← Chapters

အင်မော်တယ် ရတနာအိမ်

Vol. 27 Ch. 395

အင်မော်တယ် ရတနာအိမ်

Vol. 27 Ch. 395

ကျောက်စိမ်းလိပ်ကို စိုက်ကြည့်ရင်း ထွင်ထျန်းဟာ အလွန်တုန်လှုပ်သွားခဲ့သည်။

သူက အဆိုပါ အသေးစိတ်ပုံကြမ်းနှင့် ပတ်သက်၍ အမှန်တကယ် မှန်းဆချက်များစွာ ပြုလုပ်ထားသော်လည်း ၎င်းက ကမ္ဘာ့ပထမဆုံး ကမ္ဘာခြားဂိတ်တံခါး၏ အသေးစိတ် ပုံကြမ်း ဖြစ်မည်ဟု မထင်ထားခဲ့ပေ။

ပို၍ပင် မယုံနိုင်စရာကောင်းသည်မှာ ၎င်းကို လူသားတစ်ဦးမှ အမှန်တကယ် ကိုယ်တိုင်ကိုယ်ကျ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ ကမ္ဘာနှစ်ခုကို ချိတ်ဆက်ပေးသော တံခါးလည်း ဖြစ်၏။

ကမ္ဘာခြားဂိတ်က ဖန်တီးထားသည့် အရာတစ်ခု ဖြစ်သောကြောင့် မှော်ရတနာတစ်ခုအဖြစ် သတ်မှတ်သင့်၏။

သို့သော် ကမ္ဘာခြားဂိတ်တံခါးက သာမန် မှော်ရတနာတစ်ခုလို သတ်မှတ်၍ မရမှန်း ထင်ရှားနေသည်။

အတိအကျပြောရလျှင် ကမ္ဘာခြားဂိတ်တံခါးသည် ပထမတန်းစား သူတော်စင် လက်နက်အဆင့်ကို လုံးဝ ကျော်လွန်သွားပြီး လူသား ကျင့်ကြံသူ ပြုလုပ်ထားသည့် ကမ္ဘာ့အဆင့် မှော်လက်နက်တစ်ခု ဖြစ်သည်။

ကျင့်ကြံခြင်း သမိုင်းတွင် ကမ္ဘာ့အဆင့်မှော်လက်နက်များ အကြောင်း ရေးသားထားသည့် မှတ်တမ်းများ အမှန်တကယ် ရှိခဲ့သည်။

ဤအရာများက ကျင့်ကြံသူများ၏ အစွမ်းအစဖြင့် ဖန်တီးနိုင်ခဲ့သော မှော်လက်နက်များ ဖြစ်သည်။

ထိုမှော်လက်နက်များက သဘာဝက ဖန်တီးထားသည့် "ကောင်းကင်လက်နက် မှော်ရတနာများ"ကို ဆန့်ကျင်တိုက်ခိုက်နိုင်သည့် တစ်ခုတည်းသော လက်နက်များ ဖြစ်ပြီး အတိုချုံးအားဖြင့် "ကမ္ဘာ့ဖီဆန် မှော်လက်နက်များ"ဟုလည်း ခေါ်ကြသည်။

ဤကမ္ဘာ့ဖီဆန် မှော်လက်နက်များနှင့် နှိုင်းယှဥ်လျှင် ပထမအဆင့် သူတော်စင် လက်နက်များသည် သတ္တုအပိုင်းအစလောက်သာ တန်ဖိုးရှိတော့၏။

အကယ်၍ လက်နက်နှစ်ခု ထိပ်တိုက် ရင်ဆိုင်တွေ့လျှင် သူတော်စင်လက်နက်က ဖန်ခွက်များကဲ့သို့ ကွဲအက်သွားမည်သာ။

လူသားကျင့်ကြံသူများက ကမ္ဘာ့ဖီဆန် မှော်လက်နက်များကို ဖန်တီးနိုင်ခဲ့သည်မှာ ဒဏ္ဍာရီ တစ်ခုဟုသာ ထွင်ထျန်းဟာ တွေးထင်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထိပ်တန်း နတ်ဆိုးနတ်ဘုရားများပင် ၎င်းတို့ကို မဖန်တီးနိုင်ခဲ့သောကြောင့်ပင်။

အကြောင်းမှာ ကမ္ဘာ့ဖီဆန် မှော်လက်နက်ကို ဖန်တီးခြင်းသည် ကမ္ဘာ့ စွမ်းအားကို လိုအပ်သောကြောင့် ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ယင်းလက်နက်ထဲမှ ကမ္ဘာက သာမန် မှော်လက်နက်ထဲရှိ ကမ္ဘာငယ်လေးများနှင့် မတူသောကြောင့်ဖြစ်သည်။

ခရမ်းရောင်ရွှေ ဘူးသီးခြောက်ဖြင့် ဥပမာပေးရလျှင် ၎င်းက ပထမအဆင့် သူတော်စင် လက်နက် ဖြစ်သော်လည်း ၎င်းအတွင်းရှိ ကမ္ဘာငယ်လေးကမူ ကမ္ဘာ့ဖီဆန် မှော်လက်နက်ထဲရှိ ကမ္ဘာနှင့် မနှိုင်းယှဉ်သာပေ။

သမိုင်းကျမ်းစာအရ ကမ္ဘာ့ဖီဆန် မှော်လက်နက်ကို ပြုလုပ်လျှင် အခြေခံအုတ်မြစ် အဖြစ် ကြီးကျယ်သော ကမ္ဘာကြီးကို ဖန်တီးရန် လိုအပ်၏။

မဟာကမ္ဘာကြီးက ကိုးဆယ့်ကိုးကမ္ဘာငယ်နှင့် ညီမျှသည်။

သို့သော် ကမ္ဘာ့ဖီဆန် မှော်လက်နက် တစ်ခုအတွက်မူ အနည်းဆုံး ကမ္ဘာကိုးဆယ့်ကိုးခု လိုအပ်သည်။

ဤအရာများ အားလုံးထက် တကယ်တမ်း ကြောက်စရာကောင်းသည့် အစိတ်အပိုင်းမှာ ကမ္ဘာ့ဖီဆန် မှော်လက်နက်ကို ဖန်တီးသူဟု ထွင်ထျန်းဟာ ခံစားခဲ့ရ၏။

အကယ်၍ အင်မော်တယ်ကျန်းရွမ်သာ ကမ္ဘာခြား ဂိတ်တံခါးကို အမှန်တကယ် ဖန်တီးခဲ့လျှင် မွန်းစတား တစ်ကောင် ဟုသာ ဆိုရတော့မည် ဖြစ်သည်။

"ညီနောင်ခွေး ဒီစာလိပ် ဘယ်လောက်ထိ တန်ဖိုးရှိတယ်ဆိုတာ မင်းသိမယ်လို့ ငါထင်တယ်"

ထွင်ထျန်းဟာကို ကြည့်ရင်း ဖန်းကွမ်းက ပြောလိုက်သည်။

ဖန်းကွမ်း ဆိုလိုသည့် အဓိပ္ပါယ်ကို ထွင်ထျန်းဟာက သဘာဝကျကျ နားလည်သည်။

ဤစာလိပ်က ကမ္ဘာခြားဂိတ်၏ အသေးစိတ်ပုံကြမ်း တစ်ခုသာ မကဘဲ ကမ္ဘာ့ဖီဆန် မှော်လက်နက်တစ်ခု ဖြစ်သည်။

အသေးစိတ်ပုံကြမ်းက မှော်လက်နက်ကို ပြုလုပ်ရာတွင် အလွန်အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

သီအိုရီအရပြောရလျှင် ပုံစံကြမ်းကို အခြေခံ၍ ထုတ်လုပ်ထားသည့် မှော်လက်နက်ကို အတုဟု မယူဆနိုင်ပေ။

စျေးကွက်ထဲရှိ မှော်ရတနာ အတုများသည် မူလပစ္စည်းနှင့် အသွင်အပြင်သာ ဆင်တူမည် ဖြစ်သည်။

၎င်းတို့တွင် အဓိကျသောအရာများ လုံးဝမရှိခဲ့ပေ။

ဤအသေးစိတ်ပုံကြမ်းသည် မှော်လက်နက် ပြုလုပ်ရာတွင် အဓိကကျသောအရာ တစ်ခုဖြစ်သည်။

ဖန်းကွမ်း လက်ထဲက စာလိပ်၏ တန်ဖိုးမှာ တကယ်ပင် တန်ဖိုးဖြတ်မရပေ။

စာလိပ်၏ သတင်းသာပျံ့သွားလျှင် ကမ္ဘာကြီးက ဂျွမ်းထိုးမှောက်ခုံ ဖြစ်နိုင်ပြီး သွေးထွက်သံယို စစ်ပွဲများပင် ဖြစ်လာနိုင်သည်။

ဤအချိန်တွင် ထွင်ထျန်းဟာက အလိုလို ကြောက်ရွံ့လာပြီး တုန်လှုပ်သွားသည်။

ဤအရာက နတ်ဆိုးနတ်ဘုရားများပင် မဖန်တီးနိုင်သော အရာဖြစ်သည်။

ထွင်ထျန်းဟာ နတ်ဆိုးဘုရင်ဘဝ၏ အထွတ်အထိပ် ရောက်စဥ်ကာလတွင် ထွင်ထျန်းဟာ၏ ကျင့်ကြံမှုသည် စိတ်ဝိညာဥ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူနှင့် တန်းတူရှိသည်။

ဖန်းကွမ်းက အမွေးစိမ်းခွေး၏ အမူအရာကို မြင်သောအခါ ရယ်မောလိုက်သည်။

"ညီနောင်ခွေး.. မင်းငါ့ကို ချက်ချင်း ပြန်ဖြေစရာ မလိုပါဘူး.. မင်းစဉ်းစားလို့ရပါတယ်.. ဒါက မင်းနဲ့ငါကြားက သဘောတူညီချက် တစ်ခုတင်မကဘူး.. အပြင်က စီနီယာနဲ့လည်း သက်ဆိုင်တယ်"

သူက ပြုံးရွှင်စွာ ပြောနေသော်လည်း သူ့စကား၏ လေးနက်မှုကတော့ ရှင်းလင်းသည်။

ယင်းမှာ စာလိပ်၏ အကြောင်းကို ရေငုံနှုတ်ပိတ်ထားရန် သတိပေးခြင်းသာ။

သူ့စိတ်ထဲ တကယ်ကို လေးလံလာ၏။

သတင်းသာ ပြန့်သွားလျှင် နိုင်ငံအချင်းချင်း စစ်ပွဲများ ဖြစ်လာနိုင်သည် မဟုတ်ပါလော။

သို့သော် ဖန်းကွမ်း အတွက်မူ ယင်းက ဘာမှ အရေးမကြီးပေ။

သူ့အတွက် အရေးကြီးဆုံးအရာမှာ ပြန်လည်မွေးဖွားခြင်းနဲ့ လွတ်လပ်ခြင်းသာ ဖြစ်သည်။

သူက သက်ပြင်းချလိုက်သည်။

"ငါ စောင့်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ.. နည်းနည်းထပ်စောင့်ရလို့ ကိစ္စမရှိပါဘူး.. ငါဒီနေရာက ထွက်သွားဖို့ သံသရာဝဋ်ဆင်းရဲကို ဖြတ်ကျော်ရမယ်.. ကံမကောင်းစွာပဲ ငါ့ရဲ့အစီအစဥ်တွေက ကျဆုံးသွားခဲ့တယ်"

ထွင်ထျန်းဟာ "ဒါဆို စီနီယာဆိုလိုချင်တဲ့ အဓိပ္ပါယ်က.."

ဖန်းကွမ်း "အပြင်က စီနီယာမှာ သေချာပေါက် နည်းလမ်းရှိတယ်လို့ ငါခံစားရတယ်.. သူက ဘယ်လိုနည်းမျိုးပဲ သုံးနေပါစေ.. သူက ငါ့ကို ကူညီဖို့ ဆန္ဒရှိသရွေ့ သူ့ကို ကျေကျေနပ်နပ်ကြီး မဟာ လျှို့ဝှက်ချက်ကြီး တစ်ခုကို ပြောပြလိုက်မယ်"

ထွင်ထျန်းဟာက စပ်စုလိုက်သည်။

"ဘာအကြောင်းလဲ"

ဖန်းကွမ်း၏ အမူအရာက တောက်ပလာသည်။

"အင်မော်တယ် ရတနာအိမ်"

"အဲဒါက အင်မော်တယ်ကျန်းရွမ် တည်ထောင်ခဲ့တဲ့ ကမ္ဘာတစ်ခုပဲ.. အဲဒီမှာ အင်မော်တယ်ကျန်းရွမ်ရဲ့ စည်းစိမ်ဥစ္စာတွေ အကုန်ရှိတယ်.. အဲဒါရဲ့ ဝင်ပေါက်က ဘယ်မှာလဲဆိုတာ ငါသိတယ်"

ထွင်ထျန်းဟာက နောက်ထပ် တစ်ဖန် အံ့သြသွားရပြန်သည်။

"ဒါဆို စီနီယာက ဒီအသေးစိတ်ပုံကြမ်းကို အင်မော်တယ်ရတနာအိမ်ကနေ ရှာတွေ့ခဲ့တာလား"

"မဟုတ်ဘူး.."

ဖန်းကွမ်းက ခေါင်းခါယမ်းလိုက်သည်။

"အရင်က အင်မော်တယ်ကျန်းရွမ်ကို ကံကောင်းပြီး မတော်တဆ ဆုံမိဖူးတယ်... သူ့မျက်နှာကို သေချာ မမြင်ခဲ့ရပေမယ့် သူပဲ ဖြစ်မယ်လို့ ငါ အတည်ပြုနိုင်ခဲ့တယ်"

ထွင်ထျန်းဟာ "အင်မော်တယ်ကျန်းရွမ်က ကမ္ဘာအနှံ့ ခရီးသွားနေပြီး သူ့ဘယ်မှာနေလဲ ဆိုတာတောင် ဘယ်သူမှမသိတာ.. စီနီယာက ဘယ်လိုလုပ် သေချာပေါက် ပြောနိုင်ရတာလဲ"

ဖန်းကွမ်းက ဖြည်းညှင်းစွာ ပြောလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က အခြေခံတည်ထောင်ခြင်းအဆင့် ကျင့်ကြံသူတွေ အတွက် နှင်းကျေးရွာကို အထူးလျော့စျေးနဲ့ ပို့ဆောင်တဲ့ ခရီးစဉ်မှာ ငါပါဝင်ခဲ့တယ်"

"ဒါ့အပြင် ငါက ဒီအစီအစဉ်မှာ ပါဝင်ဖို့အတွက် ငါ့ရဲ့ နယ်ပယ်အဆင့်ကို အခြေခံ တည်ထောင်ခြင်း အဆင့် အဖြစ် ပြုပြင်ဖို့ အတွက် သွေးကြောတချို့ကိုပါ ချိတ်ပိတ်လိုက်တယ်"

ထွင်ထျန်းဟာ "အထူးလျော့စျေး ခရီးစဉ်.. ဟုတ်လား"

"အင်း.. အစားအသောက်၊ နေရာထိုင်ခင်းနဲ့ ဧည့်လမ်းညွှန်အားလုံး အပြီးအစီးမှ အင်မော်တယ် ရွှေချောင်းတစ်ခုပဲ ကျတယ်လေ"

ထွင်ထျန်းဟာ "............"

"ငါတို့ ခရီးသွားကားပေါ်ကို တက်ပြီးတဲ့ နောက်မှာ လမ်းပြက ငါတို့ တစ်ယောက်ချင်းစီကို အင်မော်တယ် နှင်းဆန်ကိတ်မုန့် ကျွေးတယ်.. အဲဒါက နှင်းရွာရဲ့ အထင်ကရမုန့်လို့လည်း ပြောခဲ့တယ်"

ထွင်ထျန်းဟာ "ပြီးတော့..."

"နောက်တော့ ဘတ်စ်ကားက ငါတို့ကို နှင်းရွာရဲ့ အများသုံးအိမ်သာဆီ မောင်းလာပေးတယ်.. ငါတို့အားလုံး ဝမ်းပျက်နေလို့လေ"

ထွင်ထျန်းဟာ "............"

"ဒီအရာအားလုံးထဲမှာ ဘယ်အရာက ကြောက်စရာ အကောင်းဆုံးလဲ သိလား"

ထိုစကားကိုပြောနေစဥ် သူ့မျက်နှာပေါ်၌ ကြောက်ရွံ့သော အရိပ်အယောင်များ ထင်ဟပ်လာသည်။

"ငါတို့က.. အိမ်သာသုံးစက္ကူ ယူမလာမိတာပဲ"

".............."

"ဆိုရရင် အင်မော်တယ် နှင်းဆန်ကိတ်ထဲမှာ အစွမ်းထက်မြက်တဲ့ ဝမ်းနုတ်ဆေးကို ရောစပ်ထားတယ်...အဆိပ်ဖြေဆေးမရှိရင် ဝမ်းလျှောနေမှာ ဖြစ်သလို သန့်စင်ဆေးကြောဖို့အတွက် အိမ်သာသုံးစက္ကူ မသုံးရင်လည်း ဖင်ဝက သည်းမခံနိုင်လောက်အောင် ယားယံတယ်"

"အဲဒီနောက်မှာ ဧည့်လမ်းညွှန်က ငါတို့ကို ခြိမ်းခြောက်ခဲ့တယ်.. အိမ်သာသုံးစက္ကူနဲ့ အဆိပ်ဖြေဆေးကို လိုချင်ရင် ငါတို့တစ်ယောက်ချင်းစီက သူ့ကို အင်မော်တယ် ရွှေချောင်းနှစ်ထောင် ပေးရမယ် မဟုတ်ရင် သူက ငါတို့ကို အဲဒီနေရာမှာပဲ စွန့်ပစ်ထားမယ်လို့ ပြောခဲ့တယ်.. အဲဒီအချိန်က ငါ့အတွက် တကယ့်ဒုက္ခရောက်တဲ့အချိန်ပဲ.."

ထွင်ထျန်းဟာ "ဒါဆို စီနီယာက သူတောင်းဆိုတာ ပေးလိုက်လား"

"ငါ့ နယ်ပယ်အဆင့်နဲ့ ဒါတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ"

ဖန်းကွမ်းက ရယ်မော၍ ပြောလိုက်သည်။

"အကယ်၍ ငါသာ ငါ့ရဲ့နယ်ပယ်အဆင့်ကို စည်းမခတ်ထားခဲ့ရင် ကလိမ်ကကျစ် ဧည့်လမ်းညွှန်ကို ပါးစပ်ထဲကနေ လေတစ်ချက်မှုတ်ရုံနဲ့တင် သတ်ပစ်နိုင်တယ်"

ထွင်ထျန်းဟာ "နောက်ဆုံးတော့ ဘာဖြစ်သွားလဲ"

ဖန်းကွမ်း "အဲဒီအချိန်က ကံကောင်းစွာနဲ့ ငါ့မှာ အဆိပ်ဖြေ ဝိညာဉ်ဆေး တစ်မျိုး ရှိခဲ့တယ်.. အဲဒါက ငါ့ရဲ့ အခြေအနေကို အရှင်းပျောက်အောင် မကုသနိုင်ပေမယ့် အနည်းဆုံးတော့ ဝမ်းပျက်ဝမ်းလျှောရောဂါကို သက်သာပျောက်ကင်းစေနိုင်တယ်.. ဒါပေမယ့် အိမ်သာသုံးစက္ကူက တကယ်ကို လိုအပ်နေခဲ့တယ်"

ထွင်ထျန်းဟာ "............"

"အဲဒီအချိန်မှာ ငါ့ကံကြမ္မာ ပြောင်းလဲသွားတယ်.. နောက်ခန်းထဲက အကိုကြီး တစ်ယောက်က အိမ်သာသုံးစက္ကူ တစ်လိပ်ပေးသွားခဲ့တယ်လေ.."

ထွင်ထျန်းဟာ "ဒါပေမယ့် ဒါက ကမ္ဘာခြား ဂိတ်တံခါးရဲ့ အသေးစိတ်ပုံကြမ်းနဲ့ ဘယ်လိုသက်ဆိုင်နေလို့လဲ"

ဖန်းကွမ်း "ဒီအိမ်သာသုံးစက္ကူက အခုမြင်နေရတဲ့ ကျောက်စိမ်းစာလိပ်ပဲ.."

ထွင်ထျန်းဟာ "လခွမ်း.. ဘာတွေလဲဟ"

All Chapters