နဂါးငွေ့တန်းကိုးသွယ်မီးတောက်.......
Vol. 55 Ch. 759
လီလော့သည် မိုးကြိုးပန်းပဲဖိုမှယူဆောင်လာသော အံ့ဖွယ်ရာများကြောင့် စိတ်ကူးစိတ်သန်းအသစ်များကို ရရှိခဲ့သည်။
မိုးကြိုးနတ်ဘုရားခန္ဓာသည် လူတစ်ဦး၏ ဖွဲ့စည်းပုံကို သိသိသာသာ မြှင့်တင်ပေးနိုင်သော မိုးကြိုးပန်းပဲဖိုမှ ဆင်းသက်လာသော စွမ်းရည်တစ်ခုဖြစ်သည်။ ၎င်းတွင် အဆင့်ငါးခုရှိသော်လည်း လောလောဆယ်တွင် လီလော့အနေဖြင့် ပထမအဆင့် သို့ရောက်ရှိနေပြီဖြစ်သည်။
မိုးကြိုးနတ်ဘုရားခန္ဓာ၏အလားအလာကိုမြှင့်တင်ပေးနိုင်သောမိုးကြိုးစွမ်းအင်များ မိုးကြိုးပန်းပဲဖိုတွင်ရှိနေသည်။
မိုးကြိုးပန်းပဲဖို အတွင်းရှိ မိုးကြိုးစွမ်းအင်များ အားကောင်းလာမှသာ လူတစ်ဦး၏ ခန္ဓာကိုယ်အား ယာယီ သန်မာစေနိုင်မည်ဖြစ်သည်။
ဒါပေမယ့် အားကောင်းအောင် လုပ်ဖို့ဆိုတာ လွယ်ကူတဲ့ လုပ်ဆောင်ချက်တော့ မဟုတ်ပေ။ မိုးကြိုးပဲ့တင်ထပ်သံသည် သူ၏တတိယပဲ့တင်ထပ်သံအတွက် အကူမျှသာသာဖြစ်ပြီး မိုးကြိုးပန်းပဲဖို အား အားကောင်းစေရန် ၎င်းကို အားကိုးခြင်းသည် အချိန်များစွာကြာမည်ဖြစ်သည်။ သူ၏ လက်ရှိပဲ့တင်ထပ်သံစွမ်းအားဖြင့်၊ မိုးကြိုးပန်းပဲဖိုကို ဤအခြေအနေတွင်သာ ထိန်းသိမ်းထားနိုင်ခဲ့သည်။
ထို့ကြောင့်၊ သူ့အတွက် တစ်ခုတည်းသော နည်းလမ်းမှာ အထူးနည်းလမ်းများကို အသုံးပြု၍ မိုးကြိုးပန်းပဲဖိုကို အားကောင်းအောင် ပြုလုပ်ရန်ဖြစ်သည်။
နဂါးငွေ့တန်းကိုးသွယ်မီးတောက်က သူ့အတွက် ကြီးမားသော အကျိုးကျေးဇူးဖြစ်စေမည်ဟု ထင်ရသည်။
၎င်းနှင့်အတူ၊ လီလော့သည် မိုးကြိုးနတ်ဘုရားခန္ဓာကို ဒုတိယအဆင့်သို့ မြှင့်တင်နိုင်မည်ဟု ယုံကြည်ခဲ့သည်။
ဒါမှ သူ့ခန္ဓာကိုယ် သန်မာလာပြီး ငွေနတ်ဆိုးခန္ဓာအဆင့်ထက် အားနည်းနေတာမျိုး မဖြး်နိုင်တော့ပေ။
ဒါဟာ သိသာထင်ရှားတဲ့ တွန်းအားတစ်ခု ဖြစ်စေနိုင်သည်။
အတွေးထဲတွင်နစ်မြောနေသော လီလော့သည် သူ့ပတ်ဝန်းကျင်ကမ္ဘာကြီး ပြင်းထန်စွာလှုပ်ခါသွားသည်ကို ခံစားလိုက်ရသောအခါမှသာ သတိပြန်ဝင်လာသည်။ သူသည် ကြီးမားကျယ်ပြန့်သော ရွှေရောင်သဲကန္တာရကို ဖြတ်ကျော်ကာ လျင်မြန်စွာ ကြည့်လိုက်သော်လည်း သူမြင်နိုင်သမျှမှာ အဆုံးမရှိသော သဲလှိုင်းလုံးများဖြစ်သည်။
နောက်အခိုက်အတန့်တွင် ရွှေရောင်သဲမှုန်များ ကောင်းကင်ပေါ်သို့ပျံတက်သွားလေသည်။
ကြီးမားလှသော ရွှေရောင်အလင်းတန်းနှစ်ခုကို သဲမှုန်များကြားမှမြင်နေရသဖြင့် လီလော့ အသက်ပြင်းပြင်းရှူလိုက်သည်။
ခမ်းနားထည်ဝါသော ရွှေနဂါးကြီးသည် လီလော့ကို ငုံ့ကြည့်ကာ ဖိအားများပေးစွမ်းနေသည်။
ရွှေနဂါးကြီး ပါးစပ်ကို ဖွင့်လိုက်သောအခါ အကန့်အသတ်မဲ့ မိုးခြိမ်းသံများ ပြည့်နှက်နေသော မီးတောက်ကြီးဖြစ်ပေါ်လာသဖြင့် လီလော့ ကြောက်ရွံ့မှုကြောင့် အေးခဲသွားလေ၏။
ဤမီးတောက်သည် ယခင်ပုံစံထက် အဆများစွာ ပိုပြင်းထန်သည်။
“တကယ်ကိုပြင်းထန်လွန်းတယ်....”
အကယ်၍ သူသည် ဤမျှကြီးမားသော မိုးကြိုးစွမ်းအင်ကို မိုးကြိုးပန်းပဲဖိုကိုအားကိုး၍ မဆင်မခြင် စုပ်ယူလိုက်လျှင် သေချာပေါက် ကိစ္စချောသွားနိုင်သည်။
ထို့အပြင် သူ၏ခန္ဓာကိုယ်သည် ၎င်းကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
ထို့ကြောင့် နဂါးမီးတောက်ကို သူ့ခန္ဓာကိုယ် ကိုင်တွယ်နိုင်သည့် အဆင့်အထိ အားနည်းသွားအောင် လုပ်ဆောင်ရမည်ဖြစ်သည်။
သေချာတွေးတောပြီးနောက် နောက်ထပ် တုံ့ဆိုင်းနေစရာ မလိုတော့ပေ။ သူ့ခန္ဓာကိုယ် အလိုလို လှုပ်ရှားလာပြီး အင်အားစုဆောင်းကာ မရဏမြစ်၏မဟူရာနဂါးအလံတော်ကိုဆင့်ခေါ်လိုက်သည်။
လီလော့သည် တုံ့ဆိုင်းမနေဘဲ ပြင်းထန်လှသော မီးတောက်ကို တွန်းလှန်ရန် ၎င်း၏ အပြင်းထန်ဆုံး စွမ်းရည်ကို ချက်ချင်း အသုံးပြုခဲ့သည်။
ကောင်းကင်က ရွှေနဂါးကြီးကလည်း တွန့်ဆုတ်မနေပေ။ချက်ချင်း ပါးစပ်ကိုဖွင့်၍ ချွန်မြသော အစွယ်များကို လှစ်ဟာပြသနေသည်။
နောက်အခိုက်အတန့်တွင် နဂါးဟိန်းသံနှင့်မိုးခြိမ်းသံများ တဟုန်ထိုး မြည်ဟီးလာသည်။
မီတာတစ်ထောင်ရှိသော ရွှေရောင်နဂါးမီးတောက်ကြီး အံ့အားသင့်ဖွယ် ပြင်းထန်စွာ ထွက်ပေါ်လာသည်။
"မရဏမြစ်ရဲ့မဟူရာနဂါးအလံတော်....!"
လီလော့၏ မျက်လုံးများ တောက်ပလာပြီး သူ့လက်ထဲက အလံတော်ကနေ အနက်ရောင် နဂါးကြီး ထွက်လာသည်။ အနက်ရောင်နဂါးကြီးသည် ကျယ်လောင်စွာ ဟိန်းဟောက်၍ အနက်ရောင်အလင်းတန်းများသဖွယ် ကောင်းကင်ပေါ်ပျံတက်သွားပြီး နဂါးငွေ့တန်းကိုးသွယ်မီးတောက်နှင့် ရင်ဆိုင်လေတော့သည်။
၎င်းတို့ ထိပ်တိုက်တွေ့ချိန်တွင် အပျက်အစီးများ အက်ကွဲကြောင်းများ စတင်ဖြစ်ပေါ်လာသည်။
နောက်ဆုံးတွင် နဂါးနက်ကြီး အားပျော့သွားကာ မိုးကြိုးစွမ်းအင်များပါဝင်နေသောမီးတောက်၏ ကြောက်မက်ဖွယ် စွမ်းအားများအောက်တွင် မှိန်ဖျော့ပျောက်ကွယ်သွားသည်။
နဂါးငွေ့တန်းကိုးသွယ်မီးတောက်က တကယ့်ကို ကြောက်စရာကောင်းပေသည်။မြို့စားအဆင့်ပညာရပ် ဖြင့်ပင်လျှင် ၎င်း၏ ခွန်အားထက်ဝက်ခန့်သာ ကုန်ဆုံးအောင်လုပ်နိုင်ခဲ့သည်။
မိုးကြိုးစွမ်းအင်များပါဝင်သောမီးတောက်၏ ကျန်တစ်ဝက်သည် အဖျက်စွမ်းအားများသယ်ဆောင်လျက် လီလော့ဆီသို့ ဆက်လက် ရွေ့လျားလာသည်။
လီလော့က ခေါင်းမော့ပြီး မီးတောက်ကို တည့်တည့်စိုက်ကြည့်လိုက်သည်။ သို့သော် သူ့မျက်နှာတွင် ထိတ်လန့်သည့် အရိပ်အယောင်များ မတွေ့ရပေ။ ယင်းအစား၊ မိုးကြိုးနတ်ဘုရားခန္ဓာကို အသက်သွင်းထားသည်။
ဘန်းးးးးးးး
မိုးကြိုးနတ်ဘုရားခန္ဓာ၏ ပထမအဆင့်က သူ့ခန္ဓာကိုယ်၏ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကိုတိုမြှင့်ပေးထားသည်။
ဤမျှလောက်နှင့် မလုံလောက်သေးပေ။ ထိုအချိန်တွင် သူ့လက်ထဲတွင် လျှို့ဝှက်ဆန်းကြယ်သော ခရမ်းရောင်အလင်းတန်းတစ်ခု ပေါ်လာသည်။ ၎င်းသည် ရှန့်ပိန်းတွေ့ဆုံပွဲမှ လီလော့ ရရှိခဲ့သော ခရမ်းရောင်ရှန်းလိသစ်ပင်ရင်ထိုး ဖြစ်သည်။
ရင်ထိုးသည် မူလက ခရမ်းရောင်ဝိဉာဉ်ရည် ကို ထုတ်လုပ်နိုင်ခဲ့ပြီး လီလော့၏ပဲ့တင်ထပ်သံများကို အဆင့်မြှင့်တင်ပေးခဲ့သည်။ သို့သော်၊ လီလော့သည် နဂါးပဲ့တင်ထပ်သံကို အဆင့်ခြောက်ထိရောက် တထိုင်တည်းမြှင့်တင်ခဲ့သဖြင့် ရင်ထိုး၏အသုံးဝင်မှုတစ်ခုကိုဆုံးရှုံးခဲ့ရသည်။
မည်သို့ပင်ဆိုစေကာမူ လီလော့အတွက် ယခုချိန်တွင် ခရမ်းရောင်ဝိဉာဉ်ရည် မလိုအပ်တော့ပေ။ အဲဒီအစား သူလိုအပ်တာက ရင်ထိုးရဲ့ လျှို့ဝှက်ပညာရပ်တစ်ခုကိုသာပင်....
"ယုံဟန့်ရှန်းချပ်ဝတ်!"
လီလော့ ၏ တီးတိုးရွတ်ဆိုသံနှင့်အတူ ရင်ထိုး ရုတ်တရက် တောက်ပပြီး အစိမ်းရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။ ဤအလင်းတန်းများတွင် များပြားသောအသက်ဓာတ်များ ပါ၀င်ပြီး လီလော့၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ ရစ်ပတ်ထားသည်။
ခဏအကြာတွင် လီလော့၏ ခန္ဓာကိုယ်ကို ကာကွယ်ရန် အစိမ်းရောင်ချပ်ဝတ်တစ်ခုဖြစ်ပေါ်လာခဲ့သည်။
သူ့ခန္ဓာကိုယ်ထဲသို့စီးဝင်နေသော အသက်ဓာတ်များ၏အရှိန်အဝါကို ခံစားရနိုင်သည်။ ဆင်နတ်ဘုရားစွမ်းအားကို အသုံးပြုခြင်းကြောင့် ရထားသောဒဏ်ရာများ လုံးဝပြန်လည်ကောင်းမွန်လာခဲ့သည်။
"ဒီလောက်တောင် ပြင်းထန်တဲ့ ကုသရေးစွမ်းအင်တွေလဲ....!"
လီလော့သည် ယုံဟန့်ရှန်းချပ်ဝတ်၏ ကုသရေးစွမ်းအင်သည် သူယခင်က အသုံးပြုခဲ့သော အခြားသော ကုသရေးပညာရပ်များထက် များစွာပိုမိုအားကောင်းနေသောကြောင့် အံ့သြနေလေ၏။
ထို့အပြင်၊ ယုံဟန့်ရှန်းချပ်ဝတ်သည် သစ်သားပဲ့တင်ထပ်သံစွမ်းအာကို အခြေခံထားပြီး အလင်းပဲ့တင်ထပ်သံစွမ်းအားတွေကိုပါထပ်ပေါင်းထည့်သွင်းထားသည့်အတွက် မီးတောက်များ၏အဖျက်စွမ်းအားကို ထပ်မံလျှော့ချရန် အကောင်းဆုံးရွေးချယ်မှုဖြစ်လာသည်။
အားလုံးပြင်ဆင်ပြီးပြီဖြစ်သောကြောင့် မီးတောက်ကို ရင်ဆိုင်ဖို့သာကျန်တော့သည်။
လီလော့သည် ကြောက်ရွံ့မှုစိုးစဉ်းမျှမရှိဘဲ လက်နှစ်ဖက်ကိုဆန့်တန်းထားသည်။
မိုးကြီုးမီးတောက် ရိုက်ခတ်လိုက်သောအခါ၊ လီလော့၏နားထဲတွင် ကျယ်လောင်သော မိုးခြိမ်းသံများ တရစပ်ဆူညံနေသည်။ ဤအခိုက်အတန့်တွင်၊ ယုံဟန့်ရှန်းချပ်ဝတ် ရုတ်တရက် ကွဲအက်လာပြီး မိုးကြိုးစွမ်းအင်များက လီလော့၏ ခန္ဓာကိုယ်ထဲသို့ အလုအယက်တိုးဝင်လာသည်။
ပြင်းထန်သော ဝေဒနာများ သူ့ခန္ဓာကိုယ်အနှံ့ လွှမ်းခြုံသွားသည်။
သို့သော်လည်း အံကြိတ်၍သာ သည်းခံခဲ့သည်။ ပထမဆုံးအနေနဲ့ သူသည် မိုးကြိုးစွမ်းအင်ကို တန်ပြန်ရန် ပဲ့တင်ထပ်သံနှစ်ခုပေါင်းစပ်ထားသောစွမ်းအားကို အသုံးပြုခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ သူသည် ယုံဟန့်ရှန်းချပ်ဝတ်၏ ပျက်စီးသွားသော အစိတ်အပိုင်းများကို ပြုပြင်ရာတွင် ကူညီပေးရန်အတွက် ရေအလင်းပဲ့တင်ထပ်သံနှင့် သစ်သားပဲ့တင်ထပ်သံတို့၏ ကုသရေးစွမ်းအင်ကိုအသုံးပြုခဲ့သည်။
ထိုအချိန်တွင် မိုးကြိုးစွမ်းအင်များက တိုက်ရိုက်စုပ်ယူဖို့အတွက် အလွန်အားကောင်းနေသေးသည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်ကို အတားအဆီးအဖြစ် အသုံးပြု၍ အားနည်းသွားစေရန် ဆုံးဖြတ်ခဲ့သည်။
ဤအရာက ကြီးမားသောဒုက္ခကို ဖြစ်ပေါ်စေသော်လည်း လီလော့ ကြောက်ရွံ့ခြင်းမရှိပေ။
ထို့ကြောင့် လီလော့၏ ခန္ဓာကိုယ်သည် တိုက်ပွဲအတွက် အဆင်သင့်ဖြစ်လာခဲ့သည်။ မိုးကြိုးစွမ်းအင်များ သူ့ဆီ ဆက်တိုက် လွှမ်းမိုးနေတာကြောင့် ကုသရေးစွမ်းအင်ဿိလည်း မနားတမ်းအသုံးပြုနေရသည်။
ပျက်ဆီးခြင်း၏ နောက်တွင် ပြန်လည်ရှင်သန်ခြင်း သံသရာများ ဆက်လက် လည်ပတ်နေပြီး၊ သူ၏ ရုပ်ခန္ဓာ တဖြည်းဖြည်း သန်မာလာမည့် လက္ခဏာများ ပြသနေသည်။
ဤတိုက်ပွဲမည်မျှကြာမည်ကို မည်သူမျှမသိကြသော်လည်း လီလော့ အံကြိတ်၍တောင့်ခံနေသည်။ ဤအစီအစဥ်ကို စတင်လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ကတည်းက ဒါတွေကိုမျှော်လင့်ထားပြီးသာပင်....
နဂါးငွေ့တန်းကိုးသွယ်မီးတောက်ကို အခြားသူများ မည်ကဲ့သို့ အနိုင်ယူခဲ့သည်ကို မသိသော်လည်း သူ့လို ရူးသွပ်သော အကြံဥာဏ်ကို ရွေးချယ်မည့်သူ အများအပြားရှိမည်မထင်.....
လီလော့၏ ပဲ့တင်ထပ်သံစွမ်းအားများ လျင်မြန်စွာ ကုန်ဆုံးနေသည်။
ကံကောင်းစွာနဲ့ အခြေအနေ တဖြည်းဖြည်း တိုးတက်လာသည်။
ပဲ့တင်ထပ်သံနှစ်ခုပေါင်းစပ်စွမ်းအားသည် မိုးကြိုးစွမ်းအင်ကိုထိရောက်စွာ တုံ့ပြန်ခဲ့သည်။
အချိန်တွေကြာလာတာနဲ့အမျှ လီလော့ဟာ သူ့ခန္ဓာကိုယ်ထဲက မိုးကြိုးစွမ်းအင်တွေကို လက်ခံနိုင်လောက်တဲ့အဆင့်အထိ တွန်းလှန်ဖို့ နီးကပ်လာပါပြီ.....
"ပြီးတော့မယ်......"
ဤအတွေးဖြင့် သူသည် ခန္ဓာကိုယ်ထဲက မိုးကြိုးပန်းပဲဖိုကို အသက်သွင်းလိုက်သည်။ ရုတ်တရက် သူ့ခန္ဓာကိုယ်အနှံ့ လျှပ်စီးတန်းများ တောက်ပလာတော့သည်။
ထို့နောက် သူ့ခန္ဓာကိုယ်ကို ပျက်စီးစေသော မိုးကြိုးစွမ်းအင်များသည် အိမ်သို့ပြန်လာသော ငှက်များကဲ့သို့ မိုးကြိုးပန်းပဲဖိုထဲသို့ စုပ်ယူခံလိုက်ရလေသည်။
ခဏလေးအတွင်းမှာ မိုးကြိုးစွမ်းအင်အားလုံးကို မိုးကြိုးပန်းပဲဖိုက စုပ်ယူလိုက်သည်။
နောက်ဆုံးသော စွမ်းအင်များ ဝင်လာသောအခါ၊ လီလော့ အနည်းငယ် စိုးရိမ်စပြုလာသည်။
သူ၏ အနီးကပ် စောင့်ကြည့်မှုအောက်တွင်၊ မိုးကြိုးပန်းပဲဖို ပြင်းထန်စွာ လှုပ်ခါစပြုလာသည်။
မိုးကြိုးပန်းပဲဖိုမှ ကြီးမားသော တုံ့ပြန်မှုကို မြင်လိုက်ရသော အခါ လီလော့ ရင်တထိတ်ထိတ်ဖြင့် အသက်ရှုကြပ်သွားခဲ့သည်။
မိုးကြိုးပန်းပဲဖိုသာ ပေါက်ကွဲသွားလျှင် ကြိုးစားထားသမျှ သဲထဲရေသွန်ဖြစ်ကုန်ပေလိမ့်မည်.........