← Chapters

လေလွင့်ကိုယ်လူချော၏ လျှို့ဝှက်လက်နက်

Vol. 25 Ch. 361

လေလွင့်ကိုယ်လူချော၏ လျှို့ဝှက်လက်နက်

Vol. 25 Ch. 361

ဝမ်လင်း၏ စစ်ဆင်ရေးက တခြား နေရာများတွင်လည်း တော်တော်လေးကို ချောချောမွေ့မွေ့ ဖြစ်ခဲ့သည်။

ဝမ်မင်က ဆေးရုံသို့ အပြေးအလွှားသွားပြီးနောက် ကလေးအားလုံးကို ချက်ချင်း စုစည်းကာ ၎င်းတို့၏ ဝိညာဉ်စွမ်းအင်များကို ကောင်းကင်သတ္တုဓားဖြင့် စည်းတံဆိပ် ခတ်လိုက်သည်။

ကျောင်းသားများကို ဝမ်မင် ကုသရာတွင် ကျိုးရီက ကန့်လန့်ကာ အနောက်ကနေ ကူညီပေးခဲ့သည်။

အဆုံးသတ်တွင် ၎င်းတို့၏ ဝိညာဉ်စွမ်းအင်ကို စည်းတံဆိပ်ခတ်ခြင်းသည် ၎င်းတို့တစ်ဦးစီကို ကောင်းကင်သတ္တုဓားဖြင့် အနာတရ ဖြစ်အောင်လုပ်သည့် လုပ်ငန်းစဥ်ဖြစ်ရာ အမှန်အတိုင်းသာ ပြောပြလိုက်လျှင် ကျောင်းသားများနှင့် ၎င်းတို့၏ မိဘများက လက်ခံနိုင်မည် မဟုတ်ပေ။

ဤဖြစ်ရပ်မှတဆင့် ဝမ်လင်း နှင့် ဗုံးပစ်စီနီယာ အင်မော်တယ်တို့၏ သီအိုရီက မှန်ကန်ကြောင်း ထင်ရှားစွာ သက်သေပြနေ၏။

ကောင်းကင်သတ္တုဓားက ထူးခြားစွာ စုစည်းထားသည့် ဝိညာဉ်စွမ်းအား အပေါ်တွင် အံ့ဖွယ်သရဲ အကျိုးသက်ရောက်မှု ရှိခဲ့သည်။

ဝမ်မင်က ကျောင်းသားများ၏ ဝိညာဉ်စွမ်းအင်များကို စည်းတံဆိပ် ခတ်ပြီးနောက် ကျောင်းသားများ၏ ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်စွမ်းအင် စုစည်းမှုကို ဆေးရုံက ပြန်လည် စစ်ဆေးခဲ့ရာ မျှော်လင့်ထားသည့် အတိုင်း ပုံမှန် အခြေအနေသို့ တဖြည်းဖြည်း ကျဆင်းသွားသည်ကို တွေ့ရှိခဲ့ရသည်။

သို့သော် ကျောင်းသားများမှာ ၎င်းတို့၏ ဝိညာဉ်စွမ်းအင်များကို တံဆိပ်ခတ် ခံထားရသောကြောင့် ဝိညာဉ်စွမ်းအင်များကို နောက်သုံးရက်ကနေ ငါးရက်အထိ အသုံးပြု၍ မရနိုင်သေးပေ။

ကျိုက်ယန်က ဝမ်မင်ကို စူးစိုက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

"ရှင် ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး တွန်းအားပေးနေတယ်လို့ မထင်ဘူးလား"

ဝမ်မင်က ပခုံးတွန့်ပြလိုက်သည်။

"ဒါက ကိစ္စ ကြီးကြီးမားမားလည်း မဟုတ်ပါဘူး.. ဘာပဲဖြစ်ဖြစ် ငါက ဝိညာဉ်ဓားကို ထိန်းချုပ်ဖို့ အတွက် ငါ့ရဲ့ကိုယ်ပိုင် စွမ်းအားကို သုံးဖို့မှ မလိုအပ်တာ"

သူက ထိုစကားကို ပြောရင်း အနည်းငယ် စိတ်ပျက်သွားသလို ခံစားနေရသည်။

သူက ယမန်နေ့ညတွင် သူရဲကောင်း ဖြစ်ခဲ့သော်လည်း သာမန်လူဖြစ်နေဆဲ ဆိုသည်ကို မေ့နေခဲ့သည် မဟုတ်လော။

ထို့အပြင် သူက အစောပိုင်းတွင် ရွှေကုံးဂိုဏ်းမှ ချုံရှစ်စစ်နှင့် ထိပ်တိုက် ရင်ဆိုင်ရာ၌ ဦးနှောက်တွက်ဆခြင်း နည်းစနစ်ကို အသုံးပြုခဲ့သေးသည်။

"ဒါက နောက်ဆုံး ကျောင်းသား ဖြစ်မယ်ထင်တယ်"

ဝမ်မင်က ကျိုးရီကို ကြည့်ကာ မေးလိုက်သည်။

ကျိုးရီက ခေါင်းညိတ်လိုက်ပြီး အချက်ပြခလုတ်ကို နှိပ်လိုက်သည်။

အပြင်ဘက်တွင် စောင့်နေသည့် ကျောင်းသားက အပေါက်တစ်ခုကနေ သူ့လက်ကို တိုက်ရိုက် ဆန့်ထုတ်လိုက်၏။

ဝမ်မင်က ကောင်းကင်သတ္တုဓားကို လက်နှစ်ဘက်ဖြင့် ကိုင်ထားရင်း ဓားထိပ်ဖြင့် ကျောင်းသား၏ လက်မောင်းကို ချိန်ရွယ်လိုက်သည်။

သို့သော် ထိုခဏတွင် သူ မူးဝေလာသည်။

သူ့မျက်ဝန်းရှေ့တွင် ကျောင်းသား၏ လက်က မရေမတွက်နိုင်သော အရိပ်များ အဖြစ်သို့ ပြောင်းလဲသွားသည်။

ထို့နောက်တွင်..

"ချလွမ်း"

ကျယ်လောင်သော အသံနှင့်အတူ ဝမ်မင်၏လက်မှ ကောင်းကင်သတ္တုဓားက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ကျိုက်ယန် သက်ပြင်းချလိုက်သည်။

သူမက ဝမ်မင် လဲကျမသွားခင် တည်ငြိမ်စွာ ဖမ်းဆွဲလိုက်ပြီး ဇာတ်ကွက်ထဲက မင်းသမီးကဲ့သို့ ဝမ်မင်ကို တိုက်ရိုက် ချီမလိုက်သည်။

လေထုက ချက်ချင်းပင် တိတ်ဆိတ်သွားသည်။

ဤမြင်ကွင်းက ကျိုးရီ၏ မျက်လုံးများကို ပြူးကျယ်သွားစေခဲ့၏။

ကျိုက်ယန်က ကျိုးရီကို စိုက်ကြည့်လိုက်သည်။

"နောက်ဆုံး ကလေးကို ရှင်ပဲ တာဝန်ယူလိုက်ပါ.. ကျမ သူ့ကို အနားယူဖို့ ခေါ်သွားလိုက်မယ်.. နောက်မှပဲ ဓားကို ပြန်လာယူတော့မယ်"

ကျိုးရီ "အင်း.. ကောင်းပါပြီ.."

.....................

အိမ်ခေါင်မိုးပေါ်တွင် ညီအစ်ကိုနှစ်ယောက်က အတိတ်ကဖြစ်ရပ်များကို ဆွေးနွေးနေကြဆဲ ဖြစ်သည်။

နှစ်ပေါင်းများစွာ ဖြတ်သန်းလာပြီးနောက် ၎င်းတို့၏ စိတ်အခြေအနေက ယခင်ကထက် ပိုတည်ငြိမ်လာ၍ ဤနေ့က ရှားရှားပါးပါး အခွင့်အရေး တစ်ခုပင်။

ဤအခွင့်အရေးကို အသုံးပြု၍ နားလည်မှု လွဲမှားသည်များကို ဖြေရှင်း၍ရမည် မဟုတ်ပါလား။

ဆိုရလျှင် ဤအရာက အငြိမ်းချမ်းဆုံး ဖြေရှင်းနည်း ဖြစ်နိုင်သည်။

နှစ်ယောက်လုံးက မျက်နှာချင်းဆိုင် တင်ပျဉ်ခွေထိုင်နေကြသည်။

တောက်တိကမူ လက်ထဲတွင် ဘလက်ဂါ့ဇ်၏ ဓာတ်ပုံကို ကိုင်ထား၏။

ရှေးဟောင်း စာအုပ်ကြီးက သက်ပြင်းချကာ ပြောလိုက်သည်။

"တောင်းပန်ပါတယ် ဘလက်ဂါ့ဇ်... မင်းအသက်က ခြောက်နှစ်ပဲ ရှိသေးပေမယ့် ငါမင်းကို ဒီလိုလုပ်ခဲ့မိတယ်..."

ဝမ်လင်းက အမှောင်ရိပ်ကနေ ကြည့်နေရင်း ဤ ခြောက်နှစ်သား လိပ်ကလေးက ကစားပွဲကို ပြောင်းပြန်လှန်လိုက်သည်ဟုခံစားခဲ့ရသည်။

တာအိုဆရာ တောက်တိက ဝမ်းနည်းမှုများ ခံစားလာရပြီး မျက်နှာဖုံးအောက်ကနေ ရှေးဟောင်း စာအုပ်ကြီးကို စူးစူးစိုက်စိုက် ကြည့်ကာ မေးခွန်းထုတ်လိုက်၏။

"သိချင်တာ ရှိသေးတယ်.. အဲဒီအချိန်က ဘာလို့ ဘလက်ဂါ့ဇ်ကို Thatလိုက်တာလဲ.."

ရှေးဟောင်းစာအုပ်ကြီးက ပြန်ဖြေလိုက်သည်။

"ဂျူနီယာညီလေး.. မင်းရဲ့ စီနီယာအစ်ကိုက ပုံမှန်ဆိုရင် ကျန်းမာရေး ချူချာတာ မင်းသိတယ် မလား.. အဲဒီတုန်းက ဘလက်ဂါ့ဇ်ကို မြင်လိုက်တာနဲ့ ဝိညာဉ်ရေးအရ ဉာဏ်အလင်းရထားတဲ့ လိပ်ကလေး တစ်ကောင်ဆိုတာ သိလိုက်ရတယ်.. အဲဒီလိုလိပ်မျိုးက အနှစ်တစ်ရာမှာတောင် တစ်ကြိမ်ကြုံကြိုက်ဖို့ ခဲယဥ်းတယ်.."

"ဒီလို ရှားပါး အရည်အသွေးရှိတဲ့ လိပ်အမျိုးအစားက ဂန္ဓာမာစံအိမ်မှာသာ ဆိုရင် ဟင်းချို တစ်ပွဲကို အနည်းဆုံး အင်မော်တယ် ရွှေချောင်း နှစ်ထောင်လောက် ကျသင့်မှာ သေချာတယ်.. တကယ်တော့ ဒီလို လိပ်ကလေးတွေက အိမ်မွေးတိရစ္ဆာန် အဖြစ် မမွေးသင့်တဲ့ ဖြည့်စွက် အစားအစာတစ်မျိုးပဲ"

ထိုစကားကိုကြားလျှင် မျက်နှာဖုံးအောက်မှ တာအိုဆရာ တောက်တိ၏ မျက်နှာက ရုတ်တရက် မည်းမှောင်သွားကာ နှုတ်ခမ်းထောင့်များ တလှုပ်လှုပ် ဖြစ်သွားသည်။

"ဒါကြောင့်ပဲ စီနီယာအကိုက သူ့ကို လိပ်ဂျယ်လီလို လုပ်လိုက်တာလား"

ဝမ်လင်း "............."

ဝမ်လင်းက ခွေးကို ထိန်းသိမ်းကယ်ဆယ်ပြီး စားသောက်ခဲ့သည့် လူသတ်ဆရာ အကြောင်းကို အမှတ်ရသွား၏။

ဝမ်လင်းက ဤလုပ်ရပ်ကို လူသတ်ဆရာ မည်သူ့ဆီက သင်ယူခဲ့မှန်း နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်း တပည့်၏လုပ်ရပ်ကလည်း ဆရာကဲ့သို့ပင်။

တာအိုဆရာ တောက်တိက မျက်နှာဖုံးအောက်တွင် အလွန်ဝမ်းနည်းနေပုံရသည်။

"အရာရာကို ကံကြမ္မာလို့ပဲ သတ်မှတ်ရတော့မယ်.. စီနီယာအစ်ကိုက ဘလက်ဂါ့ဇ်ကို လိပ်ဂျယ်လီ အဖြစ် ပြောင်းလဲမိသွားတာ ကံကြမ္မာကြောင့်ပါပဲ"

ရှေးဟောင်းစာအုပ်ကြီးက ဝမ်းနည်းစွာဖြင့် ခေါင်းညိမ့်ပြလိုက်သည်။

"ငါမှားတယ်.. ငါတကယ်မှားခဲ့တယ်"

တာအိုဆရာတောက်တိက သူ့သွားများကို အံကြိတ်လိုက်သည်။

"သူ့အုတ်ဂူမှာ အမွှေးနံ့သာ ပူဇော်ဖို့ ကျနော်နဲ့လိုက်ခဲ့ပါ"

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရှေးဟောင်းစာအုပ်ကြီးက နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ"

တာအိုဆရာ တောက်တိက သက်ပြင်းချလိုက်သည်။

"ကလေးတွေအတွက် စိတ်မပူပါနဲ့.. အဆိပ်ဖြေဆေးကို တစ်အိမ်ချင်းစီ ပို့ပေးဖို့ ကျနော့်လူတွေကို စေလွှတ်ပြီးပါပြီ.. ကိစ္စအားလုံး ပြီးသွားရင် ရွှေကုံးဂိုဏ်းကို ဖျက်သိမ်းလိုက်မယ်.. ဒီ အဖြစ်အပျက်ကနေ ကလေးတွေက သင်ခန်းစာတစ်ခုခု ရသွားမယ်လို့ မျှော်လင့်ပါတယ်"

"ဂျူနီယာညီလေး ပြောတာ မှန်ပါတယ်"

ဝမ်လင်းက ဇာတ်လမ်းတစ်ခုလုံးကို ကြားလိုက်ရသောအခါ အံ့ဩသွားသည်။

ဤဇာတ်လမ်းက လှောင်ရယ်စရာများ ပြည့်နှက်နေသည်။

ယင်းက သူ့ရည်းစား လူပြန်ဝင်စားသည်ကို ရှာဖွေရန် အချိန်စက်ဝန်းဘီး အတွက် အမျိုးသားနန်းတော်ကို ကျူးကျော်ဝင်ရောက်လာသည့် မိစ္ဆာအင်ပါယာ ကွာဖီထက်ပင် ပို၍ အဓိပ္ပါယ်မဲ့နေ၏။

မည်သို့ပင်ဖြစ်စေ ၎င်းတို့က ပဋိပက္ခကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းနိုင်ခဲ့ကြသည်။

အကယ်၍သာ ထိုနှစ်ဦးကြား တိုက်ပွဲဖြစ်ခဲ့လျှင် အမှန်တကယ် ဆုံးရှုံးမှုများ ဖြစ်လာလိမ့်မည်ဟု ဝမ်လင်း ခံစားရ၏။

နှစ်ရာချီ လမ်းခွဲခဲ့ကြပြီးနောက် ယခုလို ထိုင်ပြီး အေးအေးဆေးဆေး စကားများ ပြောဆိုရန်မှာ တကယ်တမ်း မလွယ်ကူပေ။

ဝမ်လင်းက ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျေနပ်သွားသည်။

ကျိုးရီက အစောပိုင်းကပင် ဆေးရုံရှိ ကလေးများနှင့် ပတ်သက်သော ကိစ္စရပ်ကို ဖြေရှင်းပြီးကြောင်းနှင့် သစ်သီးမှရရှိသည့် ပုံမှန်မဟုတ်သော ဝိညာဉ်စွမ်းအားကို ကောင်းကင်သတ္တုဓားဖြင့် စည်းတံဆိပ် ခတ်ထားပြီးပြီ ဖြစ်ကြောင်း သတင်း ပေးပို့ခဲ့သည်။

ဤအဖြစ်အပျက်က ပြီးပြည့်စုံသော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

ထို့ကြောင့် ဝမ်လင်းက ဤနေရာမှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

သို့သော် ထိုအချိန်တွင် တာအိုဆရာ တောက်တိက ရှေးဟောင်း စာအုပ်ကြီးကို ကြည့်ရင်း တစ်စုံတစ်ရာကို ရုတ်တရက် သတိရသွားသည်။

"စီနီယာအကို...တခြားကိစ္စတစ်ခု ရှိသေးတယ်.. ဒီအချက်အလက်ကို ငါ့ဆီ ပေးပို့ခဲ့တဲ့ အဖွဲ့အစည်းရဲ့ ထောက်လှမ်းရေးဌာနက စီနီယာအကို ဆီမှာ ထိပ်တန်း လျှို့ဝှက်လက်နက် ရှိတယ်လို့ ပြောခဲ့တယ်.. အဲဒါတကယ်ပဲလား"

ထိုအချိန်တွင် ဝမ်လင်းက ထွက်မသွားသေးဘဲ ခေတ္တရပ်လိုက်သည်။

ထိုမေးခွန်းကိုကြားလျှင် ရှေးဟောင်းစာအုပ်ကြီးက စိတ်လွတ်ကိုယ်လွတ် ရယ်မောကာ ပြောလိုက်သည်။

"မင်းကိုဘယ်သူဆေးထိုးလိုက်တာလဲ"

"အချက်အလက်တွေက မမှန်လို့လား"

ရှေးဟောင်းစာအုပ်ကြီးက ခေါင်းခါယမ်းလိုက်သည်။

"မဟုတ်ပါဘူး.. တကယ်တော့ ငါ့မှာ အရင်က ရှိခဲ့ပါတယ်.. ဒါပေမယ့် အခု မရှိတော့ပါဘူး"

"ဘာကိုဆိုလိုတာလဲ"

တောက်တိက မေးလိုက်သည်။

ရှေးဟောင်းစာအုပ်ကြီးက စကားတစ်ခွန်းမှ မပြောဘဲ အွန်လိုင်းမှ ဝယ်ယူခဲ့သည့် အစွမ်းထက် ပုံသွင်းဆေးပြားများ ထဲမှ တစ်လုံးကို သူ့ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။

ဆေးလုံးကို မျိုချလိုက်ပြီးသည်နှင့် ချက်ချင်းပင် အကျိုးသက်ရောက်မှု ရှိသွားခဲ့၏။

ဝိညာဉ်အလင်းရောင် တစ်ခုထဲတွင် ဆရာဝမ်၏ ခန္ဓာကိုယ်တစ်ခုလုံးက ခေါင်းစမှ ခြေဆုံးအထိ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။

တာအိုဆရာ တောက်တိက ချက်ချင်းဆိုသလို နားလည်သွားခဲ့၏။

ဤအရာက လေလွင့်ကိုယ်လူချော၏ ကြီးမားသော လျှို့ဝှက် လက်နက် ဖြစ်နေသည်။

ဤသည်မှာ ဝမ်လင်းအနေဖြင့် ချောမောသော အသွင်အပြင်ရှိသည့် ရှေးဟောင်းစာအုပ်ကြီးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းလည်း ဖြစ်၏။

ရှေးဟောင်း စာအုပ်ကြီး၏ လက်ရှိအသွင်အပြင်ကို မည်သို့ဖော်ပြရမည်မှန်း သူမသိတော့ပေ။

ထိုခဏတွင် သူ၏ နှာခေါင်းကို ထိကိုင်မိလိုက်ရာ အမှန်တကယ်ပင် သွေးထွက်နေမှန်း သိလိုက်ရသည်။

နှာခေါင်းသွေးလျှံစေသော လက်နက်..

ဤသည်မှာ အမှန်ပင် သေစေနိုင်လောက်သော "လက်နက်" ဖြစ်သည် မဟုတ်လော။

All Chapters