← Chapters

ဆုံးရှုံးမှုကဘာလဲ..

Vol. 25 Ch. 371

ဆုံးရှုံးမှုကဘာလဲ..

Vol. 25 Ch. 371

ထွင်ထျန်းဟာက အစပိုင်းတွင် သူ၏ ကိုယ်ခန္ဓာအသစ်နှင့် လိုက်လျောညီထွေ ဖြစ်အောင် မလုပ်နိုင်ခဲ့ပေ။

ထိုထက်မက ခေတ်မီ လူသားကျင့်ကြံသူများ၏ မြို့ပြလူနေမှုပုံစံက သူ့ကို နက်နက်ရှိုင်းရှိုင်း ထိတ်လန့်စေခဲ့သည်။

သို့သော် နောက်ပိုင်းတွင် သူက ခေတ်ကာလနှင့် တစ်သားတည်း ဖြစ်လာပြီး လူသားကမ္ဘာတွင် နေထိုင်ရသောဘဝက အလွန်ပျော်စရာ ကောင်းကြောင်း တွေ့ရှိခဲ့သည်။

အနည်းဆုံးတော့ ဖားပြုပ်မျိုးနွယ်စု၏ သန်းနှင့်ချီသော ဘဝများအတွက် နေ့ရောညပါ အလုပ်လုပ်စရာမလိုပေ။

ထွင်ထျန်းဟာ အတွက် ၎င်း၏ ဖားဘဝ ပြီဖုံးကာချမှုကို ဤသို့နှယ် အကျဉ်းချုံးနိုင်သည်။

ဖားများသည် သဘာဝအတိုင်း အိပ်စက်ခြင်းကို နှစ်သက်ကြ၏။

သို့သော်လည်း ထွင်ထျန်းဟာက နတ်ဆိုးဘုရင် ဖြစ်လာပြီးနောက်တွင် သူ့လူမျိုးအတွက် တစ်နေကုန်နီးပါး တာ၀န်ထမ်းဆောင်ခဲ့ရပြီး အိမ်နီးချင်း နတ်ဆိုးမျိုးနွယ်များနှင့်လည်းအဆင်ပြေစွာ ပေါင်းသင်းနိုင်မည့် နည်းလမ်းများကို တွေးတောခဲ့ရသည်။

မာကျောက် ကစားသည့်အခါမှာပင် စကားတစ်ခွန်းမှားလျှင် စစ်ပွဲ ဖြစ်ပေါ်စေမည်ကို ကြောက်နေရ၏။

သို့သော် ဆရာလေးလင်း၏ အိမ်တွင်မူ ပင်ပန်းသည်ဟု မခံစားရသည့်အပြင် ကိုယ့်ဘဝကိုယ်ပိုင်သည့် ခံစားချက်မျိုးကို ရရှိခဲ့သည်။

ထို့အပြင် ဖားပြုပ်မျိုးနွယ်စုက သူ့အပေါ်တွင် တာဝန်မကျေဟု သူခံစားရ၏။

သူက လူသားကမ္ဘာတွင် ရှိနေသည်မှာ ခြောက်နှစ်ရှိနေပြီ ဖြစ်ပြီး ဖားပြုပ် မျိုးနွယ်စု၏ အော်ရာကို တစ်ခါမျှ မခံစားခဲ့ရပေ။

ရှင်းလင်းစွာပြောရလျှင် လူသားကမ္ဘာ၌ သူ့ကို လာရှာသည့်လူ တစ်ယောက်မှမရှိပေ။

ဖားပြုပ်မျိုးနွယ်စုဝင် အားလုံးက သူသေသွားပြီဟု ထင်နေကြတာလည်း ဖြစ်နိုင်၏။

ခြောက်နှစ်ကျော် ဆိုသောအချိန်မှာ ဖားပြုပ်မျိုးနွယ်စု အတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြင့် ဘုရင်အသစ်ကို ရွေးချယ်ရန် လုံလောက်သောအချိန် ဖြစ်သည်။

အသစ် ရွေးချယ်တင်မြှောက်ထားသော ဖားပြုပ်ဘုရင်က ကမ္ဘာခြားဂိတ်တံခါး၏ တစ်ဖက်ခြမ်းတွင် ဖားပြုပ်မျိုးနွယ်ကို ငြိမ်းချမ်းရေးနှင့် သာယာဝပြောသောခေတ်သို့ အခိုင်အမာ ဦးဆောင်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

၎င်းသာ ဖားပြုပ်မျိုးနွယ်သို့ ပြန်သွားလျှင် ဘုရင်ဟောင်းအနေဖြင့် ၎င်း၏ လူများက မည်မျှပင် ဂရုစိုက်စေကာမူ အရာအားလုံးက ဆိတ်သုန်းသွားပြီ ဖြစ်သည်။

ထွင်ထျန်းဟာက စိတ်တွေဝေဝါးသွားသကဲ့သို့ ဝမ်လင်း၏ ပေါင်ကို ခေါင်းအုံး၍ အိပ်ပျော်သွားခဲ့သည်။

စိတ်လွင့်မြောနေချိန်၌ ဤကဲ့သို့ ဇိမ်ယူမှုမျိုးကို ခံစားနိုင်သည်မှာ ကမ္ဘာပေါ်တွင် သူတစ်ဦးတည်း ဖြစ်နိုင်သည်ဟု တွေးထင်ခဲ့၏။

အိပ်စက်ခြင်းကို နှစ်သက်သည်က ဖားတစ်ကောင်၏ သဘာဝပင်။

ထို့အပြင် နတ်ဆိုးဘုရင် နှလုံးသားကျမ်းကို ကျင့်ကြံခြင်းသည် ခွန်အားကို ကုန်ဆုံးစေသောကြောင့် ထွင်ထျန်းဟာက တူညီသော နယ်ပယ်အဆင့်ရှိ အခြားသော ဝိညာဥ်သားရဲများနှင့် နှိုင်းယှဉ်လျှင် ပို၍ ပင်ပန်းနွမ်းနယ်သည်။

ဝမ်လင်းက ထွင်ထျန်းဟာ၏ နားရွက်ကို လက်ဖဝါးနှစ်ခုကြားညှပ်၍ ပွတ်တိုက်လိုက်သည်။

သူက ထွင်ထျန်းဟာ လုံးဝ အိပ်ပျော်သွားကြောင်း အတည်ပြုပြီးနောက်တွင် အိပ်ရာဘေးသို့ တိုက်ရိုက်ရွှေ့ရန် ဝိညာဉ်စွမ်းအင်ကို အသုံးပြုခဲ့သည်။

ယင်းနောက် သူက ချက်ချင်းပင် ချိုက်လျန်နှင့် အတူနေဖို့ သူတို့ စီစဉ်ထားသည့် ငတုံးမလေး ယာရွှယ်၏ အခြေအနေနှင့် ငွေရောင် ယူနီကွန်း၏ လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး မေးမြန်းရန် ဗုံးပစ် စီနီယာ အင်မော်တယ်ထံ မက်ဆေ့ခ်ျတစ်စောင် ပေးပို့ခဲ့၏။

ဝမ်လင်းက ချိုက်လျန်ကို တိုက်ရိုက်မေးမြန်းရန် ရည်ရွယ်ခဲ့သေးသော်လည်း သေချာ စဉ်းစားပြီးနောက်တွင် ထိုလုပ်ရပ်က နားလည်မှုလွဲမှားခြင်းကို အလွယ်တကူ ဖြစ်စေမည်ဟု သူထင်ခဲ့သည်။

ဝမ်လင်းက မိန်းကလေးများနှင့် အရောတဝင် မနေတတ်ပေ။

ထို့ကြောင့် ပေါင်းသင်းဆက်ဆံရေး ကိစ္စများတွင် သူက အမြဲတစေ အလှမ်းဝေးနေ၏။

ခေတ်မီပညာရေးက ချစ်ခြင်းမေတ္တာကို အလွန်အကျူး အဓိကထားခြင်း မရှိသော်လည်း ဖေဖေဝမ်နှင့် မေမေဝမ်တို့က ထိုကိစ္စနှင့် ပတ်သက်၍ အလွန်ပွင့်လင်းသော စိတ်ထားရှိသည်။

ဝမ်လင်းက နောက်ဆုံးတွင် ဝမ်လင်းသာ ဖြစ်ပြီး ထိုကိစ္စနှင့် ပတ်သက်၍ သူ့ကိုယ်ပိုင် အတွေးများလည်း ရှိနေ၏။

သူက စာသင်ဖို့ကိုသာ အာရုံစိုက်နေရမည့် အသက်ဆယ့်ခြောက်နှစ် အရွယ်သာ ရှိသေးသည် မဟုတ်ပါလော။

ဗုံးပစ်စီနီယာ အင်မော်တယ်က ချက်ချင်းနီးပါး ပြန်ဖြေလိုက်သည်။

"မိန်းကလေး ယာရွှယ်က အခု ချိုက်လျန်ရဲ့ အကူ ဖြစ်နေပါပြီ.. သူက နည်းနည်းတော့ တုံးအပေမယ့် လုံ့လဝီရိယ ရှိတယ်.. ငွေရောင်ယူနီကွန်းကတော့ လောလောဆယ် ငါ့ ဇိမ်ခံအိမ်မှာ ရှိတယ်.. ညီနောင်လင်း အနေနဲ့ တစ်ခုခု လိုအပ်နေလို့လား"

ဝမ်လင်းက သူ့နာရီကနေ မက်ဆေ့ခ်ျကို အမြန်ပြန်ပို့လိုက်သည်။

"အင်း.. ငါ့ကို သွေးတချို့ပေးဖို့ သူ့ကိုပြောပေးပါ"

ဗုံးပစ်စီနီယာ အင်မော်တယ် ".........."

အတန်ကြာ စဉ်းစားပြီးနောက် ဝမ်လင်းက ယူနီကွန်းထံမှ သွေးကို တောင်းဆိုခြင်းသည် အနည်းငယ် ရိုင်းစိုင်းပြီး အလွန်မသင့်လျော်ကြောင်း ခံစားလိုက်ရသည်။

ထို့ကြောင့် သူက "အဲဒီအတွက် ခေါက်ဆွဲခြောက် အကြွပ်ကြော် ငါးထုပ် ပြန်ပေးပါ့မယ်"ဟု နောက်ထပ် မက်ဆေ့ချ်တစ်စောင် ပေးပို့လိုက်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ် "..............."

ဝမ်လင်း မကျေမနပ်ဖြစ်သွားသည်။

"ဆယ်ထုပ်ဆိုရင်ရော"

ဗုံးပစ်စီနီယာ အင်မော်တယ် "..............."

ဗုံးပစ်စီနီယာ အင်မော်တယ်၏ ဘေးမှာရပ်နေသည့် ငွေရောင်ယူနီကွန်းက ယခုအခါတွင် လူငယ်ပုံစံ အသွင်ပြောင်းထား၏။

သူက ငွေရောင်ဆံပင်ရှိပြီး အဖြူရောင်ရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီကို ၀တ်ဆင်ကာ လုံးဝ အထာကျနေသည်။

အဝတ်အစားက ဗုံးပစ်စီနီယာ အင်မော်တယ်၏ အဝတ်အစားများဖြစ်ပြီး မမျှော်လင့်ဘဲ သူနှင့် အံကိုက် ဖြစ်နေ၏။

ဝမ်လင်း၏ ကမ်းလှမ်းချက်ကို မြင်သောအခါ ဗုံးပစ်စီနီယာအင်မော်တယ်က ဖုန်းစခရင်ပေါ် သွေးအန်ချလုမတတ် ဖြစ်သွားသည်။

သူတော်စင် သားရဲ၏သွေးအတွက် ခေါက်ဆွဲခြောက်ကြွပ်ကြော် ဆယ်ထုပ်..

[မင်းက ဘာလို့ ဓားပြသွားမတိုက်သေးတာလဲ]

ငွေရောင်ယူနီကွန်းက မခံမရပ်နိုင်ဖြစ်ပြီး ဗုံးပစ်စီနီယာ အင်မော်တယ် ထံမှ ဖုန်းကို တိုက်ရိုက် လုယူခဲ့ကာ ကိုယ်စား ဝင်ပြောလိုက်သည်။

"ညီနောင်.. မင်းဒီလိုမျိုး ကမ်းလှမ်းလို့ မရဘူးလေ.. သူတော်စင်သားရဲ ရဲ့ သွေးက အဖိုးမဖြတ်နိုင်ဘူး.. ဒီစျေးက စျေးကွက်ကို ပျက်စီးစေလိမ့်မယ်... ဒီလောက် ပမာဏနဲ့ ကြက်သွေးကိုတောင် ဝယ်ယူလို့ရမှာ မဟုတ်ဘူး"

ဝမ်လင်း အသက်ခပ်ပြင်းပြင်း ရှူလိုက်သည်။

"အထုပ်နှစ်ဆယ်"

"............"

ဤမက်ဆေ့ချ်ကို ဖတ်ပြီးနောက် ငွေရောင်ယူနီကွန်း နှင့် ဗုံးပစ်စီနီယာ အင်မော်တယ်မှာ နှစ်မိနစ်မှ သုံးမိနစ်ခန့် တိတ်ဆိတ်သွားသည်။

ခဏအကြာတွင် ဗုံးပစ်စီနီယာ အင်မော်တယ်က လက်ဖက်ရည်ကို ကောက်မော့ပြီး သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် လုပ်လိုက်ရသည်။

တစ်ဖက်တွင် ဝမ်လင်းက နောက်ထပ် စာတစ်စောင် ပို့လိုက်သည်။

"ဒီထက် ပိုမပေးနိုင်တော့ဘူး.. မဟုတ်ရင် ငါ့အတွက် ဆုံးရှုံးမှု ကြီးသွားလိမ့်မယ်

ငွေရောင်ယူနီကွန်း "...???..."

"ဖူး.."

ဗုံးပစ်စီနီယာ အင်မော်တယ်က သူမျိုမချရသေးသော လက်ဖက်ရည်ကို အန်ထုတ်မိသွား၏။

ငွေရောင်ယူနီကွန်း အံသြနေသည်။

[ဒီသခင်က ဘယ်လိုလူလဲဟ]

အင်မော်တယ်ရွှေကို အသုံးပြုခြင်းက ကောင်းမွန်သော ကုန်သွယ်မှု ဖြစ်လိမ့်မည်။

သို့သော် ကုန်သွယ်မှု ငွေကြေးအဖြစ် ခေါက်ဆွဲခြောက် ကြွပ်ကြော်ထုပ်များကို အသုံးပြုခြင်းမှာ ပထမဦးဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က မချိပြုံးပြုံးလိုက်ပြီး ငွေရောင် ယူနီကွန်း၏ ပခုံးပေါ်ကို လက်ဖြင့် ပုတ်လိုက်သည်။

"သူ့ကို လုပ်ပေးလိုက်ပါ.. မင်းအပေါ်မှာရှိနေတဲ့ ညီနောင်လင်းရဲ့ ကျေးဇူးက ခေါက်ဆွဲခြောက် ကြွပ်ကြော်တွေထက် ပိုတန်ဖိုးကြီးပါတယ်.. နောက်ပြီး သူက မင်းရဲ့သခင်လဲ ဖြစ်နေတယ် မဟုတ်လား"

ငွေရောင် ယူနီကွန်း "............."

"ပြဿနာက ဒီလို တွန့်တိုတဲ့ သခင်ကို တစ်ခါမှ မတွေ့ဖူးတာပဲ"

သို့သော်လည်း ဝမ်လင်းက အင်မော်တယ်စံအိမ်တွင် မဟာသန့်စင်ရေး တာအိုဖြင့် ယာရွှယ်၏ အသက်ကို ကယ်တင်ခဲ့သည်။

ထို့ကြောင့် အချို့သော သဘောအရ ငွေရောင်ယူနီကွန်းမှာ ဝမ်လင်း အပေါ် အမှန်တကယ် အကြွေးတင်နေဆဲ ဖြစ်၏။

ယခု ဝမ်လင်းက သူတော်စင် သားရဲသွေး အနည်းငယ်ကို လိုချင်နေသည်။

ငွေရောင်ယူနီကွန်း အနေဖြင့် သွေးလှူဒါန်းခြင်းဟု သဘောထားရုံပင်။

၎င်းတွင် သူတော်စင် သားရဲ၏ သားရဲနှလုံးသား ရှိသောကြောင့် ၎င်း၏ချီ နှင့် သွေးများက သာမန် ဝိညာဥ်သားရဲများနှင့် နှိုင်းယှဉ်လျှင် ပိုမို မြန်ဆန်သောနှုန်းဖြင့် ပြန်လည် ကောင်းမွန်လာမည်သာ။

သူတော်စင် သားရဲသွေးက မီလီလီတာ ငါးရာ ပမာဏဆိုလျှင် ချက်ချင်း ပြန်ကောင်းလာနိုင်သည်။

အချိန်အတော်ကြာ တွေးတောပြီးနောက်တွင် ငွေရောင်ယူနီကွန်းက ဗုံးပစ်စီနီယာ၏ ဖုန်း၌ စာတိုတစ်စောင် ရေးကာ ဝမ်လင်းဆီ ပေးပို့လိုက်၏။

"မင်းဘယ်လောက်ပမာဏလိုချင်တာလဲ"

ဝမ်လင်းက ခပ်သွက်သွက် ဖြေလိုက်သည်။

"မများပါဘူး.. တစ်တန်ထဲပါ"

ငွေရောင်ယူနီကွန်း "...???..."

ဝမ်လင်းက စာတိုပို့ပြီးနောက် သူ့တောင်းဆိုချက် နည်းနည်းများသွားသလားဟု ခံစားမိပြီး နောက်တစ်စောင် ထပ်ပို့လိုက်သည်။

"မင်း ငါ့ကို အရင် မီလီလီတာ တစ်ထောင် ပေးထားလို့လည်း ရတယ်.. ပြီးမှ တစ်တန် ရောက်တဲ့အထိ တစ်ရက်ကို နည်းနည်းစီ ပေးလို့ရတာပဲလေ"

".............."

ငွေရောင်ယူနီကွန်းက မက်ဆေ့ချ်၏ အကြောင်းအရာကို ခါးသီးမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ငွေရောင်ယူနီကွန်းကို ကြည့်လိုက်သည်။

"မင်းမှာ မြန်မြန် ပြန်ကောင်းလာနိုင်စွမ်း ရှိတယ် မဟုတ်လား"

ငွေရောင်ယူနီကွန်း "ဒါက တိရိစ္ဆာန်ညှဥ်းပန်းနှိပ်စက်မှုပဲ.."

ဗုံးပစ်စီနီယာ အင်မော်တယ် "အတိအကျပြောရရင် သူတော်စင် သားရဲတွေ မျိုးသုဉ်းသွားပြီဆိုတော့ မင်းကို နိုင်ငံတော်ကလည်း အကာအကွယ်ပေးမှာ မဟုတ်ဘူး.. မင်းကလည်း နိုင်ငံ့သားရဲ မဖြစ်ချင်ဘူး မဟုတ်လား"

ငွေရောင်ယူနီကွန်းက ပါးစပ်ကို ဖွင့်လိုက်သော်လည်း ဘာမှပြန်မပြောနိုင်ခဲ့ပေ။

[ငါက လူဆိုးတွေဆီမှာ ပြန်ပေးဆွဲခံနေရတာများလား]

သူက လုံးဝ စိတ်မကောင်းဖြစ်နေပြီ ဖြစ်သော်လည်း ဝမ်လင်း၏ နောက်ထပ်မက်ဆေ့ချ်က သူ့အား အဆုံးသတ်တွင် အလဲထိုးချလိုက်သည်။

စာသားက ရှည်လျားပြီး စကားလုံး ကိုးလုံးပဲ ပါဝင်၏။

....................

ပထမဆုံး စကားလုံး ခြောက်လုံး "ပို့ဆောင်ခဖရီး ဆိုတာကို ထည့်သွင်းဖို့ မမေ့ပါနဲ့"

နောက်ဆုံး စကားလုံး သုံးလုံး "ပစ္စည်းရောက်ငွေချေ"

All Chapters