ညီအကိုသုံးယောက်
Vol. 25 Ch. 366
ဝမ်လင်းက သင်ကြားရေး အဆောက်အဦး တတိယထပ်ရှိ အားကစား သင်ကြားရေးနှင့် သုတေသနခန်းသို့ ဆရာယီနှင့်အတူ လိုက်သွားခဲ့သည်။
အထူးသဖြင့် ကာယဆရာများ အသုံးပြုရန် ဤစာသင်ခန်းကို တည်ထောင်ထားခြင်း ဖြစ်သည်။
ထို့ကြောင့် ပြင်ပလှုပ်ရှားမှုများ အတွက် ရာသီဥတု အဆင်မပြေခဲ့လျှင် ကျောင်းသားများ အဖို့ သွားစရာနေရာ ရှိသေးသည်ဟု ဆိုရမည်။
ကာယဆရာများသည် ကျောင်းသားများအား ကိုယ်ကာယ အကဲဖြတ်ခြင်းဆိုင်ရာ အသေးစိတ် ရှင်းလင်းချက်များကို ပေးစွမ်းနိုင်သည့်အပြင် မှော်ရတနာ အမျိုးမျိုးကို အသုံးပြုပုံနှင့် ပတ်သက်ပြီး ညွှန်ကြားခြင်း၊ မှော်ရတနာများနှင့်အတူ ပျံသန်းခြင်းအတွက် အကြံဉာဏ်များပေးခြင်း၊ ဓားနည်းစနစ်များသင်ကြားပေးခြင်း တို့ကို ညွှန်ကြားပြသလေ့ ရှိသည်။
သို့သော် ကံမကောင်းစွာဖြင့်၊ မိုးရွာသည့် အခါတိုင်းတွင် ကာယအတန်းချိန်ကို အခြားသော ဘာသာရပ် ဆရာတိုင်းနီးပါးက လုယူသွားတတ်သောကြောင့် ဤအခန်းသည် အမည်ခံအဖြစ်သာ တည်ရှိနေသည်။
အခြားဆရာများ မခိုးယူနိုင်သည့် တစ်ခုတည်းသော အချိန်ကာလမှာ ရုပ်ပိုင်းဆိုင်ရာ စာမေးပွဲများကို ဖြေဆိုရသော အချိန်ကာလ ဖြစ်သည်။
အခြားအချိန်များတွင် ဤအခန်းကို လုံးဝ အသုံးပြုခြင်း မရှိသလောက်ပင်။
လူအများစုအတွက် အထက်တန်းကျောင်းသည် ကျင့်ကြံခြင်း ပညာရေး စနစ်တွင် ကျင့်ကြံမှု သီအိုရီကို ဆုပ်ကိုင်ထားရန်သာ အရေးကြီးသော အချိန်ကာလ ဖြစ်သည်။
ကျောင်းသားများ အနေဖြင့် တက္ကသိုလ်တွင်သာ မှော်ရတနာများနှင့် ဓားပျံများကို စူးစမ်း လေ့လာသင့်သည် မဟုတ်လော။
ထို့ကြောင့် ၎င်းတို့က ကာယအတန်းချိန်ကို သိပ်အရေးမစိုက်ခဲ့ကြပေ။
ယင်းမှာ ပညာရေး အဖွဲ့အစည်းနှင့် ပညာရေးစနစ် အတွက် ပြဿနာတစ်ခု ဖြစ်မှန်းမသိ ဖြစ်လာခဲ့သည်။
ဝမ်လင်း အခန်းထဲကို လှမ်းဝင်လာသောအခါ အခန်းထဲတွင် လူနှစ်ယောက် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
တစ်ယောက်က ဖန့်ရှင်း ဖြစ်ပြီး နောက်တစ်ယောက်က ဖေဖေဝမ်နှင့် မကြာခင်ကမှ ရင်းနှီးခဲ့သည့် မီးဖိုချောင်သုံးဓားဂိုဏ်းခေါင်းဆောင် ကျန်းဟိုင်ဖူ၏ သား ကျန်းပိုင် ဖြစ်သည်။
နှစ်စတွင် ကျင်းပသည့် ဝင်ခွင့်စာမေးပွဲ ဖြေဆိုပြီးနောက် ကျန်းပိုင်က သာမန်အခန်းတွင်သာ ဝင်နိုင်ခဲ့သော်လည်း ဆရာယီက ကျန်းပိုင်ကို ထူးချွန်ထက်မြက်သော အားကစားသမား ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
ထို့ကြောင့် ယခုတစ်ကြိမ်တွင် ကျန်းပိုင်သည် အမှတ် 60 အထက်တန်းကျောင်းကို ကိုယ်စားပြု၍ ဝိညာဥ်လေးပစ် ပြိုင်ပွဲတွင် ပါဝင်မည် ဖြစ်သည်။
လေတိုက်လျှင် လဲသွားမည်ဟု ထင်မှတ်ရသည့် ပုံပေါက်နေသော ကျန်းပိုင်က ကံကြမ္မာဆီမှ အံ့သြစရာ ကောင်းသည့် လက်ဆောင်တစ်ခု ရထားလိမ့်မည်ဟု ဝမ်လင်း ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
သို့သော် မြားပစ် ပြိုင်ပွဲတစ်ခုတွင် အကဲဖြတ်မှုစံနှုန်းများသည် ခွန်အား သို့မဟုတ် ခံနိုင်ရည်တွင် အဓိက မကျဘဲ တိကျမှုသည်သာ အရေးကြီးဆုံး ဖြစ်သည်။
ထို့အပြင် မျက်လုံးဖြင့် တစ်စုံတစ်ရာကို ခြေရာခံနိုင်မှုနှင့် လှုပ်ရှားမှုကို ခန့်မှန်းနိုင်စွမ်းလည်း လိုအပ်သည်။
ဤအရာများသည် ပါရမီရှိလျှင်ပင် နှစ်ပေါင်းများစွာ လေ့ကျင့်မှုမရှိဘဲ ရေတိုအတွင်း ရရှိရန် မဖြစ်နိုင်လောက်သော အရာများ ဖြစ်သည်။
ကျန်းပိုင်က ဝိညာဥ်မြားပစ်ခြင်းကို ပိုင်နိုင်ရသည့် အကြောင်းရင်းမှာ သူ့အဖေ ကျန်းဟိုင်ဖူက ငယ်စဉ်ကတည်းက မီးဖိုချောင်သုံးဓားများကို ပစ်ခတ်တတ်အောင် သင်ပေးခဲ့သောကြောင့်ပင်။
ကျန်းပိုင်က သူ့အဖေ စကားကို မနာခံဘဲ မနေဝံ့သောကြောင့် ဤအရာအားလုံးကို အတင်းအကြပ် ကျင့်ခဲ့ရ၏။
ဝမ်လင်း သူတို့ဆီ ချဉ်းကပ်လာသည်ကို မြင်လျှင် ဖန့်ရှင်းက ချက်ချင်းပြုံးပြီး နှုတ်ဆက်လိုက်သည်။
"အိုး.. အတန်းဖော်ဝမ်လင်း.. မင်္ဂလာနံနက်ခင်းပါ"
ဝမ်လင်း၏ မျက်နှာတွင် ဘာအမူအရာမှ ရှိမနေပေ။
သူက နောက်ဆုံးတန်း၏ ထိုင်ခုံတစ်ခုတွင် ထိုင်လိုက်သည်။
သူထိုင်ပြီးသည်နှင့် ဖန့်ရှင်းက ထရပ်လိုက်ပြီး ကျန်းပိုင်နှင့်အတူ ဝမ်လင်း၏ တစ်ဖက်တစ်ချက်စီတွင် ဝင်ထိုင်လိုက်၏။
ဝမ်လင်း "...???..."
ဆရာယီက ဘာတွေ ဖြစ်နေလဲ နားမလည်ခဲ့ပေ။
"..........."
"မင်းတို့ ဘာလို့ရုတ်တရက်ကြီး နီးနီးကပ်ကပ် ထိုင်နေကြတာလဲ"
ဖန့်ရှင်း ပြုံးလိုက်သည်။
"စာသင်ခန်းက အရမ်းကျယ်တယ်လေ.. ကျနော်တို့က သုံးယောက်ထဲ ဆိုတော့ အရမ်းအေးနေတယ်.. နွေးနွေးထွေးထွေးရှိဖို့ အတူတူ ကပ်ထိုင်နေမှပဲ ဖြစ်လိမ့်မယ်"
ဝမ်လင်းက ဖန့်ရှင်းကို မျက်စောင်းဖြင့် တိတ်တဆိတ် ကြည့်လိုက်သည်။
"............."
စုန့်ဟိုင်မြို့၏ ရာသီဥတုက အမျိုးသမီး ရာသီလာချိန်ကဲ့သို့ ခန့်မှန်းရ ခက်သော်လည်း မကြာမီမှာပင် နွေရာသီသို့ ရောက်တော့မည်ဖြစ်သည်။
ထို့ကြောင့် ဖန့်ရှင်း ပြောသလို ချမ်းအေးစရာ အကြောင်းလည်း မရှိချေ။
ယင်းက အဓိက ပြဿနာတော့ မဟုတ်ပေ။
အဓိကပြဿနာမှာ အဘယ်ကြောင့် သူ့အနားတွင် ကျန်းပိုင်က လာထိုင်သလဲ ဆိုသည်ကိုပင်။
ဝမ်လင်း၏ သံသယမျက်ဝန်းကို သတိပြုမိပြီးနောက် ကျန်းပိုင်က ခေါင်းကို ကုတ်ကာ ဖော်ရွေစွာ ပြောလိုက်သည်။
"ဟဲလို.. အတန်းဖော်ဝမ်လင်း ငါ့နာမည်က ကျန်းပိုင်ပါ.. ငါ့အဖေက မင်းနဲ့ သူငယ်ချင်း ဖွဲ့သင့်တယ်လို့ မှာထားတယ်"
ဝမ်လင်း "............"
ဝမ်လင်းက ယခုမှ သဘောပေါက်သွား၏။
ဤကျန်းပိုင်က သူ့အဖေ၏ စကားကို အမြဲ နားထောင်တတ်သည့် ဖေဖေ့ချစ်သား ဖြစ်နေသည်။
ထိုအချိန်တွင် ဆရာယီက စကားစပြောခဲ့သည်။
"တကယ်တော့ ဒီအစည်းအဝေးမှာ ကျောင်းသား ဆယ့်ခြောက်ယောက် ရှိသင့်တယ် ဒါပေမယ့် ရွှေကုံးဂိုဏ်းရဲ့ အဖြစ်အပျက်ကြောင့် လောလောဆယ်မှာ မင်းတို့ သုံးယောက်ပဲရှိတယ်... ဒါပေမယ့် တက်ရောက်သူတိုင်းက ငါတို့ အမှတ် 60 အထက်တန်းကျောင်း အားကစားအဖွဲ့ရဲ့ အဓိကအဖွဲ့ဝင်တွေ ဖြစ်နေလို့ အဆင်ပြေပါတယ်.. နောက်မှပဲ ကျောင်းသား ဖန့်ရှင်းက ဒီမှာမရှိတဲ့ ကျောင်းသားတွေကို ဒီအကြောင်းအရာတွေ ပြောပြလိုက်ပေါ့"
ဤသို့ပြောပြီးနောက် ဆရာယီက စကားကို ခေတ္တရပ်တန့်လိုက်သည်။
"ဒီတစ်ကြိမ်မှာတော့ ငါတို့ရဲ့ ပြိုင်ဘက်တွေက ဖေးယန် ခရိုင်မှာရှိတဲ့ တခြား အထက်တန်းကျောင်းတွေက ထူးချွန်ကျောင်းသားတွေပဲ.. ငါတို့က အစဥ်အလာ ပြိုင်ဘက် အမှတ် ၅၉ အထက်တန်းကျောင်းအပြင် မှီခိုရာ အထက်တန်းကျောင်းကိုလည်း ယှဉ်ပြိုင်ရမယ်"
ဤခရိုင်အားကစားပြိုင်ပွဲသည် ကျောင်းသုံးကျောင်းကြားတွင် ကြီးကျယ်သော အားကစားပြိုင်ပွဲ တစ်ခု ဖြစ်ပြီး အဓိကအားဖြင့် စီနီယာ Grade1 ကျောင်းသားများ အတွက် ရည်ရွယ်သည်။
"ငါတို့အနေနဲ့ ပွဲတော်တော်များများမှာ ပါဝင်သွားမှာပါ.. အဲဒီပွဲတွေက ဓားနဲ့ အတူ မီတာတစ်သောင်း လက်ဆင့်ကမ်း မာရသွန်ပြိုင်ပွဲ၊ ဓားနဲ့အတူ မီတာတစ်သောင်း တာတိုပြေးပြိုင်ပွဲ၊ ဆေးဘောလုံးပစ်ပြိုင်ပွဲ၊ ဝိညာဥ်လေးပစ်ပြိုင်ပွဲ၊ လူဆယ်ယောက်လွန်ဆွဲပွဲ နဲ့ စိတ်ဝိညာဉ် အိမ်မွေးတိရစ္ဆာန် တိုက်ပွဲတို့ပဲ"
ဆရာယီက သူ့လက်ထဲမှ အပြာရောင် မှတ်စုစာအုပ်ကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။
"တကယ်တော့ ငါက ပြိုင်ပွဲဝင်ကျောင်းသား အားလုံးကို တစ်စုတစည်းတည်း လေ့ကျင့်ပေးချင်ပေမယ့် အချိန်က သိပ်မကျန်တော့ဘူး.. ကျောင်းသား ဖန့်ရှင်းကိုတော့ ပွဲစဥ် အားလုံးအတွက် စာရင်းသွင်းထားတယ်.. ကျောင်းသား ကျန်းပိုင်ကတော့ ဝိညာဉ်လေးပစ်ပြိုင်ပွဲမှာ ပါဝင်မယ်"
ထိုစကားကို ကြားပြီးနောက် ဝမ်လင်းက ရုတ်တရက် ဆိုးရွားသည့် ခံစားချက်ကို ခံစားလိုက်ရသည်။
"လက်ရှိအခြေအနေအရ ကျောင်းသားဝမ်လင်းကို ဓားနဲ့ အတူ မီတာတစ်သောင်း လက်ဆင့်ကမ်း မာရသွန်ပြိုင်ပွဲမှာ စာရင်းသွင်းထားတယ်"
ဆရာယီက မချိပြုံး ပြုံးပြလိုက်သည်။
"နောက်ပြိုင်ပွဲတွေအတွက် ဘယ်လိုစာရင်းသွင်းရမလဲတောင် မသိတော့ဘူး"
ဝမ်လင်း "............."
ဤသည်ကိုကြည့်၍ ရွှေကုံးဂိုဏ်း၏ အဖြစ်အပျက်က အလွန်ကြီးမားသော အကျိုးသက်ရောက်မှု ရှိသည်ကို မြင်နိုင်သည်။
ဆရာယီက အမှန်တကယ်ပင် ကူကယ်ရာမဲ့ ဖြစ်နေသည်။
အမှတ် ၆၀ အထက်တန်းကျောင်းအဖို့ ခရိုင်အားကစား ပြိုင်ပွဲတွင် အနိုင်ရရှိရန်မှာ ကောင်းကင်သို့ တက်ရန် ကြိုးပမ်းသည်ထက်ပင် ခက်ခဲမည် ဖြစ်သည်။
ကျောင်းသားများက ဝိညာဉ်စွမ်းအင် စည်းတံဆိပ်ခတ် ခံထားရ၍ သုံးရက်မှငါးရက်အတွင်း ပြန်လည် ကောင်းမွန်လာနိုင်သော်လည်း အချိန်တစ်ခုအထိ အားနည်းနေဦးမည်သာ။
အခြေခံ တည်ထောင်ခြင်း နှောင်းပိုင်း အထွတ်အထိပ် အဆင့်တွင် လူတစ်ယောက်သည် အကြမ်းဖျင်းအားဖြင့် ဂျင်နှစ်ထောင်ခန့် အများဆုံး ခွန်အား ရှိနိုင်သော်လည်း ဝိညာဉ်စွမ်းအားကို စည်းတံဆိပ် ခတ်ခံရပြီးနောက်တွင် ထိုခွန်အားပမာဏက အနည်းဆုံး ထက်ဝက်ခန့် လျော့ကျသွားမည်ဖြစ်သည်။
ဟုတ်ပါသည်။ ယင်းက ဥပမာတစ်ခုသာ ဖြစ်၏။ဟ
အဆုံးသတ်တွင် ကျောင်းသား/သူ အများအပြားသည် အခြေခံ တည်ထောင်ခြင်း နှောင်းပိုင်း အဆင့်ကိုပင် မရောက်ကြသေးပေ။
ဝမ်လင်းက မေးစေ့ကို ပွတ်ပြီး ခဏလောက် စဉ်းစားလိုက်သည်။
ထိုစံနှုန်းကို မီသည့်သူမှာ သူနှင့်ဖန်ရှင်းပြီးလျှင် ချန်းချောင်နှင့်စွန်းရုံတို့သာ အနီးစပ်ဆုံး ဖြစ်၏။
လောလောဆယ်တွင် ချန်းချောင်က ပြန်လည် ကောင်းမွန်လာခြင်း မရှိသေးသလို စွန်းရုံကလည်း ပြိုင်ပွဲတွင် ပါဝင်မည်မှာ မသေချာပေ။
ယင်းက အရမ်းကြီး အဆင်ပြေမနေချေ။
ဆရာယီက ဝမ်လင်းကို သိမ်းသွင်းဖို့ ကြိုးစားရင်းမှ လေးလေးနက်နက် ကြည့်ကာ ပြောလိုက်သည်။
"ကျောင်းသားဝမ်လင်း.. တခြားပြိုင်ပွဲတွေ ဖြစ်တဲ့ ဆေးဘောလုံးပစ် ပြိုင်ပွဲ ဒါမှမဟုတ် ဆယ်ယောက် လွန်ဆွဲပွဲ၊ အဲဒီနှစ်ခုထဲက တစ်ခုမှာတော့ ဝင်ပြိုင်ပေးစေချင်တယ်.. ငါတို့ကျောင်းက ပြိုင်ပွဲအားလုံးကို ဝင်မပြိုင်နိုင်ရင် ပြိုင်ပွဲဝင်တွေက အလိုလို စိတ်ဓာတ်ကျသွားလိမ့်မယ်"
"ဒါ့အပြင် ဒီတစ်ခေါက် ငါတို့ရဲ့ ပြိုင်ဘက်တွေက အရမ်းအားကောင်းနေတယ်.. အထူးသဖြင့် မှီခိုရာ အထက်တန်းကျောင်းမှာ အလွန် အားကောင်းတဲ့ ကျောင်းသား သုံးယောက် ရှိနေတယ်.. သူတို့ရဲ့ အရည်အချင်းတွေကို ယှဥ်နိုင်ဖို့ကတော့ မလွယ်ဘူးပေါ့.. ဒါပေမဲ့ ရှုံးခဲ့ရင်တောင် အများကြီး သင်ယူနိုင်မှာပါ"
ကျန်းပိုင်က စပ်စုလိုက်သည်။
"ဆရာ.. အဲဒီကျောင်းသားသုံးယောက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ရှိသေးလား"
ဆရာယီ "သူတို့နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ငါစုဆောင်းနေတုန်းပဲ.. ဒါပေမယ့် သူတို့ရဲ့ နာမည်တွေကိုတော့ သိခဲ့ရပြီ.. သူတို့က သစ်ပင်မိသားစုရဲ့ ကျော်ကြားတဲ့ ညီအစ်ကို သုံးယောက်ဖြစ်တဲ့ သံသစ်ပင်၊ ကြေးနီပင်နဲ့ အလူမီနီယမ် သစ်ပင်တို့ပဲ"
"............."
ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် ဆရာယီ၏ ရိုးသားသော သဘောထားကို ငြင်းဆိုလိုက်သည်က ကောင်းမွန်သောလုပ်ဆောင်ချက် မဟုတ်ဟု ဝမ်လင်း ခံစားမိသည်။
အဆုံးသတ်တွင် ဆရာယီမှာ တစ်ကျောင်းလုံးရှိ ဆရာများထဲတွင် အနိုင်ကျင့်ခံရဆုံး ဆရာဖြစ်သည်။
ဝမ်လင်းက သူ့ကိုယ်သူ မစာနာတတ်သူဟု မထင်ခဲ့ပေ။
နောက်ဆုံးတွင် သူက နောက်ထပ် ပြိုင်ပွဲနှစ်ခု အတွက် စာရင်းသွင်းခဲ့လိုက်သည်။
တစ်ခုက ဆေးဘောလုံးပစ် ပြိုင်ပွဲဖြစ်ပြီး နောက်တစ်ခုမှာ စိတ်ဝိညာဉ် အိမ်မွေးတိရစ္ဆာန်များ၏ တိုက်ပွဲ ဖြစ်၏။
တိုက်ပွဲတွင် ပါဝင်သည့် ဝိညာဉ်သတ္တဝါ အားလုံးမှာ အိမ်မွေးတိရစ္ဆာန်များ ဖြစ်ပြီး တိုက်ပွဲအတွက် သင့်လျော်သော တိရစ္ဆာန်များကိုသာ ပြိုင်ပွဲအတွက် ကြိုတင် ရွေးချယ်မည်ဖြစ်သည်။
လက်ရှိတွင် အမှတ် ၆၀ အထက်တန်းကျောင်းတွင် အလွန်သင့်လျော်သော ကိုယ်စားလှယ်လောင်း တစ်ဦး ရှိနေသည်။
ထိုအချိန်က ဝမ်လင်းကို ဤပြိုင်ပွဲထဲ ဆွဲသွင်းခဲ့သူမှာ ဖန့်ရှင်း ဖြစ်၏။
ယခုဆိုလျှင် ဝမ်လင်းသည်လည်း ထွင်ထျန်းဟာကို အလားတူ ပြုလုပ်ရန် စီစဥ်နေခဲ့သည်။