ကောင်းကင်မင်းကြီးက မြေပြင်ကကျားကို ကာကွယ်တယ်
Vol. 26 Ch. 385
ဝေ့ကျစ်က စစ်ဆေးမေးမြန်းမှု ပြီးဆုံးပြီးနောက်တွင် ဆယ့်ခုနစ်ထပ်တွင် နေထိုင်သည့် သူ၏သူငယ်ချင်းတစ်ဦးကိုတိုက်ခန်းဖုန်းဖြင့် ခေါ်ဆိုလိုက်သည်။
အထပ်တိုင်းတွင် သီးသန့်ဖုန်းများ ရှိသောကြောင့် တိုက်ခန်းတွင် နေထိုင်သူ အချင်းချင်း အလွယ်တကူ ဆက်သွယ်နိုင်ပေသည်။
ဤကွန်ရက်မှ တစ်ဆင့် တစ်စုံတစ်ဦးကို တိုက်ရိုက် ခေါ်လိုက်ခြင်းကို ကြည့်၍ ဝေ့ကျစ်က ဤသူငယ်ချင်းနှင့် လွန်စွာ ရင်းနှီးကြောင်း သက်သေပြနေ၏။
ဖုန်းခေါ်ဆိုပြီး သုံးမိနစ်ခန့် အကြာတွင် နေကာမျက်မှန်တပ်ထားသည့် အရပ်မြင့်မြင့် အမျိုးသား တစ်ဦး ရောက်ချလာသည်။
ထိုလူက အနည်းငယ် ထူးဆန်းစွာ ၀တ်စားထားသော်လည်း ခွန်အားကမူ သာမန် မဟုတ်လောက်ပေ။
ထိုလူက ချည်နှောင်ခံထားရသည့် အနက်ရောင်ဝတ် အမျိုးသားများကို ကြည့်ကာ ဝေ့ကျစ်ကို မေးလိုက်သည်။
"ဒီကောင်တွေလား"
"ဟုတ်ပါတယ် ကျေးဇူးပြုပြီး ဆောင်ရွက်ပေးပါဦး"
ဝေ့ကျစ်က ပြုံး၍ ပြောလိုက်သည်။
ထိုလူက အနက်ရောင်ဝတ် အမျိုးသားငါးဦးကို ကြိုးဖြင့်ချည်နှောင်ကာ ဆွဲခေါ်သွားခဲ့၏။
ထွင်ထျန်းဟာ "သူက ဘယ်သူလဲ"
"ကန်းလေး"
ဝေ့ကျစ်က ပြန်ဖြေလိုက်သည်။
ထွင်ထျန်းဟာ "..........."
ဝေ့ကျစ် "သူက ငါ့ရဲ့ ညီနောင် တစ်ယောက်ပါ.. မှုခင်းရဲတပ်ဖွဲ့ရဲ့ အငြိမ်းစား ဗိုလ်ကြီးလည်း ဖြစ်တယ်"
"သူက မှုခင်းရဲတပ်ဖွဲ့နဲ့ အခုချိန်ထိ အဆက်အသွယ် ရှိနေဆဲ ဆိုတော့ ဒီလူတွေကို ကိုင်တွယ်ဖို့ သူ့ဆီ ထားခဲ့တာက ပြဿနာဖြစ်မှာ မဟုတ်ဘူး"
ထွင်ထျန်းဟာ "မင်းမှာ ရှားလေးလို့ ခေါ်တဲ့ မိန်းကလေးမိတ်ဆွေ တစ်ယောက်ရော ရှိလား"
ဝေ့ကျစ် အလွန်အံ့သြသွားသည်။
"မင်းဘယ်လိုသိတာလဲ?"
ထွင်ထျန်းဟာ "............"
................
စုန့်ဟိုင်မြို့၏ အစွန်အဖျားရှိ လူသူအရောက်အပေါက် နည်းသည့် မြို့ငယ်လေး တစ်မြို့..
နတ်ဆိုး မုဆိုးများ အဖွဲ့အစည်း၏ စစ်ဆင်ရေး အခြေစိုက်စခန်းကို ဤနေရာတွင် တည်ထောင်ထားသည်။
ဝေ့ကျစ်က ထွင်ထျန်းဟာနှင့် အတူ ရောက်ရှိလာသောအခါ လေထဲသို့ စိမ့်ဝင်ပျံ့နှံ့နေသော သားရေရနံ့ နှင့် သွေးရနံ့များကြောင့် အလိုလို မျက်မှောင်ကြုတ်သွားခဲ့သည်။
ထွင်ထျန်းဟာကို သတိမထားမိစေရန် အတွက် ဝေ့ကျစ်က ခရီးဆောင် အိတ်ကြီး တစ်လုံးထဲတွင် ထည့်လာခဲ့သည်။
ထွင်ထျန်းဟာက လေထဲမှ အနံ့အသက်များကို အနံ့ခံနိုင်ခဲ့၏။
"မမှားဘူး.. ဒါက ဝိညာဥ်သားရဲတွေရဲ့သွေးနံ့ပဲ"
ဤမြို့ငယ်လေးက မထင်မရှားနေရာ ဖြစ်သော်လည်း နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းက ၎င်းကို ဝိညာဥ်သားရဲ သားသတ်ရုံ အဖြစ် အမှန်တကယ် အသုံးပြုနေမှန်း ထင်ရှားနေသည်။
ဝေ့ကျစ် နှင့် ထွင်ထျန်းဟာ၏ အစီအစဥ်မှာ နတ်ဆိုးမုဆိုးများ အဖွဲ့အတွင်းသို့ စိမ့်ဝင်ပြီး တစ်ချက်တည်း အဆုံးသတ်နိုင်မည့် အခွင့်အရေးကို ရှာဖွေရန် ဖြစ်သည်။
ဝေ့ကျစ်က ခရီးဆောင်အိတ်ကို နောက်ကျောတွင် လွယ်ပိုး၍ လျှောက်လာသည်။
အပေါ်ယံကြည့်လျှင် လမ်းတစ်လမ်းလုံးက အလွန် သန့်ရှင်းနေပုံရပြီး ကဲ့ရဲ့ရှုတ်ချစရာ တစ်စုံတစ်ခုကိုမှ မတွေ့ရပေ။
သို့သော် လေထဲမှ အနံ့ကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
သာမန်ကျင့်ကြံသူက ထိုအနံ့ကို အနံ့မခံနိုင်သော်လည်း အိမ်မွေးတိရစ္ဆာန်လေ့ကျင့်ပေးသူ ဝေ့ကျစ် အတွက်မူ ရိုးရှင်းလွန်းလှသည်။
ဝေ့ကျစ်က ဆိုင်တစ်ဆိုင် ထဲသို့ အသာအယာ ၀င်သွားခဲ့သည်။
ထိုဆိုင်က အသားပေါင်းများကို ရောင်းချနေသော်လည်း အသားပေါင်း အထဲမှ အသားနှင့် ပတ်သက်သည့် တစ်စုံတစ်ရာက မူမမှန်ကြောင်း ဝေ့ကျစ် အနံ့ခံနိုင်ခဲ့သည်။
ဆိုင်ရှင်က ဖက်တီးတစ်ဦး ဖြစ်ပြီး သူလှုပ်ရှားသောအခါ မြေပြင်ကပါ တုန်ယင်နေပုံရသည်။
"ညီနောင် အသားပေါင်း ဝယ်မလို့လား"
ဆိုင်ရှင်က ပေါင်းအိုး အဖုံးကို ဖွင့်လိုက်ပြီး ဝေ့ကျစ်ကို ကြည့်လိုက်သည်။
ဝေ့ကျစ်က တည်ငြိမ်စွာပင် ပြောလိုက်၏။
"ငါ့မှာ ပစ္စည်းပါလာတယ်"
ဆိုင်ရှင်က သူ့ကို စူးစမ်း၍ ကြည့်ကာ ပြောလိုက်သည်။
"ကောင်းကင်မင်းကြီးက ကျားကို ကာကွယ်ထားတယ်"
"ဘုရားက မြစ်ထဲက နတ်ဆိုးတွေကို နှိမ်နင်းတယ်"
ဝေ့ကျစ်က ခပ်သွက်သွက် ပြန်ဖြေလိုက်သည်။
ဆိုင်ရှင်က ဆက်ပြောလိုက်သည်။
"ဘဲသားကင် အရမ်းကောင်းတယ်"
"ဝက်တုန်ယမ်းစွပ်ပြုတ် ချက်ပြီးပြီ"
ဝေ့ကျစ်ကလည်း သွက်လက်စွာ ပြောလိုက်သည်။
ထွင်ထျန်းဟာ "..............."
ထိုစကားများမှာ ယခင် စစ်ဆေးမေးမြန်းမှု အတွင်း ဝေ့ကျစ်သိခဲ့ရသည့် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ လျှို့ဝှက်စကားဝှက်များ ဖြစ်သည်။
စကားဝှက်များ မှန်ကန်သောကြောင့် ဆိုင်ရှင်က ဝေ့ကျစ်ကို ကြည့်ကာ ပြုံးပြလိုက်ပြီး ကြိုဆိုသည့် အမူအရာ ပြုလုပ်လိုက်၏။
"ဒီကညီနောင် ကျေးဇူးပြုပြီး လိုက်လာခဲ့ပါ"
ဆိုင်ရှင်က သူ့ကို အထဲသို့ ခေါ်သွားသောအခါ လေထဲမှ သွေးနံ့များက တစ်ဟုန်ထိုး ပြင်းထန်လာသည်ကို ဝေ့ကျစ် ခံစားလိုက်ရသည်။
ဤသို့ဖြင့် ဝေ့ကျစ်က ဆိုင်၏ နောက်ဖေးလမ်းသို့ ရောက်ရှိလာပြီး ရင်သပ်ရှုမောဖွယ် မြင်ကွင်းကို တွေ့လိုက်ရသည်။
[ဒါကမှ မြို့ရဲ့ တကယ့် မျက်နှာအစစ်ပဲ]
နောက်ဖေးလမ်း၏ ဘေးနှစ်ဖက်စလုံးတွင် မြင့်မားသော နံရံများ ရှိနေသည်။
ထိုနေရာတွင် အိမ်မွေးတိရစ္ဆာန် ရောင်းဝယ် ဖောက်ကားသူ အများအပြားသည် ၎င်းတို့၏ ကုန်ပစ္စည်းများကို ရောင်းချနေကြသည်။
တစ်လမ်းလုံး၌ အသားနံ့များ သွေးနံ့များဖြင့် ပြည့်နှက်နေ၏။
ဝေ့ကျစ်က လမ်းတစ်လျှောက်တွင် သံမဏိဖြင့် ပြုလုပ်ထားသည့် လှောင်အိမ် များစွာကို တွေ့ခဲ့ရသည်။
ထိုလှောင်အိမ်များ ထဲတွင် ပိတ်မိနေသည့် ဝိညာဉ်သတ္တဝါ မျိုးစုံကို တွေ့လိုက်ရသည်။
ဝိညာဥ်ကြောင်များ၊ ဝိညာဥ်ခွေးများ၊ ဝိညာဥ်မြေခွေးများ...
ဤတိရစ္ဆာန် အများစုက နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
တချို့သတ္တဝါများ၏ ကော်လာများတွင် ပိုင်ရှင်အမည်ကိုပါ ရေးထိုးထားသည်။
နာခံမှု မရှိသည့် ဝိညာဥ်သားရဲ အချို့ကမူ အညိုအမဲစွဲသည်အထိ အရိုက်ခံရပြီး နောက်ဆုံးထွက်သက်ကို ရှုရှိုက်ကာ သေဆုံးသွားကြသည်ဟု သူတို့ သိထားကြ၏။
ဝေ့ကျစ်၏ အမူအရာကို မြင်လိုက်ရလျှင် ဆိုင်ရှင်က ပြုံးပြလိုက်သည်။
"ကြည့်ရတာ ညီနောင်က အသင်း၀င်တာ မကြာသေးတဲ့ပုံပဲ.. အသစ်ရောက်လာတဲ့ ညီနောင်တွေက ဒီလမ်းကို ဖြတ်သွားတဲ့အချိန်မှာ အော့အန်မသွားရင်သာ အံ့ဩစရာ ဖြစ်လိမ့်မယ်"
"ဟိုက ဒဏ်ရာတွေ ပြင်းပြင်းထန်ထန် ရနေတဲ့ သားရဲတွေကိုတွေ့လား"
ဆိုင်ရှင်က လမ်းဘေးရှိ လှောင်အိမ်များထဲမှ ဒဏ်ရာရရှိထားသော ဝိညာဥ်သားရဲများကို ညွှန်ပြလိုက်သည်။
"ဒီကောင်တွေက သူတို့ရဲ့ ပိုင်ရှင်ဟောင်းတွေနဲ့ စာချုပ်ကို ဖောက်ဖျက်ဖို့ ငြင်းဆိုတဲ့ အတွက် နှိပ်စက်ခံထားရတာပဲ"
ဝေ့ကျစ်က ဘာစကားမျှ မပြောဘဲ ဆိုင်ရှင် ဆက်ပြောနေသည်ကိုသာ နားထောင်နေခဲ့သည်။
"ဒီနေရာမှာ အတားအဆီး အစီအရင် တစ်ခု ရှိတယ် ဆိုပေမဲ့ ဒီနေရာကို ရှာတွေ့မှာ စိုးရိမ်တဲ့ အတွက် ဒီနေရာရဲ့ ပိုင်ရှင်တွေက ဝိညာဥ်သားရဲတွေ ရောက်လာတာနဲ့ သူတို့ပိုင်ရှင်နဲ့ စာချုပ်ကို အရင်ဆုံး ဖျက်သိမ်းခိုင်းတယ်"
ဆိုင်ရှင်က ရယ်လိုက်သည်။
"ဒါပေမယ့် တချို့သော ဝိညာဉ်သားရဲတွေက ပိုင်ရှင်အပေါ် သစ္စာရှိပြီး စာချုပ်တွေကို မဖျက်ချင်ကြတဲ့ အတွက် အတင်းအကြပ် ဖိအားပေးခံရတယ်"
"ဒီအတိုင်းအတာ အထိ လုပ်ခဲ့တာလား"
ဝေ့ကျစ်က တုန်လှုပ်နေသော အသံကို မနည်း ထိန်းထားရသည်။
"ယေဘုယျအားဖြင့် ပြောရရင် ဝိညာဉ်သားရဲတွေ သေခါနီးအချိန်မှပဲ တတိယ အဖွဲ့အစည်းက စာချုပ်ကို ဝင်ရောက်စွက်ဖက်နိုင်တယ်"
ဆိုင်ရှင်က ပေါ့ပါးစွာ ပြောလိုက်သည်။
"အရေအသွေး နိမ့်တဲ့ သားရဲတွေကိုတော့ သေချာ သန့်စင်ပြီး အသားပေါင်းလလုပ်လိုက်တယ်"
ဆိုင်ရှင်က အသားပေါင်းဆိုင် ရှိရာသို့ ညွှန်ပြလိုက်သည်။
ဆိုင်ရှင်က စကားတပြောပြောဖြင့် ဝေ့ကျစ်ကို အတွင်းကျသော နေရာသို့ ပို့ဆောင်ပေးခဲ့သည်။
ဖမ်းမိထားသော ဝိညာဥ်သားရဲများကို ၎င်းတို့၏ အဆင့်အလိုက် ဤနေရာတွင် စုစည်းထားကြောင်း ဝေ့ကျစ် သဘောပေါက်လိုက်သည်။
လမ်း၏ ထိပ်တွင် ရှိသည့် သားရဲများက အဆင့်အတန်း သိပ်မမြင့်ပေ။
နောက်ဖေးလမ်း၏ အတွင်းကျသော နေရာသို့ ရောက်လာသောအခါ မျိုးသုန်းမည်စိုး၍ နိုင်ငံတော်မှ ထိန်းသိမ်း ကာကွယ်ထားသော ဝိညာဉ်သားရဲများစွာကို ဝေ့ကျစ်က အမှတ်မထင် တွေ့ရှိခဲ့သည်။
ဤဝိညာဥ်သားရဲများကိုမူ လှောင်အိမ်များဖြင့် သပ်သပ်ရပ်ရပ် ချုပ်နှောင်ထားသည်။
၎င်းတို့က "နာခံမှုအားဆေး" နှင့်တူသော တစ်စုံတစ်ရာကို အကျွေးခံထားရ သကဲ့သို့ မျက်လုံးများ ပြူးကြောင်ကြောင် ဖြစ်နေသည်။
ထိုကဲ့သို့ ဆေးအကျွေးခံထားရသော သားရဲမှာ ခိုင်းစေသမျှကို လိုက်လုပ်လိမ့်မည် ဖြစ်၏။
အဆုံးသတ်တွင် ဆိုင်ရှင်က သစ်သားအိမ်လေး ရှေ့တွင် ရပ်လိုက်သည်။
"ညီနောင်အသစ်လေး.. ငါ မင်းကို ဒီမှာထားခဲ့မယ်..မင်းရှာနေတဲ့လူက ဒီအိမ်ထဲမှာပဲ"
ဝေ့ကျစ်က ခေါင်းညိတ်ပြလိုက်ပြီး အထဲကို ဝင်သွားခဲ့သည်။
အိမ်ထဲတွင် လူများစွာ မရှိသော်လည်း အားလုံးမှာ နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ အဖွဲ့ဝင် လက္ခဏာများ ရှိနေ၏။
ဤလူများက အမာခံ ကြီးကြပ်ရေးမှုး အချို့ ဖြစ်ကောင်းဖြစ်နိုင်သည်။
ဤပျဉ်ထောင်အိမ်က ပုံမှန် အရောင်းအ၀ယ် ပြုလုပ်သည့်နေရာမဟုတ်ပေ။
အလုပ်အကြောင်း ဆွေးနွေးရန် သုံးလေ့ရှိသည့် အခန်းသာဖြစ်၏။
ဝေ့ကျစ်က ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
အသက်ငါးဆယ်ခန့် ရှိပုံရသော အမျိုးသားတစ်ဦးက သူ့ကိုမေးခွန်းထုတ်လိုက်သည်။
"ညီနောင်.. မင်းဘာရောင်းမလို့လဲ"
ထိုအမျိုးသား၏ ပုံစံက သားသတ်သမားလိုပင်။
"စိတ်ဝိညာဉ်ခွေး ရောင်းချင်ပါတယ်"
ဝေ့ကျစ်က ထိုင်ရန် နေရာရှာလိုက်ပြီးနောက် သူသယ်လာသော ခရီးဆောင်အိတ်ကြီးကို သူ့ပေါင်ပေါ်တွင် တင်လိုက်သည်။
ဤလူအုပ်စုတွင် အလွန်သိမ်မွေ့သော အနံ့ခံအာရုံ ရှိသည်။
ဝေ့ကျစ် အိမ်ထဲ ဝင်ကတည်းကပင် သူတို့၏ မျက်လုံးများက ခရီးဆောင်အိတ်ကိုသာ မယိမ်းမယိုင် စိုက်ကြည့်နေကြ၏။
"အိုး.. ဘာအမျိုးအစားလဲ"
"အာကီတာ"
ဝေ့ကျစ်က ခရီးဆောင်အိတ်ကို ဖွင့်ကာ ထွင်ထျန်းဟာ၏ပါးပြင်ကို ဆွဲညှစ်လိုက်ပြီး မျက်နှာကို ၎င်းတို့ဆီ ပြသလိုက်သည်။
"အာကီတာလား"
ထိုအမျိုးအစားက ဝိညာဉ်ခွေးများတွင် မပါဝင်သောကြောင့် ဤလူအုပ်စုမှာ စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။
ခဏအကြာတွင် သားသတ်သမားနှင့် တူသည့် အမျိုးသားက ထွင်ထျန်းဟာကို စိုက်ကြည့်လိုက်သည်။
"ဒါက.. ဘယ်လိုခွေးကြီးလဲဟ"
ဝေ့ကျစ် "............"
ထွင်ထျန်းဟာ "မင်းဘာကြည့်နေတာလဲ"
သားသတ်သမား နှင့် တူသော အမျိုးသားက အလွန် အံ့သြသွားသည်။
"မင်းက အရှေ့မြောက်အရပ်ကလား"
ထွင်ထျန်းဟာ "..........."
သူက အရှေ့မြောက်အရပ်၏ လေသံဖြင့် ပြောခဲ့မိသည်။
ကန်းလေး နှင့် ရှားလေး တို့သည် မူရင်း 'ပိုကီမွန်' စီးရီးမှ အဓိကဇာတ်ကောင်များ၏ တရုတ်နာမည်များ ဖြစ်သည်။