← Chapters

ဤအရာကို ကလေးများ ကြည့်ရှုရန် မသင့်ပါ

Vol. 25 Ch. 365

ဤအရာကို ကလေးများ ကြည့်ရှုရန် မသင့်ပါ

Vol. 25 Ch. 365

စာသင်နှစ်၏ ၁၁ ပတ်မြောက်၊ အင်္ဂါနေ့သည် ဇူလိုင် ၄ ရက်နေ့ ဖြစ်သည်။

ရွှေကုံးဂိုဏ်း၏ အဖြစ်အပျက် အဆုံးတွင် ရှေးဟောင်း စာအုပ်ကြီး နှင့် တာအိုဆရာတောက်တိ တို့က ၎င်းတို့ကြားရှိ ရာစုနှစ်ပေါင်းများစွာ လိပ်ခဲတည်းလည်း ဖြစ်နေသော အထင်အမြင်လွဲမှားမှုများကို ဖြေရှင်းနိုင်ခဲ့သည်။

သို့ရာတွင် ရှေးဟောင်းစာအုပ်ကြီးမှာ ဘလက်ဂါ့ဇ်၏ အုတ်ဂူရှေ့၌ အမွှေးနံ့သာ ပူဇော်ရခြင်းမှ မလွတ်မြောက်နိုင်ခဲ့ပေ။

ထို့ကြောင့် ဤအဖြစ်အပျက် ပြီးဆုံးသည့်နေ့တွင် ရှေးဟောင်းစာအုပ်ကြီးသည် တစ်ပတ်လုံး ခွင့်ယူလိုက်ပြီး နှစ်စဉ် ရရှိသည့် ခွင့်ရက်အားလုံးကို ကုန်ဆုံးစေခဲ့သည်။

အမှတ်(၆၀) အထက်တန်းကျောင်းမှ ကျောင်းသားများမှာ ထိုအကြောင်းကို အဆက်မပြတ် ညည်းတွားခဲ့ကြသည်။

အကြောင်းရင်းမှာ ဆရာဝမ်ထံမှ အတင်းအဖျင်းများ မကြားရတော့သလို သမိုင်းချိန်တွင် အိမ်စာများကို ခိုးကြောင်ခိုးဝှက် မလုပ်နိုင်ကြတော့၍ ဖြစ်သည်။

ရွှေကုံးဂိုဏ်း၏ အဓိက အဖွဲ့ဝင်များသည် တာအိုဆရာ တောက်တိ၏ ချုံးချီဂိုဏ်းမှ လက်အောက်ငယ်သားဟောင်းများ ဖြစ်ကြောင်း နောက်ပိုင်းတွင် လူသတ်ဆရာ ထံမှ ဝမ်လင်း သိခဲ့ရသည်။

သူတို့၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ရှေးဟောင်းစာအုပ်ကြီးကို တွန်းအားပေးရန် အတွက် စုန့်ဟိုင်မြို့တစ်ခုလုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်အောင် လုပ်ရန်ဖြစ်၏။

သို့သော် အစီအစဥ် တစ်ခုလုံးက ချောချောမွေ့မွေ့ ဖြစ်မလာခဲ့ပေ။

စင်စစ် ညစျေးတွင် မီးလောင်ကျွမ်းသွားသောလူမှာ ဝိညာဉ်အသီးကို စမ်းသပ်နေသည့် ချုံးချီဂိုဏ်းဝင် တစ်ဦးသာ ဖြစ်ပြီး ထိုလူက ဘေးထွက်ဆိုးကျိုးကြောင့် ရူးသွပ်သွားခဲ့သည်။

၎င်းက ဝိညာဉ်အသီး၏ ပထမဆုံး စမ်းသပ်ဗားရှင်း ဖြစ်၍ မတည်မငြိမ် ဖြစ်ခဲ့ခြင်းပင်။

လက်ရှိ ဝိညာဉ်သစ်သီးသည် တာအိုဆရာ တောက်တိ ကိုယ်တိုင် စေ့စေ့စပ်စပ် တီထွင်ထားသည့် ဒုတိယဗားရှင်း ဖြစ်သည်။

ဒုတိယဗားရှင်းတွင် ဘေးကင်းမှု စွမ်းဆောင်ရည်မှာ သိသာထင်ရှားစွာ တိုးတက်မှုရှိလာသည်။

ထို့ကြောင့် အခြေခံ တည်ထောင်ခြင်း အဆင့် ကျောင်းသားများမှာ ဝိညာဥ်အသီးကို စားသုံးပြီးလျှင် ရူးကြောင်ကြောင် မဖြစ်တော့ပေ။

ထို့အပြင် အဆိပ်ဖြေဆေးပါ တီထွင်နိုင်ခဲ့သောကြောင့် လုံးဝ ဘေးကင်းသည်ဟု ဆိုရမည်။

ဆိုရလျှင် ဆရာဝမ် ထွက်ပေါ်လာရန် တွန်းအားပေးဖို့ အတွက် တောက်တိက အစွမ်းကုန်ကြိုးစားခဲ့၏။

ဝမ်လင်းနှင့် ဖန့်ရှင်းတို့ ဖြေရှင်းခဲ့သော မှော်အစီအရင်များကို တာအိုဆရာ တောက်တိ ကိုယ်တိုင် တပ်ဆင်ထားခြင်း ဖြစ်သည်။

ထိုအစီအရင်က ဝမ်လင်းတို့ မဖြေရှင်းခဲ့လျှင်ပင် အချိန်တစ်ခုအရောက်၌ သူ့အလိုလို ပျောက်ကွယ်သွားလိမ့်မည်သာ။

ဆိုရလျှင် ထိုအစီအရင်က "မင်းရဲ့အစ်ကိုက မင်းမိန်းမနဲ့အိပ်နေတယ်" ဟု ပြောတာထက်ပင် ကြောက်စရာ ကောင်းနေသည်။

ဤအရာအားလုံးသည် တာအိုဆရာ တောက်တိ ဂရုတစိုက်စီစဉ်ထားသော အတုအယောင် အစီအရင်တစ်ခုသာ ဖြစ်၏။

သို့သော် စစ်မှန်သည့် အချက်တစ်ချက် ရှိသည်။

ယင်းမှာ ရွှေကုံးဂိုဏ်း၏ အဆင့်အတန်း ခွဲခြားပုံ ဖြစ်၏။

ရုပ်ဆိုးသူ မည်သူမဆို အဖွဲ့ဝင် ဖြစ်လာနိုင်ပြီး ရုပ်ဆိုးလေလေ ရာထူးမြင့်လေ ဖြစ်သည်။

ထိုစည်းမျဥ်းမှာ ထိုအချိန်က တာအိုဆရာ တောက်တိ ရုပ်ပျက်ဆင်းပျက် ဖြစ်လာပြီးနောက် ပေါ်ပေါက်လာခဲ့သည့် ထူးဆန်းသော စည်းမျဉ်းတစ်ခု ဖြစ်ပြီး ယခုအချိန်အထိ မပြောင်းလဲသေးသော အရာတစ်ခုလည်း ဖြစ်သည်။

အဖြစ်အပျက် တစ်ခုလုံး ပြီးဆုံးသွားပြီးနောက်တွင် လူတစ်ချို့မှာ စိတ်ပူပင်နေခဲ့ကြသည်။

စုန့်ဟိုင်မြို့၏ ဗဟိုချက်ရှိ အထပ်မြင့် အဆောက်အအုံကြီး တစ်ခု၏ အပေါ်ဆုံးထပ်တွင်..

ရဲတိုက်သခင်က ဆိုဖာပေါ်တွင် ထိုင်ကာ မျက်နှာဖုံးတပ်ထားသည့် တာအိုဆရာ တောက်တိကို စိုက်ကြည့်နေသည်။

သူ့ဘေးနားမှ ရဲတိုက်လေဒီကမူ ဘာစကားမျှ မပြောဝံ့ဘဲ ခေါင်းငုံ့၍ ရှိနေ၏။

"စီနီယာ.. ဒါက သဘောတူ စာချုပ်ကို ချိုးဖောက်တာပဲ"

ရဲတိုက်သခင်က ရှူးရှူးရှဲရှဲ ဖြစ်နေသည်။

ဒေါသအရမ်းထွက်နေ၍ သူကြိုက်သည့်နို့ကိုပင် မသောက်နိုင်ခဲ့ပေ။

တာအိုဆရာ တောက်တိက သူ့လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်သည်။

"ဒါက စာချုပ်ကို ချိုးဖောက်တာ မဟုတ်ဘူး.. ငါတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဒီမှာတင် အဆုံးသတ်ဖို့ ငါကိုယ်တိုင် ဆုံးဖြတ်ခဲ့တာပဲ.. ဘာလို့လဲဆိုတော့ ငါ့စီနီယာအကိုရဲ့ ကြီးကျယ်ခမ်းနားတဲ့ လျှို့ဝှက်လက်နက်ကို မင်းအတွက် ငါရှာတွေ့ခဲ့ပြီလေ"

ရဲတိုက်သခင်၏ မျက်နှာက အနည်းငယ် တိုးတက်လာသည်။

"တကယ်လား စီနီယာ"

တာအိုဆရာ တောက်တိက ခေါင်းညိတ်လိုက်သည်။

"မင်းရဲ့ ဖုန်းဆီကို ပို့ဖို့ ငါညွှန်ကြားထားပြီးပြီ"

ထိုစကားကို ပြောပြီးနောက် မတ်တပ်ရပ်၍ ထွက်ခွာခြင်းမပြုမီ ရဲတိုက်သခင်ကို ငုံ့ကြည့်လိုက်၏။

"မင်းရဲ့ကံက တော်တော်ကောင်းနေပြီ.. အင်မော်တယ်စံအိမ်လည်း ကျဆုံးသွားပြီဆိုတော့ မင်းကို ဘယ်သူမှ လိုက်မီဦးမှာ မဟုတ်ဘူး.. ဒါပေမယ့် ငါ မင်းကို အကြံဉာဏ်လေး တစ်ခုတော့ ပေးချင်သေးတယ်.. မင်းအနေနဲ့ ရပ်သင့်တဲ့နေရာမှာ ရပ်တန့်လိုက်သင့်တယ်.. ခေါင်းမာပြီး ရှေ့ဆက်တိုးရင်တော့ လမ်းလွဲပြီး ဒုက္ခရောက်သွားလိမ့်မယ်"

ရဲတိုက်သခင်က ရယ်လိုက်သည်။

"ကြင်နာတဲ့ သတိပေးချက် အတွက် စီနီယာကို ကျေးဇူးတင်ပါတယ်.. ဒီဂျူနီယာက ကျင့်ကြံခြင်း လောကထဲမှာ ဘယ်လိုကျင်လည်ရမလဲဆိုတာ နားလည်ပါတယ်"

ရဲတိုက်သခင် စကားဆုံးသည်နှင့် တစ်ပြိုင်နက် တာအိုဆရာတောက်တိက လေထဲတွင် ပျောက်ကွယ်သွားသည်။

သူထွက်ခွာသွားပြီးနောက် တင်းမာသော လေထုက ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ရဲတိုက်လေဒီက အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

ရဲတိုက်လေဒီ "သခင်.. တာအိုဆရာ တောက်တိက ကျမတို့နဲ့ အလုပ်မလုပ်တော့ဘူး.. ငါတို့ ဘာဆက်လုပ်ကြမှာလဲ"

"ဒါက ကိစ္စကြီးကြီးမားမားတော့ မဟုတ်ပါဘူး"

ရဲတိုက်သခင်က ပခုံးတွန့်ပြကာ ပြောလိုက်သည်။

"ရုန့်ရင်းတဲ့ စွမ်းအားအရ ဆိုရင် ငါတို့က အင်မော်တယ်စံအိမ် နဲ့ ယှဉ်လို့မရဘူး.. အရေအတွက် အရ ဆိုရင်လည်း ကွာဖီရဲ့စစ်တပ် နဲ့ နှိုင်းယှဉ်လို့မရဘူး.. ဒါပေမဲ့ ငါတို့ မော့အင်မော်တယ်ရဲတိုက်မှာလည်း ကိုယ်ပိုင်အစွမ်းသတ္တိ ရှိပါသေးတယ်.. အဲဒါက ကြောက်မက်ဖွယ်ကောင်းတဲ့ သတင်းကွန်ယက်ပဲ"

"အဲဒါကို ကောင်းကောင်း အသုံးချနိုင်ဖို့ လိုအပ်တယ်.. သတင်း အချက်အလက်တွေကို အသုံးချပြီး တန်ဖိုးရှိတဲ့ အရင်းအမြစ် အများအပြားကို ဖလှယ်လို့ရသွားပြီ.. ငါတို့မှာ ပါတနာတစ်ယောက် လျော့သွားရင်တောင် အားကိုးစရာ တစ်ခုကိုတော့ ရှာလို့ရမှာပါ"

ရဲတိုက်သခင်က မျက်ခုံးပင့်ကာ ဆက်ပြောလိုက်သည်။

"ဒီတစ်ခါတော့ ငါတို့ အားကိုးစရာ တစ်ခု ရသွားခဲ့ပြီ"

ရဲတိုက်လေဒီ "သခင်က လေလွင့်ကိုယ်လူချောရဲ့ ကြီးကျယ်ခမ်းနားတဲ့ လျှို့ဝှက် လက်နက်ကို ဆိုလိုတာလား.. ဒါပေမယ့်.. စိတ်ချရပါ့မလား...ဘယ်လို လျှို့ဝှက် လက်နက်မျိုးမို့ ဖုန်းကနေတဆင့် ပို့လို့ရတာလဲ"

ရဲတိုက်သခင်၏ မျက်လုံးက ကျဥ်းမြောင်းသွားသည်။

"ဒါက ဗိုင်းရပ်စ် ပရိုဂရမ်တစ်ခု ဖြစ်နေမလား.. လုပ်ကြံရေးနယ်ပယ်မှာ နာမည်ကြီး လူသတ်သမား အတော်များများ ရှိတယ်.. သူတို့က မှော်ရတနာတွေထဲမှာ ဗိုင်းရပ်စ်တွေ ထည့်ပြီး ပျက်စီးအောင် လုပ်တဲ့နေရာမှာ ကျွမ်းကျင်ကြတယ်"

ရဲတိုက်သခင်က သိချင်စိတ် ပြင်းပြစွာဖြင့် သူ၏ဖုန်းကို လော့ခ်ဖွင့်လိုက်သည်။

ထိုခဏဝယ် တာအိုဆရာ တောက်တိ ပြောခဲ့သည့်အတိုင်း အမည်မသိ အီးမေးလ်တစ်စောင်ကို သူလက်ခံရရှိခဲ့သည်။

သို့သော် အီးမေးလ်တွင် သူမျှော်လင့်ထားသည့်အတိုင်း ဗိုင်းရပ်စ်ပရိုဂရမ် မပါဝင်ပေ။

ထိုအစား မိမိကိုယ်ကို သုံးစက္ကန့်လောက် မှင်တက်စေမည့် ဓာတ်ပုံတစ်ပုံကို တွေ့ခဲ့ရသည်။

ဓာတ်ပုံကို ကြည့်ရင်း ရဲတိုက်သခင်က လုံးဝ အံ့အားသင့်သွားသည်။

တကယ်တမ်းတွင် ထိုပုံမှာ လေလွင့်ကိုယ်လူချော၏ ရုပ်ပုံဖြစ်၏။

ထိုခဏဝယ် ရဲတိုက်သခင်က လေလွင့်ကိုယ်လူချော၏ လျှို့ဝှက် လက်နက်ကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။

"ဒါက..."

အလွန်သိချင်လွန်းသဖြင့် ရဲတိုက်လေဒီက အနီးကပ်ကြည့်ရန် ချဉ်းကပ်လာသည်။

ထိုအချိန်တွင် ရဲတိုက်သခင်က သူ၏နှာခေါင်းမှ သွေးစိမ်းများ ထွက်ကျလာပြီး ပါးသိုင်းမွေးများကို ပေကျံသွားသဖြင့် ဖုန်းကို ကပျာကယာ ပိတ်လိုက်ရသည်။

ရဲတိုက်လေဒီ "သခင်.. ကျမ ကြည့်လို့ရမလား"

ရဲတိုက်သခင် "ဒါက ကလေးတွေကြည့်ဖို့ မသင့်တော်ဘူး"

ရဲတိုက်လေဒီ "............"

.....................

ဝမ်လင်းက ထိုနေ့နံနက် ကျောင်းသို့ ရောက်သောအခါတွင် အတန်းထဲ၌ ကျောင်းသားများစွာ ပျက်ကွက်နေသည်ကို တွေ့လိုက်ရသည်။

ချန်းချောင်၊ ကော်ဟောက်နှင့် မြေပဲလေး တို့ပင် ကျောင်းသို့ ရောက်မလာခဲ့ပေ။

သစ်သီးစားမိသော ကျောင်းသားများအဖို့ ၎င်းတို့၏ ဝိညာဉ်စွမ်းအင်ကို စည်းတံဆိပ်ခတ် ခံထားရ၍ ပြန်လည်ကောင်းမွန်လာရန် အချိန်တစ်ခု လိုအပ်သည် မဟုတ်လော။

စာမေးပွဲကြီး နီးလာသည်နှင့် အမျှ အဆောင်လက်ဖွဲ့ အတန်းချိန်ကို အကြိတ်အနယ် သင်ကြားရန် ဆရာမဖန်က စီစဉ်ထားသော်လည်း ရွှေကုံးဂိုဏ်း၏ ဖြစ်ရပ်ကြောင့် ဤအစီအစဉ်က နှောင့်နှေးခဲ့ရသည်။

ထို့အပြင် ကျောင်းသား အများအပြား ပျက်ကွက်နေသောကြောင့် အိမ်စာ ပေးရန်လည်း နည်းလမ်းမရှိပေ။

ဤနံနက်တွင် Grade1 အခန်းတစ်သည် ချန်းချောင်၏ အက်စစ်ဆန်သော မှတ်ချက်များနှင့် မြေပဲလေး၏ ဖော်လိုလိုက်တတ်သော အပြောမျိုးကို မကြားရခဲ့ပေ။

အထူးသဖြင့် ကော်ဟောက်၏ အတင်းအဖျင်း စကားများကို မကြားရသဖြင့် အတန်းက ပို၍ပင် ငြိမ်သက် တိတ်ဆိတ်နေခဲ့သည်။

၎င်းတို့မရှိသဖြင့် ဝမ်လင်းက အတန်းထဲတွင် ပျင်းရိငြီးငွေ့လာ၏။

ထိုအခိုက်တွင် အခန်းတံခါးဝ၌ ရင်းနှီးသော အသွင်အပြင်တစ်ခု ပေါ်လာသည်။

ထိုလူမှာ ကာယဆရာယီဟန် ဖြစ်၏။

ဆရာယီဟန်က အပြာရောင်မှတ်စုစာအုပ်ကို ကိုင်ထားကာ တံခါးဝတွင် ရပ်လိုက်သည်။

"ဆရာမဖန် ရှိနေတာလား"

ဆရာမဖန်က စာမေးပွဲ စာရွက်များကို အမှတ်ခြစ်နေရင်းမှ ခေါင်းကိုမော့ကာ ဆရာယီဟန်ကို စူးစမ်းသော အမူအရာဖြင့် ကြည့်လိုက်သည်။

"ယီ.. နင်က ဘာလို့ဒီကိုရောက်နေတာလဲ.. အတန်းချိန်ခိုးနည်းတွေ တတ်နေပြီလား"

ဆရာယီဟန် "............"

"ဒီလိုပါ ဆရာမဖန်.. အားကစားပြိုင်ပွဲမှာ ကျွန်တော်တို့ အမှတ် 60 အထက်တန်းကျောင်းကို ကိုယ်စားပြုဖို့ ဝမ်လင်းကို အရင်က ရွေးချယ်ထားခဲ့တယ်.. ဒါကြောင့် တချို့ကိစ္စလေးတွေကို ရှင်းပြဖို့ သူနဲ့ ခဏလောက် တွေ့ဆုံဖို့ လိုလို့ပါ"

"သြော် ငါနားလည်ပြီ""

ဆရာမဖန်က ဝမ်လင်းကို လှည့်၍ ကြည့်လိုက်သည်။

"ဝမ်လင်း.. အမြန်ဆုံးပြန်လာနော်.. နောက်ငါးမိနစ်အတွင်း လူတိုင်းက မှတ်ဉာဏ်ထဲက အစီအရင် ဖော်မြူလာတွေကို ချရေးရမယ်.. မင်းမမီရင် ငါ့ရုံးခန်းမှာ သီးသန့် လုပ်ရလိမ့်မယ်"

ဝမ်လင်း ".........."

ဤစကားကို ကြားသောအခါ ဆရာယီဟန်က ချောင်းဆိုး၍ သွေးအန်လုမတတ် ဖြစ်သွားရသည်။

ယနေ့ခေတ်တွင် ကာယဆရာ တစ်ဦးသည် တာဝန်ခံဆရာ တစ်ဦး၏ လက်ချက်ဖြင့် မရှူနိုင်မကယ်နိုင် ဖြစ်လိမ့်မည်ဟု သူတစ်ခါမှ မထင်မိခဲ့ပေ။

All Chapters