← Chapters

အထက်တန်းလွှာမှ ထိပ်တန်းကျောင်းသား

Vol. 25 Ch. 373

အထက်တန်းလွှာမှ ထိပ်တန်းကျောင်းသား

Vol. 25 Ch. 373

ဤနည်းဖြင့် ကျောင်းသားအားလုံးမှာ နံနက်ခင်း ကိုယ်ပိုင်လေ့လာချိန်တွင် ဆရာမဖန်၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရသည်။

အတန်းချိန် ပြီးဆုံးသွားသောအခါတွင် ဆရာမဖန် သင်ကြားသမျှကို သင်ယူနိုင်ခဲ့သည့် အတွက် ကျောင်းသားအားလုံးက မိမိကိုယ်မိမိ အံ့အားသင့်ခဲ့ရသည်။

ယခုအခါတွင် သူမက ဆရာများရုံးခန်း၌ အမှတ်စာရင်းများ ရေးသွင်းရန် အလုပ်များနေခဲ့သည်။

ဆရာမဖန်က အမှတ် ၆၀ အထက်တန်းကျောင်း၏ ရှေ့ဆောင် သင်ကြားရေးသမား တစ်ဦးဖြစ်သည်။

သူမ၏ စွမ်းပကားက အတော်လေး ကြောက်စရာကောင်း၏။

အတန်းပြီးဆုံးသောအခါ စာသင်ခန်းအတွင်း ကော်ဟောက်အနား၌ ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။

ကော်ဟောက်က အခြားအတန်းများတွင်လည်း အတော်လေး ရေပန်းစားသူဖြစ်၏။

ဟုတ်ပါသည်၊ သူပြောပြလေ့ရှိသည့် အတင်းအဖျင်းများကြောင့် အားလုံးက သူ့ကို ကျေးဇူးတင်လေ့ ရှိကြသည်။

ထို့အပြင် ရယ်စရာအကောင်းဆုံး အချက်မှာ အမှတ် 60 အထက်တန်းကျောင်းတွင် ကော်ဟောက်ဖန်ကလပ် ရှိခြင်းပင်ဖြစ်သည်။

ကော်ဟောက် ကျောင်းပြန်တက်ကြောင်း ကြားပြီးနောက် အတန်းတိုင်းမှ ကော်ဟောက် ပရိသတ်များသည် စာသင်ချိန်ပြီးခါနီးတွင် သူ့ဒဏ်ရာအကြောင်းကို မေးရန် ချက်ချင်းရောက်လာသည်။

တကယ်တမ်းတွင် ကော်ဟောက်က လုံးဝ မထိခိုက်ခဲ့ပေ။

အသေအချာ စဥ်းစားကြည့်လျှင် သူတို့၏ ဝိညာဉ်စွမ်းအားကို တံဆိပ်ခတ်ဖို့အတွက် ကောင်းကင်သတ္တုဓားက ကျောင်းသားများ၏ လက်ပြင် ဒါမှမဟုတ် လက်မောင်းတွင် သေးငယ်လွန်းသည့် ပြတ်ရှဒဏ်ရာ တစ်ခုသာ ကျန်ရစ်စေခဲ့၏။

ထိုဒဏ်ရာက ဆေးအချို့ကို လိမ်းပြီးလျှင် လုံးဝ ဂရုစိုက်စရာမလိုအပ်သည့် ဒဏ်ရာအမျိုးအစား ဖြစ်သည်။

ဝမ်လင်းက စာသင်ခန်း၏ အစွန်ဆုံးခုံတွင် ထိုင်ကာ သူ့ဘေးနားရှိ ချန်းချောင် နှင့်အတူ ကော်ဟောက်၏ ရှိုးကို ကြည့်ရှုနေသည်။

တကယ်တမ်းတွင် သူ့စားပွဲခုံက ကော်ဟောက်၏ ဘေးတွင်ဖြစ်၏။

ဝမ်လင်းက လူအုပ်ကြီး၏ နှောက်ယှက်ခြင်းကို ခံရသည့် ခံစားချက်ကို အမှန်တကယ် မုန်းတီးသောကြောင့် ခပ်ဝေးဝေးတွင်သာ နေပြီး ချန်းချောင် နှင့်အတူ ရှိုးကို ကြည့်ရှုခဲ့သည်။

"အခုအဆင်ပြေရဲ့လား"

"မင်းရဲ့ ဝိညာဉ်စွမ်းအင်ကို တံဆိပ်ခတ် ခံလိုက်ရတော့ ဘယ်လိုခံစားရလဲ"

တစ်စုံတစ်ယောက်က မေးလိုက်သည်။

ကော်ဟောက်က လေးလေးနက်နက် စဉ်းစားဟန်ပြုပြီးမှ ပြန်ဖြေလိုက်သည်။

"ဟမ့်.. ဒါက ပထမဆုံးအကြိမ် ဝိညာဉ်စွမ်းအားကို တံဆိပ်ခတ်ခံရတာဆိုတော့ နည်းနည်းတော့ အားပျက်သလိုခံစားရတယ်"

"ဘယ်လိုမျိုးလဲ"

"မာကျောက်ကစားဖို့ မက်ထရွန် သစ်သားရုပ်လေးကို ရွှေ့လိုက်တဲ့အချိန်မှာ သစ်သားရုပ်လေးထဲမှာ ထည့်ထားတဲ့ အသားလုံးလေးရဲ့ မူးဝေတဲ့ ခံစားချက်မျိုးကို မင်းတို့ကြုံဖူးလား"

".............."

ကော်ဟောက်က သူ့ပတ်ဝန်းကျင်မှ နာကျင်နေသော အမူအရာများကို မြင်သောအခါ ရယ်မောလိုက်သည်။

"နောက်တာပါ.. ဒါက တကယ်တော့ မပြင်းထန်ပါဘူး.. ရုတ်တရက် ဝိညာဉ်စွမ်းအင်တွေ ဆုံးရှုံးသွားသလို ခံစားရရုံပါပဲ.. ဒါကြောင့် အခုချိန်မှာ ငါက သာမန်လူတစ်ယောက်လိုပါပဲ.. လှေကားထစ် တက်ဖို့တောင် အတော် အားစိုက်ထုတ်နေရတယ်"

အမှန်တကယ်တွင် ဝိညာဉ်တံဆိပ်ခတ်ထားခြင်းဖြင့် အခြေခံ တည်ထောင်ခြင်း အဆင့် ကျင့်ကြံသူနှင့် သာမန်လူ တစ်ဦးကြားရှိ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ ကွာခြားချက်ကို မြင်နိုင်သည်။

ကော်ဟောက်က လက်ရွေးစင် ကျောင်းသားဖြစ်သော်လည်းကျင့်ကြံမှု စွမ်းရည်အရ သာမန်သာဖြစ်၏။

သူသည် အလွန်တရာ သန်မာသောသူ မဟုတ်ပေ။

တစ်မြို့လုံးရှိ အခြေခံ တည်ထောင်ခြင်း အဆင့် ကျောင်းသားများထဲတွင် သာမန်ထက် အနည်းငယ် သာလွန်ရုံသာ ဖြစ်သည်။

ပြီးခဲ့သည့် နှစ်နှစ်အတွင်း အမှတ် ၆၀ အထက်တန်းကျောင်းသည် အဓိကမြို့ပြ အထက်တန်းကျောင်းသို့ အဆင့်မြှင့်တင်ရန် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သဖြင့် ကျောင်းသားသစ် ရွေးချယ်ရာတွင် တင်းကျပ်ခဲ့သည်။

ထို့ကြောင့် အမှတ် 60 အထက်တန်းကျောင်းမှ ကျောင်းသားသစ်များသည် ဆရာမဖန် ပြောသလို အဆိုးရွားကြီး မဟုတ်ကြပေ။

အရည်အချင်းအရဆိုလျှင် ၎င်းတို့သည် ယခင်နှစ်များမှ ကျောင်းသားများထက် များစွာ သာလွန်နေခဲ့၏။

ကျောင်းသို့ ဝင်ရောက်လာသူအများစုသည် စွန်းရုံနှင့်ချန်းချောင် တို့ကဲ့သို့ အခြေခံ တည်ထောင်ခြင်း နှောင်းပိုင်းအထွတ်အထိပ်များ ဖြစ်ကြသည်။

ကျောင်းတွင် လုံလောက်သော အရင်းအမြစ်များ ရှိသဖြင့် ဤလက်ရွေးစင် ကျောင်းသားများသည် ဘွဲ့ရရှိမီတွင် ရွှေအမြူတေ အဆင့်သို့ ရောက်ရှိနိုင်ဖွယ် ရှိသည်။

သာမန်ကျင့်ကြံသူများ အတွက်မူ အရည်အချင်းများနှင့် လုံလောက်သော အရင်းအမြစ်များ ရှိနေသရွေ့ နှစ်အနည်းငယ်အတွင်း ရွှေအမြူတေ အဆင့်သို့ ရောက်ရှိအောင် လုံးဝ လုပ်ဆောင်နိုင်သော်လည်း ထိုထက်ပို၍ တိုးတက်စရာလမ်း မရှိတော့ပေ။

ဥပမာအားဖြင့် ရွှေအမြူတေ အဆင့်မှ စိတ်ဝိညာဥ် အခြေတည် အဆင့်သို့ တိုးတက်ရန်တွင် ခေတ်မီကျင့်ကြံရေး အရင်းအမြစ်များကိုချည်း အားကိုး၍မရတော့ပေ။

တာအိုလမ်းစဥ်ကို လျှောက်လှမ်းရာတွင် အချိန် အများအပြား လိုအပ်၏။

ထို့ကြောင့် ယခုနှစ် ကျောင်းသားများသည် အမှတ် 60 အထက်တန်းကျောင်း၏ အကောင်းဆုံး မျှော်လင့်ချက် ဖြစ်ပြီး ကျောင်းကို အဓိကမြိုပြ အထက်တန်းကျောင်း အဆင့်သို့ တိုက်ရိုက် အဆင့်မြှင့်ရန်အတွက် ကူညီပေးနိုင်မည် ဖြစ်သည်။

သာမန်အားဖြင့် ကျောင်းရှိ ဆရာများက ၎င်းတို့၏ ကျောင်းသားများကို ရှုထောင့်အမျိုးမျိုးကနေ ဝေဖန်ကြသော်လည်း သူတို့၏ကျောင်းသားများကို ထူးချွန်၍ အမှတ်ကောင်းကောင်း ရသည်ကိုသာ မြင်ချင်ကြ၏။

ကျောင်းသားက ချို့ယွင်းချက် မည်မျှပင်ရှိစေကာမူ ၎င်းတို့နှင့် ပတ်သက်သည့် ကောင်းမွန်သော အမြင်တစ်ခု ရှိလျှင်ပင် ဆရာများက တတ်နိုင်သမျှ ဖြည့်ဆည်းပေးမည် ဖြစ်သည်။

နောက်ထပ် သင်ခန်းစာစရန် ငါးမိနစ်သာ လိုတော့သည့်အချိန်တွင် တစ်စုံတစ်ယောက်က ကော်ဟောက်ကို မေးလိုက်သည်။

"သတင်းအသစ်တွေရော ရှိသေးလား"

ကောက်ဟောက်က မဆိုင်းမတွ ပြန်ဖြေလိုက်သည်။

"အင်း.. မကြာသေးမီက ပေါ်ပေါက်ခဲ့တဲ့ သူတော်စင်အဖွဲ့အစည်းရဲ့ သတင်းတော့ရှိတယ်"

သူ့ပတ်ဝန်းကျင်ရှိ လူတိုင်းက ဉာဏ်အလင်းပွင့်သောအမူအရာများ ဖြစ်ကုန်ကြသည်။

လူတိုင်းက သူတော်စင်အဖွဲ့အစည်းကို အထူး စိတ်ဝင်စားနေမှန်း ဤတုံ့ပြန်မှုမှ တဆင့် ထင်ရှားနေ၏။

ကော်ဟောက်က ပြုံးလိုက်သည်။

"ဒီသူတော်စင် အဖွဲ့အစည်းက နည်းနည်းတော့ ထူးခြားတယ်.. သူတို့က ပုဂ္ဂလိကပညာရေး အဖွဲ့အစည်း မဟုတ်ပေမဲ့လည်း နေရာအနှံ့က ထိပ်တန်း ကျောင်းသားတွေကို စုစည်းနေတဲ့ နိုင်ငံတကာ အသိအမှတ်ပြု အဖွဲ့အစည်း တစ်ခုပဲ."

"ဒီအဖွဲ့အစည်းထဲကို ဝင်နိုင်တဲ့သူတွေက အထက်တန်းလွှာတွေထဲက ထူးခြားတဲ့ ပါရမီရှင်တွေလို့ သိရတယ်"

"ဝိုး.."

လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။

ဤအတိုင်းဆိုလျှင် သူတော်စင် အဖွဲ့အစည်းက တော်တော်လေး ကြောက်စရာကောင်းပုံ ရနေ၏။

ထိုအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ချူးယွမ်ဟောင်သည် သူတော်စင်အဖွဲ့အစည်း၏ ကြော်ငြာတွင် အဆင့်တူ ကျင့်ကြံသူ ဆယ်ဦးကို လွန်ဆွဲပွဲ၌ သက်သောင့်သက်သာ အနိုင်ယူသွားခဲ့သော ပုံရိပ်က သူတို့၏ စိတ်ထဲတွင် ယခုအထိ ကွက်ကွက်ကွင်းကွင်း ရှိနေဆဲ ဖြစ်သည်။

နောက်ထပ် တစ်ယောက်က မေးလိုက်သည်။

"သူတော်စင် အဖွဲ့အစည်းကို ဝင်ရောက်ပြီးရင် ကျောင်းနဲ့ သက်ဆိုင်သေးလား"

ကော်ဟောက် "သူတော်စင်အဖွဲ့အစည်း ထဲကို ၀င်လိုက်ရင် အဖွဲ့ဝင်အဖြစ် နောက်ထပ် အထောက်အထား တစ်ခု ရလာလိမ့်မယ်...အထက်တန်းကျောင်းတက်ပြီး သုံးနှစ်အတွင်း သူတို့ရဲ့ အခြေစိုက်စခန်းမှာ အထူးသင်ခန်းစာတွေနဲ့ တိုက်ခိုက်ရေးသင်တန်းတွေ ပို့ချတာကို ခံယူခွင့်ရမယ်"

"မြင့်မားတဲ့ အရင်းအမြစ် ထောက်ပံ့ကြေးကို အပတ်စဥ် ရရှိမဲ့အပြင် နာမည်ကြီး ဆရာတွေနဲ့ တစ်ဦးချင်း သင်ခန်းစာတွေကိုလည်း သင်ယူခွင့်ရနိုင်မယ်"

"ဒါပေမယ့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို အရင်ကျောင်းက ကျောင်းသား တစ်ယောက်အနေနဲ့ ဖြေဆိုရမှာမို့ မင်းရဲ့စာမေးပွဲရမှတ်တွေကတော့ ကျောင်းပိုင်ပဲ ဖြစ်လိမ့်မယ်"

"သူတို့က တစ်နိုင်ငံလုံးမှာရှိတဲ့ အထက်တန်းကျောင်းတွေနဲ့ ပူးပေါင်း ချိတ်ဆက်ထားတာလား"

တစ်စုံတစ်ယောက်က မေးလိုက်သည်။

ကော်ဟောက် ခေါင်းညိတ်လိုက်သည်။

"မင်းဒီလိုတွေးလို့ရပါတယ်.. ဒါပေမယ့် သူတော်စင် အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်ဖြစ်ဖို့ကတော့ မလွယ်ဘူး...သူတို့ မျက်စိကျလာရင်တော့ ညှိနှိုင်းဆွေးနွေးဖို့ သူတို့လူတွေကို ကျောင်းဆီ စေလွှတ်ပြီး သဘောတူညီချက်မှာ လက်မှတ်ရေးထိုးစေမှာပဲ"

"ဒီလိုမှမဟုတ်ဘဲ သူတော်စင် အဖွဲ့အစည်းရဲ့ စမ်းသပ်မှုကို ကိုယ်တိုင်ဖြေချင်ရင်တော့ ငွေသွင်းရတယ်.. ဒါပေမယ့် အောင်မြင်ဖို့တော့ မလွယ်ဘူး

"ဘယ်လောက်သွင်းရလဲ"

"အင်မော်တယ် ရွှေငါးထောင်"

"ချီး.. အရမ်းစျေးကြီးတယ်ဟ"

လူတချို့က အော်ဟစ်လိုက်သည်။

"မအောင်မြင်ရင်ရော.. "

"ဒါဆို မင်းပိုက်ဆံတွေ ပလုံပြီလို့ မှတ်လိုက်တော့"

ကော်ဟောက်က ပခုံးတွန့်ပြလိုက်သည်။

"ဒါပေမဲ့ ငါသိရသလောက်တော့ ချမ်းသာတဲ့ မိသားစုတွေက သူတို့ရဲ့ ကလေးတွေကို အဲဒီကို ပို့ချင်နေကြပြီ"

"ထိပ်တန်းအယောက် နှစ်ဆယ် စာရင်း ဝင်နိုင်ရင် တက္ကသိုလ်ဝင်ခွင့် အတွက် အခွင့်အရေး ရနိုင်တယ်လို့ ငါကြားမိတယ်.. ထိပ်တန်း အယောက်နှစ်ဆယ် စာရင်းဝင်ရင် ကောလိပ်ဝင်ခွင့် စာမေးပွဲကို ဖြေဆိုရန် မလိုအပ်သလို ရွှေအမြူတေ အဆင့်မှာလည်း ရှိဖို့ မလိုအပ်ဘဲ လိုချင်တဲ့ တက္ကသိုလ်ကို တိုက်ရိုက် တက်နိုင်တယ်"

ထိုစကားကိုကြားလျှင် ခဏမျှ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။

ဤကမ္ဘာပေါ်တွင် ဤသူတော်စင် အဖွဲ့အစည်းကို မည်သူ တည်ထောင်ခဲ့ပါသနည်း။

[ထိုလူက ဒီလောက်တောင် အစွမ်းထက်တယ်လား]

အချက်အလက်များကို သံသယဝင်သူ အချို့လည်း ရှိသည်။

"ဒီအချက်အလက်ကို မင်းဘယ်ကရခဲ့တာလဲ.. စိတ်ချရပါ့မလား"

ကော်ဟောက် ရယ်လိုက်သည်။

"စိတ်ချပါ.. အဲဒါက လုံးဝကို စိတ်ချရပါတယ်...သူတော်စင်အဖွဲ့အစည်းထဲက ငါ့ဦးလေးတစ်ယောက်က ငါ့ကိုပြောပြခဲ့တာပါ"

လူတိုင်း ".............."

ဝမ်လင်း "............."

...............

ထိုညတွင် ကော်ဟောက်က သူ့အမေကို စိုက်ကြည့်နေသည်။

"အမေ.. ကျနော်က အမေ့ရဲ့ ကလေးအရင်းလား"

မေမေကော် "ဟုတ်တယ်လေ"

ကော်ဟောက် "ဒါဆို ကျွန်တော် သူတော်စင်အသင်းမှာ စာမေးပွဲဖြေချင်တယ်.."

မေမေကော် ပြုံးလိုက်သည်။

"အဲဒီနှစ် ဆောင်းရာသီမှာ နှင်းတွေ အရမ်းထူတယ်..

မင်းအဖေနဲ့ အတူ အိမ်ကို ပြန်လာတဲ့လမ်းမှာ

လမ်းဘေးက အမှိုက်ပုံးထဲမှာ တစ်စုံတစ်ခု လှုပ်ရှားနေတာကိုတွေ့လိုက်ရတယ်"

ကော်ဟောက် "အမေ... ဝင်ခွင့်ဖြေဖို့က အရမ်းကြီး ဈေးမကြီးပါဘူး… အင်မော်တယ်ရွှေ ငါးထောင်လောက်ပါပဲ"

မေမေကော် "မင်းအဖေနဲ့ ငါက အနီးကပ် သွားကြည့်လိုက်တော့ အဲဒါက ခွေးတစ်ကောင် ဖြစ်နေမှန်း သိလိုက်ရတယ်.."

ကော်ဟောက် "အမေ.. ကျနော်သဘောပေါက်ပြီ...စာမေးပွဲ မဖြေတော့ပါဘူး.."

ကော်ဟောက် "ငါ့စကား မဆုံးသေးဘူး အဲဒီခွေးက မင်းကို ပါးစပ်ထဲမှာ ကိုက်ချီထားတာ.."

All Chapters