← Chapters

နတ်ဆိုးကမ္ဘာသူတော်စင်ရေ၂

Vol. 25 Ch. 363

နတ်ဆိုးကမ္ဘာသူတော်စင်ရေ၂

Vol. 25 Ch. 363

ရွာသား၏ အိမ်က ရွာအဝင်ဝနှင့် သုံးလေးလီလောက်သာ ဝေးသည်။

လမ်းတစ်လျှောက်တွင် ရှေးဟောင်း စာအုပ်ကြီး နှင့် တာအိုဆရာ တောက်တိတို့က ရှုခင်းများကို နှစ်သက်စွာ ကြည့်ရှုခဲ့ကြသည်။

ရွာသားပြောသည့် အတိုင်းပင်၊ ဤနေရာတွင် နေထိုင်သူ အများစုမှာ ကျင့်ကြံမှုအဆင့် နိမ့်ပါးသူများ ဖြစ်သည်။

၎င်းတို့အားလုံးမှာ ယခင်က ကမ္ဘာခြား ဂိတ်တံခါးပေါက်သို့ မတော်တဆ ဝင်ရောက်လာခဲ့ကြသော ကျင့်ကြံသူများ ဖြစ်နိုင်ကြောင်း ရှေးဟောင်းစာအုပ်ကြီးက ခန့်မှန်းမိခဲ့သည်။

ဂိတ်တံခါး ထွက်ပေါ်လာသည့် အခါတိုင်းတွင် အနီးနားရှိ အပြစ်မဲ့ ကျင့်ကြံသူများအား စုပ်ယူသွားနိုင်သည့် ပြင်းထန်သော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လေ့ရှိသည်။

ပြီးခဲ့သည့်နှစ်က ဂိတ်ဖွင့်လှစ်မှု မှတ်တမ်းအရ ဆိုလျှင် အနည်းဆုံး ကျင့်ကြံသူ တစ်သိန်းခန့်သည် ဂိတ်၏ ဝါးမျိုခြင်းကို ခံခဲ့ရသည်။

ထို့ကြောင့် ဤရွာတွင် နေထိုင်သော ကျင့်ကြံသူများသည် စုပ်ယူခြင်းခံရပြီးနောက် အသက်ရှင်ကျန်ရစ်သူများ ဖြစ်ကြောင်း ထင်ရှား၏။

အားနည်းသော ကျင့်ကြံသူများအဖို့ ဤနေရာသို့ ဆွဲသွင်းခံရသည့်အခါ မည်မျှပင် စိတ်ပျက်အားငယ်နေမည်ကို တွေးကြည့်ရုံဖြင့်ပင် သိနိုင်ပေသည်။

ရှေးဟောင်းစာအုပ်ကြီးက ရှုခင်းများကို ခံစားရင်း စိတ်ထဲတွင် သက်ပြင်းချမိသည်။

"ဥမင်လိုဏ်ခေါင်း၏ အဆုံးတွင် အလင်းရောင်ရှိသည်"ဟူသော ဆိုရိုးစကားအရ ဆိုလျှင် ယင်းမှာ ဤရွာ ဖြစ်ကောင်း ဖြစ်နိုင်သည်။

ရွာသား၏ အိမ်သို့ ချဉ်းကပ်လာသော အခိုက်တွင် ပြင်းထန်သော ဝိညာဉ်စွမ်းအင်များက သူတို့ကို ဖုံးလွှမ်းသွားသည်ဟု ခံစားလိုက်ရသည်။

သူတို့က တစ်ဖန် အံ့ဩသွားပြန်သည်။

အိမ်က သာမန်ပစ္စည်းများဖြင့် ဖန်တီးထားသည်မှာ ထင်ရှားသော်လည်း မဖြစ်နိုင်လောက်သော ဝိညာဉ်စွမ်းအား ပမာဏများ ရှိနေသည် မဟုတ်လော။

သူတို့ မှတ်ချက်ပေးခါနီးတွင် ရွာသားက အိမ်ရှေ့တွင် ရပ်လိုက်ပြီး ဖော်ရွေစွာ ပြုံးပြလိုက်၏။

"ငါ့ကိုယ်ငါ မိတ်မဆက်ရသေးဘူး.. ငါ့နာမည်က ကျားလီပါ.. ငါက ပထမမျိုးဆက် နေထိုင်သူပါ.. ဒါက ငါ့အိမ်ပါ"

တာအိုဆရာ တောက်တိက သဘောပေါက်သွားသည်။

ဤရွာသားက ပထမမျိုးဆက် မှီတင်းနေထိုင်သူ ဖြစ်၍ ရွာ၏ သမိုင်းကြောင်းကို အသေးစိတ်ကျကျ သိနေသည်မှာ အံ့သြစရာ မရှိတော့ပေ။

"မင်းရဲ့အိမ်က သာမန် ပစ္စည်းတွေနဲ့ ပြုလုပ်ထားပေမယ့် ထူးခြားတဲ့ ဝိညာဉ်စွမ်းအားတွေ ပါရှိနေတယ်.. ဒါက သိဒ္ဓိရေစင်နဲ့များ ပတ်သက်မှု ရှိနေလား"

ရှေးဟောင်း စာအုပ်ကြီးက မေးလိုက်သည်။

ကျားလီသည် မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပါတယ်.. ငါတို့ရွာတစ်ခုလုံးက ပစ္စည်းတွေ အကုန်လုံးနီးပါး ဝိညာဥ်စွမ်းအား အရမ်းသိပ်သည်းနေရတာက သိဒ္ဓိရေစင်ကြောင့်ပါပဲ.. ငါတို့တွေက သိဒ္ဓိရေစင်တွေကို ကြွေပြား၊အုတ်နဲ့ တခြားပစ္စည်းတွေ ပြုလုပ်ရာမှာ အသုံးပြုခဲ့တယ်လေ"

"ဒါကြောင့်ကိုး"

ရှေးဟောင်း စာအုပ်ကြီး နှင့် တာအိုဆရာ တောက်တိတို့ နှစ်ယောက်လုံးက နှလုံးသားထဲတွင် သက်ပြင်းချလိုက်ကြသည်။

"သခင်နှစ်ယောက် ထိုင်ပါဦး"

ကျားလီက သူတို့ကို ပြုံးပြ၍ ပြောလိုက်သည်။

ထို့နောက် ကျားလီက ရေပန်းကန် နှစ်လုံးကို သူတို့ရှေ့တွင် ချပေးလိုက်သည်။

"ဒါက သိဒ္ဓိရေစင်ပါ.. ကျေးဇူးပြုပြီး နည်းနည်းလောက် သောက်ကြည့်ပါဦး"

ရှေးဟောင်း စာအုပ်ကြီး နှင့် တာအိုဆရာ တောက်တိ တို့က အံ့အားသင့်သွားကြသည်။

"မင်း ငါတို့ကို ဒီအတိုင်းပဲ ပေးနေတာလား.. မင်းရဲ့ အကြီးအကဲ ပြန်လာတဲ့အထိ စောင့်စရာ မလိုတော့ဘူးလား.."

ကျားလီ ပြုံးလိုက်သည်။

"ဒါက တကယ်တော့ ဘာမှ မပြောပလောက်ပါဘူး.. သိဒ္ဓိရေစင်က ဆာလောင်မှုကို ပြေပျောက်စေပြီး စိတ်စွမ်းအင်ကို ဖြည့်စွမ်းပေးနိုင်ပါတယ်.."

"မင်းတို့တွေ ငါတို့ရွာကို ရှာဖွေဖို့အတွက် ခက်ခက်ခဲခဲ လာခဲ့ရတာမို့ သိဒ္ဓိရေစင် အမြောက်အမြား လိုအပ်နေမှာ သေချာပါတယ်.. ပြောရရင် ရေစင်ပမာဏ အများအပြား လိုအပ်မှသာ အကြီးအကဲရဲ့ ခွင့်ပြုချက် လိုအပ်တာပါ"

"တကယ်တော့ ဒီက အိမ်တိုင်းက သိဒ္ဓိရေစင်ကို သိုလှောင်ထားကြပါတယ်.. လစဉ်လတိုင်း အကြီးအကဲက ရွာသူရွာသား တစ်ဦးစီကို စည်ပေါင်းများစွာ ပေးလေ့ရှိတယ်.. ဒါက အမြည်းပါ.. ကျေးဇူးပြု၍ သောက်ကြည့်ပါ.. ထုတ်ကုန်ရဲ့ နမူနာအဖြစ်ပေါ့"

ကျားလီက ရှင်းပြလိုက်သည်။

ညီအကိုနှစ်ယောက်က ခေါင်းညိတ်လိုက်သည်။

ထို့နောက် အိုက်တင်ခံမနေတော့ဘဲ သိဒ္ဓိရေစင်ကို တစ်ကျိုက်တည်း မော့သောက်ပစ်လိုက်၏။

"အရသာကောင်းတယ်.. သကြားရေလိုပဲ"

သူတို့က စစချင်းတွင် သိပ်မခံစားရသော်လည်း ရေက ၎င်းတို့၏ ခန္ဓာကိုယ်ထဲသို့ လုံးလုံးလျားလျား ဝင်ရောက်သွားပြီးနောက်တွင် ပင်ပန်းနွမ်းနယ်မှုများက တခဏချင်း ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။

ညီအကိုနှစ်ယောက်က လက်ကို ဆန့်ထုတ်လိုက်ရာ သူတို့၏ လက်က ဝိညာဉ်အလင်းဖြင့် လင်းလက်လျက် ရှိသည်ကို တွေ့လိုက်ကြ၏။

ယင်းက သူတို့၏ စွမ်းအားများ ပြည့်ဝရုံတင်မက ပြည့်လျှံလာသည့် လက္ခဏာပင်။

"ဘယ်လောက်တောင် မှော်ဆန်လိုက်လဲ"

နှစ်ယောက်စလုံး သက်ပြင်းချလိုက်ကြသည်။

ဤသိဒ္ဓိရေစင် တစ်ပန်းကန်သည် ဝိညာဉ်စွမ်းအင် ဖြည့်စွက်စာများထက်ပင် အမှန်တကယ် ပိုကောင်းနေ၏။

ရှေးဟောင်းစာအုပ်ကြီးက ဆက်လက် မေးခွန်းထုတ်လိုက်သည်။

"သိဒ္ဓိရေစင်ကို လာရှာတာ ငါတို့ချည်းပဲ မဟုတ်ဘူး ဆိုတော့ တခြားဘယ်သူတွေ ဒီကို ရောက်ဖူးသေးလို့လဲ"

ကျားလီ ခေါင်းညိတ်လိုက်သည်။

"ဒီကိုရောက်လာတဲ့ လူအများစုက ဖျားနာတဲ့လူနာတွေ ဒါမှမဟုတ် အခြားရောဂါ တစ်ခုခုကို ခံစားနေရတဲ့ လူတွေပဲ.. သူတို့က သိဒ္ဓိရေစင်ရဲ့ အစွမ်းနဲ့ ကုသနိုင်မယ်လို့ မျှော်လင့်ခဲ့ကြတယ်.. အမှန်တကယ်တော့ ရေစင်က ကုသရခက်ခဲတဲ့ ရောဂါတွေမှာ အံ့ဖွယ် အကျိုးသက်ရောက်မှု ရှိနိုင်ပေမဲ့ လူနာရဲ့ ရောဂါ အခြေအနေပေါ်လည်း မူတည်ပါသေးတယ်"

"ဘယ်လိုမျိုးလဲ"

ရှေးဟောင်းစာအုပ်ကြီးက မေးလိုက်သည်။

ကျားလီက စားပွဲပေါ်ရှိ ပန်းကန်ကို ညွှန်ပြလိုက်သည်။

"မင်းတို့မြင်တဲ့အတိုင်းပဲ သိဒ္ဓိရေစင်က မှော်ဆန်တဲ့ ဂုဏ်သတ္တိတွေရှိပေမယ့် ပန်းကန်လုံးတစ်လုံးရဲ့ အကျိုးသက်ရောက်မှုကတော့ မများပါဘူး.. ရောဂါအခြေအနေကိုလိုက်ပြီး ရေစင်ပမာဏ လိုအပ်တယ်.. ရောဂါအခြေအနေ ဘယ်လောက်ထိ ပြင်းထန်လဲ ဆိုတာတော့ ရွာသူကြီးနဲ့ လက်ထောက် ရွာသူကြီးကပဲ ဆုံးဖြတ်နိုင်တယ်"

ညီအကိုနှစ်ယောက် ဉာဏ်အလင်းရသွားခဲ့သည်။

"ဒီက ဆရာနှစ်ယောက်ရဲ့ နောက်ခံတွေက မရိုးရှင်းဘူးလို့ ငါထင်တယ်.. ငါ့အတွေ့အကြုံကို အခြေခံပြီး မှန်းဆရရင် မင်းတို့က ရေစင် အမြောက်အမြား လိုအပ်လိမ့်မယ်"

ကျားလီက ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။

ရှေးဟောင်းစာအုပ်ကြီးက မျက်ခုံးပင့်လိုက်သည်။

"ဘယ်လိုခန့်မှန်းမိတာလဲ"

"ရွာဝင်ပေါက်ကို ရောက်တဲ့အခါ မင်းတို့က အေးဆေးတည်ငြိမ်လွန်းတယ်.. ဒါ့အပြင် မြင့်မားတဲ့ နယ်ပယ်အဆင့် မရှိဘဲ ကမ္ဘာခြားဂိတ်တံခါးထဲ လှည့်ပတ်ဖို့ မဖြစ်နိုင်ဘူးလေ"

"ဒါ့အပြင် မင်းတို့က အလွန်တိကျတဲ့ ဦးတည်ရာကို ရွေ့လျားနေပြီး ငါတို့ရွာကို တိုက်ရိုက်ရောက်လာတယ်.. မင်းတို့က မြေပုံရောင်းချသူဆီကနေ မြေပုံတစ်ခုကို ဝယ်ထားတာ ဖြစ်ရမယ်.. မဟုတ်ရင် ဒီနေရာကို ရှာတွေ့ဖို့က မဖြစ်နိုင်သလောက်ပဲ"

"ကမ္ဘာခြားဂိတ် မြေပုံကို ဝယ်နိုင်တယ်ဆိုမှတော့ မင်းတို့တွေ ဘယ်လောက် အစွမ်းထက်တယ် ဆိုတာ ပြောစရာတောင် မလိုတော့ဘူး.. သေချာပေါက် ကျင့်ကြံရေးလောကရဲ့ အထင်ကရပုဂ္ဂိုလ်တွေပဲ ဖြစ်ရမယ်"

ရှေးဟောင်းစာအုပ်ကြီး နှင့် တာအိုဆရာ တောက်တိ တို့က ထိုစကားကို ကြားရသောအခါ အံ့အားသင့်သွားသည်။

ကျားလီက သူ့ခေါင်းကို ပွတ်လိုက်သည်။

"ဒီက ဆရာနှစ်ယောက်က မြေပုံအရောင်းသမားတွေနဲ့ ပတ်သက်ပြီး ဘာကြောင့် ဒီလောက်သိနေရလဲ ဆိုတာကို အံ့သြနေတာလား… တကယ်တော့ အဲဒီ မြေပုံတွေကို ရောင်းခိုင်းတာက ငါတို့ရဲ့ ရွာသူကြီးပဲ"

ရှေးဟောင်းစာအုပ်ကြီး "............."

တာအိုဆရာ တောက်တိ "............."

"ကမ္ဘာခြားဂိတ်တံခါးက ပြင်ပကမ္ဘာမှာ ငါးနှစ်တစ်ကြိမ်သာ ဖွင့်ပေမယ့် တကယ်တမ်းတော့ အပြင်လောကထဲကို ပြန်ဝင်သွားလို့ရတဲ့ ယာယီဝင်ပေါက်လေးတွေ အများကြီးရှိပါတယ်"

"ကမ္ဘာခြားဂိတ်ကနေ ထွက်သွားချင်တဲ့သူတွေ အရင်က ရှိခဲ့တယ်.. ရွာသူကြီးက ရွာရဲ့ တည်နေရာမြေပုံကို ဆွဲပြီး သိဒ္ဓိရေစင်အကြောင်းကို သူတို့တွေကနေ တဆင့် ဖြန့်ခိုင်းခဲ့တယ်"

ရှေးဟောင်းစာအုပ်ကြီး "..........."

တာအိုဆရာ တောက်တိ"............."

ရှေးဟောင်း စာအုပ်ကြီး

"ဒါဆို ညီနောင်.. မင်းရဲ့ အကြီးအကဲ ဘယ်တော့ ပြန်လာမှာလဲ"

ကျားလီက ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်သည်။

"မကြာတော့ပါဘူး.. ရွာသူကြီးက ရေစင်စုဆောင်းရာက ပြန်လာတော့မှာပါ.. သိဒ္ဓိရေစင်က ရေအရင်းအမြစ်ကနေ အဆက်မပြတ် စီးဆင်းနေပေမယ့် အချိန်သတ်သတ်မှတ်မှတ်နဲ့ ခတ်ရတယ်လေ..

ရှေးဟောင်းစာအုပ်ကြီး နှင့် တာအိုဆရာ တောက်တိ တို့နှစ်ဦးစလုံးက ခေါင်းညိတ်ပြလိုက်သည်။

ထိုအချိန်တွင် ပြတင်းပေါက်မှ အပြင်ကို လှမ်းကြည့်နေသည့် ကျားလီ၏ အမူအရာက ပြင်းထန်လာသည်။

သူက ရုတ်တရက် အော်ဟစ်လိုက်သည်။

"အကြီးအကဲ ပြန်လာပြီ"

ပြတင်းပေါက်ကို လှမ်းကြည့်လိုက်ရာ ထမ်းပိုး ထမ်းလာသည့် လူတယောက်က အဝေးကနေ ရွာနားကို အဆောတလျင် ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။

ထိုလူက ရွာဝင်ပေါက်ကို ဖြတ်သွားတော့မည်ကို တွေ့လိုက်ရသောအခါ ကျားလီက အသံတိုးတိုးဖြင့် သတိပေးလိုက်သည်။

"ရွာသူကြီးကို ရေစင် အကြောင်း မေးတဲ့အခါ သူသောက်ဖူးသလား၊ မသောက်ဖူးဘူးလား မမေးရဘူး.. အဲဒါက တားမြစ်ချက်တစ်ခုပဲ"

"ဘာလို့လဲ"

တာအိုဆရာ တောက်တိက စိတ်ဝင်တစား မေးလိုက်သည်။

ကျားလီက စိတ်လှုပ်ရှားနေပုံရသည်။

"ဘာလို့လဲဆိုတော့ အကြီးအကဲက လုံးဝ မသောက်ဖူးဘူး"

"ဘယ်လို"

ညီအစ်ကိုနှစ်ယောက် အံ့အားသင့်သွားကြသည်။

ဤလောက် ကောင်းမွန်သည့် ရေစင်ကို မသောက်ဖူးဘဲ ဤရွာသူကြီးက ရောဂါကုရန် လိုအပ်သည့် ရေစင်ပမာဏကိုမည်သို့ ဆုံးဖြတ်နိုင်ပါသနည်း။

ယင်းနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ အကြောင်းရင်းများ ရှိနေပါသလော။

All Chapters