← Chapters

အံ့သြထိတ်လန့်ခြင်း.....

Vol. 55 Ch. 761

အံ့သြထိတ်လန့်ခြင်း.....

Vol. 55 Ch. 761

လီလော့၏ မထင်မှတ်သော ထွက်ပေါ်လာမှုက လူအုပ်ကြီးကို အံ့သြသွားစေခဲ့သည်။

ယခင်က ဒဏ်ရာပြင်းထန်စွာရခဲ့သော ပြိုင်ပွဲဝင်များ ရှိခဲ့သော်လည်း၊ ၎င်းတို့အားလုံးသည် နဂါးကျောက်စာမှ အေးအေးလူလူ ရုန်းထွက်နိုင်ခဲ့ကြသည်။ လီလော့လိုမျိုး ရှက်စရာကောင်းတဲ့ ပုံစံမျိုးနဲ့ ထွက်လာတာကိုတော့ မြင်ရခဲသည်။

ဒီလိုမြင်ကွင်းကြောင့် လူအုပ်ကြီးက ရယ်မောလိုက်ကြသည်။

"ခေါင်းဆောင် အဆင်ပြေရဲ့လား"

ကျောက်ယန်ဇီက လီလော့ကို စိုးရိမ်တကြီးကြည့်ရင်း ကူညီပေးဖို့လက်လှမ်းလိုက်သည်။

လီလော့ သူမ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး မတ်ထပ်ထရပ်လိုက်သည်။ ထိုအချိန်တွင် သူ့မျက်နှာပေါ်တွင် နဂါးမီးတောက်ကြောင့် ပူလောင်နေသေးသောကြောင့် သူ၏အမူအရာကို မည်သူမျှ မဖတ်နိုင်ပေ။

"အဆင်ပြေပါတယ်..အားလုံးမျှော်လင့်ထားတဲအအတိုင်းပါပဲ"ဟု လီလော့က တည်ငြိမ်စွာဖြေလိုက်သည်။

ဒါကိုကြားတော့ လီရှိနဲ့ မုဘီ ဘာပြောရမှန်းမသိဖြစ်နေကြသည်။ ထိုသို့သောအဆုံးသတ်မျိုးကို သူ့တို့မျှော်လင့်ခဲ့မိလို့လား....

"စမ်းသပ်မှုရလဒ်ကရော...." ကျောက်ယန်ဇီ စိတ်လှုပ်ရှားစွာမေးလိုက်သည်။

သို့သော်လည်း လီလော့သည် ယခုတစ်ကြိမ်တွင် ပြန်မဖြေဘဲ ယင်းအစား၊ နဂါးကျောက်စာ ယကို လေးနက်သောအကြည့်ဖြင့် တည့်တည့်ကြည့်နေသည်။

ကျောက်ယန်ဇီတို့တတွေ သူ၏အပြုအမူကြောင့် ပဟေဠိဖြစ်ခဲ့ကြသည်။ နောက်ထပ်မေးခွန်းတွေမေးခါနီးမှာ နဂါးကျောက်စာ ထဲက ရွှေရောင်အလင်းတန်းတွေ ထွက်လာပြီး လူတိုင်းရဲ့အာရုံကို ဖမ်းစားခဲ့သည်။

ရွှေရောင်အလင်းတန်းများ ကောင်းကင်သို့ မြင့်တက်လာပြီး မိုင်ရာနှင့်ချီဝေးသောနေရာမှပင် မြင်တွေ့နိုင်သည်။

ထို့နောက်တွင် ရွှေရောင်စက်ဝိုင်း ကိုးခု ထွက်ပေါ်လာပြီး စကားလုံးများအဖြစ်ပြောင်းလဲသွားခဲ့သည်။

"အစိမ်းရောင်နယ်သာခန်းမ၏ ပဉ္စမဌာနခွဲခေါင်းဆောင် လီလော့သည် နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်ကို ရယူနိုင်ခဲ့သည်...."

ဒါက လူတိုင်းကို ခဏလောက် နှုတ်ဆိတ်စေခဲ့ပါသည်။ ကျောက်ယန်ဇီတို့သာမက ကျုံးလင်အပါအဝင် အားလုံးက ထိုစာလုံးများကို မယုံနိုင်စွာ ကြည့်နေခဲ့ကြသည်။

နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်......

"လီလော့က နဂါးငွေ့တန်းကိုးသွယ် စမ်းသပ်မှုကို အောင်မြင်ခဲ့တာလား...."

" ဘယ်လိုဖြစ်နိုင်မှာလဲ? သူက အခုမှ အစောပိုင်းနတ်ဆိုးနန်းတော်အဆင့်ပဲရောက်သေးတာလေ...."

ထိုအချိန်တွင်၊ ကျုံးလင်၏ မျက်နှာ မည်းမှောင်နေကာ ဤကိစ္စကို သူလက်မခံနိုင်ကြောင်း ထင်ရှားနေသည်။ သူသည်လည်း နဂါးငွေ့တန်းကိုးသွယ် စမ်းသပ်မှုကို ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် သူ့မျက်လုံးများကို မယုံနိုင်ဖြစ်သွားသည်။ လီလော့လိုလူတစ်ယောက်က ဘယ်လိုအောင်မြင်နိုင်မလဲ.....

လီလော့၏အရိပ်ကို ငုံ့ကြည့်ရင်း ခန်းမသခင်၏သားသည် သူထင်ထားသည်ထက် ပို၍ ခြိမ်းခြောက်နိုင်ကြောင်း နားလည်လိုက်လေသည်။

လူစုလူဝေးကြားတွင် တိတ်ဆိတ်မှုက ခဏတာမျှသာ ကြာမြင့်ခဲ့ပြီး လူတိုင်း အသစ်တွေ့ရှိသော စိတ်လှုပ်ရှားမှုကြောင့် ထပ်မံပေါက်ကွဲသွားခဲ့သည်။

အစိမ်းရောင်နယ်သာတံခွန်အဖွဲ့၏အဖွဲ့ဝင်များအားလုံး ဤရလဒ်ကြောင့် အံ့အားသင့်ခဲ့ကြပြီး လီလော့ကို မတူညီသောအမြင်သစ်ဖြင့်ကြည့်ရှုနေကြသည်။

လီလော့နှင့်မုဘီတို့အကြား ယခင်ထိပ်တိုက်သည် လီလော့အတွက် ကံကောင်းခြင်းဖြစ်နိုင်သည်။ သို့သော်လည်း ယခုအချိန်တွင် လီလော့သည် နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်ကို ရရှိထားသောကြောင့် သူ၏ အစွမ်းသတ္တိကို သံသယမရှိကြတော့ပေ။

တကယ်တော့၊ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ မှ နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်ကို ရရှိခဲ့သည်မှာ မရေမတွက်နိုင်သော နှစ်များကြာခဲ့ပြီဖြစ်သည်။

တကယ်တော့၊ နဂါးသွေးကလန်တွင်ပင်၊ နဂါးငွေ့တန်းကိုးသွယ် စမ်းသပ်မှုတွင် အောင်မြင်သူမှာ ရွှေသွေးတံခွန်အဖွဲ့ခေါင်းဆောင်တစ်ယောက်သာရှိသည်။ ဒါပေမယ့် အခုတော့အခြေနေတွေ ပြောင်းလဲခဲ့ချေပြီ..... နောက်ဆုံးတွင်၊ နဂါးစွယ်ကလန်၌ နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်ကိုပိုင်ဆိုင်သော သခင်အသစ်တစ်ယောက်ရှိလာခဲ့ပြီ.....

၎င်းသည် နဂါးစွယ်ကလန်နှင့် အခြားသော ကလန်လေးခုကိုပင် သေချာပေါက် တုန်လှုပ်စေလိမ့်မည်။

အစိမ်းရောင်နယ်သာတံခွန်အဖွဲ့၏အဖွဲ့ဝင်များအားလုံး မကြာသေးမီကမှ ပြန်လည်ရောက်ရှိလာသော ခန်းမသခင်၏သားသည် ကောင်းကင်နဂါးကလန်ငါးခုတွင် နာမည်ကြီးလာမည်ကို ၎င်းတို့၏စိတ်ထဲတွင် သိထားကြသည်။

မျှော်လင့်ထားသည့်အတိုင်း၊ တံခွန်အဖွဲ့နှစ်ဆယ်၏ နဂါးကျောက်စာများ အားလုံးချိတ်ဆက်ထားသောကြောင့်၊ အခြားသော နဂါးကျောက်စာတိုင်များတွင်လည်း အလားတူ ဖြစ်စဉ်ကို ကြုံတွေ့ခဲ့ကြသည်. ၎င်းတို့ထံမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။

နဂါးစွယ်ကလန်၏ ခရမ်းဝိဉာဉ် လေ့ကျင့်ရေးကွင်းတွင်......

သူ၏အဖွဲ့သားများကို လေ့ကျင့်သင်ကြားနေသည့် လီကျင်းထောင်သည် မယုံနိုင်စွာဖြင့် ရွှေရောင်အလင်းတန်းကို ကြည့်နေလေသည်။

အလားတူ ခရမ်းဝိဉာဉ်တံခွန်အဖွဲ့သား ရှစ်ထောင်ကလည်း ထိုမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်ရှုခဲ့ကြသည်။

"ဟမ်????...."

"တစ်စုံတစ်ယောက်က နဂါးငွေ့တန်းကိုးသွယ်စမ်းသပ်မှုကို အောင်မြင်ခဲ့ပြီလား...?"

"ဒါပေမယ့် ဘယ်သူလဲအောင်မြင်တာလဲ!?"

"အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ရဲ့ ပဉ္စမတပ်ခွဲခေါင်းဆောင် လီလော့?!"

"သူက ဘယ်သူလဲ?"

"မင်း အရမ်းခေတ်နောက်ကျနေပြီ....လီလော့ က တတိယသခင်ကြီးရဲ့သားလေ.... လွန်ခဲ့တဲ့ရက်အနည်းငယ်က ပြင်ပနတ်ဘုရားတိုက်ကြီကနေ ဒီကို ပြန်ရောက်တာ...!"

"အိုး?"

" သူက တော်တော်ကို အထင်ကြီးစရာပဲ....သူပြန်လာတာနဲ့ နဂါးငွေ့တန်းကိုးသွယ် စမ်းသပ်မှုကို ရှင်းပစ်လိုက်တယ်။ သူက တတိယသခင်ရဲ့သား ပီသပါပေတယ်..."

အော်ဟစ်ပြောဆိုနေသော လူအုပ်ကြားတွင် လီကျင်းထောင်သည် ကြည်နူးစရာကောင်းသော အပြုံးကို ထုတ်ပေးပြီး ထိုရလဒ်အတွက် အပြည့်အဝ ကျေနပ်နေသည်။

"ငါ့ညီငယ်က ထက်မြက်တာသေချာတယ်..... ငါတောင် နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်ကို မကျွမ်းကျင်ဘူး...."

နဂါးစွယ်ကလန်၏ ကြက်သွေးတိမ်တိုက်လေ့ကျင့်ရေးကွင်းတွင်.....

အနီရောင် စစ်ဝတ်စုံကို ၀တ်ဆင်ထားသည့် လီဖန်းရိက ရွှေရောင်အလင်းတန်းများကို တအံ့တသြကြည့်နေသည်။

"တတိယဦးလေးရဲ့သား မျှော်လင့်ထားတဲ့အတိုင်းပဲ.... သူက ရုပ်ချောရုံသာမက အရည်အချင်းလည်း ရှိတယ်....သူ့ရဲ့ ပဲ့တင်ထပ်သံစွမ်းအားက နည်းနည်း အားနည်းပေမယ့် သူ့ရဲ့ စွမ်းရည်က ထူးခြားတယ်..... သူက အနာဂတ်မှာ နဂါးစွယ်ကလန်ရဲ့ အရေးပါတဲ့ ပါရမီရှင်ဖြစ်လာမှာ သေချာတယ်...... “

လီဖန်းရီသည်လည်း သူ့မောင်လေးအတွက် အရမ်းကျေနပ်နေသည်။ အနာဂါတ်မှာ အခွင့်အရေးရလာတဲ့အခါ သူ့ကို တခြားကလန်တွေဆီ သေချာပေါက် ခေါ်သွားရမယ်......

နဂါးစွယ်ကလန်၏ ရွှေအလင်းတံခွန်အဖွဲ့.တွင်.....

လေ့ကျင့်ရေးကွင်း၏ အရှေ့ဘက်ခြမ်းတွင် စိမ်းလန်းသော တောင်တန်းကြီးတစ်ခုနှင့် ရေအိုင်တစ်ခု ရှိနေသည်။

ရေကန်ပေါ်တွင် ငြိမ်သက်စွာ လွင့်မျောနေသော သစ်ပင်ကြီးတစ်ပင်ရှိပြီး သစ်ပင်၏ပင်စည်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ငါးဖမ်းနေသည့် အဖြူရောင်ဝတ်ထားသော အမျိုးသားတစ်ဦးရှိသည်။ သူ့မျက်လုံးများကိုသေချာကြည့်လျှင် ထူးခြားသောအော်ရာများရှိနေသည်ကိုမြင်နိုင်သည်။

၎င်းသည် ရွှေအလင်းတံခွန်အဖွဲ့၏ ခေါင်းဆောင် တျန်ဖုန်းရှန်မှလွဲ၍ အခြားမဟုတ်ပေ။

လက်ရှိတွင်၊ ရွှေအလင်းတံခွန်အဖွဲ့ သည် နဂါးစွယ်ကလန်တွင် အသန်မာဆုံးတံခွန်အဖွဲ့ဖြစ်သည်။ သူ၏ သန်မာသောခွန်အားဖြင့်၊ တျန်ဖုန်းရှန်သည် မရေမတွက်နိုင်သော ပြိုင်ဖက်များကြားတွင် ထိပ်ဆုံးသို့ တက်လာပြီး ၎င်းတို့၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။

ထိုသဘောအရ၊ သူက နဂါးစွယ်ကလန်၏ လီဂျင်တောင်းနှင့်လီဖုန်းကျီတို့ကိုကျော်တက်ကာ အသန်မာဆုံး မျိုးဆက်သစ်လူငယ်များထဲမှ တစ်ဦးအဖြစ် ရပ်တည်ခဲ့သည်ဟု ဆိုနိုင်သည်။

မျိုးဆက်သစ်လူငယ်များကြားတွင် အတော်ကို ကြောက်မက်ဖွယ်ကောင်းသော တျန်ဖုန်းရှန်အကြောင်း လူတိုင်းသိကြသည်။

အမှန်တော့၊ သူ၏ ပြင်းထန်သော ခွန်အားသည် နဂါးစွယ်ကလန်တွင်သာမက ကောင်းကင်နဂါးကလန်ငါးခုတွင်ပင် အပြင်းထန်ဆုံး ဖြစ်လာစေခဲ့သည်။

ထိုအချိန်တွင် သူ၏ငါးမျှားတံ အနည်းငယ်တုန်ခါသွားပြီး အံ့အားသင့်စွာဖြင့် ခေါင်းမော့ကာ ကောင်းကင်သို့ လွင့်ပျံလာသော ရွှေရောင်အလင်းတန်းဆီသို့ လှမ်းကြည့်လိုက်သည်။

"အိုး၊ နဂါးစွယ်ကလန်ထဲက တစ်ယောက်ယောက်က နဂါးငွေ့တန်းကိုးသွယ် စမ်းသပ်မှုကို အောင်မြင်ခဲ့ပြီပဲ...."

"လီလော့? အဲ့ဒါ ခန်းမသခင်ရဲ့သား မဟုတ်လား....."

"မဆိုးပါဘူး၊ သူက အစောပိုင်းနတ်ဆိုးနန်းတော်အဆင့်မှာသာရှိပေမဲ့ ဒီလိုအခက်အခဲတွေကို ရှင်းထုတ်နိုင်ခဲ့တယ်...."

ထိုသတင်းကြောင့် သူ အံ့အားသင့်သွားသော်လည်း၊ တျန်ဖုန်းရှန်သည် ကျုံးလင်နှင့် အခြားသူများလိုမဟုတ်ဘဲ တည်ငြိမ်နေခဲ့သည်။ နောက်ဆုံးတွင်၊ လီလော့နှင့် သူ့ကြားတွင်အင်အားကွာဟချက်များစွာရှိနေဆဲဖြစ်သည်။ လက်ရှိတွင်၊ တျန်ဖုန်းရှန်၏ ရည်မှန်းချက်မှာ နဂါးစွယ်ကလန်၏ တံခွန်ငါးခုတွင် ခေါင်းဆောင်ဖြစ်လာနိုင်ဖို့ပင်.... သူအောင်မြင်ပြီးသည်နှင့် လီလော့သည် သူ၏လက်အောက်ငယ်သားအဖြစ် သတ်မှတ်ခံရမည်ဖြစ်ပြီး ထိုကဲ့သို့ အားကောင်းပြီး စွမ်းရည်ရှိသော လက်အောက်ငယ်သားတစ်ဦးရှိခြင်း အံ့သြဖွယ်ကောင်းပေလိမ့်မည်။ ၎င်းသည် နောင်အနာဂတ်တွင် အခြားသော ကလန်လေးခုမှ အကြီးအကဲများနှင့် ရင်ဆိုင်ရသောအခါတွင် သေချာပေါက် အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။

ထိုသို့တွေးပြီးသည်နှင့် သူသည် ငါးဖမ်းခြင်းဆီသို့ တည်ငြိမ်စွာ အာရုံပြောင်းလိုက်လေတော့သည်။

ဤအံ့မခန်းသတင်းသည် နဂါးစွယ်ကလန် ၏တံခွန်လေးခုကြားတွင်သာမက အခြားသောကလန်လေးခုဌာနချုပ်နှင့် တံခွန်အဖွဲ့

လေးဆယ့်ခြောက်ခုအထိပါ ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့သွားခဲ့သည်။

ကျောက်ယန်ဇီ ပြောခဲ့သလိုပဲ လီလော့ရဲ့ နာမည်ဟာ ဒီသတင်းကြောင့် လူသိများလာခဲ့ချေပြီ......

နဂါးကလန်တောင်တန်း၏နောက်ဘက်ရှိ ဝါးတောထဲတွင် မျိုးစေ့များစိုက်ပျိုးနေသော လီကျင်းဇယ်သည် အစိမ်းရောင်နယ်သာတောင်ထွတ်ဆီသို့ မျှော်ကြည့်ကာ ကြေငြာချက်ကို တွေ့လိုက်ရသည်။ ထိုအခါ အိုမင်းနေသောမျက်နှာပေါ်တွင် ကြည်နူးဖွယ် အပြုံးတစ်ခု ပေါ်လာသည်။

"တိုင်ရွှမ်..... မင်းရဲ့သားက မင်း ငယ်ငယ်တုန်းကလိုပဲ"

"စိတ်မပူပါနဲ့၊ မင်းသူ့ကို နဂါးစွယ်ကလန်ဆီ ပြန်ပို့ဖို့ ရွေးချယ်ခဲ့တာဆိုတော့ ငါ သူ့ကို သေချာဂရုစိုက်ပြီး သူ့ရဲ့ စွမ်းရည်ကို အပြည့်အ၀ ထုတ်ပြခွင့်ပေးမှာပါ..... ဒီထက်ပိုပြီးနှိမ့်ချ သိုသိပ်နေစရာမလို့တော့ဘူး......"

လီကျင်းဇယ်သည် နူးညံ့သောအပြုံးဖြင့် ပျိုးပင်များကို ဆက်လက်စိုက်ပျိုးရင်းတကိုယ်တည်း တွေးနေမိတော့သည်။

All Chapters