လင်းကျန်းရန် ကံစမ်းမဲပေါက်ခြင်း
Vol. 25 Ch. 369
ဝမ်လင်းက ယနေ့ညအတွက် ဟင်းပွဲများ အလျှံပယ်ရှိနေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။
အများစုမှာ သူတစ်ခါမှ မမြင်ဖူးသော အရာများ ဖြစ်သည်။
ထမင်းစားပွဲပေါ်တွင် ဟင်းရှစ်မျိုးကျော် ရှိနေပြီဖြစ်သော်လည်း ဖိုးဖိုးဝမ် နှင့် မေမေဝမ်က မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေဆဲ ဖြစ်၏။
ဝမ်လင်းက ဤအရာမျိုးကို စိတ်မဝင်စားပေ။
ဖေဖေဝမ်က သတင်းစာဖတ်နေသည်။
ဝမ်လင်း ပြန်ရောက်လာသည်ကို မြင်လျှင် သတင်းစာကိုအလျင်အမြန်ချလိုက်ပြီး အနက်ရောင် မျက်မှန်ကို ပင့်တင်လိုက်သည်။
"မင်းအဖိုးက မီးဖိုချောင်သုံးဓားဂိုဏ်း ခေါင်းဆောင် ကျန်းဟိုင်ဖူနဲ့ ဟင်းချက်ပြိုင်ဖို့ ပြင်ဆင်နေတာမို့ ဒီနှစ်ရက်လုံး ဟင်းပွဲတွေ အများကြီး စားရလိမ့်မယ်"
"ဒီနေ့ မင်းအမေနဲ့ မင်းအဖိုးက စျေးထဲကနေ ပစ္စည်းတွေအများကြီးဝယ်ခဲ့တယ်.. သုံးဘီးဆိုင်ကယ်တောင် သယ်မနိုင်တော့တဲ့ အထိပဲ"
"အချင်းချင်း တကယ်ကြီး ပြိုင်ကြမှာလား"
ဝမ်လင်း အံ့သြသွားသည်။
"မင်းအဖိုးက အငြိမ်းစားယူပြီးတဲ့နောက်မှာ အရမ်းပျင်းနေပုံရတယ်.. ဒါကြောင့် သူစိတ်ပျော်ရွှင်ရင် ပြီးတာပဲလို့ သဘောထားလိုက်တယ်"
ဖေဖေဝမ်က မချိပြုံးပြုး၍ ပြောလိုက်သည်။
ဝမ်လင်းက ဘာစကားမှ မပြောတော့ဘဲ ဧည့်ခန်းထဲမှ ရေခဲသေတ္တာကို ဖွင့်လိုက်ရာ အတွင်းထဲမှ ပစ္စည်းများကို မြင်ပြီး ချက်ချင်းပင် ထိတ်လန့်သွားသည်။
ဖိုးဖိုးဝမ်တို့က ထိုမျှ ဝယ်ယူလိမ့်မည်ဟု သူ တစ်ခါမှ မတွေးဖူးပေ။
ပစ္စည်းအားလုံးကို သုံးဘီးဆိုင်ကယ်ဖြင့် သယ်မသွားနိုင်သည်မှာ အံ့သြစရာ မဟုတ်ပေ။
ဤရေခဲသေတ္တာကို ဝမ်လင်းသာ အထူးတလည် မပြောင်းလဲခဲ့လျှင် ပစ္စည်းအားလုံးကို အထဲတွင် ထည့်ထားနိုင်မည် မဟုတ်ချေ။
ရေခဲသေတ္တာထဲမှ အစားအစာများက သူတို့အတွက် တစ်လလုံးစာ ဖူလုံလောက်သည်ဟု ဝမ်လင်း ခံစားမိသည်။
ယင်းအချိန်မှာပင် ဖေဖေဝမ်က သတင်းစာကို ရုတ်တရက် ချကာ ပြောလိုက်သည်။
"လင်းလင်း.. အဖေ မင်းရဲ့ အကူအညီလိုတယ်"
ဝမ်လင်း "...???..."
"ဒီလိုပါ.. မင်းအမေနဲ့ မင်းအဖိုး သွားခဲ့တဲ့ စူပါမားကတ်က ကံစမ်းမဲ စနစ်သစ်တစ်ခု စတင်နေတယ်.. အခုကစပြီး ဝယ်ယူမှုတိုင်းအတွက် အမှတ်တွေ ရနိုင်တယ်.. အဲဒီအမှတ်တွေကို ကံစမ်းမဲအတွက် သုံးနိုင်တယ်"
ဖေဖေဝမ်က ရှင်းပြလိုက်သည်။
"............"
ထိုစကားကိုကြားလျှင် ဝမ်လင်း သဘောပေါက်သွားသည်။
ဖေဖေဝမ်က ကံစမ်းမဲပေါက်အောင် လုပ်ခိုင်းခြင်းပင်။
ဖေဖေဝမ်က သူ့လက်ကိုင်ဖုန်းကို ဝမ်လင်းဆီ ပေးလိုက်သည်။
"ဒီမှာကြည့် မင်းအမေနဲ့ မင်းအဖိုး ဘယ်လောက်တောင် သုံးပစ်လိုက်လည်းတော့ ငါမသိဘူး… သူတို့မှာ အမှတ်သုံးသောင်းတောင် ရှိနေပြီ"
"ကံစမ်းမယ်ဆိုရင် သာမန်ကံစမ်းမဲက အမှတ်တစ်ရာ၊ အလယ်အလတ် ကံစမ်းမဲက အမှတ်တစ်ထောင်၊ ထိပ်တန်းကံစမ်းမဲက အမှတ်တစ်သောင်း ကုန်ကျတယ်"
စခရင်ကို စိုက်ကြည့်ရင်း ဝမ်လင်း၏ နှုတ်ခမ်းများက တလှုပ်လှုပ်ဖြစ်သွားသည်။
ပုံမှန်ကံစမ်းမဲ အတွက် ဤအမှတ်အားလုံးကို သုံးဖို့ ကြိုးစားခဲ့လျှင် သူ့လက်ကို ရိုက်ချိုးလိုက်ဖို့သာ ကောင်းတော့သည်။
ထို့အပြင် ဆုများက အတုအယောင်သာ ဖြစ်သည်။
ဆော့ဖ်ဝဲလ်စနစ်က ဘီးဝိုင်းကို အသုံးပြုထားပြီး ဆုက ညွှန်ပြသည့်နေရာတွင် ရပ်သွားခြင်းအပေါ် မူတည်သည်။
ဆုက ပိုကောင်းလေလေ ဘီးပေါ်ရှိ နေရာလွတ်က နည်းလေလေဖြစ်၏။
သာမာန်ကံစမ်းမဲ ဘီးဝိုင်းတွင် "ကျေးဇူးတင်ပါသည်"ဟူသောစာတမ်းကသာ အကျများသည်။
အလယ်အလတ် ကံစမ်းမဲတွင်မူ ဆုအများစုမှာ စျေးဆိုင်များ၏ ကူပွန်များနှင့် လျှော့စျေးဘောက်ချာ များသာ ဖြစ်သည်။
ဖိုးဖိုးဝမ်ကမူ ထိပ်တန်းကံစမ်းမဲ ပေါက်ရန်သာ အစောပိုင်းကတည်းက ရည်ရွယ်ထား၏။
ထိပ်တန်းကံစမ်းမဲတွင် "သင်၏ ပါဝင်ကံစမ်းမှုအတွက် ကျေးဇူးတင်ပါသည်" ဟူသော ချွေးသိမ့်သည့် စာတမ်းမျိုး မပါရှိပေ။
ဘီးဝိုင်းပေါ်တွင် ရွေးချယ်ခွင့်ငါးခု ပါရှိပြီး ၎င်းတို့ထဲမှ သုံးခုသည် ဆုလက်ဆောင်ကို မဖော်ပြထားဘဲ မေးခွန်းအမှတ်အသားဖြင့်သာ(?) ကိုယ်စားပြုထားသည်။
အရေးအကြီးဆုံးမှာ ဤမေးခွန်း အမှတ်အသားများသည် ဘီးပေါ်တွင် နေရာအနည်းငယ်သာ ယူထားခြင်းပင်။
ဤအရာများက အဖိုးတန်ဆုများဖြစ်ရန် အခွင့်အရေး ရှစ်ဆယ်ရာခိုင်နှုန်း ရှိသည်ဟု ဖေဖေဝမ် ခံစားမိသည်။
ကုန်ခြောက်ဆိုင်တွင် ဈေးဝယ်စဥ်က သူ့စာရေးခများ ကုန်ကျခဲ့၏။
ထို့ကြောင့် ယခု သူ့ဦးစားပေးက သူ့ဆုံးရှုံးမှုကို လျှော့ချဖို့ပင်။
ဖေဖေဝမ် ကိုယ်တိုင် သူဘာကံစမ်းမဲပေါက်မည်မှန်း မသိပေ။
လူဆိုသည်မှာ သဘာဝအားဖြင့် အလွန်သိချင်စိတ် ပြင်းပြသည့် သတ္တဝါများ ဖြစ်သည်။
သာမာန်အားဖြင့် ပြောရလျှင် ဝမ်လင်းက ကတ်ဂိမ်းများကို ကစားလေ့မရှိပေ။
အဘယ်ကြောင့်ဆိုသော် သူသာ ကစားလျှင် ငြီးငွေ့စရာကောင်းလောက်သည် အထိ အချိန်တိုင်း အနိုင်ရမည် ဖြစ်သောကြောင့်ပင်။
ကတ်ဂိမ်းပေါ်ရှိ ဇာတ်ကောင်များသည် ရာဂဏန်းမှ တစ်ထောင်အထိ အရေအတွက် ရှိသည်။
ထိုထဲက ငါးရာခိုင်နှုန်းမှ ဆယ်ရာခိုင်နှုန်းကို ရွှေရောင်ကတ်များဖြင့် ပြုလုပ်ထား၏။
ရွှေရောင်ကတ်က အရှားပါးဆုံးကတ် ဖြစ်သော်လည်း ဝမ်လင်းသာ အလိုရှိလျှင် အချိန်တိုအတွင်း ရွှေရောင်ကတ် အားလုံးကို စုဆောင်းနိုင်မည် ဖြစ်သည်။
ထို့ကြောင့် ခေါက်ဆွဲခြောက်ထုပ်များ ထဲမှ ကတ်များကို ရယူရန် ကြိုးစားသကဲ့သို့ ဤကတ်ဂိမ်း အမျိုးအစားသည် သူ့အတွက် စိန်ခေါ်မှု မဟုတ်ကြောင်း ဝမ်လင်း ခံစားခဲ့ရသည်။
သို့သော် သူက ကံကောင်းခြင်းများနှင့် မွေးဖွားလာခြင်းမဟုတ်ပေ။
ထိုအစား မဟာတာအို သုံးထောင်အနက်မှ တစ်ခုဖြစ်သည့် "မဟာကံကြမ္မာတာအိုအစွမ်း"ကို မှီခိုအားထားခဲ့ရ၏။
ဤသည်က အလွန်အစွမ်းထက်သော စွမ်းရည်တစ်ခုဖြစ်သည်။
၎င်းကို စတင် အသုံးပြုပြီးသည်နှင့် အကျိုးသက်ရောက်မှု ပြီးဆုံးသည်အထိ စောင့်ရုံမှတစ်ပါး ၎င်းကို ပြန်ဖျက်ရန် နည်းလမ်းမရှိတော့ပေ။
သက်ရောက်မှု ကာလ ပြီးဆုံးမှသာ ထိုစွမ်းရည်ကို ပြန်လည် အသက်သွင်းနိုင်မည် ဖြစ်သည်။
ဤတာအို၏ အံ့ဖွယ်အကောင်းဆုံး အရာမှာ ၎င်း၏ သက်ရောက်မှု ကာလက အလွန်တိုတောင်းပြီး နှစ်ရက်သာ ကြာမြင့်ခြင်းပင်။
သို့သော် ၎င်း၏ အကျိုးသက်ရောက်မှုကို ထိန်းချုပ်နိုင်လျှင်မူ ကံတရားက ဆယ်ရက်ခန့်အထိ ကြာရှည်ခံမည် ဖြစ်သည်။
တစ်နည်းအားဖြင့် ဝမ်လင်းက ထိုစွမ်းရည်ကို အလိုရှိသရွေ့ အဆက်မပြတ် အသုံးပြုနိုင်သည်။
ဤစွမ်းရည်ကို သူပထမဆုံး အသုံးပြုကတည်းက ရေတွက်လျှင် အနည်းဆုံး ခုနစ်နှစ်.. ရှစ်နှစ်လောက် ရှိပြီဟု သူအမှတ်ရမိ၏။
ဤစွမ်းရည်ကို အသုံးပြုခြင်းသည် မျှတမှုမရှိဟုလည်း သူခံစားမိသည်။
ကံတရားဆိုသည်မှာ နှစ်ဖက်စလုံးကို သက်ရောက်မှု ရှိစေသောအရာ ဖြစ်သည်။
သင်က ကံကောင်းလျှင် အခြားတစ်ဖက်ရှိ တစ်စုံတစ်ယောက်က ကံဆိုးမည် မဟုတ်ပါလား။
ထို့အပြင် ကံကောင်းလွန်းခြင်းကလည်း သင့်အပေါ် မနာလို ဖြစ်လွယ်တတ်၏။
သင့်အနေဖြင့် ဘယ်ခေတ်မှာ နေထိုင်တယ်ဆိုတာ အရေးမကြီးပေ။
လူဆိုသည်မှာ မျက်နှာနှစ်ခု အမြဲရှိတတ်၏။
လူတွေက သင့်ကို 'ညီနောင်'ဟု ခေါ်နေသော်လည်း အချိန်မရွေး နောက်ကျောကို ဓားနှင့် ထိုးသွားနိုင်သည် မဟုတ်လော။
ဝမ်လင်းက အသက်ခပ်ပြင်းပြင်း ရှူလိုက်ရင်း သူ့လက်ဖဝါးကို ဖြန့်လိုက်ရာ ရွှေရောင်ဝိညာဉ် အလင်းရောင်က လက်ဖဝါး၏ အလယ်ဗဟို ကနေ ထွက်ပေါ်လာသည်။
ထိုဝိညာဥ် အလင်းရောင်က သူ့ခန္ဓာကိုယ် တစ်ခုလုံးကို တဖြည်းဖြည်း ဖုံးလွှမ်းမသွားခင် စွမ်းအင် စီးကြောင်းများက ဝမ်လင်း၏ လက်ဖဝါးထဲတွင် စုဝေးနေသည်ကို ဖေဖေဝမ် မြင်လိုက်ရ၏။
ဤသည်မှာ မဟာကံကြမ္မာ တာအိုကို အသက်သွင်းနေခြင်း ဖြစ်သည်။
ထိုစွမ်းရည်ကို ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်များကို စုဆောင်းခြင်း၊ နေနှင့်လ၏ တောက်ပမှုကို စုဆောင်းခြင်းဟုလည်း အများအားဖြင့် ရည်ညွှန်းကြ၏။
ထို့နောက် ဝမ်လင်းက သက်ပြင်းချလိုက်သည်။
သူက ကံစမ်းမဲ စတင်မည့်" ခလုတ်ကို နှိပ်လိုက်သည်နှင့် ဘီးဝိုင်းကြီးက လျှင်မြန်စွာ လည်ပတ်နေတော့သည်။
စခရင်ပေါ်တွင် ရွှေရောင်အလင်းတန်း တစ်ခု ပေါ်လာပြီးနောက် သူက လျှို့ဝှက်ဆန်းကြယ်သော မေးခွန်းအမှတ်အသားကို အမှန်တကယ် ကျအောင် လုပ်နိုင်ခဲ့၏။
ထိုခဏဝယ် အီလက်ထရွန်းနစ် အသံတစ်သံ ထွက်ပေါ်လာသည်။
"ဂုဏ်ယူပါတယ်.. သင် ခမ်းနားတဲ့ ဆုတစ်ခု ရရှိပါပြီ"
ဝမ်လင်းက စခရင်ကို နှစ်ကြိမ် ထပ်နှိပ်ပြီးနောက် အီလက်ထရွန်းနစ် အသံက ထပ်ခါထပ်ခါ ထွက်ပေါ်လာပြန်၏။
"ဂုဏ်ယူပါတယ်.. သင် ခမ်းနားတဲ့ ဆုတစ်ခု ရရှိပါပြီ"
"အံ့သြစရာပဲ"
ဖေဖေဝမ်က အံ့သြနေခဲ့သည်။
ဝမ်မင်က ဤရလဒ်ကို စောစောကပင် ကြိုမြင်ထားပြီး ဖြစ်သောကြောင့် အမူအရာက အနည်းငယ်မျှ ပျက်ယွင်းသွားခြင်း မရှိပေ။
ယခုရရှိသည့် ဆုများကို ဖွင့်ကြည့်မှသာ မဲပေါက်သည့်ဆုကို သိရမည် ဖြစ်၏။
ထို့နောက်တွင် ဆုကို သုံးရက်အတွင်း ပို့ဆောင်ပေးမည် ဖြစ်သည်။
ဝမ်လင်းက သူဘာကံစမ်းမဲ ပေါက်သည်ကို မသိပေ။
သုံးကြိမ်စလုံးအတွက် လျှို့ဝှက်ဆန်းကြယ်သော မေးခွန်းအမှတ်အသားများကို သူရရှိခဲ့သည်။
"အဲဒါတွေက တော်တော်လေး ကောင်းတဲ့ဆုတွေ ဖြစ်မယ်ထင်တယ်"
ဖေဖေဝမ်က လျှို့ဝှက်ဆန်းကြယ်သည့် မေးခွန်း အမှတ်အသား သုံးခုကို ဖွင့်လိုက်သည်။
ထို့နောက်တွင် ပစ္စည်းသုံးမျိုးကို ဖေဖေဝမ် မြင်လိုက်ရ၏။
ခရမ်းရောင်အလင်း စားသောက်ဆိုင်၏ မန်ဘာ တစ်နှစ်ဖြစ်ခွင့်။
အနီရောင်ပန်းအဖွဲ့အစည်း အလှပြင်ဆိုင်၏ ရွှေရောင်ကတ်တစ်ခု။
ခြောက်လတန်ဖိုးရှိ ကုန်းချင်ဖက်ထုပ်။
..................
မဂ္ဂဇင်းတစ်ခုတွင် 'ခရမ်းရောင်အလင်း"ကို ခေါင်းစဥ်တစ်ခုအဖြစ် ထည့်သုံးခဲ့ရာ ရက်ပ်အဆိုတော် PG One ၏ ပရိသတ်များက စားသောက်ဆိုင် တစ်ခု၏ နာမည်နှင့်တူသည်ဟု လှောင်ပြောင်ခဲ့ကြသည်။ PG One သည် ရက်ပ်အဖွဲ့တစ်ခုဖြစ်သည့် 'အနီရောင်ပန်းအဖွဲ့အစည်း' ၏ အဖွဲ့ဝင် ဖြစ်သည်။ 2017 ခုနှစ် နှစ်သစ်ကူးအကြိုကာလတွင် အိမ်ထောင်ရှိ မင်းသမီး လီရှောင်လူ နှင့် ပတ်သက်မိသည့် အတွက် လူပြိန်းကြိုက် သတင်းစာများတွင် ဟိုးလေးတကျော် ဖြစ်သွားခဲ့သည်။ သူမ၏ ခင်ပွန်းသည်မင်းသားက တိုက်ရိုက် ထုတ်လွှင့်နေချိန်တွင် သူမ၏ ဆံပင်များ ကျွတ်နေသည်ဟု အများက ဆိုကြသည်။