ဒဏ္ဍာရီလာ အဆီအနှစ်စုပ်ယူ စွမ်းရည်လား
Vol. 26 Ch. 389
ဤလမ်းနောက်ဖေး သစ်သားအိမ်ရှိ ရွှေအမြူတေအဆင့် ကျင့်ကြံသူ ၁၂ ဦးသည် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ အဓိကအဖွဲ့ဝင်အချို့ ဖြစ်သည်။
သို့သော် အဖွဲ့အစည်း၏ ခေါင်းဆောင်ကို မဖမ်းမိသေးသဖြင့် လုံးလုံးလျားလျား ဖယ်ရှားပစ်နိုင်ခြင်း မရှိသေးပေ။
ဝေ့ကျစ်နှင့် ထွင်ထျန်းဟာ၏ မူလအစီအစဉ်မှာ ပင်မအဖွဲ့ဝင်အားလုံးကို တစ်ကြိမ်တည်း ရှင်းပစ်ရန် ဖြစ်သည်။
ဤအိမ်မွေးတိရစ္ဆာန် မှောင်ခိုဂိုဏ်းက မည်မျှ လိမ္မာပါးနပ်သည်ကို သူတို့ လျှော့တွက်ခဲ့ကြသည်။
ပိုဆိုးသည်မှာ သစ်သားအိမ်ထဲမှ ပြင်းထန်သည့် တိုက်ပွဲသံများနှင့် ကြမ်းပြင်ပေါ် လဲကျသွားသည့် ကျင့်ကြံသူများ၏ ဝမ်းနည်းကြေကွဲသည့် အော်သံများက လမ်းနောက်ဖေးရှိ လူအများကို သတိပြုမိစေခဲ့သည်။
အိမ်မွေးတိရစ္ဆာန် မှောင်ခိုရောင်းဝယ်သူ အချို့က တစ်ခုခုမှားနေပြီဟု ခံစားမိကြပြီး ထွက်ပြေးရန် အဆင်သင့် ဖြစ်နေခဲ့၏။
ကံမကောင်းစွာပင် ဝေ့ကျစ်က လုံလောက်သော ပြင်ဆင်မှုများကို ပြုလုပ်ခဲ့သည်။
ထွင်ထျန်းဟာက ပျက်စီးနေသော ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်သည်။
အပြင်မှ ကျယ်လောင်သော ဥဩဆွဲသံများကို ကြားနေရသည်။
ဝေ့ကျစ်က ရဲများကို စောစောကတည်းက ခေါ်ခဲ့၏။
ယခုအခါတွင် ရဲများက မြို့ငယ်လေးကို ဝိုင်းရံထားပြီဖြစ်သည်။
ပေါက်ကွဲမှု ဆန့်ကျင်ရေး မှော်ဒိုင်းများကို ကိုင်ဆောင်ထားသော အထူးရဲအရာရှိ အများအပြားက နောက်ဖေးလမ်း ထဲသို့ဝင်လာကြ၏။
ဤသည်မှာ ယခုနှစ်အတွင်း ဝိညာဉ်သားရဲ ရောင်းဝယ်ဖောက်ကားမှု၏ အကြီးမားဆုံးသော အမှု ဖြစ်လာနိုင်သည်။
လောလောဆယ်တွင် အဖွဲ့အစည်း၏ ခေါင်းဆောင်နှင့် အဓိကအဖွဲ့ဝင်အချို့ကို မမိသေးသော်လည်း ၎င်းတို့အနေဖြင့် ကြာကြာ မပြေးနိုင်ဟု ထွင်ထျန်းဟာ ခံစားခဲ့ရသည်။
သို့ရာတွင် ထွင်ထျန်းဟာက ပြဿနာအသစ်တစ်ခုနှင့် ကြုံလာရ၏။
[ဒီကနေ ဘယ်လိုထွက်သွားရမလဲ]
သူ၏ အမွေးများက ပတ်ဝန်းကျင်မှ လူတကာ၏ မျက်လုံးကို ဖမ်းစားလွန်းသည်။
အကယ်၍ အထူးရဲ အဖွဲ့ဝင်များသာ သစ်သားအိမ်၏ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသည့် ရွှေအမြူတေအဆင့်ကျင့်ကြံသူ ၁၂ ဦးကို တွေ့ရှိလျှင်...
နောက်တစ်နေ့၏ သတင်းစာ ခေါင်းကြီးပိုင်းတွင် သူ့ အကြောင်း ပါရှိမည်ဟု ယူဆရသည်။
သူဘယ်လိုထွက်သွားရမလဲ တွေးနေစဥ်မှာပင် လူအုပ်ထဲမှ ရင်းနှီးသော အနံ့အသက်ကို ရုတ်တရက် ရလိုက်သည်။
နှစ်မိနစ် သုံးမိနစ်လောက် အကြာတွင် ထွင်ထျန်းဟာက ရင်းနှီးသော အသွင်အပြင်ကို တွေ့လိုက်ရသည်။
ထိုလူက တစ်ခြားသူမဟုတ်ပေ.. ကျိုးရီပင် ဖြစ်၏။
ထုံးစံအတိုင်း ကျိုးရီက လူ့အဖွဲ့အစည်း၏ အထက်တန်းလွှာ ပုံသဏ္ဍာန်အတိုင်း သူ၏ဆံပင်ကို နောက်လှန်၍ ကျနစွာ ဖီးသင်ထားသည်။
"ဒါမင်းသူငယ်ချင်းလား"
ဝေ့ကျစ်က ကျိုးရီကို မြင်သောအခါတွင် ဤလူကို အကြောင်းတစ်ခုခုကြောင့် ရင်းနှီးသည်ဟု ခံစားမိခဲ့သည်။
သို့သော် ကျိုးရီ၏ ရင်ဘတ်မှ ကျောင်းပေါင်း 100 အထွေထွေအုပ်ချုပ်ရေး သင်္ကေတကို မြင်သောအခါတွင် ဝေ့ကျစ် ရုတ်တရက် သတိရသွားသည်။
ဤလူသည် မကြာသေးမီက မြို့တော်တွင် ဟိုးလေးတကျော် ဖြစ်ခဲ့သည့် ခေါင်းဆောင် တစ်ယောက် မဟုတ်ပါလား။
ဤလူက သမိုင်းတစ်လျှောက် ကျောင်းပေါင်း 100 အထွေထွေ အုပ်ချုပ်ရေးဌာန၏ အသက်အငယ်ဆုံး ဒါရိုက်တာ ဖြစ်သည်။
ထိုအချိန်က နတ်ဆိုးဘုရင်ကို အနိုင်ယူရန် ကောင်းကင်ပိုင်းဖြတ် ဓားသိုင်းကို အသုံးပြုပြီးနောက် ကျော်ကြားလာသူလည်း ဖြစ်၏။
ဝေ့ကျစ်က ထိုအကြောင်းကို တွေးတောရင်း မကြာသေးမီကဖြစ်ပျက်ခဲ့သော အဖြစ်အပျက်တိုင်း လိုလိုတွင် ထိုလူ ရှိနေသည်ကို သတိပြုမိလိုက်သည်။
ယင်းမှာ သံသယဖြစ်စရာ ကောင်းလွန်းနေ၏။
ကျိုးရီက ထွင်ထျန်းဟာ အတွက် သေချာစွာ ပြင်ဆင်ထားသည့် ခရီးဆောင်အိတ်ကို ကျောတွင် လွယ်ထားသည်။
"ဆရာက မင်းကို လာခေါ်ခိုင်းတယ်"
ကျိုးရီက သစ်သားအိမ်ထဲကို ဝင်လိုက်သည်နှင့် ခရီးဆောင်အိတ်ကို ချက်ချင်းဖွင့်လိုက်သည်။
ဤရိုးရှင်းသောစကားမှ တဆင့် ထွင်ထျန်းဟာက ကျိုးရီ အဘယ်ကြောင့် ဤနေရာတွင် ရှိနေသည်ကို သိသွားခဲ့သည်။
လူနှင့် ခွေးက အပြန်အလှန် နားလည်မှု ရှိကြသည်။
ထွင်ထျန်းဟာက ကျိုးရီ၏ ခရီးဆောင်အိတ် ထဲသို့ တိုက်ရိုက်ဝင်သွားလိုက်သည်။
ထိုအချိန်တွင် အခြားသော အော်ရာများ၏ ချဉ်းကပ်မှုကို သူကောင်းစွာ ခံစားမိခဲ့၏။
ဤမြင်ကွင်းကို ပြင်ပလူများ မြင်လျှင် အလွန်ပင် ဒုက္ခ ဖြစ်စေလိမ့်မည်။
ဘေးကနေ ကြည့်နေသည့် ဝေ့ကျစ်က တွေးနေမိသည်။
"ဒီဆရာဆိုတဲ့လူက ညီနောင်ခွေးရဲ့ ပိုင်ရှင်ဖြစ်ရမယ်"
"ဒီဆရာက ဘယ်သူပါလိမ့်"
ဝေ့ကျစ် တကယ်ကို သိချင်ခဲ့သည်။
ထိုစီနီယာက ကျောင်းပေါင်း 100 အထွေထွေ အုပ်ချုပ်မှု ဒါရိုက်တာ ကျိုးရီ၏ ဆရာ ဖြစ်ပြီး ထူးဆန်းသော ခွေးလေးတစ်ကောင်ကို ပိုင်ဆိုင်ထား၏။
ဤအရာအားလုံး၏ နောက်ကွယ်မှ စီနီယာ၏ စွမ်းအားက ဝေ့ကျစ်ကို အမှန်တကယ် အံ့သြသွားစေခဲ့သည်။
အဆုံးသတ်တွင် မည်သူကမျှ ထိပ်တန်းအဆင့် အထောက်အပံ့စွမ်းရည် လေးဆယ့်ကိုးခုကို ဖန်တီးနိုင်မည် မဟုတ်ပေ။
ထွင်ထျန်းဟာကို ခရီးဆောင်အိတ်ထဲ ထည့်ပြီးနောက်တွင် ကျိုးရီက ထိုအိတ်ကို ကျောပိုးကာ သက်ပြင်းချလိုက်သည်။
ထို့နောက် ဝေ့ကျစ်နှင့် လက်ဆွဲနှုတ်ဆက်ရန် ပြုံးရွှင်သောမျက်နှာထားဖြင့် ချက်ချင်း ရှေ့ကို လှမ်းလာခဲ့သည်။
"မင်းက ဝိညာဥ်သားရဲတွေ တရားမဝင် ရောင်းဝယ် ဖောက်ကားနေတာကို သတင်းပို့ခဲ့တဲ့ ရဲဘော်ဝေ့ကျစ်လား"
ဝေ့ကျစ်က ကျိုးရီ နှင့် လက်ဆွဲ နှုတ်ဆက်လိုက်သော အချိန်မှာပင် သတင်းထောက် အုပ်စုက အိမ်ထဲသို့ဝင်လာသည်။
တစ်ချိန်တည်းမှာပင် ကင်မရာ အလင်းရောင်များက တဖျပ်ဖျပ် လင်းလင်သွား၏။
ခရီးဆောင်အိတ်ထဲရှိ ထွင်ထျန်းဟာက ဤအခြေအနေကြောင့် ထိတ်လန့်တုန်လှုပ်သွားသည်။
ကျိုးရီသာ ရောက်မလာခဲ့လျှင်..
"ဟုတ်ပါတယ်.. ကျနော်က သတင်းပေးတဲ့သူပဲ"
ဝေ့ကျစ်က ထွင်ထျန်းဟာ ကဲ့သို့ အိတ်အတွင်း၌ ပုန်းအောင်းစရာ မလိုအပ်သောကြောင့် အမှန်တိုင်း ဖြေလိုက်သည်။
ထို့နောက် သတင်းထောက် အုပ်စုက ကျိုးရီနှင့် ဝေ့ကျစ်တို့ လက်ဆွဲနှုတ်ဆက်နေသည့် ပုံများကို စက္ကန့်များစွာ ကြာအောင် ရိုက်ကူးခဲ့သည်။
ထို့နောက် ကျင့်ကြံခြင်း နေ့စဥ်သတင်းမှ အမျိုးသမီး သတင်းထောက် တစ်ဦးက မေးမြန်းလိုက်သည်။
"ဒါရိုက်တာကျိုး.. ကြီးကြီးမားမား ကိစ္စတစ်ခုခု ဖြစ်ပျက်တာနဲ့ အခင်းဖြစ်တဲ့ နေရာကို ဘယ်လိုလုပ် ရောက်နေခဲ့တာလဲ.. ဒီတစ်ကြိမ် ဝိညာဥ်သားရဲ တရားမဝင် ရောင်းဝယ်ဖောက်ကားမှု ဖြစ်ရပ်က ကျောင်းပေါင်း 100 အထွေထွေ အုပ်ချုပ်ရေး ဌာနနဲ့ သက်ဆိုင်ပုံမရဘူးနော်"
"ဒါရိုက်တာကျိုး အနေနဲ့ စည်းကျော်နေပြီလို့ မထင်ဘူးလား"
ကျိုးရီက မျက်မှောင်ကြုတ်ကာ တင်းမာသော မျက်နှာထားဖြင့် အမျိုးသမီး သတင်းထောက်ကို စိုက်ကြည့်လိုက်သည်။
"မင်း ပြောတာ မဟုတ်သေးဘူး.. ဘယ်အချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ် လူတွေက ငါ့ကို လိုအပ်သရွေ့ ငါရှိနေမှာပဲ"
သူ့စကားကိုကြားလျှင် သူတို့နောက်မှ သတင်းထောက်အုပ်စုက မှတ်စုများတွင် ရေးမှတ်လိုက်ကြသည်။
ထိုမေးခွန်းကို မေးသော အမျိုးသမီး သတင်းထောက်က တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
ဤတစ်ကြိမ်က ကျိုးရီနှင့် သူမ အတွက် ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။
သူမက နောက်ဆုံးရ သတင်းများကို ဦးဆုံး တင်ဆက်နိုင်ရန်အခင်းဖြစ်ပွားရာ နေရာသို့ အလျင်အမြန် လာခဲ့ရသည်။
ကျိုးရီအနေဖြင့် ဤနေရာသို့ သူ့လို အလျင်အမြန် ပြေးလာသည်ဟု သူမ မထင်ခဲ့ပေ။
သို့သော်လည်း ကျိုးရီက ဤနှစ်၏ ခေါင်းကြီးပိုင်း သတင်းများ အားလုံးကို ထူးထူးခြားခြား သိမ်းပိုက်ထားနိုင်ခဲ့သည်။
ဆိုရလျှင် လက်ရှိ ကျောင်းပေါင်း 100 အထွေထွေအုပ်ချုပ်ရေး ဒါရိုက်တာမှာ အလွန် လုံ့လဝီရိယ ရှိလွန်းလှသည်။
"ဒါရိုက်တာကျိုးက ဒီအဖြစ်အပျက်နဲ့ ပတ်သက်တဲ့ နောက်ဆုံးရသတင်းတွေကို ကျေးဇူးပြုပြီး ပြောပြပေးနိုင်မလား"
အမျိုးသမီး သတင်းထောက်က မေးလိုက်သည်။
ကျိုးရီက သူ၏ လည်ချောင်းကို ရှင်းလိုက်ပြီး ဗီဒီယိုကင်မရာများနှင့် ကင်မရာ အလင်းများကို အဆက်မပြတ် ရင်ဆိုင်လိုက်ရသည်။
"ဒီနှစ်ထဲမှာ တရားမ၀င် ဝိညာဥ်သားရဲ ရောင်းဝယ်ဖောက်ကားတဲ့ အမှုက အများဆုံး တိုင်ကြားခံရတဲ့ အမှုပဲ.. ငါတို့ စုံစမ်းစစ်ဆေးမှုအပေါ် အခြေခံပြီး ပြောရရင် ဒီအဖွဲ့အစည်းကို နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းလို့ ခေါ်တယ်
"ရာဇ၀တ်မှု ကျူးလွန်သူအချို့က အခုချိန်မှာ ထွက်ပြေးတိမ်းရှောင်နေဆဲပဲ.. တိကျတဲ့ အသေးစိတ် အချက်အလက်တွေရရင် အများပြည်သူကို သတင်း ထုတ်ပြန်ပေးပါ့မယ်"
"ရဲတပ်ဖွဲ့ရဲ့ အစွမ်းကုန် အားထုတ်မှုတွေကြောင့် ဒီအမှုကို မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်.. ဥပဒေရဲ့ လက်တံရှည်ကနေ ဘယ်သူမှ ပြေးလို့ မလွတ်ပါဘူး"
"ဒါရိုက်တာကျိုး.. ကြမ်းပြင်ပေါ်မှာ လဲကျနေတဲ့ ရာဇ၀တ်ကောင်တွေကို အမှောက်သိပ်လိုက်တာ ဘယ်သူပါလဲ"
ဤမေးခွန်းကိုကြားသည်နှင့် ကျိုးရီက ချက်ချင်းဆိုသလို အရှေ့သို့ တိုးထွက်ကာ ဝေ့ကျစ်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
"မင်းတို့ ကျေးဇူးတင်ချင်ရင် သတင်းပို့တဲ့ ဒီညီလေးကို ကျေးဇူးတင်သင့်တယ်...သူက ဒီလူတွေကို အနိုင်ယူခဲ့တဲ့သူပဲ.. ငါရောက်လာတဲ့ အချိန်မှာ သူတို့က ဒီညီလေးလက်ချက်နဲ့ ရှုံးနိမ့်နေကြပြီ"
".............."
ဝေ့ကျစ်က သွေးအန်လုမတတ် ဖြစ်သွားရ၏။
ဤနာမည်ကျော် ပုဂ္ဂိုလ်ကြီးက ဗြောင်ပင် လိမ်ညာ ပြောဆိုနေသည်။
"ဒါ့အပြင် တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ ရာဇ၀တ်မှု ကျူးလွန်သူ ၁၂ ဦးရဲ့ အခြေအနေတွေကို စစ်ဆေးလိုက်တော့ ခွန်အား ဆုတ်ယုတ်နေတာကို တွေ့ရတယ်.. ဒါကြောင့် ငါသံသယဖြစ်မိတယ်.."
ထိုစကားကိုပြောပြီး ကျိုးရီက ဝေ့ကျစ်ကို ကြည့်လိုက်သည်။
"ဒီညီလေးက ဒဏ္ဍာရီလာ အသက်ဓာတ် အဆီအနှစ် စုပ်ယူစွမ်းရည်ကို သုံးခဲ့တဲ့ပုံပဲ"
ဝေ့ကျစ် "...???..."
"ဒဏ္ဍာရီလာ အသက်ဓာတ် အဆီအနှစ် စုပ်ယူစွမ်းရည်လား"
သတင်းထောက်တွေ အားလုံး အံ့ဩသွားကြသည်။
အမျိုးသမီး သတင်းထောက်က အလွန် စိတ်လှုပ်ရှားသွား၏။
"မြန်မြန်.. မြန်မြန်.. ဓာတ်ပုံတွေ ရိုက်နိုင်သလောက် များများရိုက်ထား.. ဒီလူရဲ့ ပါးစပ်နားကို မိုက်ခရိုဖုန်း တေ့ပေးလိုက်"