည်း။

သူပြောသမျှကို နားထောင်ရင်း တာအိုဆရာ တောက်တိက သွားများကို အံကြိတ်ခဲ့သည်။

တာအိုဆရာ တောက်တိက ယခုအခါတွင် ဝမ်းနည်းပူဆွေးနေပုံပေါ်သည်။

ဝမ်လင်း ကိုယ်တိုင်ပင် အနည်းငယ် ဝမ်းနည်း ပူဆွေးနေသလို ခံစားခဲ့ရ၏။

"ငါက ဘလက်ဂါ့ဇ်ကို ထိခိုက်စေခဲ့မိတယ်.. အဲဒီနောက်မှာ ကျင့်စဥ်အမှားကို ကျင့်ပြီး ဝဖြိုးလာတယ်.. ပိုအရေးကြီးတာက ငါ့ရဲ့ လက်ရှိရုပ်သွင်ကို မင်းမမြင်စေချင်တဲ့ အတွက် ချက်ချင်းပဲ လုပ်ကြံရေးနယ်ပယ်က ထွက်သွားခဲ့တယ်.. ကျောင်းဆရာ လုပ်နေတာကလည်း အပြစ်ဖြေခြင်း တစ်မျိုးလို့ မှတ်ယူနိုင်ပါတယ်"

ရှေးဟောင်းစာအုပ်ကြီးက ခါးသီးစွာ ပြုံး၍ အရာအားလုံးကို ထုတ်ပြောလိုက်သည်။

ထို့နောက် သူက ထိုင်နေရာကနေ မတ်တပ်ထရပ်ပြီး တာအို တာအို တောက်တိ ဆီသို့ ခြေလှမ်း လှမ်းလိုက်သည်။

သူ့မျက်လုံးများတွင် မျက်ရည်များ ထိန်းမနိုင်စွာ ရွှဲစိုနေခဲ့၏။

နှစ်ပေါင်းများစွာ ကြာပြီးနောက်မှ သူက နောက်ဆုံးတွင် "ဂျူနီယာညီလေး ငါ့ကို ခွင့်လွှတ်နိုင်မလား"ဟု မေးရန် သတ္တိရှိလာသည်။

တာအိုဆရာ တောက်တိက အချိန်အတော်ကြာအောင် ငိုရှိုက်နေခဲ့၏။

အချိန်အတော်ကြာ ရန်ဘက် ဖြစ်လာကြသော ဤဂိုဏ်းတူ ညီအစ်ကိုနှစ်ဦးက ဤတစ်ကြိမ် ပြန်လည် တွေ့ဆုံပြီးနောက်တွင် ဝမ်းနည်းစရာ မြင်ကွင်း အဖြစ် ပြောင်းလဲသွားခဲ့သည်။

ဤမြင်ကွင်းကိုကြည့်ကာ ဝမ်လင်း၏ ပါးစပ်ထောင့်များက တလှုပ်လှုပ် ဖြစ်သွားသည်။

သူက အစီအရင် နယ်နိမိတ်ကို ခင်းကျင်းရန် နေ့တစ်ဝက်လောက် အချိန်ယူခဲ့ရသော်လည်း အဆုံးသတ်တွင် ဤလူနှစ်ယောက်က စက္ကန့်ပိုင်းလောက်ပင် တိုက်ခိုက်ဖို့ မကြိုးစားခဲ့ကြပေ။

ယင်းက တကယ်ပဲ သူ့ကို မျက်နှာသာ မပေးသလိုပင်။

ဝမ်လင်းက စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။

ဤအချိန်တွင် တာအိုဆရာ တောက်တိက ဓါတ်ပုံတစ်ပုံကို ထုတ်ကာ စိတ်ခံစားချက်များ ပြည့်နှက်နေသော အသံဖြင့် ရှေးဟောင်းစာအုပ်ကြီးကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"မင်း.. ငါ့သားဘလက်ဂါ့ဇ်ကို တောင်းပန်ပြီးရင် မင်းကို ငါခွင့်လွှတ်မယ်"

တစ်ချိန်တည်းမှာပင် ဝမ်လင်းက လျှို့ဝှက်ပုန်းအောင်းနေသည့် နေရာကနေ ဤဓာတ်ပုံကို စိုက်ကြည့်ကာ အံ့ဩသွားခဲ့သည်။

သူမြင်တာမှန်ရင်..

ဓာတ်ပုံထဲမှ ဘလက်ဂါ့ဇ်မှာ...

..............

လိပ်နက်ကြီး ဖြစ်နေ၏။

All Chapters