ကလန်ကဆန်လုပ်ချင်သော ငွေရောင်လေး
Vol. 26 Ch. 390
နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ သတင်းမှာ မီဒီယာက လူသိရှင်ကြား မကြေညာခင်မှာပင် တောမီးလို ပျံ့နှံ့သွားသည်။
ဝမ်လင်းက ထိုညတွင် ကျင့်ကြံခြင်း ဖိုရမ်ကို ဖွင့်လိုက်သောအခါ စာကြောင်းရေ တစ်သောင်းကို ချိုးဖျက်သွားပြီ ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
ဆွေးနွေးမှုအားလုံး နီးပါးက နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းကို ဗဟိုပြုထားသည်။
အချို့သော ပို့စ်များတွင် ၎င်းတို့၏ စာချုပ်များကို ဖျက်သိမ်းရန် အတင်းအကြပ် ခိုင်းစေခံခဲ့ရသည့် သနားစရာကောင်းသော ဝိညာဥ်သားရဲများ၏ ပုံများပင် ပါ၀င်သည်။
တာအိုဝတ်စုံများနှင့် ဘွတ်ဖိနပ်များ ပြုလုပ်ရန် အတွက် အဆင့်နိမ့်ဝိညာဉ် သားရဲအချို့မှာ ၎င်းတို့၏ သားမွေးများကိုအရှင်လတ်လတ် အချွတ်ခံခဲ့ရသည်။
အရေးကြီးဆုံး အချက်မှာ နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းတွင် ရောင်းဝယ် ဖောက်ကားသည့် ဝိညာဉ်သားရဲ အားလုံးနီးပါးသည် ယခင်က ပိုင်ရှင်များ ရှိခဲ့ကြခြင်းပင် ဖြစ်၏။
ဥပဒေအရ ဝိညာဥ်သားရဲများကို ရောင်းဝယ်ခွင့်မရှိသည့် အပြင် သတ်ဖြတ်ခြင်းလည်း မပြုရပေ။
နိုင်ငံတော်မှ ဝိညာဥ် သားရဲများ ဖမ်းဆီးခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းများကို တားမြစ်ထားသည့် အချိန်တွင် ရာဇ၀တ်မှုများကို ဆက်လက် ကျူးလွန်ရန် ဤနတ်ဆိုးမုဆိုးများ အဖွဲ့အစည်းက အတင့်ရဲလိမ့်မည်ဟု မည်သူက ထင်မိမည်နည်း။
ဤအဖြစ်အပျက်က ကျင့်ကြံသူများနှင့် ဝိညာဥ်သားရဲများ လိုက်လျောညီထွေစွာ နေထိုင်ရန် တောင်းဆိုနေသူများ အတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်လာသည်။
ထို့အပြင် နောက်ဆုံး၌ လူအများ၏ ဖိအားပေးမှုများမှာ ကျိုးရီ နှင့် စုံစမ်းစစ်ဆေးရန် တာဝန်ရှိသော အထူးရဲတပ်ဖွဲ့ အပေါ်တွင် ကျရောက်လာ၏။
အမာခံ အဖွဲ့ဝင် အားလုံးကို ဖမ်းမမိသေးသည့် အပြင် အဖွဲ့အစည်း၏ ခေါင်းဆောင်က မည်သူဆိုသည်ကိုပင် မည်သူမှ မသိသေးပေ။
လက်ရှိ အဖမ်းခံထားရသော အမာခံအဖွဲ့ဝင်များ အားလုံးတွင် ဦးလေးကျိုက အဆင့်အမြင့်ဆုံး ဖြစ်၏။
၎င်း၏ဝန်ခံချက်အရ ခေါင်းဆောင်၏ မျက်နှာကို မည်သူမှ မမြင်ဖူးမှန်း သိခဲ့ရသည်။
ခေါင်းဆောင်၏ မျိုးရိုးအမည်မှာ ပိုင် ဖြစ်သည်ကိုသာ သိရှိခဲ့၏။
အဖွဲ့အစည်းရှိ လူတိုင်းက သူ့ကို ဥက္ကဌပိုင် ဟုသာ ခေါ်ကြသည်။
ထို့အပြင် ဥက္ကဌပိုင်က မြူခိုးများနှင့် ကွယ်ထားလေ့ ရှိ၍ ၎င်း၏ မျက်နှာကို မဆိုထားနှင့် ပုံပန်းသဏ္ဍာန်ကိုပင် မမြင်နိုင်ခဲ့ပေ။
ထောင်အုပ်လျန့်တွင် လိမ်လည်မှုကို ရှာဖွေ ဖော်ထုတ်ရာတွင် အသုံးပြုနိုင်သည့် အထူးမှော်ရတနာ တစ်ခု ရှိသည်။
ထိုမှော်ရတနာ၏ အတည်ပြုချက်အရ ဦးလေးကျိုက အမှန်အတိုင်း ပြောနေမှန်း သိခဲ့ရသည်။
ဆိုရလျှင် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း နောက်ကွယ်ရှိ ခေါင်းဆောင်၏ အထောက်အထားသည် အလွန်ပင် လျှို့ဝှက်ဆန်းကြယ်နေ၏။
ထွင်ထျန်းဟာက ထိုနေ့ည အိမ်ပြန်ရောက်ပြီး နောက်တွင် ဝမ်လင်း နှင့် အတူ အွန်လိုင်းမှ ပို့စ်အမျိုးမျိုးကို ဖတ်ရသည်။
ကျိုးရီက စစ်ဆေး မေးမြန်းခြင်းမှ ရရှိသည့် ရလဒ်အချို့ကို ဝမ်လင်းထံ မက်ဆေ့ချ် ပေးပို့ခဲ့သည်။
ထွင်ထျန်းဟာက ဤအဖြစ်အပျက် အပေါ် သင်ခန်းစာရသွားသည်ကို ဝမ်လင်း သတိပြုမိခဲ့သည်။
ထွင်ထျန်းဟာက တစ်ချိန်က နတ်ဆိုးဘုရင် ဖြစ်ခဲ့သော်လည်းအဆုံးသတ်တွင် နတ်ဆိုးဘုရင်မှာလည်း နတ်ဆိုးတစ်ကောင်သာ ဖြစ်သည်။
အနှစ်သာရအားဖြင့် နတ်ဆိုးများနှင့် ဝိညာဉ်သားရဲများက တူညီသော အကိုင်းအခက်မှ ဖြစ်ကြသည်။
တစ်ခုတည်းသော ခြားနားချက်မှာ ၎င်းတို့ အသုံးပြုသော စွမ်းအား ဖြစ်၏။
ထို့ကြောင့် ထွင်ထျန်းဟာက ဖိုရမ်ရှိ ပုံများကို ကြည့်ပြီး အလွန်တုန်လှုပ်သွားသည်။
သူသာ အဖမ်းခံရပြီး ယခုလို ဆက်ဆံခံရလျှင် ဆရာလေးလင်းကြောင့် ဘာတွေဖြစ်လာမလဲ ဆိုတာ တွေးကြည့်၍ပင် မရပေ။
ဟုတ်ပါသည်။ ဆရာလေးလင်း၏ ပတ်ဝန်းကျင်တွင် ထိုကိစ္စမျိုး ဖြစ်လာစရာ အကြောင်း မရှိခဲ့ပေ။
သို့သော် ထွင်ထျန်းဟာ၏ နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း အပေါ် သဘောထားကမူ အလွန်ရှင်းလင်းနေပြီ ဖြစ်သည်။
နောက်ကွယ်မှ ခေါင်းဆောင်ကို သူသေချာပေါက် သတ်ဖြတ်ချင်လာ၏။
ဝမ်လင်းက ထွင်ထျန်းဟာ၏ ခေါင်းကို ပွတ်ပေးလိုက်သည်။
တစ်နေကုန် ပင်ပန်းထား၍ သိပ်မကြာခင်မှာပင် ထွင်ထျန်းဟာက အိပ်ပျော်သွားခဲ့၏။
ထွင်ထျန်းဟာ၏ အိပ်စက်သော ရောဂါက ထပ်မံ ပေါ်ပေါက်လာပုံ ရ၏။
အိမ်မှာ ဖြစ်ပျက်ခဲ့၍ တော်သေးသည်။
တိုက်ပွဲအတွင်း အိပ်ပျော်သွားခဲ့လျှင် နောက်ဆက်တွဲ ဆိုးကျိုးများကို တွေးကြည့်၍ပင် မရပေ။
"ဒီကိစ္စကို တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းဖို့ လိုတယ်"
ဝမ်လင်းက မေးစေ့ကို ပွတ်သပ်၍ စဥ်းစားလိုက်သည်။
ထို့နောက် သူက အိပ်ပျော်နေသော ထွင်ထျန်းဟာကို ကောက်ချီကာ သူ့ခြေရင်း၌ ချထားလိုက်သည်။
နောက်ဆုံးအကြိမ်က သူတော်စင်သားရဲသွေး အတွက် သူကငွေရောင်လေးကို ရှာဖွေခဲ့သည်။
ထိုဖြစ်ရပ်ပြီးနောက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်က ဆဲလ်ဖုန်းတစ်လုံး ဝယ်ပြီး ငွေရောင်လေးအတွက် နံပါတ်အသစ် တစ်ခု လျှောက်ထားပေးခဲ့သည်။
သူက ငွေရောင်လေး၏ ဆဲလ်ဖုန်းနံပါတ်ကို ဝမ်လင်း ဆီသို့ပါ ပို့ပေးခဲ့၏။
ထို့ကြောင့် ယခုတစ်ကြိမ်တွင် ဝမ်လင်းက ငွေရောင်လေးထံ တိုက်ရိုက် ဆက်သွယ်ခဲ့သည်။
"ဘယ်တော့ ပို့မှာလဲ"
မက်ဆေ့ချ်က ထုံးစံအတိုင်း တိုတောင်း၏။
ငွေရောင်လေးက ဗုံးပစ်စီနီယာ အင်မော်တယ်၏ အိမ်ရှိ ဆိုဖာပေါ်တွင် ထိုင်နေရင်း ဤမက်ဆေ့ချ်ကို မြင်လိုက်သောအခါ ဖုန်းလွတ်ကျလုမတတ် ကြောက်သွားခဲ့သည်။
ရိုးရိုးသားသား ပြောရလျှင် နောက်ဆုံးအကြိမ်က သွေးထုတ်ခြင်း မအောင်မြင်ခဲ့သည့် အတွက် နာကျင်စွာ ခံစားခဲ့ရ၏။
သူ မအောင်မြင်ခဲ့သည်က ကိစ္စကြီး မဟုတ်ပေ။
အဓိကအချက်မှာ စိတ်ဓာတ်ကျပြီး သေကြောင်း ကြံစည်သည့် ဆယ်ကျော်သက် တစ်ယောက် အနေဖြင့် ရဲများက သူ့ကို ဖမ်းဆီးပြီး စိတ်ဝေဒနာရှင် အဖြစ် စိတ္တဇဆေးရုံကို ပို့လိုက်ခြင်းကြောင့် ဖြစ်သည်။
ငွေရောင်လေးက စိတ်ပင်ပန်းလွန်း၍ ရက်အနည်းငယ်ကြာ အနားယူချင်ခဲ့သည်။
သူတော်စင် သားရဲများတွင် ပြန်လည်ကုသနိုင်သည့် စွမ်းရည်ရှိသော်လည်း ၎င်းကို အသုံးပြုရန် မရည်ရွယ်ခဲ့ပေ။
ငွေရောင်လေးက ဘာလုပ်ရမှန်းမသိဘဲ သူ၏ ဆဲလ်ဖုန်းစခရင်ကို ထွေထွေကြီး စိုက်ကြည့်နေသည်။
ဝမ်လင်းက မက်ဆေ့ထပ်ပို့လိုက်၏။
"ဘာလဲ... မမြင်ချင်ယောင် ဆောင်နေတာလား"
ငွေရောင်လေး၏ လက်များ တုန်ခါသွားသည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် လျစ်လျူရှုခြင်းသည် များသောအားဖြင့် အဆင်မပြေမှုများကို ရှောင်ရှားရန် အကောင်းဆုံးသော နည်းလမ်း ဖြစ်သည် မဟုတ်လော။
ယင်းက ဂိမ်းဆော့နေသည့် အချိန်တွင် သင်၏ကောင်မလေးက သင့်ကိုလိုက်ရှာနေသလိုမျိုးပင်။
သင့်အနေဖြင့် ဂိမ်းကစားနေသည်ဟု သူမကို ပြောနိုင်မည့် နည်းလမ်းမရှိပေ။
ထို့ကြောင့် လျစ်လျူရှုခြင်းကသာ အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။
အကြောင်းပြန်ရန် သင့်တော်သည့် အချိန်ကို စောင့်ဆိုင်းခြင်းက ပိုကောင်းသည် မဟုတ်လော။
ထိုသို့ တွေးမိပြီး ငွေရောင်လေးက ရုတ်တရက် ခေါင်းကို ခါယမ်းလိုက်သည်။
ယင်းက ဂန္တဝင်တွင်မည့် လုပ်ဆောင်ချက် ဖြစ်ကောင်းဖြစ်နိုင်သည်။
ငွေရောင်လေးက ဆုံးဖြတ်ချက် ချလိုက်ပြီး ဖုန်းကို ပိတ်ပစ်လိုက်၏။
တကယ်ပဲ သူက သူ့ဆရာကို လျစ်လျူရှုခဲ့သည်။
အကြောင်းတစ်ခုခုကြောင့် ငွေရောင်လေးက အထူး အေးစက်သလို ခံစားလိုက်ရသည်။
သင့်တွင် ရန်လိုခံရသည့် အချိန် ရှိလျှင် ခုခံရန် သင်ယူပါ.. ခွန်းတုံ့ မပြန်ပါနှင့်.. တစ်ဖက်လူက ဆရာ ဖြစ်နေလျှင်ပင် ဦးညွှတ်စရာ အကြောင်းမရှိ။
ဤသည်က သူတော်စင် သားရဲတိုင်း ထားရှိရမည့် ဂုဏ်သိက္ခာဖြစ်သည်။
အခြားတစ်ဖက်တွင်မူ ဝမ်လင်းက ဆဲလ်ဖုန်း စခရင်ကနေတစ်ဆင့် ဆိုဖာပေါ်မှာ ထိုင်နေသည့် ငွေရောင်လေး၏ ဖုန်းပိတ်သော အပြုအမူ အပြင် ပျာယာခတ်နေပုံကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ဝမ်လင်းက သူအလိုရှိသည့် အချိန်တိုင်းတွင် သူ၏ ကောင်းကင်မျက်လုံးကို အသက်သွင်းနိုင်သည်။
သူ၏ရူပါရုံက မည်သည့်ဖုန်းစခရင် အမျိုးအစားနှင့်မဆို ချိတ်ဆက်နိုင်၏။
သူ၏ ကောင်းကင်မျက်လုံးကို ငွေရောင်လေး၏ ဆဲလ်ဖုန်းစခရင်နှင့် ချိတ်ဆက်ပြီးနောက် ငွေရောင်လေး၏ လုပ်ဆောင်မှုများကို အတိုင်းသား မြင်တွေ့ခဲ့ရသည်။
ဝမ်လင်းက အသက်ခပ်ပြင်းပြင်း ရှူလိုက်သည်။
သူက အမှန်တကယ်ပင် လျစ်လျူရှုခံခဲ့ရ၏။
သို့ရာတွင် ဝမ်လင်းက လုံးဝ စိတ်မဆိုးပေ။
သူလိုချင်သည့် သွေးက နည်းနည်းတော့ များလွန်းနေသည် မဟုတ်ပါလော။
ယင်းက ငွေရောင်လေး အတွက်မူ အဖိုးဖြတ်မရသည့် အရာတစ်ခု ဖြစ်သည်။
သို့ရာတွင် သူက ဤသူတော်စင်သွေးကို ခေါက်ဆွဲ အကြွပ်ကြော် အထုပ် နှစ်ဆယ်ဖြင့် စျေးဖြတ်ခဲ့၏။
သို့သော် ခေါက်ဆွဲအကြွပ်ကြော် စားသုံးခြင်းက မထင်မှတ်သော အကျိုးကျေးဇူးများ ရရှိစေမည်ကို ငွေရောင်လေး မသိခဲ့ပေ။
"????"
ဖုန်းကို ကိုင်ရင်း ဝမ်လင်းက မက်ဆေ့ချ် တစ်စောင် ပို့လိုက်ပြန်သည်။
အခြားတစ်ဖက်တွင် ငွေရောင်လေးက ၎င်း၏ ဆဲလ်ဖုန်း သူ့အလိုလို ပွင့်သွားသောကြောင့် အံ့အားသင့်သွားခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ"
"ဒီဖုန်းက သူ့ဘာသာသူ ဖွင့်နိုင်တာလား"
ငွေရောင်လေးက ဝမ်လင်း ပေးပို့ခဲ့သော မက်ဆေ့ချ်ကို တွေ့လိုက်ရသည်။
"ဘာလုပ်နေတာလဲ"
ငွေရောင်လေး "............"
သူဖုန်းကို ပြန်မပိတ်ခင်မှာပင် ဝမ်လင်းထံမှ နောက်ထပ် မက်ဆေ့ချ်တစ်ခု ရောက်လာသည်။
"လက်လျှော့လိုက်ပါ.. အဲဒါက အသုံးမဝင်ဘူး"
ငွေရောင်လေး "..........."
ဝမ်လင်း "ငါ မင်းရဲ့ဖုန်းကို အဝေးကနေ ဖွင့်လို့ရတယ်"
ငွေရောင်လေး "..........."
ဝမ်လင်း "မင်းဒီစာကို ဖတ်နေတာ ငါသိတယ်"
စက္ကန့်အတော်ကြာပြီးနောက် ဝမ်လင်းက စကားတစ်ခွန်းမှ မပို့ဘဲ "မီးဖိုချောင်သုံးဓား" အီမိုဂျီတစ်ခုသာ ပို့လိုက်၏။
သူ၏ အဓိပ္ပါယ်မှာ အလွန်ရှင်းလင်းသည်။
"မင်းမလာရင် ငါကိုယ်တိုင်လာယူမယ်"
ငွေရောင်လေးက အလွန်ကြောက်လန့်သွားပြီး အေးစက်သော ချွေးများပင် ထွက်လာခဲ့သည်။
သူက ဝမ်လင်းကို ထိတ်လန့်တကြား ပြန်ဖြေလိုက်သည်။
"မနက်ဖြန်...မနက်ဖြန်ဆို အဆင်ပြေရဲ့လား"
"ကောင်းပြီ"
ဝမ်လင်းက ပြန်ဖြေလိုက်၏။
ငွေရောင်လေး လုံးဝ စိတ်မတည်ငြိမ်နိုင်ခင်မှာပင် ဝမ်လင်း၏ မက်ဆေ့ချ်က ရောက်လာပြန်သည်။
"နောက်ကျရင် ဘာအဖိုးအခမှ မရတော့ဘူးမှတ်"
ငွေရောင်လေး "..............."