ဝမ်းနည်းနေသော ငွေရောင်လေး
Vol. 25 Ch. 374
ကော်ဟောက် ပြောသည့်အတိုင်းပင်၊ သူတော်စင်အဖွဲ့အစည်းက မည်သူမဆို ဝင်နိုင်သည့်နေရာ မဟုတ်ပေ။
ယုတ္တိကျကျ ပြောရလျှင် ကျောင်းပေါင်း 100 အထွေထွေအုပ်ချုပ်ရေး ညွှန်ကြားရေးမှူး နှင့် စုန့်ဟိုင်မြို့၏ တရားရေးအရာရှိတစ်ဦးဖြစ်သည့် ကျိုးရီအဖို့ သူတော်စင်အဖွဲ့အစည်းကို သတိမထားမိဘဲ မနေလောက်ပေ။
သူတော်စင်အသင်းမှ တစ်စုံတစ်ရာ လှုပ်ရှားဆောင်ရွက်ခဲ့လျှင် ထိုအကြောင်းကို စုန့်ဟိုင်မြို့တွင် ပထမဆုံး ကြားသိသူမှာ သူသာ ဖြစ်ပေလိမ့်မည်။
သို့သော်လည်း သူတော်စင် အဖွဲ့အစည်းက ဤအရာများကို ပုံမှန်နည်းလမ်းအတိုင်း မလုပ်ခဲ့ပေ။
အဖွဲ့အစည်းတစ်ခုလုံး၏ တည်ရှိမှုသည် အမှန်စင်စစ် အစကတည်းကပင် နိုင်ငံတော် လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ခံခဲ့ရသည်။
၎င်းက ကျောင်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့၏ တိုက်ရိုက် အုပ်ချုပ်မှုအောက်တွင် ရှိပြီး လွန်ခဲ့သည့် ရက်ပိုင်းကမှ လူသိရှင်ကြား ထွက်ပေါ်လာခြင်းပင်။
ကျိုးရီအနေဖြင့် သူတော်စင် အဖွဲ့အစည်း၏ ကြော်ငြာကို TV တွင် တွေ့ရသော အခါမှသာ ဤအချက်အလက်ကို ရရှိခဲ့သည်။
ဟုတ်ပါသည်၊ ဤသူတော်စင် အဖွဲ့အစည်း၏ စိတ်လှုပ်ရှားစရာ အကောင်းဆုံးအရာမှာ တက္ကသိုလ်ဝင်ခွင့် အတွက် ထောက်ခံချက် ဖြစ်ကောင်းဖြစ်နိုင်၏။
သင်က ထူးချွန် ထက်မြက်ပြီး သူတော်စင်အသင်း၌ အဆင့်အတန်း မြင့်နေသမျှ ကာလပတ်လုံး ရွှေအမြူတေ အဆင့် မဟုတ်လျှင်ပင် လိုချင်သည့် တက္ကသိုလ်ကို တက်နိုင်သည်။
ဥပမာအားဖြင့် ကြယ်ခုနှစ်ပွင့် အဖွဲ့အစည်း၏ ဝင်ခွင့်အတွက် စုစုပေါင်း အကဲဖြတ် ရမှတ်မှာ နှစ်သိန်း ဖြစ်၏။
လူအများအပြားက ၎င်းတို့၏ တစ်သက်တာတွင် ဤမြင့်မြတ်သော တက္ကသိုလ်သို့ ဝင်ရောက်ရန် မမျှော်လင့်နိုင်ပေ။
သို့သော် သူတော်စင် အဖွဲ့အစည်း၏ အဖွဲ့ဝင် ဖြစ်လာလျှင်မူ ဘာမဆို ဖြစ်လာနိုင်ပေသည်။
ထို့ကြောင့် ယခုခေတ်စားနေသည့် မေးခွန်းမှာ သင်က သူတော်စင် အဖွဲ့အစည်း၏ မျက်လုံးများကို ဖမ်းစားနိုင်လောက်အောင် အရည်အချင်းရှိမရှိ သူတော်စင် အဖွဲ့အစည်းက မည်သို့ရှာဖွေမလဲ ဆိုသည့်မေးခွန်းပင်။
ယင်းက စဉ်းစားသင့်တဲ့ ကိစ္စတစ်ခုပင်။
ဝမ်လင်းက သူတော်စင် အဖွဲ့အစည်း၏ ကြော်ငြာတွင် ဖော်ပြခဲ့သော ကျောင်းသားနှင့် ပတ်သက်သည့် အချက်အလက်များကို တစ်စုံတစ်ဦးမှ အတိအကျ တူးဖော်ထားသည့် အွန်လိုင်းပို့စ်တစ်ခုကို တွေ့လိုက်ရသည်။
ဆောက်လုပ်ရေးပစ္စည်း အထက်တန်းကျောင်းသည် ချမ်းသာသော ဒုတိယမျိုးဆက် သခင်လေး လင်းရှောင်စုန့်၏ ဖခင် လင်းစစ်စုန့်၏ ရင်းနှီးမြှပ်နှံမှုဖြင့် တည်ဆောက်ထားသော အထက်တန်းကျောင်း ဖြစ်မှန်း ပညာရေး အသိုင်းအဝိုင်းတွင် လူသိများသည်။
တကယ်တမ်းတွင် ချူးယွမ်ဟောင်က လင်းရှောင်စုန့်နှင့် တိုက်ရိုက် ဆက်နွှယ်မှု ရှိသည်။
သူက အစပိုင်းတွင် လင်းရှောင်စုန့်၏ နောက်လိုက်ဖြစ်ခဲ့သော်လည်း မကြာသေးမီကစပြီး အထက်တန်းလွှာများ၏ ပျိုးထောင်ခြင်းကို ခံခဲ့ရကာ အလားအလာများ ပေါက်ကွဲထွက်လာခဲ့သည်။
ထိုပို့စ်အရ အနက်ရောင် ဝတ်ထားသော လူအများအပြားသည် ကောင်းကင်ခရီးနှင်ပြီး ချူးယွမ်ဟောင်ကို တိုက်ရိုက်ခေါ်ဆောင်သွားသည်ဟု သိခဲ့ရ၏။
အနက်ရောင်ဝတ်ထားသော ဤအမျိုးသားများသည် နိုင်ငံအနှံ့ ပြန့်ကျဲနေသော သူတော်စင်အဖွဲ့အစည်း၏ အဖွဲ့ဝင်များ ဖြစ်ပြီး ထူးချွန် ကျောင်းသားများကို အထူးတလည် ရွေးချယ်ရန် တာဝန်ယူထားသည်။
ကနဦးတွင် အနက်ရောင် အမျိုးသားများက လင်းရှောင်စုန့်၏ နောက်သို့ လိုက်နေပြီးမှ နောက်ဆုံးတွင် ချူးယွမ်ဟောင်ကို မတော်တဆ တွေ့ရှိသွားခဲ့ပုံရ၏။
ဝမ်လင်းက ဤကိစ္စရပ်တွင် ဘေးလူတစ်ဦး၏ ရှုထောင့်မှနေ၍ သူ့အမြင်ကို ရိုးရိုးသားသား သုံးသပ်ခဲ့ခြင်းပင်။
သူတော်စင်အဖွဲ့အစည်း အပေါ် လူအများ၏ အမြင် သို့မဟုတ် လူမည်မျှ ပါဝင်လိုသည်ဖြစ်စေ ယင်းမှာ ဝမ်လင်း၏ အလုပ်မဟုတ်ပေ။
လောလောဆယ် သူ၏ အဓိက ဦးစားပေးမှာ ခရိုင်အားကစားပြိုင်ပွဲနှင့် စာမေးပွဲများအပြင် ခေါက်ဆွဲခြောက်ကြွပ်ကြော်အထုပ် နှစ်ဆယ်ပေးရမည့် ကိစ္စက လွဲ၍ တခြားကိစ္စများက သူ့အတွက် အရေးမပါချေ။
သူတော်စင်အဖွဲ့အစည်းက မည်မျှ စွမ်းအားကြီးမားသည်ဖြစ်စေ၊ သူ့ကိုတော့ ရှာမတွေ့လောက်ဟု မျှော်လင့်ရသည်။
သို့သော် သူတော်စင်အဖွဲ့အစည်း အနေဖြင့် သူ့ကို ရှာတွေ့နိုင်ခြေ အလွန်နည်းပါးသည်ဟု သူထင်သည်။
အမှတ် 60 အထက်တန်းကျောင်းရှိ သူ၏ ရမှတ်များက ပျမ်းမျှအားဖြင့် တသမတ်တည်း ဖြစ်နေကြသည် မဟုတ်ပါလော။
ထို့ကြောင့် အဘယ်အကြောင်းကိစ္စဖြင့် သူ့ကို သတိထားမိပါမည်နည်း။
ထိုသို့စဉ်းစားရင်း ဝမ်လင်းက ဤကိစ္စကို သူ့စိတ်ထဲကနေ ဖယ်ထုတ်လိုက်၏။
လက်ရှိတွင် ကျောင်းသင်ခန်းစာက သူတော်စင်အသင်းထက် ပိုအရေးကြီးသည်။
စာမေးပွဲတွင် ပျမ်းမျှရမှတ်ရမှ ဖြစ်လိမ့်မည်။
သူ အမှတ်က ပျမ်းမျှအမှတ်ထက် ကျော်လွန်သွားလျှင် ဖေဖေဝမ်၏ ဆုံးမခြင်းကို ခံရမည်။
အမှတ်နည်းလွန်းလျှင်လည်း ဆရာမဖန်က မိဘ ခေါ်ခိုင်းလိမ့်မည်။
ထို့ကြောင့် ဝမ်လင်းအနေဖြင့် ပျမ်းမျှအဆင့်ရအောင် လုပ်နိုင်သူကသာ တကယ့်ဆရာကြီးဟု ထင်မြင်နေမိသည်။
သို့သော်လည်း သူက စာအုပ်ကို ဖွင့်ကြည့်ရုံသာ ရှိသေးသည်။
ဗုံးပစ်စီနီယာ အင်မော်တယ် ထံမှ စာသားမက်ဆေ့ခ်ျကို လက်ခံရရှိခဲ့သည်။
"ညီနောင်လင်း မင်းကိုပြောစရာရှိတယ်..."
ဝမ်လင်းက မေးခွန်း အမှတ်အသားဖြင့် ပြန်ဖြေလိုက်သည်။
"...???..."
ဗုံးပစ်စီနီယာအင်မော်တယ်"အဲဒါက... ငါ ဟိုတစ်နေ့က မင်းကို သူတော်စင် သားရဲသွေးကို ပေးဖို့ လုပ်ခဲ့တယ်"
"ငါက ငွေရောင်လေးအတွက် စည်တစ်ခုကို ပြင်ဆင်ပေးလိုက်တယ်.. ငွေရောင်လေးကလည်း သွေးထုတ်ဖို့ အဆင်သင့်ဖြစ်နေခဲ့တယ်...အဲဒီနောက်မှာ သူက လင်းလင်းချင်းချင်းမှာ လုပ်မယ် ဆိုပြီး အပြင်ကို ထွက်သွားခဲ့တယ်"
ထိုမက်ဆေ့ချ်ကို မြင်လျှင် ဝမ်လင်းက ဘာဆက်ဖြစ်သွားမှန်း မှန်းဆနိုင်နေပြီ ဖြစ်သည်။
"............"
"နောက်တော့ အိမ်နီးနားချင်းတွေက ငွေရောင်လေးက သူ့လက်ကောက်ဝတ်ကို သူ့ဘာသာ လှီးဖြတ်နေတာကို တွေ့လိုက်ရတယ်"
"အခု သူက ထိန်းသိမ်းခံထားရတယ်.. ရဲတွေက သူ့ကို အကြံဉာဏ်ပေးပြီး နှစ်သိမ့်ဆွေးနွေးမှု လုပ်ပေးနေတယ်"
ဝမ်လင်း "..........."
..............
ည ၇ နာရီ.. အန်းနင်းခရိုင် ကျင့်ကြံခြင်းရဲဌာန.. စုန့်ဟိုင်မြို့၊
ငွေရောင်လေးက ရဲအရာရှိရှေ့တွင် ရှိနေသည်။
သူ၏ ညာဘက် လက်ကောက်ဝတ်တွင် ပိုးသတ်ထားသည့်ပတ်တီးဖြင့် ရိုးရှင်းစွာ စည်းနှောင်ထားသည်။
လက်ကောက်ဝတ် လှီးဖြတ်နေသည်ကို တွေ့မြင်ခဲ့သော အချိန်တွင် ဒဏ်ရာမှ ထွက်လာသော သွေးမှာ စည်တစ်ဝက်လောက် ပြည့်နေပြီ ဖြစ်သည်။
သို့သော် အဆုံးသတ်တွင် ရဲအရာရှိမှာ မပြောမဆိုဘဲ သွန်ချပစ်လိုက်၏။
ထိုအချိန်က အဖြစ်အပျက်ကို ပြန်သတိရမိလျှင် ငွေရောင်လေးက နာကျင်မတတ် ခံစားမိနေဆဲပင်။
ကျေးဇူးတင်ရမည်မှာ သူတော်စင်သားရဲများက သွေးထုတ်လုပ်ရန် အသည်းကို အားကိုးစရာ မလိုခြင်းပင်။
မဟုတ်လျှင် သူက မောပန်းနွမ်းနယ် နေပေလိမ့်မည်။
"နာမည်"
"ငွေရောင်လေး"
"မင်းနာမည်အရင်းကို ငါမေးနေတယ်..."
"ကျွန်တော့်နာမည်ကိုက ငွေရောင်လေးပါ"
ငွေရောင်လေးက မကြာသေးမီက ဗုံးပစ်စီနီယာ အင်မော်တယ် ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ပေးခဲ့သည့် ၎င်း၏ ID ကတ်ကို ထုတ်ပြလိုက်သည်။
"နာနေသေးလား"
မှတ်စုယူနေသည့် ရဲအရာရှိက စိုးရိမ်တကြီး မေးလိုက်သည်။
ထိုရဲအရာရှိမှာ ယခင်က စိတ်ရောဂါကု ဆရာဝန် တစ်ယောက်ဖြစ်၏။
ထို့ကြောင့် သတ်သေဖို့ကြိုးစားသည့် ကိစ္စများကို မကြာခဏဆိုသလို တာဝန်ယူရလေ့ ရှိသည်။
အမှန်တကယ်တွင် မှတ်စုယူခြင်းက ဒုတိယနေရာတွင်သာဖြစ်သည်။
သူ၏ ဦးစားပေးမှာ စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်ပေးခြင်း ဖြစ်၏။
ကိုယ့်ကိုယ်ကို သတ်သေဖို့ကြိုးစားသည့် လူငယ်များကို နှလုံးသားဖြင့် ကမ္ဘာကြီး၏ နွေးထွေးမှုများကို ခံစားတတ်ဖို့ ချော့မြူရသည်မှာ သူ့အလုပ်ဖြစ်သည်။
"မနာဘူး"
ငွေရောင်လေးက ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်သည်။
သူက လက်ကောက်ဝတ်တွင် စည်းထားသော ပတ်တီးကို အနည်းငယ် မကျေမနပ် ကြည့်လိုက်သည်။
သူအလိုရှိလျှင် စက္ကန့်အနည်းငယ် အတွင်း ဤပြတ်ရှရာအသေးလေးကို လုံးဝ ပျောက်ကင်းအောင် လုပ်နိုင်၏။
"ဘယ်တော့ထွက်ရမှာလဲ"
ငွေရောင်လေးက ရဲအရာရှိကို သူ၏ တောက်ပသော မျက်ဝန်းများဖြင့် ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
"ဘာကြောင့် ကိုယ့်ကိုကိုယ် သတ်သေချင်တာလဲ ဆိုတာကို အရင်ဆုံး ရှင်းရှင်းလင်းလင်း ရှင်းပြပါ"
".............."
ငွေရောင်လေးက မကျေမနပ် အမူအရာဖြင့် ရေရွတ်လိုက်သည်။
"ခေါက်ဆွဲခြောက်ကြွပ်ကြော်ထုပ် နှစ်ဆယ်ကြောင့်ပါ"
ထိုစကားကိုကြားလျှင် ရဲအရာရှိက ဘောပင်လွတ်ကျလု နီးပါး ဖြစ်သွားသည်။
"မင်းဘာပြောလိုက်တာလဲ"
"အဲ... ဆိုလိုတာက ခေါက်ဆွဲခြောက်ကြွပ်ကြော် အထုပ်နှစ်ဆယ် ထဲကနေ လိုချင်တဲ့ ကတ်ပြားကို မရလို့ ဆိုပါတော့..."
ရဲအရာရှိက ပို၍ပင် အံ့အားသင့်သွားသည်။
"ဒါကြောင့်ပဲ ကိုယ့်ကိုကိုယ်သတ်သေဖို့ ဆုံးဖြတ်ခဲ့တာလား"
ငွေရောင်လေး "မဟုတ်ရင်.. ဘာကိစ္စ ရှိသေးလို့လဲ"
ရဲအရာရှိ "............"
.................
တစ်နာရီခန့်အကြာတွင် ဗုံးပစ်စီနီယာ အင်မော်တယ်က ရဲစခန်းသို့ ရောက်ရှိလာသည်။
ဗုံးပစ်စီနီယာ အင်မော်တယ် "မင်္ဂလာပါ အာမခံပေးဖို့ ရောက်လာတာပါ..."
ဧည့်ကြို ကောင်တာမှ ရဲအရာရှိက ပြုံးပြလိုက်သည်။
"ဘယ်သူ့အတွက် အာမခံမလို့လဲ.. ကျေးဇူးပြုပြီး နာမည်လေး တစ်ဆိတ်လောက်"
ဗုံးပစ်စီနီယာ အင်မော်တယ် "ငွေရောင်လေးပါ"
"အိုး.. ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့တဲ့ ကပြားရုပ်ရည်မျိုးနဲ့ လူငယ် မဟုတ်လား.. စောစောကပဲ ဒီမှာ ရှိနေခဲ့တယ်"
ရဲအရာရှိက ပြောလိုက်သည်။
ဗုံးပစ်စီနီယာအင်မော်တယ် "အခုရော"
ရဲအရာရှိ "ဆေးရုံရဲ့ စိတ်ရောဂါကုဌာနမှာ စစ်ဆေးနေပါတယ်"
ဗုံးပစ်စီနီယာအင်မော်တယ် "............."