ကမ္ဘာခြားဂိတ်နှင့် ပတ်သက်သည့်အမှန်တရား
Vol. 27 Ch. 394
ထိုစကားကို ကြားလျှင် ဖန်းကွမ်းက သက်ပြင်းချလိုက်သည်။
သူ့အနေဖြင့် လုံးလုံးလျားလျား နားမလည်သည်တော့ မဟုတ်ပေ။
အပြင်မှ စီနီယာ၏ စစ်မှန်သော အင်မော်တယ် ဝိညာဉ်က သူ့ဆီသို့ နှစ်သက်သလို လာလည်နိုင်သည့် အဆင့်မှာ ရှိနေ၏။
သူ ချမှတ်ထားသည့် နေရာလွတ် စာချုပ်ကိုပင် တားဆီးနိုင်ခဲ့သူ ဖြစ်သည်။
ထို့ကြောင့် အစောပိုင်းကတည်းကပင် သူ့ကိုယ်ပိုင် သီအိုရီအရအဖြေထုတ်ခဲ့ပြီးပြီ ဖြစ်သည်။
ပြင်ပမှ စီနီယာက အနည်းဆုံး အင်မော်တယ်အရှင်မြတ် အဆင့်တွင် ရှိနေလောက်၏။
ကျင့်ကြံခြင်း သမိုင်းတစ်လျှောက်နှင့် ဝိညာဉ်စွမ်းအင် ဆိုင်ရာ သတင်း အချက်အလက်ခေတ် အစကတည်းက သမိုင်းဝင်ကျမ်းစာများတွင် မှတ်တမ်းတင်ထားသော အင်မော်တယ်အရှင်မြတ်များ၏ အရေအတွက်မှာ လက်ချိုး၍ပင် ရေတွက်နိုင်သည်။
ဤသည်မှာ ပကတိ အင်မော်တယ်တိုင်း အိပ်မက်မက်ခဲ့သော နယ်ပယ် အဆင့် ဖြစ်သည်။
အခြေခံ တည်ထောင်ခြင်း အဆင့် နှင့် ရွှေအမြူတေ အဆင့်ကျင့်ကြံသူများ အတွက် စစ်မှန်သော ကျင့်ကြံမှုသည် စိတ်ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့်တွင်သာ စတင်သည်။
အလားတူပင် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူများသည်လည်း ပကတိအင်မော်တယ် နယ်ပယ်အဆင့် ထဲသို့ ဝင်ရောက်ပြီးမှသာ စစ်မှန်သော ကျင့်ကြံမှုကို စတင်ခံစားရမည် ဖြစ်သည်။
သင့်အနေဖြင့် ပိုမိုမြင့်မားသော အဆင့်သို့ တက်လှမ်းပြီးမှသာ ကျယ်ပြောသော ကမ္ဘာကြီးအပြင် စကြဝဠာ၏ နက်နဲသောအရာများကို သိရှိ နားလည်နိုင်မည် ဖြစ်၏။
ပကတိအင်မော်တယ် အများစု၏ စိတ်ထဲတွင် အင်မော်တယ်အရှင်မြတ်အဆင့်သည် တာအိုလမ်းစဉ်၏ အစဖြစ်သည်။
ဆိုရလျှင် အင်မော်တယ်အရှင်မြတ် အောက်ရှိ နယ်ပယ်အဆင့် အားလုံးမှာ ဘာမှအရေးမပါပေ။
စိတ်ဝိညာဉ်နေရာလွတ် အတွင်း၌ ဖန်းကွမ်းက ပင်လယ်လေညှင်းကို ခံရင်း သူဖန်တီးထားသည့် ကျွန်းပေါ်တွင် မတ်တပ်ရပ်နေသည်။
သူက အဆုံးမဲ့ တွေးတောဆင်ခြင်ရင်း အကန့်အသတ်မဲ့ မိုးကုပ်စက်ဝိုင်းကို ငေးကြည့်နေမိသည်။
အင်မော်တယ်အရှင်မြတ် နယ်ပယ်အဆင့် ကျင့်ကြံသူတိုင်းတွင် "ရူပါရုံ" နယ်မြေ ဟုခေါ်သော ကမ္ဘာငယ် တစ်ခု ရှိကြ၏။
"အပြင်က စီနီယာရဲ့ နှလုံးသားထဲမှာ အရမ်းကြီးကျယ်တဲ့ ကမ္ဘာတစ်ခု ရှိရမယ်.. အဲဒါက သာမန်လူတွေ စိတ်ကူးမယဉ်နိုင်တဲ့ ရူပါရုံနယ်မြေပဲ
ဖန်းကွမ်းက ရုတ်တရက် အလွန်စိတ်လှုပ်ရှားသွားပြီး ထွင်ထျန်းဟာကို ကြည့်ကာ ပြောလိုက်သည်။
"ဒီစီနီယာက နောက်ထပ် နယ်ပယ်အဆင့်ကို ဖြတ်ကျော်ဖို့အတွက် ပြင်ဆင်မှုတွေ လုပ်နေမယ် ထင်တယ်"
ထွင်ထျန်းဟာက တိတ်ဆိတ်နေခဲ့သည်။
".............."
ဖန်းကွမ်း ပြောနေသည့် ရူပါရုံနယ်မြေကို သူမသိခဲ့ပေ။
မည်သို့ပင်ဖြစ်စေ ဆရာလေးလင်းနှင့် ပတ်သက်ပြီး ဖန်ကွမ်းက ပုံကြီးချဲ့၍ ပြောနေခြင်း မဟုတ်သည်ကတော့ သေချာသည်။
"လင်းကျန်းရန်က အဆင့်တက်ဖို့ လုပ်နေလား သေချာ မသိရပေမဲ့ ပြင်ဆင်မှုတွေတော့ အမှန်တကယ် လုပ်နေပါတယ်.. သူက လာမယ့် စာမေးပွဲအတွက် ပြင်ဆင်နေပါတယ်.."
"စီနီယာရဲ့ အထောက်အထားက မရိုးရှင်းဘူးဆိုတာ ငါသိပါတယ်.. စီနီယာတိုင်းမှာ ထူးခြားတဲ့ ကိုယ်ပိုင်နည်းလမ်းတွေ ရှိကြတယ်.. သူတို့အကြောင်းနဲ့ ပတ်သက်ပြီး အခြားသူတွေကို အလွယ်တကူ သိစေချင်မှာ မဟုတ်ဘူး"
"ကောင်းပြီလေ.. ငါ့ကိုစကားပါးဖို့ မင်းသဘောတူသရွေ့ ငါမင်းကို အသေးစိတ်ပုံကြမ်း ပေးပါ့မယ်"
တာအို ကျင့်ကြံသူကွမ်းက မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ၍ ထိုင်နေ၏။
သူက ထွင်ထျန်းဟာ နှင့် စကားပြောသောအခါတွင် နူးညံ့သောလေသံဖြင့် ပြောခဲ့သည်။
"အသေးစိတ်ပုံကြမ်းက ဘာလဲဆိုတာ မင်းငါ့ကို မပြောရသေးဘူးနော်"
ထွင်ထျန်းဟာက ၎င်း၏ အမြီးကို လှုပ်ယမ်း၍ ပြောလိုက်သည်။
"မင်းသိရင် ငါ့တောင်းဆိုမှုကို ငြင်းမှာ မဟုတ်ဘူး"
ဖန်ကွမ်းက သူ့ပစ္စည်းအပေါ် အလွန်ယုံကြည်မှု ရှိနေပုံရသည်။
"ဒါက ကောင်းကင် လက်နက်တစ်ခုခုရဲ့ အသေးစိတ်ပုံကြမ်း ဖြစ်တယ်လို့တော့ ငါ့ကို မပြောနဲ့နော်"
ထွင်ထျန်းဟာက ဖန်ကွမ်းကို မထီမဲ့မြင် ကြည့်လိုက်သည်။
"ကျနော် သိသလောက်တော့ ကောင်းကင် လက်နက်တွေက သဘာဝအတိုင်း ဖြစ်တည်နေတာပဲ.. ဖန်တီး ထုတ်လုပ်လို့မရဘူးထင်တယ်"
"အကယ်၍ ဒီအရာသာ ကောင်းကင် လက်နက်တစ်ခုခုရဲ့ အသေးစိတ်ပုံကြမ်း ဖြစ်မယ်ဆိုရင် ဆရာလေးလင်းက စီနီယာကို ကူညီမှာအသေအချာပဲ"
"ဒါပေမဲ့ ဒါကမဖြစ်နိုင်ဘူးလေ.. စီနီယာအနေနဲ့ တခြားလူတွေကိုပဲ လှည့်စားလို့ရချင်ရမယ်.. ကျနော့်ကိုတော့ မဖြစ်နိုင်ဘူး"
တာအိုကျင့်ကြံသူကွမ်းက ရယ်မောလိုက်သည်။
"မင်းက စီနီယာရဲ့ ခွေးဆိုတော့ ဒီလိုလှည့်ကွက်လေးတွေနဲ့ ညာလို့မရဘူးပဲ
"စိတ်မပူပါနဲ့ မင်းကို ငါပေးမှာက ကောင်းကင် လက်နက်တစ်ခုခုရဲ့ အသေးစိတ်ပုံကြမ်း မဟုတ်ပါဘူး"
"ဒါပေမယ့် အဲဒီအရာက ယနေ့ခေတ်မှာတော့ အရမ်းတန်ဖိုးရှိတယ်"
သူ့လက်ကို ဝှေ့ယမ်းပြီး မြှောက်လိုက်ရာ သူ့လက်ဖဝါးတွင် ကျောက်စိမ်းစာလိပ် တစ်လိပ် ရုတ်တရက် ပေါ်လာသည်။
၎င်း၏ အသွင်အပြင်အရ ရိုးရှင်းသောအရာ မဟုတ်ကြောင်း ထွင်ထျန်းဟာ ချက်ချင်း ခံစားလိုက်ရသည်။
ထိုစာလိပ်ကနေ အလွန်ရင်းနှီးသော အနံ့တစ်ခု ရခဲ့သည်။
သေချာသောအချက်မှာ ဤကျောက်စိမ်း စာလိပ်က တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ခု ဖြစ်သည်။
စာလိပ်တွင် ဝိညာဉ်စွမ်းအားများ ထူထဲစွာ ပါ၀င်နေသည်မှာ အလွန် ကြောက်စရာကောင်းပေသည်။
"တကယ်တော့ ငါ့မှာ အဖိုးမဖြတ်နိုင်တဲ့ ပစ္စည်းတွေ အများကြီးရှိပါသေးတယ်.. ငါ့ပစ္စည်းတွေ အားလုံးကို ဒီစိတ်ဝိညာဉ်နေရာလွတ်ထဲမှာပဲ ငါ စည်းတံဆိပ်ခတ်ထားတယ်.. ဒီစာလိပ်ကတော့ ငါစုဆောင်းထားသမျှထဲမှာ တန်ဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုပဲ"
ဖန်းကွမ်းက စာလိပ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ရင်း မိတ်ဆက်ပေးလိုက်သည်။
သူ့စကားများအရ စာလိပ်က အလွန်တန်ဖိုးကြီးပုံရ၏။
သို့သော် လင်းကျန်းရန်၏ အကူအညီနှင့် လဲလှယ်ဖို့အတွက် သူ့တွင် တခြား ရွေးချယ်စရာ မရှိတော့ပေ။
"ဒါကဘာလဲ"
ထွင်ထျန်းဟာက ကျောက်စိမ်းစာလိပ်ကို စိုက်ကြည့်ရင်း မေးခွန်းထုတ်လိုက်၏။
"ကမ္ဘာခြား ဂိတ်တံခါး အကြောင်း ကြားဖူးတယ်မလား"
ရုတ်တရက်ဆိုသလို ဖန်းကွမ်း၏စကားက ထွင်ထျန်းဟာ နှင့် မစိမ်းသည့် ကမ္ဘာခြားဂိတ်တံခါး အဖြစ် ခေါင်းစဉ်ပြောင်းသွားသည်။
ထွင်ထျန်းဟာ ခေါင်းညိတ်လိုက်သည်။
သူက ကမ္ဘာခြားဂိတ်နှင့် ရင်းနှီး၏။
ထိုအချိန်က အခြားနတ်ဆိုးဘုရင်များ၏ ရှေ့ပြေးအဖြစ် ဂိတ်ကနေ အတင်းအကျပ် တွန်းထုတ်ခံခဲ့ရသည်။
ဖန်းကွမ်းက ကမ္ဘာခြားဂိတ် အကြောင်း စတင်ပြောဆိုခဲ့သည်။
"လူတိုင်းသိကြတဲ့အတိုင်းဆို ကမ္ဘာခြားဂိတ်တံခါးက နတ်ဆိုးကမ္ဘာနှင့် လူသားကမ္ဘာကြားက တံခါးဖြစ်တယ်.."
"လူအများစုက လူသားတွေ ကျူးကျော်လာမှာစိုးလို့ နတ်ဆိုးမျိုးနွယ်က အထူး တည်ဆောက်ထားတယ်လို့ ထင်မြင်ကြပေမဲ့ တကယ်တော့ အဲဒီလို မဟုတ်ဘူး.."
"နတ်ဆိုးကမ္ဘာမှာ ယနေ့ခေတ် ကျင့်ကြံခြင်း လောကမှာ မတွေ့ရတော့တဲ့ အရေးကြီး ကုန်ကြမ်းတွေအပြင် ရှားပါးသတ္တုတွေလည်း အများအပြား ရှိတယ်"
"ခိုင်မာအားကောင်းတဲ့ မှော်ရတနာတွေကို ဖန်တီးဖို့အတွက် အဲဒီအချိန်က လက်နက်ဖန်တီးသူ အများအပြားက နတ်ဆိုးကမ္ဘာထဲ ဝင်ရောက်နိုင်မဲ့ နည်းလမ်းတွေကို ရှာဖွေခဲ့ကြတယ်.. အဲဒီနောက်မှာတော့ ကမ္ဘာခြားဂိတ်ရဲ့ ပထမဗားရှင်းကို ဖန်တီးလိုက်တယ်...ဒါကြောင့် အခုမြင်ရတဲ့ ဂိတ်တံခါးက တကယ်တော့ လူသား ကျင့်ကြံသူတစ်ယောက် တည်ဆောက်ခဲ့တာပဲ"
ဖန်းကွမ်းက ဆက်လက်ပြောလိုက်သည်။
"ဒီဖန်တီးရှင်ရဲ့ တာအိုနာမည်ကို မင်းလည်းကြားဖူးမှာပါ"
"အတိအကျပြောရရင် ဟိုးအရင်ကတည်းက အင်မော်တယ်အရှင်မြတ် နယ်ပယ်အဆင့်ကို ခြေချနိုင်ခဲ့တဲ့ ဒဏ္ဍာရီလာ အင်မော်တယ် ကျန်းရွမ်ပဲ"
[လာပြန်ပြီလား အင်မော်တယ်ကျန်းရွမ်]
ထွင်ထျန်းဟာ အံ့သြသွားသည်။
ဤအကြောင်းကို သူတစ်ခါမှ မကြားဖူးပေ။
ထွင်ထျန်းဟာက အင်မော်တယ်ကျန်းရွမ်၏ မူလဇစ်မြစ်အကြောင်း များများစားစား မသိသော်လည်း ဘက်ပေါင်းစုံမှ ပြောဆိုချက်များကို နားထောင်ပြီးနောက်တွင် အင်မော်တယ် ကျန်းရွမ်က လက်နက် နှင့် ဝိညာဥ်ဆေးလုံးများကို သန့်စင်ရာတွင် အထူး ကျွမ်းကျင်ပြီး ကျင့်ကြံသူများကြားတွင် အနန္တတန်ခိုးရှင် ကဲ့သို့ တည်ရှိမှု ဖြစ်ကြောင်း သိခဲ့ရသည်။
ထို့အပြင် ကျင့်ကြံခြင်း အသိုင်းအဝိုင်းတွင် "ရတနာသုံးပါး" အဖြစ် သတ်မှတ်ထားသော ကြယ်ခုနစ်ပွင့်ဓား၊ ခရမ်းရောင်ရွှေဘူးသီးခြောက် နှင့် ရွှေရောင်ကြိုးတို့ အားလုံးမှာ အင်မော်တယ်ကျန်းရွမ်က ဖန်တီးထားခြင်း ဖြစ်၏။
ထိုအချိန်က ထွင်ထျန်းဟာမှာ အင်မော်တယ်ကျန်းရွမ် အကြောင်းကို ကြားသိပြီးနောက် မယုံနိုင်လောက်အောင် အံ့အားသင့်သွားခဲ့ရ၏။
ယခုအခါတွင်မူ ပို၍ပင် အံ့သြသွားရပြီ ဖြစ်သည်။
သူနှင့် တော်တော်လေး ရင်းနှီးခဲ့သည့် ကမ္ဘာခြားဂိတ်တံခါးမှာ
အင်မော်တယ်ကျန်းရွမ် ကိုယ်တိုင်ကိုယ်ကျ တည်ဆောက်ထားသည့်အရာဟု သူဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
ထိုထက် အရေးကြီးဆုံးမှာ အင်မော်တယ်ကျန်းရွမ်၏ တည်ရှိမှုက တကယ့်ကို လျှို့ဝှက်ဆန်းကြယ်နေခြင်းပင်။
လူအများက ဒဏ္ဍာရီထဲက သူ့အကြောင်းကို ပြောနေကြသော်လည်း သူ့ရုပ်ရည်အစစ်ကိုမူ မည်သူမှ မမြင်ဖူးပေ။
ဆိုရလျှင် အင်မော်တယ်ကျန်းရွမ်က "ကော်ဟောက်တွင် ဦးလေး ဘယ်နှစ်ယောက်တောင်ရှိလဲ" ဟူသော မေးခွန်းကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သည်။
"အံ့သြစရာပဲ မဟုတ်လား"
ဖန်းကွမ်းက ထွင်ထျန်းဟာ၏ ထိတ်လန့်ပြီး ဖြူဖပ်ဖြူရော် ဖြစ်နေသော အမူအရာကို သတိပြုမိကာ ရယ်မောလိုက်သည်။
"အဲဒီတုန်းက အမှန်တရားကို သိလိုက်ရတော့ လက်ခံနိုင်ဖို့တော်တော်ကြာခဲ့တယ်”
ဤအခိုက်အတန့်တွင် ထွင်ထျန်းဟာက မေးခွန်း ထုတ်လိုက်သည်။
"စီနီယာပြောတဲ့ထဲမှာ ပထမဗားရှင်းလို့ ကြားလိုက်ရတယ်... ပထမဗားရှင်းက ဘာကိုဆိုလိုတာလဲ"
"ပထမဗားရှင်းက သူ့ရဲ့ အဓိပ္ပါယ် အစစ်အမှန်ပါပဲ"
ဖန်းကွမ်းက ဖြေကြားခဲ့သည်။
"ကမ္ဘာခြားဂိတ်ရဲ့ ပထမဆုံးဗားရှင်းကို အကြမ်းထည် ပစ္စည်းတွေနဲ့ ပြုလုပ်ထားတယ်.. အဲဒီနောက်မှာတော့ တဖြည်းဖြည်း အဆင့်မြှင့်ခဲ့တယ်"
"အဲဒီလိုအဆင့်မြှင့်ရာမှာ အင်မော်တယ်ကျန်းရွမ်က နတ်ဆိုးကမ္ဘာက ကုန်ကြမ်းတွေကို စတင်အသုံးပြုခဲ့တယ်"
ထွင်ထျန်းဟာ "..........."
ဖန်းကွမ်း "ဒါကြောင့် နောက်ဆုံးထွက် ကမ္ဘာခြားဂိတ်ဗားရှင်းက အင်မော်တယ်ကျန်းရွမ် အဆင့်မြှင့် ထားတဲ့ နှစ်ဆယ်မြောက်ဗားရှင်းပဲ"
ထွင်ထျန်းဟာ "............."
"နှစ်ဆယ်မြောက် ဗားရှင်းမှာတော့ နတ်ဆိုးကမ္ဘာထဲက ပစ္စည်းတွေနဲ့ပဲ လုံး၀ ဖန်တီးထားတာကြောင့် နောက်ပိုင်း မျိုးဆက်သစ်တွေက နတ်ဆိုးမျိုးနွယ်စုကနေ ကမ္ဘာခြားဂိတ်တံခါးကို ဖန်တီးထားတယ်လို့ လွဲမှားစွာ ယူဆခဲ့ကြတယ်"
"အမှန်တော့ နှစ်ဆယ်မြောက်ဗားရှင်း မပေါ်ခင်မှာ ကမ္ဘာခြားဂိတ်ကို လှုံ့ဆော်နိုင်တဲ့ အစီအရင်ပုံကြမ်းက ကျင့်ကြံခြင်း အသိုင်းအဝိုင်းမှာ ပြန့်နှံ့သွားခဲ့တယ်"
"ငါ့ရဲ့ တွက်ချက်မှုသာ မှန်ကန်ရင် ဒီလှုံ့ဆော်တဲ့ အစီအရင်ပုံကြမ်းကို ထုတ်ခဲ့တာကလည်း အင်မော်တယ်ကျန်းရွမ်ပဲ.."
"..............."
ထွင်ထျန်းဟာက ရုတ်တရက် ထိတ်လန့်တကြား ဖြစ်သွားသည်။
ဤအချက်ကို ပြောရင်း ဖန်ကွမ်းက ထွင်ထျန်းဟာကို စိုက်ကြည့်နေသည်။
"ငါ့လက်ထဲမှာရှိတဲ့ ကျောက်စိမ်းစာလိပ်က အင်မော်တယ်ကျန်းရွမ် ဒီဇိုင်းထုတ်ထားတဲ့ ကမ္ဘာခြားဂိတ်တံခါး ပထမဆုံးဗားရှင်းရဲ့ အသေးစိတ်ပုံကြမ်းပဲ"