အတုအယောင်အဖွဲ့အစည်း
Vol. 26 Ch. 381
သုံးလေးမိနစ်ခန့် ကြာပြီးနောက်တွင် ထွင်ထျန်းဟာက အဆုံးသတ်၌ ဝိညာဉ်အမှတ်အသားကို ဖယ်ရှားနိုင်ခဲ့သည်။
ခွေးတစ်ကောင်၏ ခန္ဓာကိုယ်က ကြောင်လောက် မပျော့ပျောင်းပေ။
ပုံမှန်အားဖြင့် အချို့သော အစိတ်အပိုင်းများကို လျက်ရန်အတွက် ခန္ဓာကိုယ်ကို ခက်ခဲသော အနေအထားအထိ ကောက်ကွေးရမည် ဖြစ်သည်။
ကံကောင်းထောက်မစွာပင် ထွင်ထျန်းဟာ၏ လျှာက ရှည်လျားသည်။
ထို့အပြင် သူက ဖားပြုပ် မျိုးနွယ်စု၏ လျှာနည်းစနစ်များကို လုံးဝ မစွန့်လွှတ်ခဲ့ပေ။
ထို့ကြောင့် ထွင်ထျန်းဟာက လျှာကို အရှည် တစ်မီတာကျော်အထိ ဆန့်ထုတ်နိုင်သည်ကို မြင်လိုက်သောအခါ ဝေ့ကျစ် အံဩသွားခဲ့သည်။
သူမျှော်လင့်ထားသည့် အတိုင်းပင် ညီနောင်ခွေးက သာမန်ခွေး မဟုတ်ပေ။
ဝေ့ကျစ်က စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
အချိန်အတော်ကြာ လှည့်ပတ် မောင်းနှင်ပြီးနောက်တွင် အနက်ရောင်ဝတ် အမျိုးသားများကို မျက်ခြေဖြတ်နိုင်ခဲ့သည်။
ထွင်ထျန်းဟာ၏ လျှာနည်းဗျူဟာက အလုပ်ဖြစ်ခဲ့သည်။
သူ့ကို ရှာဖွေရန် အနက်ရောင် ဝတ်ထားသော အမျိုးသားများတွင် အခြားသော နည်းလမ်းရှိမရှိ သူမသိပေ။
လွတ်မြောက်ခဲ့သော်လည်း ကိစ္စက မပြီးလောက်သေးဟု သူခံစားခဲ့ရသည်။
"ဒီလူတွေက ဘယ်သူတွေလဲ.. ဘာလို့ မင်းနောက်ကို အသည်းအသန် လိုက်နေကြတာလဲ"
ဝေ့ကျစ်က ကားကို ချောမွေ့စွာ မောင်းနှင်လာရင်း မေးလိုက်သည်။
"သူတို့က သူတော်စင်အဖွဲ့အစည်း အဖြစ် ဟန်ဆောင်ပြီး သားရဲတွေကို လိုက်ဖမ်းနေတဲ့ လူတစ်စုပဲ"
"သူတော်စင်အဖွဲ့အစည်းလား"
"သူတို့က ဝိညာဥ်သားရဲတွေကိုတောင် လိုက်ဖမ်းနေတာလား"
ဝေ့ကျစ်က ရယ်မော၍ပြောလိုက်သည်။
"ငါ အကဲဖြတ် စင်တာမှာရှိတုန်းက သူတော်စင်အဖွဲ့အစည်းမှာ ဝိညာဥ်သားရဲ သင်တန်းတွေရှိတယ်လို့ နည်းပြဆရာ တစ်ယောက်က ပြောခဲ့တယ်"
ထွင်ထျန်းဟာ သက်ပြင်းချလိုက်သည်။
“ဒါပေမယ့် ငါ့ကို လိုက်ဖမ်းတဲ့လူတွေက သူတော်စင် အဖွဲ့အစည်းထဲက မဟုတ်ဘူး ဆိုတာတော့ သေချာပါတယ်.. နိုင်ငံတော်က အသိအမှတ်ပြုထားတဲ့ အဖွဲ့အစည်းက ဒီလိုလုပ်ရပ်မျိုး ဘယ်လိုလုပ် လုပ်နိုင်မှာလဲ”
"မှန်ပါတယ်"
ဝေ့ကျစ် ခေါင်းညိတ်လိုက်သည်။
"ဒီလူတွေက သူတော်စင် အဖွဲ့အစည်းအဖြစ် အတင့်ရဲပြီး ဟန်ဆောင်တုပကြတယ်.. သူတော်စင် အဖွဲ့အစည်းထဲက တစ်ယောက်ယောက်သာ တွေ့သွားရင် သူတို့ဘယ်လိုနေမလဲ မသိဘူး"
ထိုအကြောင်းပြောရင်း ဝေ့ကျစ်က ဟွာရှိူ့ နိုင်ငံရှိ အချို့သောတုပမှုများနှင့် ပတ်သက်၍ မကျေမနပ် ဖြစ်လာမိသည်။
တုပမှုများသည် အခြေခံအားဖြင့် အာရုံစိုက်မှုကို ရရှိရန်ဖြစ်သည်။
လက်ဖက်ရည်ဆိုင် အောင်မြင်လာလျှင် ထောင်နဲ့ချီသည့် လက်ဖက်ရည်ဆိုင်များ ရုတ်ချည်း ပေါ်လာသည်။
ဟော့ပေါ့ဆိုင် တစ်ဆိုင် အလုပ်ဖြစ်လျှင် နိုင်ငံတဝှမ်း၌ နာမည်တူ ဟော့ပေါ့ဆိုင် ထောင်ပေါင်းများစွာ ပေါ်လာလိမ့်မည်သာ။
ဤသူတော်စင် အဖွဲ့အစည်း အတုက ထိုကဲ့သို့သော အတုအယောင် အဖွဲ့တစ်ခုဟု ဝေ့ကျစ် ထင်မြင်မိသည်။
"ညီနောင်ခွေး အခု ဘယ်သွားမှာလဲ"
ထွင်ထျန်းဟာ ခဏလောက် စဉ်းစားလိုက်သည်။
ယခု အိမ်ပြန်လျှင် ဘေးကင်းနိုင်သော်လည်း အနက်ရောင်၀တ် လူအုပ်စုက နောက်ထပ် ဒုက္ခမပေးဟု အာမခံချက်တော့ မရှိပေ။
ထိုအုပ်စုက သူ့အပေါ် အသည်းအသန် ဖြစ်နေ၍ သူ့ကိုရရန်အတွက် ဘာမဆို လုပ်နိုင်သည်ဟု သူခံစားနေရသည်။
မည်သို့ပင်ဖြစ်စေ သူက နတ်ဆိုးဘုရင် မဟုတ်တော့လျှင်ပင် သူ့နောက်ကို လိုက်ဖမ်းသည့် ထိုလူတစ်စုကို သေချာပေါက် ပေးဆပ်ခိုင်းမည် ဖြစ်သည်။
"ငါ ဒီလူတွေကို ဖျက်ဆီးချင်တယ်"
ထွင်ထျန်းဟာက ပြောလိုက်သည်။
ဝေ့ကျစ် "ညီနောင်ခွေးဆီမှာ သူတို့ကို ခြေရာခံဖို့ နည်းလမ်းရှိလား"
ထွင်ထျန်းဟာ "သူတို့ အနံ့ကို ငါ မှတ်မိတယ်"
"ငါသူတို့အပေါ် အော်ရာအခြေခံစွမ်းရည် အသုံးပြုထားသ၍ သူတို့ရဲ့ အသိုက်အမြုံကို ငါရှာတွေ့နိုင်မှာပါလေ"
ယင်းအချိန်တွင် ဝေ့ကျစ်က နောက်ကြည့်မှန်မှ တဆင့် ပြိုင်ကားနှစ်စီး သူတို့ကား နောက်သို့ လိုက်လာသည်ကို မြင်လိုက်ရသည်။
"ချီးပဲ.. သူတို့က ငါတို့ကို လိုက်နေတုန်းပဲဟ"
ဝေ့ကျစ်က လီဗာကို ဆောင့်နင်းလိုက်ပြီး အရှိန်မြှင့်လိုက်သည်။
ဤအဖွဲ့က သူတို့ကားပေါ်၌ ဝိညာဉ်အမှတ်အသား စိုက်ထူထားမှန်း စောစောကတည်းက သူတို့ သဘောပေါက်သင့်သည်။
....................
ထိုလူများနှင့် မိနစ်အတော်ကြာ ပြိုင်မောင်းလာပြီးနောက် ဝေ့ကျစ်က မျက်ခြေဖြတ်နိုင်ခဲ့ပြီး နောက်ဆုံးတွင် လမ်းကြားတစ်ခု၌ ကားကို ရပ်လိုက်သည်။
ထွင်ထျန်းဟာ၏ တံတွေးက ဝိညာဉ် အမှတ်အသားကို ဖယ်ရှားရန် အကျိုးသက်ရောက်မှု ရှိသော်လည်း ကားကို ရှေ့ရောနောက်ပါ တစ်စီးလုံး နမ်းရမည်မှာ လက်တွေ့မကျမှန်း ထင်ရှားနေသည် မဟုတ်လော။
"ဒီလူအုပ်စုက ငါတို့ကို ဘယ်လောက်တောင် တိတိကျကျ အမှတ်အသား ပြုထားသလဲ မသိဘူး.. ငါသိသလောက်တော့ ဒီနည်းလမ်းက အမြဲတမ်းတော့ အလုပ်မဖြစ်ပါဘူး"
ဝေ့ကျစ်က ငြီးတွားရင်း ကားပေါ်မှ ဆင်းပြီးနောက် ထွင်ထျန်းဟာကို လူနေ အဆောက်အအုံ တစ်ခု ဆီသို့ ခေါ်သွားခဲ့သည်။
"ဒီတိုက်ခန်းက ငါနေတဲ့နေရာပဲ.. အိမ်ထဲ အရင်ဝင်ပြီးမှပဲ ဘယ်လိုဖြေရှင်းရမလဲ စဉ်းစားကြတာပေါ့"
ထွင်ထျန်းဟာက ဝေ့ကျစ် နောက်မှ လိုက်သွားခဲ့သည်။
ဝေ့ကျစ်၏ ခွန်အားက မရိုးရှင်းကြောင်း ထိုအချိန်တွင် ထွင်ထျန်းဟာ သဘောပေါက်ခဲ့သည်။
သူ့ခြေဖဝါးက မြေကြီးနှင့် ထိသည့်အခါတွင် အသံနည်းနည်းလေးပင် ထွက်မလာပေ။
ယင်းက ဝေ့ကျစ်၏ ခန္ဓာကိုယ် လှုပ်ရှားမှု အရမ်းကောင်းနေသည်ကို ဖော်ပြနေပြီး အော်ရာနှင့် မကိုက်ညီသည့် အဆင့်မှာ ရှိနေမှန်း သက်သေပြနေသလိုပင်။
ဝေ့ကျစ်က သူ၏ ခွန်အားအချို့ကို ဖုံးကွယ်ထားသည်ဟု သူတွေးထင်ခဲ့သော်လည်း မည်မျှ သန်မာသည်ကိုမူ စောင့်ကြည့်ရဦးမည် ဖြစ်သည်။
ယေဘုယျအားဖြင့် ပြောရလျှင် တိုက်ပွဲဝင် ဝိညာဉ်သားရဲများကို အဓိက မွေးမြူသော မိသားစုများတွင် အများစုမှာ သန်မာမှု မရှိကြပေ။
၎င်းတို့က ၎င်းတို့နှင့် ပြိုင်ဘက်များကြား ကွာဟချက်ကို ဖြည့်ဆည်းရန် အတွက် ၎င်းတို့၏ ဝိညာဉ်သားရဲများကိုသာ အားကိုးရန် လိုအပ်၏။
သို့သော် ထိုအချက်ကို ထွင်ထျန်းဟာ သိပ်မစဉ်းစားခဲ့ပေ။
အဆုံးသတ်တွင် ဝေ့ကျစ်က လျှို့ဝှက်ချက် အများကြီးကို ဖုံးကွယ်ထားခဲ့ပုံရသည်။
လူတိုင်းတွင် လျှို့ဝှက်ချက်များ ရှိကြ၏။
လျှို့ဝှက်ချက် မရှိဘဲ မည်သူမှ အသက်ရှင်နိုင်မည် မဟုတ်ပေ။
တိုက်ခန်း အဆောက်အဦး၏ မြေညီထပ်သို့ ရောက်သောအခါ ဝေ့ကျစ်က နှစ်ဆယ့်သုံးထပ် ဆီသို့ ထွင်ထျန်းဟာကို ခေါ်သွားခဲ့သည်။
ထွင်ထျန်းဟာက နှစ်ဆယ့်သုံးထပ်တွင် တံခါးတစ်ပေါက်သာရှိသည်ကို တွေ့လိုက်ရာ အံ့အားသင့်သွားသည်။
"ဒါမင်းနေတဲ့ နေရာလား"
ထွင်ထျန်းဟာက မေးလိုက်သည်။
ဝေ့ကျစ် ပြုံးလိုက်၏။
"အတိအကျ ပြောရမယ်ဆိုရင် ဒီတစ်ထပ်လုံးက ငါ့နေရာပဲ.. အစကတော့ ဒီအထပ်မှာ တိုက်ခန်းလေးခန်း ရှိတယ်.. အဲဒီ တိုက်ခန်းတွေ အားလုံးကို ငါဝယ်ပြီး တစ်ခန်းထဲ ဖြစ်ဖို့အတွက် နံရံတွေကို ဖြိုချပစ်လိုက်တယ်"
ထွင်ထျန်းဟာ ".............."
ယင်းက တွေးလို့ပင် မရနိုင်သည့် ချမ်းသာမှုဖြစ်သည်။
သို့သော် နောက်ထပ် မှတ်ချက် အနေဖြင့် ဝိညာဥ်သားရဲ မွေးမြူခြင်း လုပ်ငန်းက အမှန်တကယ်ပင် အကျိုးအမြတ်များကြောင်းကို ပြသနေခြင်းပင်။
တစ်နည်းအားဖြင့် ဆိုလျှင် ဤလုပ်ငန်းသာ အနာဂတ်တွင် ဆက်လက် ကျယ်ပြန့်လာလျှင် ပန်းပဲဖို သို့မဟုတ် အဂ္ဂိရတ်လုပ်ငန်း ကဲ့သို့ ဝင်ငွေကောင်းသော လုပ်ငန်းများကိုပင် ကျော်လွန်သွားနိုင်ဖွယ် ရှိသည်။
လူတစ်ဦးတွင် အစွမ်းထက် တိုက်ပွဲဝင် အိမ်မွေးတိရစ္ဆာန်ရှိခြင်းသည် ၎င်းတို့၏ ဘုန်းအသရေကို ထပ်လောင်း တိုးစေလိမ့်မည် ဖြစ်သည်။
ဝေ့ကျစ်၏ နေရာသို့ ဝင်လာသောအခါ ဥယျာဉ်တစ်ခုထဲသို့ ရောက်သွားသလို ထွင်ထျန်းဟာ ခံစားလိုက်ရသည်။
ဝေ့ကျစ်၏ ဧည့်ခန်းက အလွန်ထူးခြားပြီး စိမ်းလန်းသော သဘာဝ ပတ်ဝန်းကျင်ကို အတုယူကာ ဂရုတစိုက် အလှဆင်ထား၏။
ကျောက်တုံးဥယျာဉ်၊ စမ်းချောင်းငယ်၊ ငှက်ကလေးများနှင့် မွှေးပျံ့သော ပန်းပင်များပင် ရှိနေသည်။
ယင်းက တောအုပ် အသေးစားလေး တစ်ခုလိုပင်။
"ဒီပတ်ဝန်းကျင်ကို ဖန်တီးဖို့ ငါ ပိုက်ဆံ အများကြီး ကုန်ကျခဲ့ရတယ်"
ဝေ့ကျစ်က ခေါင်းကို ကုတ်ကာ ပြုံးလိုက်သည်။
ထို့နောက်တွင် သူ့ပခုံးပေါ်၌ မလှုပ်မယှက် နားနေသော လိပ်ပြာကြီးက နိုးထလာပုံရသည်။
၎င်းက ဖြည်းညှင်းစွာ ပျံထွက်သွားပြီး ပွင့်ချပ်တစ်ခု ပေါ်တွင် နားခိုလိုက်၏။
ဤစိမ်းလန်းသော ပတ်ဝန်းကျင်က တွန်းထိုးခြင်းလိပ်ပြာကြီးအတွက် အထူးတည်ဆောက်ထားကြောင်း နောက်ဆုံးတွင် ထွင်ထျန်းဟာ သဘောပေါက်သွားခဲ့သည်။
"ဒီမှာ အရမ်းလုံခြုံတယ်.. အဲဒီလူတွေက ငါတို့ကို ရှာတွေ့ဖို့မလွယ်ဘူး"
ဝေ့ကျစ်က ပြုံးပြီး ပြောလိုက်သည်။
ထွင်ထျန်းဟာ "မင်းဘာလို့ ဒီလောက် သေချာနေတာလဲ"
ဝေ့ကျစ် ခေါင်းညိတ်လိုက်သည်။
"ဒါက သာမန်တိုက်ခန်း မဟုတ်ဘူး.. မိသားစု တိုက်ခန်း ဖြစ်ခဲ့ဖူးတယ်.. ဒီမှာနေတဲ့သူတိုင်းက စစ်တပ်က စီနီယာ အရာရှိတွေပဲ"
ထွင်ထျန်းဟာ "မင်းက စစ်တပ်က အရာရှိရဲ့ ဒုတိယမျိုးဆက် ကလေးလား"
ဝေ့ကျစ် "ငါ့အဘိုးက စစ်တပ်ကပါ.. အဖေ့ လက်ထက် ရောက်လာတဲ့အခါ ငါတို့မိသားစုက ဝိညာဥ် သားရဲမွေးမြူတဲ့လုပ်ငန်းနဲ့ စစ်တပ်ကိစ္စတွေကို တစ်ချိန်တည်းမှာ ကိုင်တွယ်ဖို့မလွယ်ကူတာကြောင့် ဝိညာဥ်သားရဲမွေးမြူတဲ့ လုပ်ငန်းကိုပဲ ဇောက်ချ လုပ်ကိုင်ခဲ့တော့တယ်"
ဝေ့ကျစ် ပခုံးတွန့်လိုက်သည်။
ထို့နောက် သူက မျက်နှာကျက်မှ တွဲကျနေသော နွယ်ကြိုးကို ဆွဲလိုက်ရာ ဘေးတံခါးက ချက်ချင်း ပွင့်လာသည်။
"ဒါက ငါ့အိပ်ခန်း"
ဝေ့ကျစ်က ပြောလိုက်သည်။
ထွင်ထျန်းဟာက ဝေ့ကျစ်၏ နောက်သို့ လိုက်သွားပြီး အိပ်ခန်းကို စူးစမ်းကြည့်လိုက်သည်။
ဝေ့ကျစ်က အိပ်ခန်းကို လှည့်ပတ်ကြည့်နေသည့် ထွင်ထျန်းဟာကို သတိထားမိလိုက်သည်။
"ဗိုက်ဆာနေတာလား.. ငါ့တူလေးဆီက ယူလာတဲ့ ခွေးစာအိတ်တွေ ဒီမှာ ရှိတယ်"
ဝေ့ကျစ်က ပြောလိုက်သည်။
"မင်းမှာ တူလေးရှိတယ်လား"
ထွင်ထျန်းဟာ အံ့သြသွားသည်။
"တကယ်တော့ ငါတို့က အသက်အရွယ် သိပ်မကွာပါဘူး.. ဒါပေမယ့် မိသားစုအဆင့်အရတော့ ငါက သူ့ဦးလေးပါပဲ"
ဝေ့ကျစ်က ဆိုလိုက်၏။
ခဏအကြာတွင် ဗီရိုတစ်ခုထဲမှ အရည်အသွေးမြင့် ခွေးစာအိတ် တစ်ထုပ်ကို ထုတ်ယူလိုက်သည်။
ခွေးစာအိတ်ပေါ်တွင် တံဆိပ်တစ်ခု ပါရှိနေ၏။
"ဝိညာဉ်အစေခံအရောင်းဆိုင်"
[အမ်.. ဝိညာဉ်အစေခံအရောင်းဆိုင်လား.. အဲဒါက ကော်ဟောက်တို့ မိသားစုရဲ့ အိမ်မွေးတိရစ္ဆာန်ဆိုင် မဟုတ်လား]
ထွင်ထျန်းဟာက ထိတ်လန့်ဖွယ်ရာ လျှို့ဝှက်ချက်အချို့ကို သိရှိသွားသလို ခံစားလိုက်ရသည်။