အန္တရာယ်များသောမြေပိုင်ရှင်
Vol. 26 Ch. 383
ကျင့်ကြံခြင်း လောကတွင် ထူးဆန်းသော ခန္ဓာကိုယ် အမျိုးမျိုးရှိခဲ့သည်။
ဥပမာအားဖြင့် အဆိပ် ခန္ဓာကိုယ်ဆိုလျှင် ခေါင်းကနေ ခြေဖျားအထိ တစ်ကိုယ်လုံး အဆိပ်များ ပြည့်နှက်နေ၏။
ဆံပင်မျှင် တစ်ချောင်းပင် အလွန် အဆိပ်ပြင်းသည်။
၎င်းတို့၏ အရေပြားနှင့် ထိတွေ့ရုံမျှဖြင့် တစ်စုံတစ်ဦးက အလွယ်တကူ အဆိပ်သင့်နိုင်သည် သို့မဟုတ် သေဆုံးနိုင်သည်။
သူတို့သွားလေရာ နေရာရှိ ပန်းများနှင့် သစ်ပင်များပင် ညှိုးနွမ်းသွားနိုင်၏။
နောက်ဥပမာတစ်ခုမှာ အေးစက်သော ခန္ဓာကိုယ် ဖြစ်သည်။
ထိုခန္ဓာကိုယ်နှင့် မွေးဖွားလာသူများက တစ်ကိုယ်လုံး ထူးခြားစွာ အေးစက်နေမည် ဖြစ်ပြီး သူတို့၏ ခန္ဓာကိုယ် မီးလောင်နေလျှင်ပင် လောင်ကျွမ်းသည့် ဝေဒနာကို ခံစားရမည် မဟုတ်ပေ။
ထွင်ထျန်းဟာ အနေဖြင့်မူ လျှပ်စစ်ရှော့ကို ခံနိုင်ရည်ရှိသည့် ဝေ့ကျစ်၏ ခန္ဓာကိုယ်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
ဤမြင်ကွင်းကို ကြည့်ရင်း ထွင်ထျန်းဟာ တွေးတောမိခဲ့သည်။
ဤအချက် တစ်ခုတည်းကို အခြေခံ၍ ဝေ့ကျစ်က သူတော်စင်အဖွဲ့အစည်း၏ ဝင်ခွင့်လိုအပ်ချက်ကို ဖြည်းဆည်းနိုင်လောက်၏။
ဤခန္ဓာကိုယ် အမျိုးအစားက လျှပ်စစ်အခြေခံ နည်းစနစ်များကို အသုံးပြုသော ကျင့်ကြံသူများ အတွက် သဘာဝရန်သူဖြစ်သည်။
ဝေ့ကျစ် အနေဖြင့် ဗို့အားမည်မျှခံနိုင်သည်ကို သူမသိခဲ့သော်လည်း ဤမျှ စွမ်းဆောင်ရည်ကပင် သူ့ကို အထင်ကြီးသွားစေ၏။
ယင်းအချိန်တွင် တိုက်ပွဲက ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။
ဝေ့ကျစ်က လျှပ်စစ်ကျဥ်စက်ကို ညှစ်ချလိုက်ရာ "ပေါက်ကွဲသံ"နှင့်အတူ ကျဥ်စက်က သူ့လက်ထဲတွင် ဖုန်မှုန့်များ အဖြစ် တိုက်ရိုက် ပြောင်းလဲသွားသည်။
ဤသည်ကို ကြည့်၍ ဝေ့ကျစ်က အားမနည်းဘဲ သန်မာသူတစ်ယောက် ဖြစ်မှန်း သိသာနေ၏။
ဝေ့ကျစ်၏ အော်ရာကို အခြေခံ၍ သုံးသပ်ရလျှင် ရွှေအမြူတေ အဆင့်တွင်သာ ရှိသော်လည်း စစ်မှန်သော စွမ်းအားကို ဖုံးကွယ်ထားကြောင်း ထွင်ထျန်းဟာ သိလိုက်ရသည်။
တိုက်ခန်းသို့ သွားရာလမ်းတွင် သူအသုံးပြုခဲ့သော ခန္ဓာကိုယ်လှုပ်ရှားမှုများသည် ရွှေအမြူတေအဆင့် ကျင့်ကြံသူ ပြုလုပ်နိုင်သည့် အရာမျိုး မဟုတ်ပေ။
သို့သော် သူ၏ ပြိုင်ဘက်များမှာ ရွှေအမြူတေအဆင့် ကျင့်ကြံသူ ငါးဦး ဖြစ်နေ၏။
၎င်းတို့ကို အနိုင်ယူရန် ကြိုးစားခြင်းမှာ တကယ်တမ်းတွင် လွယ်ကူမည် မဟုတ်ပေ။
ထွင်ထျန်းဟာက အချိန်မရွေး တိုက်ပွဲဝင်ရန် ပြင်ဆင်ထားသော်လည်း ဝေ့ကျစ်၏ အမူအရာက တည်ငြိမ်နေသေးသည်ကို တွေ့လိုက်ရသည်။
"မင်းတို့အားလုံးဝိုင်းတိုက်ကြ"
ခေါင်းဆောင် အရိုးနဂါးပိုင်ရှင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
လူငါးဦးက ၎င်းတို့၏ မှော်လက်နက်များကို ထုတ်ယူလိုက်ရင်း ရှေ့သို့ တက်လာခဲ့သော်လည်း ဝေ့ကျစ်က ထိုအချိန်အထိ မတုန်မလှုပ် အမူအရာဖြင့် ရှိနေသည်။
"အချိန်နီးနေပြီ.."
"အချိန်နီးနေပြီ.. ဟုတ်လား.. သူ ဘာကို ဆိုလိုတာလဲ"
ထိုစကားကို ထွင်ထျန်းဟာ နားမလည်ခင်မှာပင် နှစ်ဆယ့်သုံးထပ်ရှိ မီးအရေးပေါ် တံခါးက ပွင့်လာပြီး အဖိုးအိုတစ်ဦး ထွက်လာသည်။
ထိုအဖိုးအိုက အဖြူရောင် အင်္ကျီ နှင့် ခေါင်းလောင်း ဘောင်းဘီကို ၀တ်ဆင်ထား၏။
ခဏလောက် အားလုံး ငြိမ်ကျသွားခဲ့သည်။
ခေတ္တ တိတ်ဆိတ်သွားပြီး နောက်တွင် အဖိုးအိုက အနက်ရောင် ၀တ် လူများကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
"ဘယ်လိုဝင်လာတာလဲ"
အရိုးနဂါးပိုင်ရှင်က တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီး အဖိုးအို၏ လက်မောင်းတွင် ပတ်ထားသည့် အနီရောင် လက်ပတ်ကို တစ်ချက် ကြည့်လိုက်သည်။
"တိုက်သာယာရေး ကော်မတီ"
သူက ချက်ချင်းပင် ငေါက်ငမ်းလိုက်သည်။
"အဖိုးကြီး.. ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ပဲ ဂရုစိုက်စမ်းပါ"
ထိုသို့ အပြောခံရသော်လည်း အဖိုးအို၏ အမူအရာက အလွန်တည်ငြိမ်နေ၏။
သူက ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ရှိပြီး လေတိုက်လျှင် လဲသွားမည်ဟု ထင်ရသော်လည်း ဘယ်ဘက်လက်ကို မြှောက်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်ထဲကနေ ဓားသွားလို ထက်မြသော စွမ်းအားများ ရုတ်တရက် ထွက်ပေါ်လာသည်။
ဤအခိုက်အတန့်တွင် အနက်ရောင် ၀တ်စုံဝတ် လူငါးဦး၏ အသားအရေက သိသိသာသာပင် ပြောင်းလဲသွား၏။
၎င်းတို့က ကမ္ဘာများကို ချေမှုန်းနိုင်ပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ခွဲထုတ်နိုင်သည့် စွမ်းအားမျိုးနှင့် ထိပ်တိုက် ရင်ဆိုင်ခဲ့ရသည်။
ထွင်ထျန်းဟာ၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။
ဤအဖိုးအို၏ သရုပ်မှန်က မရိုးရှင်းလောက်ပေ။
အဖိုးအိုက အလွန်ပင် သန်မာလွန်းနေသည် မဟုတ်လော။
ဤပြင်းထန်သော ဝိညာဥ်ရေး ဖိအားကြောင့် လူတိုင်း၏ အသားအရေက တွန့်လိမ်သွားခဲ့သည်။
ထိုကဲ့သို့ ပြင်းထန်သော ဖိအားအောက်တွင် ဝေ့ကျစ်က ခေါင်းကို ကုတ်ကာ ပြောလိုက်သည်။
"ဦးလေးကျန်း.. ကျေးဇူးပြုပြီး သူတို့ကို အသက်ချမ်းသာပေးပါ.. ဒီငါးယောက်ကို စစ်ဆေးမေးမြန်းဖို့ လိုသေးတယ်"
အဖိုးအိုက သူ၏ ဘယ်ဘက်လက်ကို အောက်ချလိုက်ရာ အနက်ရောင် ဝတ်စုံဝတ် အမျိုးသားငါးဦးက ကြမ်းပြင်ထဲသို့ နစ်ဝင်သွားပြီး လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
ကြမ်းပြင်တွင် လူပုံသဏ္ဍာန် အချိုင့် ငါးခု ဖြစ်ပေါ်သွား၏။
အရိုးနဂါးပိုင်ရှင်က လုံးဝ ကြောက်လန့်သွားသည်။
သူ့မျက်လုံးများက သွေးထွက်နေပြီး နှာခေါင်းကလည်း သွေးများ တားဆီးမရစွာ စီးကျနေ၏။
"ဒီနေရာက မင်းတို့ လာချင်တိုင်း လာလို့ရတဲ့နေရာ မဟုတ်ဘူး"
အဖိုးအိုက ကြမ်းပြင်ပေါ်ရှိ လူငါးဦးကို စိုက်ကြည့်ရင်း လေးနက်စွာ ပြောလိုက်သည်။
ထို့နောက် ဝေ့ကျစ်ကို လှည့်ကြည့်လိုက်သည်။
"ဒီအချိန်မှာ ငါလာမယ်လို့ မင်း တွက်ထားတယ်.. အဲ့ဒါကြောင့် သူတို့ကို ဒီနေရာထိ တမင်တကာ မျှားခေါ်ခဲ့တာ မဟုတ်လား"
"ဦးလေးကျန်းကလည်း ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
ဝေ့ကျစ်က ရှက်ရွံ့စွာ ပြုံး၍ ပြန်ဖြေလိုက်သည်။
"မင်းက ငါ့ကို လူဆိုးဖမ်းဖို့ တကယ် အသုံးချရဲတယ်"
အဖိုးအိုက ကြုံးဝါးလိုက်သည်။
ထို့နောက် သူက ခြေတစ်ချက် ဆောင့်လိုက်ရာ သူ့ခြေထောက်အောက်ရှိ ကြမ်းပြင်က အနည်းငယ် တုန်ခါသွားပြီး အနက်ရောင်ဝတ် လူငါးယောက်ကို ဘေးဖယ်၍ လမ်းကြောင်းဖွင့်ရန်အတွက် လေလှိုင်းငယ် တစ်ခု ထွက်ပေါ်လာ၏။
ဝေ့ကျစ် "ဦးလေးကျန်း"
အဖိုးအိုက ဝေ့ကျစ်ကို တစ်ချက်ကြည့်လိုက်သည်။
"ငါ ရေမီတာ ဖတ်လိုက်ဦးမယ်"
ဝေ့ကျစ်က အဖိုးအို၏ အမူအရာကြောင့် တုန်လှုပ်နေ၏။
"ကောင်းပါပြီ ဦးလေးကျန်း"
ထိုအချိန်တွင် အဖိုးအိုက ထွင်ထျန်းဟာကို သတိပြုမိကာ မျက်မှောင်ကြုတ်သွားသည်။
"ဒီခွေးက မင်းရဲ့ခွေးလား"
ထွင်ထျန်းဟာ "..........."
ဝေ့ကျစ် "သူက သူငယ်ချင်းပါ.."
အဖိုးအိုက ထွင်ထျန်းဟာကို ခဏမျှ စိုက်ကြည့်ခဲ့သည်။
ထိုအကြည့်ကို ရင်ဆိုင်မိပြီး ထွင်ထျန်းဟာ၏ အမွေးများက ထောင်ထသွား၏။
ကြောက်စရာကောင်းလွန်းသည်။
အကြည့်တစ်ချက်ကပင် အလွန်ကြောက်စရာ ကောင်းလွန်းသည်။
"ပြောစရာရှိတယ်..."
အဖိုးအိုက ပြောလိုက်သည်။
"လှပတဲ့မျက်နှာတွေက နေရာတိုင်းမှာ ရှိတတ်ပေမဲ့ လှပတဲ့ဝိညာဉ်တွေကတော့ ရှာရခက်တယ်"
ဤသည်မှာ အလွန်အဓိပ္ပာယ်ရှိသော မှတ်ချက်တစ်ခု ဖြစ်၏။
ထွင်ထျန်းဟာက ထိုစကားကို ကြားသောအခါ ထိတ်လန့်သွားသည်။
ဤလူကြီးက တကယ်ကို ကြောက်စရာကောင်းနေသည်။
"ဘာကိုဆိုလိုတာလဲ ဦးလေးကျန်း"
ဝေ့ကျစ်က ခေါင်းကုတ်၍ မေးလိုက်သည်။
"ကိုယ့်ဘာသာ စဥ်းစားကြည့်ပါ.. ဒါပေမယ့် မင်းသူငယ်ချင်းခွေးလေးက စိတ်ဝင်စားဖို့ အရမ်းကောင်းတယ်"
အဖိုးအိုကျန်းက ရယ်မောလိုက်ပြီး လက်နှစ်ဖက်ကို နောက်သို့ဟန်ပါပါ ပစ်ကာ ရေမီတာဖတ်ရန် မီးဖိုချောင်ထဲသို့ လျှောက်သွားခဲ့၏။
ဝေ့ကျစ်၏ နေရာကို အဖိုးအို အကျွမ်းဝင်ပုံကို ထောက်၍ ဤနေရာကို ရောက်လာသည်က ပထမဆုံးအကြိမ် မဟုတ်မှန်း သိသာ ထင်ရှားနေသည်။
ငါးမိနစ်ခန့်ကြာပြီးနောက် အဖိုးအိုက မီးဖိုချောင်မှ ထွက်လာခဲ့၏။
ထိုအချိန်တွင် ဝေ့ကျစ်က အနက်ရောင်ဝတ် လူငါးဦးလုံးကို ကြိုးဖြင့် ချည်ထားပြီးပြီ ဖြစ်သည်။
လက်နှစ်ဖက်ကို နောက်ပစ်ထားသည့် အဖိုးအို၏ အမူအရာက အလွန်တရာ တည်ငြိမ်နေသည်။
"ဒီလူငါးယောက်ကို မင်းတို့တွေ စစ်ဆေးမေးမြန်းဖို့ ငါထားခဲ့မယ်.. ရေမီတာဖတ်ဖို့ တခြားအခန်းတွေကို ငါသွားလိုက်ဦးမယ်"
"ကောင်းပါပြီ ဦးလေးကျန်း.. နောက်မှတွေ့မယ်"
ဝေ့ကျစ်က လေးလေးစားစား ဂါရဝပြု၍ ပြန်ဖြေလိုက်သည်။
အဖိုးအို ထွက်သွားပြီးနောက်တွင် ဝေ့ကျစ်က သက်ပြင်းချလိုက်၏။
"ဦးလေးကျန်းရဲ့ ခွန်အားက ကြောက်စရာပဲ.. ရပ်ကြည့်နေတဲ့ ငါတောင် အတော်လေး မူးဝေသွားတယ်"
ဝေ့ကျစ် တအံ့တသြ ရေရွတ်လိုက်သည်။
"ဒီလူကြီးက ဘယ်သူလဲ"
ထွင်ထျန်းဟာက စပ်စုလိုက်သည်။
"ကျန်းလဲ့ အကြောင်း ကြားဖူးလား"
ဝေ့ကျစ်က မေးလိုက်သည်။
ထိုမေးခွန်းကြောင့် ထွင်ထျန်းဟာ တုန်လှုပ်သွားခဲ့သည်။
ဤလူက ဗိုလ်ချုပ်ရီ၊ အတွင်းရေးမှူး တာခန်း နှင့် ဝန်ကြီးရှီးယွီလျန့် တို့ကဲ့သို့ နိုင်ငံ စတင်တည်ထောင်သူ ဗိုလ်ချုပ် ဆယ်ဦးထဲမှ တစ်ဦး ဖြစ်သည်။
"ဒီအဘိုးကြီးက တကယ်ပဲ ထိပ်တန်း ဗိုလ်ချုပ်ကြီး ကျန်းလဲ့လား"
ဝေ့ကျစ် "ကမ္ဘာခြား ဂိတ်တံခါး ဖွင့်စဥ်ကဆိုရင် ပထမဆုံး ထွက်ပေါ်လာတဲ့ နတ်ဆိုးဘုရင်ရဲ့ ခေါင်းကို ဦးလေးကျန်းက ခြေထောက်နဲ့ နင်းသတ်လိုက်တယ်"
ထွင်ထျန်းဟာ "..........."
ဝေ့ကျစ် "အခုတော့ ဦးလေးကျန်းက အငြိမ်းစားယူလိုက်ပါပြီ.. ဒီတိုက်ခန်းရဲ့ မြေရှင်က သူပဲ...ဒီအဆောက်အဦးကို သူကိုယ်တိုင် ဆောက်ခဲ့တာပဲ.. အခုခေတ် အနေနဲ့ဆို အိမ်ပိုင်ရှင်လို့ ခေါ်ရမယ် ထင်တယ်"
ထွင်ထျန်းဟာ "............"