← Chapters

ရာထူးအတွက် တိုက်ပွဲ

Vol. 55 Ch. 766

ရာထူးအတွက် တိုက်ပွဲ

Vol. 55 Ch. 766

တျန်ဖုန်းရှန် သူ့ကိုချီးကျူးဂုဏ်ဖော်နေသဖြင့် လီလော့က တည်ငြိမ်စွာဖြင့် ပြုံးကာ.....

"ငါက အစိမ်းရောင်နယ်သာခန်းမရဲ့ ပဉ္စမတပ်ခွဲခေါင်းဆောင် လီလော့ပါ...တွေ့ရတာဝမ်းသာပါတယ် ရွှေအလင်းတံခွန်ကိုင်....."

တစ်ချိန်တည်းမှာပဲ လီလော့ က သူ့ကို အကဲခတ်ဖို့ အခွင့်အရေးယူလိုက်သည်။ထိုသူက ချောမောပြီး ကြင်နာတတ်တဲ့ နူးညံ့တဲ့ မျက်လုံးတစ်စုံရှိသည်။ ရံဖန်ရံခါတွင် ကြီးစိုးမှု အရိပ်အယောင် ဖြတ်ကနဲပေါ်လာတတ်သဖြင့် အလွန်မာနကြီးသူ ဖြစ်ကောင်းဖြစ်နိုင်သည်။

" တပ်ခွဲခေါင်းဆောင်လီလော့.... အခု မင်းမှာ နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်ရှိနေပြီဆိုတော့ မျိုးဆက်သစ်လူငယ်တွေကြားမှာ ပေါ်လွင်ပြီး ထူးချွန်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာမှာပါ...." တျန်ဖုန်းရှန်က ခေါင်းယမ်းကာ တုံ့ပြန်ခဲ့သည်။

"အဲ့တော့ဘာဖြစ်လဲ... ခြိမ်းချောက်ခံရသလိုခံစားနေရပြီလား...."

လီဖန်းရိက ဘေးမှ လှောင်ရယ်လိုက်သည်။

ဒါကိုကြားတော့ တျန်ဖုန်းရှန်က ရယ်မောပြီး..... "တံခွန်ခေါင်းဆောင် ဖန်းရိ.....မင်းနောက်နေတာလား....ငါက နဂါးစွယ်ကလန်ထဲက တစ်ယောက်ယောက်က ငါ့ကို ဝန်ထုပ်ဝန်ပိုးကို ခွဲယူနိုင်မယ်လို့မျှော်လင့်နေတာပါ.."

ဒီစကားက လီဖန်းရိကိုပို၍ဒေါသထွက်စေခဲ့သည်။ တျန်ဖုန်းရှန်က သူ့ကိုယ်သူ မျိုးဆက်သစ်ခေါင်းဆောင်ဖြစ်လာမယ်ထင်နေတာလား...အပိုင်တွက်ထားတဲ့လေသံနဲ့ ဘယ်လိုတွေပြောနေတာလဲ.......

"ဒါဆိုလည်း ဟန်ဆောင်တဲ့စကားတွေ မပြောနဲ့.....ရွှေအလင်းခန်းမက အစိမ်းရောင်နယ်သာခန်းမရဲ့ အကျိုးစီးပွားကိုလက်ဝါးကြီးအုပ်ပြီး ကြီးပွားနေတာမလား....ရွှေအလင်းတံခွန်အဖွဲ့က အခြားတံခွန် အဖွဲ့သုံးခုထက် အခြေနေပိုကောင်းနေတာ ဒီအရင်းအမြစ်တွေ ဘယ်ကလာတယ်လို့ နင် ထင်လဲ"

လီဖန်းရိက ရွဲ့စောင်းပြီး ပြန်ပြောသည်။

"ဒီအရင်းမြစ်တွေအကုန်လုံးက အစိမ်းရောင်နယ်သာခန်းမနဲ့ပဲသက်ဆိုင်တယ်!!!"

တျန်ဖုန်းရှန်က အပြုံးမပျက်ဘဲ....

" အကြီးအကဲတွေရဲ့ ကစားပွဲတွေကို ငါနားမလည်ဘူး..... ငါက ရွှေအလင်းတံခွန်အဖွဲ့ရဲ့ တံခွန်ကိုင်မို့ ငါ့တာဝန်က အဖွဲ့သားတွေကိုသန်မာအောင်လုပ်ပေးဖို့ပဲ....ရွှေအလင်းတံခွန်အဖွဲ့က အရင်းမြစ်ပိုရနေတယ်ဆိုရင်တောင် ငါတို့က အဲဒါနဲ့ ထိုက်တန်လို့ပဲ မဟုတ်လား... တခြားကလန်တွေ ငါတို့ နှောင့်ယှက်တဲ့အခါ ဘယ်သူ့ကို အားကိုးရမှာလဲ......"

ဤအခိုက်အတန့်တွင်၊ တျန်ဖုန်းရှန်၏ အာဏာရှင်ဆန်သောအော်ရာများ ထင်ရှားလာသည်။ ဒုတိယသခင်ကြီး၏သမီး လီဖန်းရိနှင့် ရင်ဆိုင်ရသောအခါတွင်ပင် သူသည် နောက်ပြန်ဆုတ်မည့်အရိပ်အယောင် မပြခဲ့ပေ။

သူတို့၏ခေါင်းဆောင်နောက်တွင် ရပ်တည်နေသော ရွှေအလင်းတံခွန်အဖွဲ့ဝင်များသည်လည်း ၎င်းတို့၏ ပဲ့တင်ထပ်သံစွမ်းအားများကိုထုတ်ဖော်၍ ခြိမ်းခြောက်ကြသည်။

လီဖန်းရိက သူတို့ကို ဒေါသတကြီး ကြည့်နေပြီး ရှေ့တစ်လှမ်းတိုးလိုက်သည်နှင့် သူမ၏သိမ်မွေ့သောခန္ဓာကိုယ်မှ ပဲ့တင်ထပ်သံစွမ်းအားများ သိသိသာသာမြင့်တက်လာပြီး ကြက်သွေးတိမ်တိုက်တံခွန်အဖွဲ့ဝင်များကလည်း စွမ်းအားများအသီးသီးထုတ်ဖော်လိုက်ကြသည်။

ရင်ပြင်တဝိုက်ရှိ လေထုသည် ရုတ်တရက် တင်းမာလာသည်။

“အဟမ်း.....စိတ်လျော့ကြပါဉီးကွာ.... နတ်ဆိုးတောင်ထွတ်က အကြီးအကဲတွေကို မစော်ကားမိစေနဲ့ မဟုတ်ရင် နတ်ဆိုးလှိုဏ်ဂူ လေ့လာရေးခရီးကို ဖျက်သိမ်းလိုက်ရင် ငါတို့ပဲနစ်နာမှာ...."

လီကျင်းထောင်သည် ၎င်းတို့နှစ်ဦးကြား ဖျန်ဖြေရန် ကြိုးပမ်းနေသည်။

သူ့လက်ကို မြှောက်လိုက်ရုံဖြင့်၊ ရွှေအဘင်းတံခွန်အဖွဲ့ဝင်များကို နောက်ပြန်ဆုတ်ရန် အချက်ပြခဲ့ပြီး ၎င်းတို့၏ ပြင်းထန်သော ပဲ့တင်ထပ်သံစွမ်းအားများ လျော့နည်းသွားသည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် ရွှေအလင်းတံခွန်အဖွဲ့တွင် တျန်ဖုန်းရှန်ကို မည်မျှလေးစားကြောင်း ထင်ရှားသည်။

"တံခွန်ကိုင်ဖန်းရိ... ရွှေအလင်းတံခွန်အဖွဲ့က ကောင်းကောင်းဆက်ဆံခဲရဖို့ ထိုက်တန်သလားဆိုတာကို မဆုံးဖြတ်ခင် ရလဒ်တွေကို သူတို့ကိုယ်တိုင် သက်သေပြကြရအောင်.... ဒီတစ်ခါ ငါတို့ရဲ့ ပန်းတိုင်က နတ်ဆိုးလှိုဏ်ဂူရဲ့ အထပ်လေးဆယ်ပဲ.... အောင်မြင်ရင် ငါတို့ရဲ့ တိုးတက်မှုကြောင့် အခြားကလန်လေးခုက နဂါးစွယ်ကလန်ကိုလှောင်ပြောင်နေတာတွေရပ်တန့်သွားလိမ့်မယ်..... ” ဟု တျန်ဖုန်းရှန်က ရယ်မောကာ ပြန်ပြောခဲ့သည်။

ထိုအချိန်တွင် သူသည် ကျုံးလင်ကိုကြည့်ကာ....

"ကျုံးလင်ကို ဒီလိုဖိအားတွေမပေးပါနဲ့ ....အစိမ်းရောင်နယ်သာခန်းမမှာ အတွင်းရေးပြသာနာတွေရှိတာမို့ သူတို့ဘာသာဖြေရှင်းကြပါစေ...."

ကျုံးလင် သထိုစကားကိုကြားသောအခါ၊ တျန်ဖုန်းရှန်အား ကျေးဇူးတင်ကြောင်း ချက်ချင်းပြသခဲ့သည်။

လီဖန်းရိက မဲ့ကာရွဲ့ကာဖြင့် "နင်နဲ့ကျုံးလင်က တကြိတ်တည်းတဉာဏ်တည်းဆိုတာ ဘယ်သူက မသိဘဲနေမလဲ.... ရွှေအလင်းတံခွန်က အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ ဆီက အရင်းအမြစ်တွေကို ပိုယူချင်ဖို့ နင်သူ့က ကူညီရခဲ့တာမလား... ."

"ငါ့ကိုမစွပ်စွဲနဲ့.. ဒါက ခန်းမအကြီးအကဲတွေရဲ့ အမိန့်.... ငါ့လို တပ်ခွဲခေါင်းဆောင်တစ်ယောက်က ဘာပြောနိုင်မှာလဲ"

ကျုံးလင်က ဒေါသတကြီး ပြန်အော်လိုက်သည်။

"နင်မဟုတ်ရင် နင့်ဦးလေးပဲဖြစ်မှာပေါ့...."

လီဖန်းရိကလည်း ပြင်းပြင်းထန်ထန်ဝေဖန်သည်။

ကျုံးလင် ဒေါသထွက်နေသော်လည်း လီဖန်းရိကိုစော်ကားရန် မတတ်နိုင်မှန်း သူသိသည်။ သူသည် အေးစက်စွာ နှာမှုတ်လိုက်ပြီး အခြားသူများနှင့် ထွက်သွားခဲ့သည်။

ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်း လီလော့ မတ်တပ်ရပ်ပြီး ဘေးကနေ ငြိမ်သက်စွာ ကြည့်နေသည်။

အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ ကျဆင်းမှုကြောင့် ရွှေအလင်းခန်းမက ရရှိခဲ့သော အကျိုးကျေးဇူးအချို့ကို လီဖန်းရိ၏ စကားများမှ ခန့်မှန်းကြည့်နိုင်သည်။

တျန်ဖုန်းရှန်က လီဖန်းရိ၏ ကဲ့ရဲ့စကားများကိုနားထောင်ရင်း တည်ငြိမ်သော အပြုံးကို ထိန်းထားခဲ့သည်။ထို့နောက် လက်ဝှေ့ယမ်းကာ တံခွန်အဖွဲ့ဝင်များနှင့်အတူ ထွက်ခွာသွားခဲ့သည်။

နောက်ဆုံးတွင် သူတို့ထွက်ခွာသွားသည့်နေရာ၏ တင်းမာမှုများ ပြေပျောက်သွားသည်။

လီဖန်းရိက လီလော့ကိုကြည့်ပြီး.... "မောင်လေး.. နင် သူ့ကို သတိထားရမယ်..... ရွှေအလင်းခန်းမ အသန်မာဆုံးဖြစ်နေတာ အစိမ်းရောင်နယ်သာခန်းမရဲ့အရင်းမြစ်တွေကို ခိုးယူထားလို့ပဲ....အနာဂတ်မှာ အစိမ်းရောင်နယ်သာခန်းမကိုမြှင့်တင်ပြီး ရသင့်ရထိုက်တာတွေကိုပြန်ယူဖို့မမေ့နဲ့....."

လီလော့က ရယ်မောရင်းနဲ့... "ရွှေအဘငိးတံခွန် ဒါမှမဟုတ် အစိမ်းရောင်နယ်သာ တံခွန်အဖွဲ့ ပဲဖြစ်ဖြစ်၊ နှစ်ခုစလုံးက နဂါးစွယ်ကလန်ရဲ့လက်အောက်မှာ ရှိနေကြတာပဲလေ.. ဒါကြောင့် ရွှေအလင်းခန်းမ တိုးတက်လာတာ ကျွန်တော်တို့အတွက် မကောင်းဘူးလား?"

လီဖန်းရိက လေသံတိုးတိုးဖြင့်.... "ရွှေအလင်းခန်းမသခင် ကျောက်ရွှမ်းမင်က နဂါးသွေးကလန်သားလေ.... အဆုံးမှာ သူဘယ်ဘက်မှာ ရပ်တည်မလဲ..... "

လီလော့၏ မျက်လုံးများ တောက်ပလာသည်။ လီဖန်းရိ၏စိုးရိမ်မှုသည် ကျိုးကြောင်းဆီလျော်သော်လည်း အခြေအမြစ်မရှိဟုသာ ပြောနိုင်သည်။လီကျင်းဇယ် နဂါးကလန်ကို အုပ်စိုးနေသရွေ့ ကျောက်ရွှမ်းမင် မည်သည့်လှည့်ကွက်ကိုမျှ ဆွဲထုတ်နိုင်မည်မဟုတ်ပေ။ ထို့အပြင်၊ အခြားသော ခန်းမသုံးခုအား လှုံ့ဆော်ရန်အတွက် ကျောက်မင်ရွှမ်းကို အသုံးချခဲ့ကြောင်း လီကျင်းဇယ် ပြောခဲ့ဖူးသည်။

ရွှေအလင်းတံခွန်သည် အားကောင်းလွန်းပြီး အခြားခန်းမသုံးခုကို လွှမ်းခြုံသွားရုံသာဖြစ်သည်။

ဒါပေမယ့် ဒီအရာတွေက သူ့လို အစောပိုင်းနတ်ဆိုးနန်းတော်အဆင့်တစ်ယောက်ဖြေရှင်းနိုင်သောအရာမဟုတ်ပေ။

ယခု အရေးကြီးဆုံးအချက်မှာ အစိမ်းရောင်နယ်သာတံခွန်တွင် သူ၏ရပ်တည်မှုကို ထူထောင်ရန်ဖြစ်သည်။

သူသည် တျန်ဖုန်းရှန်အပေါ် နာကြည်းချက်မျိုးမခံစားရပေ။ သူ၏ ရက်စက်ကြမ်းကြုတ်သောချဉ်းကပ်မှုကြောင့် တျန်ဖုန်းရှန် သန်မာသည်မှာ သံသယမရှိပေ။ ရွှေအလင်းတံခွန်မှ ရယူထားသော အရင်းအမြစ်များနှင့် ပတ်သက်၍၊ အစိမ်းရောင်နယ်သာ တံခွန်အဖွဲ့ အနာဂတ်တွင် ပိုမိုအားကောင်းလာသောအခါတွင် ၎င်းတို့ကို ပြန်လည်ရရှိနိုင်ပါသည်။

နဂါးစွယ်ကလန်အကြီးအကဲ လီကျင်းဇယ်၏ ကျောထောက်နောက်ခံဖြင့် လီလော့တွင်သာ စွမ်းရည်ရှိသရွေ့ အစိမ်းရောင်နယ်သာခန်းမ ပိုင်သမျှကို ပြန်လည်ရယူနိုင်မည်မှာ သေချာပါသည်။

လီဖန်းရိ၏ ကိုယ်ရည်ကိုယ်သွေးက အလွန်ရိုးရှင်းသည်။ ထို့ကြောင့်၊ တျန်ဖုန်းရှန် သည် အစိမ်းရောင်နယ်သာတံခွန်ကို အသုံးချပြီး အပေါ်တက်ရန် တွန်းအားပေးခဲ့သည်ကို သူမ ယူဆထားသည်။

တစ်ဖက်တွင်၊ လီကျင်းထောင်သည် နူးညံ့သိမ်မွေ့ပြီး ၎င်းကို စိတ်မ၀င်စားပေ။ လီဖန်းရိ တစ်ယောက်တည်းသာ ဒါကို သည်းမခံနိုင်ဖြစ်နေခြင်းပင်....

"ညီလေး.....မင်းက အခု အစိမ်းရောင်နယ်သာရဲ့ ပဉ္စမတပ်ခွဲခေါင်းဆောင် ဖြစ်သွားပြီ..... လောလောဆယ် မင်းတို့အဖွဲ့က တံခွန်နှစ်ဆယ်ထဲမှာ နောက်ဆုံးနေရာကို ရောက်နေတယ်.... မင်းရဲ့အရည်အချင်းတွေကို ပြသပြီး နတ်ဆိုးလှိုဏ်ဂူမှာ အဆင့်ကောင်းကောင်းရဖို့လိုနေပြီ...."ဟု လီကျင်းထောင်က ရှင်းပြသည်။

"ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ်..."

မကြာမီ လူအုပ်ကြီးသည် အလွန်ကြီးမားသော အနက်ရောင်ခန်းမရှေ့တွင် စုရုံးလာကြသည်။

ခန်းမတံခါးများပေါ်တွင် မရေမတွက်နိုင်သော ရှေးခေတ်ဟောင်းစာလုံးများနှင့် အလင်းတန်းများ ရှိသည်။ သို့သော်လည်း တံခါးများကို တင်းတင်းကျပ်ကျပ် ပိတ်ထားဆဲဖြစ်သည်။ ခန်းမအလယ်တွင် ရွှေရောင် ကမ္ပည်းပြားတစ်ခုတည်ရှိနေသည်။

နတ်ဆိုးလှိုဏ်ဂူ ခုနစ်ဆယ့်နှစ်လွှာ.......

လီလော့၏အာရုံများကို ခန်းမဆောင်ရှေ့တွင်စိုက်ထူထားသော ကျောက်စာတိုင် ဆယ့်သုံးတိုင်ကဖမ်းစားသွားခဲ့သည်။ အနီးကပ်ကြည့်လျှင် ၎င်းတို့ပေါ်တွင် နာမည်များစွာထွင်းထုထားသည်။

"သူတို့က နတ်ဆိုးလှိုဏ်ဂူ အထပ်အားလုံးကို ရှင်းပစ်ခဲ့တဲ့ ရှေ့မျိုးဆက်ကပါရမီရှင်တွေ..... ဒီနေ့အထိ အောင်မြင်ခဲ့တာ တံခွန်ဆယ့်သုံးခုပဲရှိသေးတယ်..." ဟု လီဖန်းရိက ရှင်းပြခဲ့သည်။

"ဘယ်ဘက်ခြမ်းက တိုင်ကိုတွေ့လား...."

သူမ၏ သွယ်လျသောလက်ချောင်း ညွှန်ပြရာကိုကြည့်လိုက်တော့ ထိုနေရာတွင် ရွှေရောင်ကျောက်စာတိုင်တစ်ခုရှိနေပြီး အခြားအရာများထက် ပို၍တောက်ပနေသည်။ တိုင်ကို မကြာသေးမီကမှ စိုက်ထူခဲ့ပုံရသည်။ ၎င်းပေါ်မှာ ရေးထွင်းထားတဲ့ နာမည်အကြီးကြီးကို တွေ့လိုက်ရသည်။

၎င်းနောက်တွင် အစိမ်းရောင်နယ်သာ ၏ တံခွန်အဖွဲ့ဝင် ရှစ်ထောင်ဖြင့် လိုက်ပါခဲ့သည်။

"အစိမ်းရောင်နယ်သာတံခွန်ကိုင် လီတိုင်ရွှမ်"

လီလော့ ဝမ်းသာအားရ ပြုံးလိုက်မိသည်။ အဲဒီတုန်းက သူ့အဖေ ဘယ်လောက်တောင် ထူးချွန်ခဲ့သလဲဆိုတာ စိတ်ကူးယဉ်ကြည့်နိုင်သည်။

သို့သော် ၎င်းသည် သားဖြစ်သူအတွက် ဖိအားများပိုများစေသည်။

လီလော့သည် လျှို့ဝှက်ဆန်းကြယ်သော တံခါးဆီသို့ ကြည့်လိုက်သည်။ ဤသည်မှာ နဂါးစွယ်ကလန်တွင် သူ့ဘဝအစပြုရမည့်နေရာဖြစ်သည်။ အနာဂတ်မှာ ဘယ်သူက ပိုထက်မြက်လဲဆိုတာကို သူ့အဖေနဲ့ နှိုင်းယှဉ်နိုင်ပါလိမ့်မယ်........

မည်သို့ပင်ဆိုစေ မိသားစုထဲတွင် ပထမနှင့်ဒုတိယနေရာကို မိန်းမသားနှစ်ယောက်(တန်တိုင်လန်နှင့်ကျန်းချင်းအာ)ကသာ လက်ဝါးကြီးအုပ်ထားသည်။ထို့ကြောင့် တတိယနှင့်စတုတ္ထနေရာကို သားအဖနှစ်ယောက်လုရပေတော့မည်။

ထို့ကြောင့် ဤသည်မှာ လူတစ်ဦးတစ်ယောက်၏ ရာထူးနှင့် လူမှုအဆင့်အတန်းအတွက် တိုက်ပွဲဖြစ်သည်......

All Chapters