တွန်းထိုးခြင်း လိပ်ပြာကြီး
Vol. 26 Ch. 377
မြေပြင်ပေါ်တွင် လဲလျောင်းရင်း ထွင်ထျန်းဟာ ဖောင်ဖြည့်ပြီးနောက်တွင် ဝေ့ကျစ်က ဖောင်ကို ယူကာ ဧည့်ကြိုကောင်တာထံ ပေးလိုက်သည်။
ထိုစာပေါ်တွင် ရေးထားသော လက်ရေးကို မြင်သောအခါ အားလုံးက အလွန် အံ့ဩသွားကြ၏။
ဤသည်က လူတော်တော်များများ အတုခိုးဖို့ ကြိုးစားသော်လည်း အောင်မြင်ဖို့ သေချာပေါက် ခက်ခဲသည့် ရွှေချည်မျှင် စာရေးဟန် ဖြစ်နေသည်။
စာလုံးများက ခွေးခြေသည်းဖြင့် ရေးထားသော်လည်း အလွန်သပ်ရပ်ပြီး ပုံနှိပ်ထားသလို ဖြစ်နေ၏။
"ဒီလောက် ပြီးပြည့်စုံအောင် ဘယ်လိုတောင် လေ့ကျင့်ခဲ့တာလဲ"
ဝေ့ကျစ်က ယခုအခါတွင် ထွင်ထျန်းဟာ အကြောင်းကို ပို၍ သိချင်လာသည်။
ဤခွေးက ဒဏ္ဍာရီထဲမှ ခွေးတစ်ကောင်ဟု သူခံစားရ၏။
"ငါ နေ့ရောညပါ လေ့ကျင့်တယ်လေ"
ထွင်ထျန်းဟာက ခပ်အေးအေးသာ ပြန်ဖြေလိုက်သည်။
စကားပြောနေစဉ် ထွင်ထျန်းဟာ၏ မျက်လုံးများက အနည်းငယ် ကျေနပ်နေပုံရသော်လည်း ၎င်း၏ မျက်နှာတွင် စိတ်လှုပ်ရှားသော အရိပ်အယောင် သိပ်မရှိပေ။
လင်းကျန်းရန် နှင့် အချိန်အတော်ကြာ နေထိုင်ခဲ့သောကြောင့်လား မသိရသော်လည်း ထွင်ထျန်းဟာ၏ မျက်နှာအမူအရာက ဟန်အမူအရာ သိပ်မရှိဘဲ အေးတိအေးစက် ဖြစ်နေသည်။
"မင်းက တကယ် စိတ်ဝင်စားဖို့ကောင်းတယ်.. ဖြစ်နိုင်ရင် မင်းရဲ့ပိုင်ရှင်ကို ငါတကယ် တွေ့ဖူးချင်တယ်"
ဝေ့ကျစ်က ပြောလိုက်သည်။
"ကြုံကြိုက်ရင် တွေ့ခွင့်ရမှာပါလေ"
ထွင်ထျန်းဟာက အလွန်ယဉ်ကျေးစွာ တုံ့ပြန် ပြောဆိုလိုက်သည်။
ဤတုံ့ပြန်မှုကြောင့် ဝေ့ကျစ်က ထူးဆန်းသော အမွေးများရှိသည့် ဤခွေးသည် ၎င်း၏ပိုင်ရှင်နှင့် တွေ့ဆုံရန် မည်သည့်အခါမျှ ကူညီပေးလိမ့်မည် မဟုတ်ကြောင်း ချက်ချင်း နားလည်သွားခဲ့သည်။
သို့သော် ဝေ့ကျစ်က ခွေး၏ အကူအညီ မပါဘဲ ပိုင်ရှင်ကို ရှာတွေ့နိုင်ဆဲဟု ခံစားခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် ပိုင်ရှင်အမည်နှင့် နေရပ်လိပ်စာက အစောပိုင်းက ဖြည့်သွင်းထားသည့် ဖောင်ထဲတွင် ရှိသည်မဟုတ်ပါလား။
ထွင်ထျန်းဟာ ကိုယ်စား ဖောင်ကို ယူတင်ပေးသော အခိုက်တွင် ဝေ့ကျစ်က ခိုးကြောင်ခိုးဝှက် ဓာတ်ပုံရိုက်ခဲ့သည်။
ထို့ကြောင့် လိပ်စာကို သူကိုယ်တိုင်လည်း ရှာဖွေနိုင်ပေသည်။
"ဒီလို ထူးထူးဆန်းဆန်း ခွေးတစ်ကောင်ကို ဘယ်လိုလူစားမျိုးက ပြုစုပျိုးထောင်နိုင်တာလဲ"
ဝေ့ကျစ်က ပိုပိုပြီး စိတ်ဝင်စားလာသည်။
ဝေ့ကျစ်၏ "အောင်ပွဲခံ" အမူအရာကို မြင်လိုက်ရလျှင် ထွင်ထျန်းဟာက စိတ်ထဲကနေ မရယ်မောဘဲ မနေနိုင်တော့ပေ။
အဆုံးသတ်တွင် ဝေ့ကျစ်က အလွန်ငယ်ပါသေးသည်။
ထွင်ထျန်းဟာက ဝေ့ကျစ် လျှို့ဝှက်စွာ ဓာတ်ပုံရိုက်နေသည်ကို သတိပြုမိသော်လည်း လုံးဝမစိုးရိမ်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် မဟာအကာအရံ တာအိုကြောင့် ဖောင်ထဲမှစာလုံးများက ခပ်ရေးရေးအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သောကြောင့်ပင်။
ဧည့်ကြိုကောင်တာရှေ့တွင် အချိန်အတော်ကြာအောင် စောင့်ပြီးနောက်တွင် ဝန်ထမ်းတစ်ဦးက ဝေ့ကျစ် နှင့် ထွင်ထျန်းဟာ၏ အချက်အလက်များကို ကွန်ပျူတာထဲသို့ အမြန်စာရင်းသွင်းလိုက်ပြီး နံပါတ်ပြား နှစ်ခုကို ထုတ်ပေးလိုက်သည်။
"ကျေးဇူးပြုပြီး စာမေးပွဲခန်းရှေ့ကို ဆက်သွားပါ.. အလှည့်ကျ စမ်းသပ်ဖို့ စောင့်ပါ"
ထွင်ထျန်းဟာက နံပါတ်ပြားကို ပါးစပ်ထဲတွင် ကိုက်ထားသည်။
သူက နံပါတ် 177 ဖြစ်ပြီး ဝေ့ကျစ်က နံပါတ် 176 ဖြစ်သည်။
နံပါတ်ပြားကို ရှင်းရှင်းလင်းလင်း ကြည့်ပြီးနောက် ထွင်ထျန်းဟာက ခေါင်းကို မော့လိုက်သည်။
၎င်း၏ ပါးစပ်က မှိန်ဖျော့သော ဝိညာဉ်အလင်းရောင်ဖြင့် တောက်ပနေ၏။
သူက နံပါတ်ပြားကို သိမ်းဆည်းရန် "အာကာပြင်ဝါးမျိုစွမ်းရည်"ကို အသုံးပြုခဲ့သည်။
ဝေ့ကျစ်က ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ပို၍ပင် အံ့သြသွားခဲ့သည်။
"ဒါက ဘာစွမ်းရည်လဲ"
ထွင်ထျန်းဟာ "ဘာမှမဟုတ်ပါဘူး.. ဒါက အရမ်း အသုံးများတဲ့ ဝါးမျိုခြင်း စွမ်းရည် တစ်မျိုးပါ.. ဒီစွမ်းရည်ကြောင့် ငါ့ပါးစပ်ထဲမှာ ပစ္စည်းတွေကို သိမ်းဆည်းထားနိုင်တယ်လေ"
ထိုစကားကိုကြားလျှင် ဝေ့ကျစ်က တအံတသြ ရေရွတ်လိုက်သည်။
"ပါးစပ်မှ လွတ်မြောက်ခြင်း နည်းစနစ်လား"
ထွင်ထျန်းဟာ "............."
....................
လူတစ်ယောက်နှင့် ခွေးတစ်ကောင်က စမ်းသပ်ခန်းဆီသို့ လျှောက်လာသည်။
အကဲဖြတ်ရေးစင်တာက အလွန်ကြီးမား၏။
ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ဖူးသူတိုင်းမှာ လမ်းပျောက်နိုင်ပေသည်။
သို့သော် ထွင်ထျန်းဟာက အနည်းငယ်မျှ တုံ့ဆိုင်းမှုမရှိဘဲ ရှေ့သို့ တည်တည်ငြိမ်ငြိမ်ပင် လျှောက်သွား၏။
"ငါလမ်းပြပေးရမလား"
ဝေ့ကျစ်က မေးလိုက်သည်။
"မလိုပါဘူး"
ထွင်ထျန်းဟာ ခေါင်းခါယမ်းလိုက်သည်။
ဝေ့ကျစ်က အကဲဖြတ် စင်တာသို့ ပထမဆုံးအကြိမ် လာရောက်ခြင်း မဟုတ်သော်လည်း သူကမူ ပထမဆုံးအကြိမ် ဖြစ်သည်။
သူက ဝေ့ကျစ်၏ ရှေ့တွင် တန်းစီနေသော လူတစ်ယောက်ကို သတိပြုမိသည်။
ဤနေရာသို့ ရောက်ကတည်းက ထိုလူ၏ အော်ရာက အလွန်တည်ငြိမ်နေ၏။
ထွင်ထျန်းဟာက ထိုလူ၏ နောက်ကနေ လိုက်သွားခဲ့ရာ နောက်ဆုံးတွင် သူတို့ သွားရမည့် နေရာသို့ အမှန်တကယ် ရောက်ရှိသွားခဲ့သည်။
ထို့နောက်တွင် ဝေ့ကျစ်က ထွင်ထျန်းဟာကို ပိုပိုပြီး အလေးထားလာခဲ့သည်။
ဤခွေးက စကားပြောနိုင်၊ စာရေးနိုင်၊ ပါးစပ် လွတ်မြောက်ခြင်း နည်းစနစ်ကို သုံးနိုင်သည်။
ဤသို့သော တိရစ္ဆာန်က အိမ် သို့မဟုတ် ခရီးသွားရန် အတွက် မရှိမဖြစ် လိုအပ်သော အိမ်မွေးတိရစ္ဆာန်မျိုး ဖြစ်သည်။
ယင်းအချိန်တွင် ဝေ့ကျစ်က အိမ်ပြန်ရောက်လျှင် ခွေးတစ်ကောင်ကို မွေးကြည့်မည်ဟု စိတ်ကူးမိလိုက်သည်။
စာမေးပွဲခန်းသို့ ရောက်သောအခါ တန်းစီ စောင့်ဆိုင်းနေသူအများအပြား ရှိနေသည်ကို တွေ့ရ၏။
ထွင်ထျန်းဟာ၏ အကြည့်က သူ့ရှေ့မှ လူဆယ်ယောက် ဆီသို့ရောက်ရှိသွားသည်။
အကဲဖြတ်မှုက ဖောင်ဖြည့်သလောက် မြန်ဆန်မည် မဟုတ်သောကြောင့် အချိန်အနည်းငယ် စောင့်ရပေဦးမည် မဟုတ်လော။
သို့သော်လည်း တန်းစီနေသူများသည် စမ်းသပ်ခန်းမ အလယ်ရှိ သလင်းကျောက် ဖန်သားပြင်များတွင် လက်ရှိ စမ်းသပ်ခံနေသည့် ဝိညာဉ်သားရဲများ၏ ပုံရိပ်များကို တိုက်ရိုက် ကြည့်ရှုနိုင်သည်။
ဤပုံများကို ပိုင်ရှင်များ၏ သဘောတူညီချက်ရမှသာ ထုတ်လွှင့်သည်။
ခွင့်ပြုချက်မရှိဘဲ လူသိရှင်ကြား ထုတ်လွှင့်ပြသမည် မဟုတ်ပေ။
သို့သော် အများစုမှာ ၎င်းတို့၏ ဝိညာဉ်သားရဲများ အပေါ် ယုံကြည်မှုအပြည့် ရှိသောကြောင့် ထုတ်လွှင့်ရန် သဘောတူညီလေ့ ရှိကြသည်။
ယင်းက လူသိရှင်ကြား ကြွားလုံးထုတ်ရန် နှင့် သူတို့၏ ဂုဏ်ကျက်သရေကို တိုးစေမည့် အခွင့်အရေး တစ်ခုပင်။
သူတို့၏ စိတ်ဝိညာဉ် အိမ်မွေးတိရိစ္ဆာန်များ လုံလုံလောက်လောက် သန်မာနေသရွေ့ ပိုင်ရှင်တွေကလည်း ချီးကျူးခံကြရမည် မဟုတ်ပါလော။
ထွင်ထျန်းဟာက စမ်းသပ်ခန်းမရှိ အခန်းနံပါတ် 2 နှင့် သက်ဆိုင်သည့် ဖန်သားပြင်ပုံရိပ်ကို စိုက်ကြည့်နေသည်။
လက်ရှိ စမ်းသပ်ခံနေသည့် သားရဲမှာ ယုန်သားရဲ ဖြစ်၏။
အမြင့်160 စင်တီမီတာရှိ ယုန်သည် ဧရာမ အရွယ်အစား ကြီးမားပြီး ဦးခေါင်းမှ ခြေဖျားအထိ ကြွက်သားများဖြင့် ပြည့်နေသည်။
ထို့အပြင် လက်နှစ်ဖက်စလုံး၌ လက်ဝှေ့လက်အိတ်ကို ဝတ်ဆင်ထားရာ အလွန် ကြောက်စရာကောင်းသည့်ပုံ ပေါ်နေသည်။
"ကြွက်သားဝိညာဉ်ယုန်လား"
ဝေ့ကျစ်က တစ်ချက်ကြည့်လိုက်ပြီး နောက်တွင် ဤယုန်၏ မျိုးစိတ်ကို စတင် ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သည်။
"သူ့အမွေး အရောင်က မဆိုးပါဘူး.. သူ့ရဲ့ ကြွက်သားတွေကလည်း ကောင်းကောင်း ဖွံဖြိုးနေတယ်.. အနည်းဆုံးတော့ စတုတ္ထတန်းစား အဆင့် သားရဲ ဖြစ်မယ် ထင်တယ်.. ဒီလိုသားရဲက လျင်မြန်တဲ့ တိုက်ခိုက်မှုမှာ အားကောင်းတဲ့ ဝိညာဉ်သားရဲ အမျိုးအစားပဲ.. ဒီသားရဲက မွေးကင်းစ အရွယ်ထဲက ဆဋ္ဌမတန်းစား အဆင့် သားရဲဖြစ်နေပြီ.. သူတက်လှမ်းနိုင်တဲ့ အမြင့်ဆုံးအဆင့်က တတိယတန်းစား အဆင့်ပဲ"
"ဒါပေမဲ့ ဒီဝိညာဥ်ယုန်မျိုးက မွေးကင်းစအရွယ်မှာ ဖျားနာမှုဒဏ်ကို ခံနိုင်ရည်ရှိဖို့ မလွယ်တာကြောင့် တစ်ကောင် မွေးမြူဖို့တောင် အရမ်းခက်ခဲတယ်.. အားသာချက်ကတော့ ပြုစုပျိုးထောင်ပြီးတာနဲ့ တိုက်ပွဲ အမျိုးမျိုးမှာ အသုံးချနိုင်တာပဲ"
ထွင်ထျန်းဟာက ခေါင်းကို အသာအယာ ညိတ်လိုက်သည်။
ဝေ့ကျစ်က ငယ်ရွယ်သော်လည်း ဤမျှ သိလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။
ဝေ့ကျစ်က ဝပ်တွားလိုက်ပြီး ထွင်ထျန်းဟာ၏ နံဘေးသို့ ကပ်ကာ ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်..."
ထွင်ထျန်းဟာ "...???..."
ဝေ့ကျစ် "ဒီယုန်ကို သင်းကွပ်ပြီးပြီ"
ထွင်ထျန်းဟာ"........."
ဝေ့ကျစ် သက်ပြင်းချပြီး ပြောလိုက်သည်။
"အထူးသဖြင့် ဖျားနာခြင်းအပြင် ဒီယုန်တွေရဲ့ ဒုတိယအကြီးမားဆုံး ချို့ယွင်းချက်က တဏှာရာဂ အလွန်အကျွံ ကြီးမားတာပဲ"
"မင်းအနေနဲ့ သူတို့ကို မထိန်းချုပ်ဘဲ တစ်နှစ်လောက် လွတ်လွတ်လပ်လပ် သွားလာခွင့် ပေးထားလိုက်ရင် သူတို့က မင်းအတွက် တပ်ပေါင်းစု တစ်ခု ပြန်ယူလာပေးလိမ့်မယ်"
ထွင်ထျန်းဟာ "..........."
ဤသို့ဖြင့် လူတယောက်နှင့် ခွေးတကောင်က တံခါးရှေ့တွင် စကားများ ပြောနေကြသည်။
ယင်းအချိန်တွင် ထွင်ထျန်းဟာက တတ်နိုင်သမျှ စကား အနည်းငယ်သာ ပြောဆိုရန် ကြိုးစားခဲ့ပြီး မထင်မရှား ခွေးတစ်ကောင် ဖြစ်ရန် အကောင်းဆုံး လုပ်ဆောင်ခဲ့သည်။
သို့သော် ဝေ့ကျစ်၏ အမူအရာကြောင့် ယနေ့ လာရောက်သူအများစုမှာ ထွင်ထျန်းဟာကို သဘောကျနေကြ၏။
မကြာခင်မှာပင် ဝေ့ကျစ်၏ အလှည့်ရောက်လာသည်။
"ညီနောင်ခွေး.. ငါအရင်သွားတော့မယ်"
ဝေ့ကျစ်က ဝပ်တွားပြီး ထွင်ထျန်းဟာ၏ ခေါင်းကို ပွတ်သပ်ကာပြောလိုက်သည်။
ထွင်ထျန်းဟာ "............"
................
ဝေ့ကျစ်နှင့် သူ၏ ဝိညာဉ်လိပ်ပြာသားရဲတို့ စမ်းသပ်မှု ခံယူနေသည့် မြင်ကွင်းက ဖန်သားပြင်တစ်ခု ပေါ်တွင် လျင်မြန်စွာ ပေါ်လာ၏။
ပထမပိုင်းမှာ ခွန်အားစမ်းသပ်မှု ဖြစ်သည်။
ဝိညာဉ်သားရဲ၏ ထိုးနှက်မှုဖြင့် တူညီသော ခွန်အားရလဒ်ကို ပေးစွမ်းနိုင်မည့် ခွန်အားတိုင်းတာသော စက်ကို စမ်းသပ်ခန်းအလယ်တွင် တပ်ဆင်ထားသည်။
ဝေ့ကျစ်၏လိပ်ပြာက ဆောလျင်စွာ ပျံဝဲပြီး စမ်းသပ်စက် ရှေ့တွင် ရပ်လိုက်သည်။
ဤမြင်ကွင်းကို လူတိုင်းက ကြည့်နေကြ၏။
နှစ်စက္ကန့်အကြာတွင် သူတို့အားလုံးက ပြင်းထန်သော ပေါက်ကွဲသံကို ကြားလိုက်ရသည်။
ထွင်ထျန်းဟာက စမ်းသပ်စက်မှ ထုတ်ပြသော ရလဒ်ကို မြင်သောအခါ အံ့အားသင့်သွားသည်။
ထိုကဲ့သို့ ဝိညာဉ်လိပ်ပြာငယ်လေးက တကယ်ကြီး ဂျင်နှစ်ထောင်အား ရှိနေသည်။
"ဘာကောင်လဲ.. ဒါက ဘယ်လိုလိပ်ပြာမျိုးလဲဟ"
ထွင်ထျန်းဟာ ဘေးမှ တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
ဖန်သားပြင်ကို စိုက်ကြည့်နေသော အခြားသူတစ်ဦးက မဝံ့မရဲပြောလိုက်၏။
"ကြည့်ရတာ... ဒီဝိညာဥ်လိပ်ပြာသားရဲက တွန်းထိုးခြင်း လိပ်ပြာကြီးနဲ့ မတူဘူးလား"
"တွန်းထိုးခြင်းလိပ်ပြာကြီးလား"
"ဟုတ်တယ်.. ဒီလိပ်ပြာမျိုးစိတ်တွေရဲ့ ပိုးတုံးလုံးဘဝက အရမ်းထူထဲတယ်.. ဘတ်စကတ်ဘောလောက် ကြီးမားတယ်.. လိပ်ပြာဖြစ်ဖို့အတွက် ပိုးတုံးလုံးအလွှာကို အလွှာအလိုက် တွန်းထုတ်ရတယ်.. အဲ့ဒါကြောင့် သူတို့ကို တွန်းထိုးခြင်း လိပ်ပြာကြီးလို့ ခေါ်ကြတယ်"
ထွင်ထျန်းဟာ "............."
[ဒီလောက်အလွှာတွေ အထပ်လိုက် ဖြစ်နေတာ သူတို့က ကြက်သွန်နီတွေမို့လား]