ကျွန်ုပ်တွင် မြားပစ်စွမ်းရည်ရှိသည်
Vol. 25 Ch. 367
ယေဘုယျအားဖြင့် အခြေခံ တည်ထောင်ခြင်း အထက်တန်းကျောင်းများတွင် လက်ရှိ လေ့လာမှုလမ်းကြောင်းသည် ပထမနှစ်တွင် သဘောတရားများနှင့် သီအိုရီများကို မှတ်သားခြင်း ဖြစ်သည်။
ဒုတိယနှစ်တွင်မူ ကျင့်ကြံခြင်း နည်းစနစ်အချို့ကို ပေါင်းထည့်ပြီး တတိယနှစ်တွင် သီအိုရီနှင့် စကေးလ်များကို အဆက်မပြတ် ပြန်လည် သုံးသပ်ခြင်း ဖြစ်သည်။
ယေဘုယျအားဖြင့် လေ့လာမှု နည်းလမ်းဟောင်းများနှင့် နှိုင်းယှဉ်ပါက ကွာခြားမှုများစွာမရှိပေ။
သီအိုရီတွင် တိုက်ပွဲဝင် နည်းဗျူဟာများ အပေါ် အဓိကထားပြီး ထပ်ခါတလဲလဲ လေ့ကျင့်မှုများပါရှိသည့် နည်းစနစ်များ ပါဝင်သည်။
ထို့ကြောင့် တတိယနှစ်သည် လူအများစုအတွက် အိပ်မက်ဆိုးများ စတင်ချိန်ဟု ဆိုရမည်။
ဟုတ်ပါသည်။ ဝမ်လင်းအတွက်မူ အတော်လေး လွယ်သည်ဟု ခံစားရမည် ဖြစ်၏။
သူက မြင်သမျှကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ချက်ချင်းပင် ကျွမ်းကျင်အောင် လုပ်နိုင်သည် မဟုတ်လော။
ထို့ထက်မက သူ့တွင် အိမ်စာကူလုပ်ပေးရန် မွန်းစတားဘောပင်နှင့် မှင်စာခဲဖျက်တို့ ရှိသေး၏။
သူ့ကို အနည်းငယ် ဒုက္ခပေးနေသည့် တစ်ခုတည်းသောအရာမှာ စာမေးပွဲများ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် စာမေးပွဲတွင် သူ့ရမှတ်များက အရမ်းကောင်းနေ၍ မရသောကြောင့်ပင်။
အဆုံးသတ်တွင် သူဝင်ရောက်နိုင်မည့် တက္ကသိုလ်သည် သူရထားသော စာမေးပွဲအဆင့်များနှင့် ဘာမှမဆိုင်ဟု သူခံစားမိသည်။
အကြောင်းရင်းမှာ သူ့ဘဝက အမှတ် 60 အထက်တန်းကျောင်းသို့ ဝင်ရောက်ရာကစပြီး သိသိသာသာ ပြောင်းလဲသွားသည်ကို ဝမ်လင်း သဘောပေါက်သွားသောကြောင့် ဖြစ်သည်။
ဘယ်တက္ကသိုလ်ကို တက်ရမည် ဆိုသည်မှာ ကံကြမ္မာကသာ ဆုံးဖြတ်ရမည် ဖြစ်၏။
ဆရာယီက ဝမ်လင်း တစ်ယောက် "စိတ်ဝိညာဉ်အိမ်မွေးတိရစ္ဆာန်တိုက်ပွဲ" ရွေးချယ်မှုကို အမှန်ခြစ်လိုက်သည်ကို မြင်သောအခါ တစ်စုံတစ်ရာကို ချက်ချင်း သဘောပေါက်သွားခဲ့ပြီး ထွင်ထျန်းဟာကို သတိရသွားသည်။
ဤခွေးက ဆရာယီကို အလွန် အထင်ကြီးသွားစေခဲ့သည်။
အထူးသဖြင့် ထိုအမွေးစိမ်းများကို မြင်ဖူးသူတိုင်းက ဘယ်တော့မှ မေ့နိုင်ကြမည် မဟုတ်ပေ။
"ကျောင်းသားဝမ်လင်း.. မင်းမှာ ဝိညာဉ်ခွေးတစ်ကောင် ရှိတာ ငါမှတ်မိတယ်.. အားကစားပွဲမှာ သူ့ကို ဝင်ပါခိုင်းမလို့လား"
ဆရာယီက ဝမ်လင်းကိုကြည့်ကာ မေးလိုက်သည်။
ဝမ်လင်းက ခေါင်းညိတ်လိုက်သည်။
ဆရာယီ "မင်း သေချာပေါက် စာရင်းသွင်းနိုင်ပေမယ့် ကျောင်းတိုင်းက တိုက်ပွဲအတွက် ဝိညာဉ် အိမ်မွေးတိရစ္ဆာန်တစ်ကောင်ပဲ ခွင့်ပြုထားတယ်.. နောက်အပတ်မှာ ပြိုင်ပွဲ ဝင်ခွင့်အတွက် ရွေးချယ်မှု လုပ်ငန်းစဉ်ကိုတော့ ကျော်ဖြတ်ရလိမ့်မယ်"
"စိတ်မပူပါနဲ့ ဆရာယီ.. ထွင်ထျန်းဟာက ပြဿနာဖြစ်စေမှာ မဟုတ်ပါဘူး"
ဖန့်ရှင်း၏ မျက်နှာတွင် အပြုံးများက ဖုံးလွှမ်းနေ၏။
"ဒါဆိုရင်လည်း နောက်အပတ် ရွေးချယ်မှုပြီးတဲ့အထိ စောင့်ကြည့်ကြတာပေါ့"
ဆရာယီက ခေါင်းညိတ်လိုက်သည်။
ရိုးသားစွာပြောရလျှင် ဆရာယီက ထွင်ထျန်းဟာနှင့် ပတ်သက်ပြီး မျှော်လင့်ချက် ကြီးကြီးမားမား မရှိပေ။
၎င်းမှာ ယခင်က နတ်ဆိုးဘုရင်ဖြစ်ခဲ့ကြောင်း ကြားသိခဲ့ရသော်လည်း ထိုအချိန်က ၎င်းကို ရှာဖွေတွေ့ရှိသောအခါ ၎င်း၏ ဝိညာဉ်က အလွန်တရာ အားနည်းနေပြီ ဖြစ်သည်။
ထို့အပြင် ဆရာမဖန်က ၎င်း၏ဝိညာဉ်ကို ခွေးအရိုးစုတစ်ခုနှင့် အတင်းအကျပ် ပေါင်းစပ်ထားခဲ့သေးသည်။
ခွေးနှင့် ပေါင်းစပ်လိုက်သည့် အခိုက်တွင် နတ်ဆိုးဘုရင်ဖြစ်ခဲ့ဖူးသည့် ၎င်း၏ဘဝသည် သနားစရာကောင်းသော အဆုံးသတ်သို့ ရောက်ရှိသွားခဲ့ပြီ မဟုတ်လော။
ထို့အပြင် နတ်ဆိုးသားရဲ မျိုးနွယ်များသည် နတ်ဆိုးချီ၏ အကူအညီဖြင့် ကျင့်ကြံရန် လိုအပ်သည်။
ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ ကျင့်ကြံသည့်နည်းလမ်းကို မသိဘဲ ထွင်ထျန်းဟာ၏ နယ်ပယ်က အချိန်တိုအတွင်း တိုးတက်ရန် နည်းလမ်းမရှိပေ။
ထို့ကြောင့် ဆရာယီက ၎င်း၏ အစွမ်းသတ္တိကို သံသယဖြစ်မိခြင်းပင်။
ဝမ်လင်း၏ ဂရုတစိုက် သွန်သင်ဆုံးမမှုကို တွေ့ကြုံခဲ့ရပြီးနောက် ထွင်ထျန်းဟာက မည်မျှအထိ ပြောင်းလဲသွားသည်ကို သူ မသိခဲ့ပေ။
ထိုနေ့မွန်းလွဲပိုင်း ကျောင်းဆင်းခါနီးတွင် ဝမ်လင်းက စာသင်ခန်းတံခါး ဆီသို့ လျှောက်လာစဉ်၌ ဆရာမဖန်က လှမ်းအော်၍ ဟန့်တားလိုက်သည်။
"ဝမ်လင်း ခဏနေဦး"
ဝမ်လင်း ခေါင်းကို လှည့်လိုက်သည်။
သူ့မျက်နှာတွင် ဝေခွဲမရသော အမူအရာများ ပြည့်နှက်နေ၏။
ဆရာမဖန်က ပြောလိုက်သည်။
"ဒီတစ်ကြိမ် ပြိုင်ပွဲမှာ ကျောင်းကိုယ်စားပြု အဖြစ် ဝင်ပြိုင်ပြီးတာနဲ့ တတ်နိုင်သမျှ အမြန်ဆုံး စာကို အာရုံစိုက်ဖို့ မျှော်လင့်တယ်"
ဝမ်လင်း "...???..."
ဆရာမဖန် "မင်းရဲ့ အမှတ်တွေက အမြဲတမ်း အလယ်အလယ်ဖြစ်နေတာ မင်းသိလား.. အဲဒါက မင်းစာကျက်ဖို့ပျင်းနေတာကို ပြနေတာပဲလို့ ငါယုံကြည်တယ်.. ငါမပြောတော့ဘူး.. မင်းဘာသာမင်းပဲ စဥ်းစားကြည့်"
ဝမ်လင်းက စကားမပြောနိုင်ဘဲ ဆွံ့အသွား၏။
"..........."
[ပျမ်းမျှအဆင့်/ရမှတ်တွေက ဘာတွေမှားနေလို့လဲ]
[ဒါက သိပ်ကောင်းတယ် မဟုတ်လား]
................
အားကစားကွင်းသို့ ရောက်သောအခါ ဝမ်လင်းက ယနေ့တွင် အထူးတလည် ဆူညံနေသည်ကို တွေ့လိုက်ရသည်။
လူအုပ်ကြီးသည် အကြောင်းတစ်ခုခုကြောင့် ရှေ့ဘက်တွင် စုရုံးနေကြပြီး ရယ်မောသံများစွာလည်း ထွက်ပေါ်နေ၏။
ပုံမှန်အားဖြင့် ကာယအတန်းချိန်တွင် ကာယဆရာများက ကျောင်းသားများကို သူတို့ဘာသာ စိတ်ကြိုက် လုပ်ခွင့်ပေးလေ့ရှိသည်။
ယခုအခါ ကျန်းပိုင်၏ လေးပစ် လေ့ကျင့်မှုကို ကြည့်ရှုရန် ကျောင်းသားများက ဝိုင်းဖွဲ့နေခဲ့ကြ၏။
နီးကပ်လာသည်နှင့်အမျှ ဝမ်လင်းက အားကစားကွင်းတွင် ကျန်းပိုင်ကို ယောက်ျားလေးများနှင့် မိန်းကလေးများ အားလုံး က သဘောကျနေသည်အား တွေ့လိုက်ရသည်။
ဆရာယီက အရှေ့တွင် မတ်တပ်ရပ်ကာ လေထဲသို့ အဝိုင်းပြား တစ်ခုကို ပစ်လွှင့်လိုက်သည်။
ထို့နောက် ကျန်းပိုင်က ၎င်း၏လေးကို ဆွဲ၍ ပစ်လိုက်ရာ မြှားတံက လေထုကို ဖြတ်၍ အဝိုင်းပြားကို ဝုန်းခနဲ ဖြိုခွဲပစ်လိုက်သည်။
ယင်းမြင်ကွင်းကြောင့် လူတိုင်း အံ့ဩသွားကြသည်။
"ဝိုး.. ကျန်းပိုင်မှာ ဒီလိုမျိုး အရည်အချင်းရှိမယ်လို့ ဘယ်တုန်းကမှ မထင်ထားမိဘူး.. အရမ်းမိုက်တယ်ဟ"
တစ်ဖက်တွင်လည်း အခြားအခန်းများ၏ ကာယဆရာ/ဆရာမများက ချီးကျူးလိုက်ကြသည်။
"ဆရာယီက ကောင်းမွန်တဲ့ ပျိုးပင်တစ်ပင်ကို ရှာတွေ့ထားတာပဲ.. ဒီအတိုင်းဆို ငါတို့ အမှတ် 60 အထက်တန်းကျောင်း အဖို့တော့ ဒီနှစ် လေးပစ်ပြိုင်ပွဲမှာ အနိုင်ရဖို့ မျှော်လင့်ချက်တချို့ ရှိသွားခဲ့ပြီ"
ဆရာယီက အနည်းငယ် ရှက်ရွံ့စွာ ပြုံးပြပြီးနောက် အနက်ရောင် အဝတ်စတစ်ခုကို ကျန်းပိုင် ထံသို့ ပေးလိုက်သည်။
အစစ်အမှန်ပြပွဲက ယခုမှ စတင်မည်ကို လူတိုင်း သဘောပေါက်လိုက်ကြ၏။
တစ်စုံတစ်ယောက် "အဝတ်စက ကျန်းပိုင် ရဲ့ မျက်လုံးတွေကို ဖုံးထားဖို့ထင်တယ်"
[တကယ်ပဲ မျက်လုံးကိုအုပ်ပြီး ပစ်ခတ်ပြမှာလား]
လူအုပ်ထဲမှ ဝမ်လင်းက စိတ်ဝင်တစား အမူအရာဖြင့် မျက်ခုံးပင့်လိုက်သည်။
ကျန်းပိုင်ထံတွင် တခြားလှည့်ကွက်များ ရှိနေလိမ့်မည်ဟု မည်သူက ထင်ခဲ့မည်နည်း။
မျက်မမြင် ပစ်ခတ်မှုက အလွန်ခက်ခဲသော်လည်း လုံးဝ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
သာမန်လူများအဖို့ အရာဝတ္တုက မည်သည့် ဦးတည်ချက်သို့ ရောက်ရှိနေကြောင်း ၎င်းတို့၏ နားတစ်ဝိုက်ရှိ ကြွက်သားမှတ်ဉာဏ်များ အပေါ် မူတည်၍ ဆုံးဖြတ်နိုင်၏။
သို့ရာတွင် ထိုသို့လုပ်ဆောင်နိုင်ရန် ကြိမ်ဖန်များစွာ လေ့ကျင့်ရမည် ဖြစ်သည်။
ကျင့်ကြံသူများအတွက်မူ ပစ်မှတ်ကိုရှာဖွေရန် သူတို့၏ ဝိညာဉ်ရေးအာရုံများကို အသုံးပြုနိုင်သောကြောင့် ပို၍ပင် လွယ်ကူမည် ဖြစ်သည်။
သို့သော်လည်း ကျောင်းသားအများစု အတွက်မူ ခက်ခဲနေဆဲ ဖြစ်သည်။
"သူလုပ်နိုင်ပါ့မလား"
ဤမြင်ကွင်းကို ကြည့်ရှုရန် လူတော်တော်များများက စိတ်ဝင်စားနေကြသည်။
"အဆင်သင့်ပဲလား"
ဆရာယီက အသက်ဝဝရှုလိုက်၏။
ထို့နောက် ခပ်ဝေးဝေးကို ပြေးထွက်လာပြီး အဝိုင်းပြားကို ရုတ်တရက် လွှင့်ပစ်လိုက်သည်။
ကျန်းပိုင်က နားဖြင့် အာရုံခံလိုက်ပြီး နောက်ထပ် အခိုက်အတန့်တွင် လေးကို ရုတ်တရက်ဆွဲကာ မြှားပစ်လွှတ်လိုက်၏။
"ဝုန်း"
တစ်ချက်တည်းနှင့် ပစ်မှတ်ကို ထိမှန်သွားသည်။
"ဝိုး.. ကျန်းပိုင်က အရမ်းတော်တာပဲ"
ယောက်ျားလေး တစ်ယောက်က အားပေးလိုက်သည်။
ထိုခဏဝယ် ဆရာယီ၏ အမူအရာက တဖြည်းဖြည်း မျက်မှောင်ကြုတ်ကာ ပို၍ လေးနက်လာသည်ကို အားလုံးက သတိပြုမိလိုက်၏။
ယခုအချိန်တွင် ကျန်းပိုင်၏ မျက်မမြင် လေးပစ်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုမှာ အတော်လေး တည်ငြိမ်မှုရှိသည်ဟု ဆိုနိုင်သော်လည်း သူ့တွင် အားနည်းချက်တစ်ခုရှိနေဆဲ ဖြစ်သည်။
ယင်းမှာ ပုံသေ ပစ်မှတ်ကို လျှပ်တပြက် ဆက်တိုက် ပစ်ခတ်နိုင်စွမ်းတွင် ဖြစ်သည်။
ဆရာယီက လွန်ခဲ့သည့် ရက်သတ္တပတ် အနည်းငယ်ကစ၍ ဤကိစ္စနှင့် ပတ်သက်ပြီး အထူးကြပ်မတ်ကာ သင်ကြားပေးခဲ့သော်လည်း ကျန်းပိုင်က တိုးတက်မှု တစ်စုံတစ်ရာ မရှိခဲ့ပေ။
"ဘာတွေဖြစ်နေတာလဲ.. ဆရာယီက ဘာလို့မပျော်တာလဲ"
အခြေအနေကို မသိသည့် ကာယဆရာတစ်ဦးက တိုးတိုးလေး မေးလိုက်သည်။
သူ့ဘေးမှ ကာယဆရာ တစ်ယောက်က ဖြေလိုက်သည်။
"မင်းမသိသေးဘူး..ဒီကလေးရဲ့ အခြေအနေက နည်းနည်းထူးခြားတယ်.. သူက လေးပစ်စွမ်းရည်မှာ အခြေခိုင် ပေမယ့် သူ့အဖေက သူ့ကို သက်ရှိပစ်မှတ်တွေနဲ့ပဲ လေ့ကျင့်ခိုင်းခဲ့တာကြောင့် ရွေ့လျားနေတဲ့ ပစ်မှတ်ကို ပစ်ရင် အရမ်းကောင်းတယ်.. ဒါပေမယ့် ပစ်မှတ်ကို တိတိကျကျ သတ်မှတ်ထားရင်တော့ မတူတော့ဘူး
"ဘာကိုဆိုလိုတာလဲ"
"စောင့်ကြည့်နေ.."
ဝမ်လင်းက သူတို့နှစ်ဦး၏ စကားဝိုင်းကို အဝေးမှ ကြားလိုက်ရပြီးနောက် အားကစားကွင်း ဆီသို့ လှမ်းကြည့်လိုက်သည်။
ဆရာယီက ပစ်မှတ်၏ အလယ်တွင် ပန်းသီးတစ်လုံးကို ချိတ်ခိုင်းလိုက်ပြီး ကျန်းပိုင်၏ ဘေးတွင်ရပ်ကာ ပုခုံးကို ပုတ်လိုက်သည်။
"စိတ်နည်းနည်းလျှော့ထား.. သေချာလေး အာရုံစိုက်ပြီးကြည့်.. မင်းရှေ့မှာရှိနေတာက ပန်းသီးတစ်လုံးပဲ.. သက်ရှိအရာ မဟုတ်ဘူး.. မင်းကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေဖို့ လိုအပ်တယ်"
ကျန်းပိုင် လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူက လူတိုင်း၏ မျက်လုံးအောက်တွင် လက်ထဲမှ လေးနှင့်မြှားကို မြှောက်လိုက်၏။
သူ၏ အော်ရာက သိသိသာသာပင် ဖရိုဖရဲ ဖြစ်နေသည်။
"ရွှစ်.. ရွှစ်.. ရွှစ်.. ရွှစ်.. ရွှစ်..ရွှစ်"
သူက ဝိဉာဉ်မြား ခြောက်စင်းလုံးကို အဆက်မပြတ် ပစ်လွှတ်လိုက်၏။
ဆရာယီက သူ၏နဖူးကို သူ့လက်ဖြင့် ပြန်ရိုက်လိုက်သည်။
ကျောင်းသားများနှင့် ဆရာများ အားလုံးကလည်း အံ့အားသင့်သွားကြ၏။
ဝိညာဉ်မြားခြောက်စင်း စလုံးက ပန်းသီးကို မထိဘဲ ပန်းသီးတစ်ဝိုက်တွင် စက်ဝိုင်းပုံစံ ပုံဖော်၍ စိုက်ဝင်နေသည်။
ဝမ်လင်း "............"
ဤလူက ဒဏ္ဍာရီလာ ပစ်မှတ် ဘောင်ခတ်ခြင်း ဆရာသခင် တစ်ဦး ဖြစ်လာနိုင်သည်။
ယင်းက ကစားနည်းတွင် ကစားသမားတစ်ဦးသည် ရန်သူကိုယ်တိုင်မှလွဲ၍ ရန်သူ အနီးတစ်ဝိုက်ရှိ အရာအားလုံးကို တိုက်ခိုက်နိုင်ပုံအား ရည်ညွှန်းသည်။