ခွင့်ပြုချက်ရသွားသောငွေရောင်လေး
Vol. 27 Ch. 399
မနေ့ညက အဖြစ်အပျက်တွေ အများကြီး ဖြစ်ခဲ့သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်အိမ်သို့ ငွေရောင်လေး၏ အပြန်ခရီးက တကယ်တမ်းတွင် သိပ်မငြိမ်းချမ်းလှပေ။
တစ်နည်းနည်းဖြင့် သူ့နောက်ကို နောက်ယောင်ခံ လိုက်နေသလို ခံစားခဲ့ရသည်။
သူတော်စင် သားရဲ၏ ဆဋ္ဌမအာရုံက အလွန် ထက်မြက်ပြီး ပထမတန်းစား ဝိညာဉ်သားရဲများထက်ပင် အန္တရာယ်ကို အဆတစ်ရာပို၍ အာရုံ ခံစားလွယ်၏။
ငွေရောင်လေး နောက်ကနေ လိုက်ပါလာသည့် လူများက ၎င်းတို့၏ အော်ရာများကို ဖုံးကွယ်ထားနိုင်စွမ်း မရှိသောကြောင့် ငွေရောင်လေးက အော်ရာမှတဆင့် အန္တရာယ် အငွေ့အသက်ကို ရခဲ့သည်။
သူနောက်မှ လိုက်ပါလာကြောင်း သတိပြုမိပြီးနောက် ငွေရောင်လေးက သူ၏ခြေလှမ်းကို အရှိန်မြှင့်လိုက်သည်။
သူက ၎င်းတို့ကို မကြောက်သော်လည်း သူ၏ အထောက်အထား အစစ်အမှန် ပေါ်ပေါက်သွားမည်ကိုမူ ကြောက်၏။
သူက အနှစ်ရှစ်ထောင် သက်တမ်းရှိသည့် သူတော်စင်သားရဲအဆင့် ငွေရောင်ယူနီကွန်းမှန်း လူအများ သိသွားခဲ့လျှင် မည်သို့သော နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်လာမည်ကို ငွေရောင်လေး မတွေးဆနိုင်ပေ။
ထို့ကြောင့် သူအမှန်တကယ် ကြောက်သည့် အရာမှာ သူ၏ သရုပ်မှန်ကို ရှာဖွေတွေ့ရှိပြီး ရည်ရွယ်ချက်ဆိုးများ၏ ပစ်မှတ်ဖြစ်လာမည်ကိုပင်။
ထို့အပြင် ဤလူများက အလွန်စိတ်ရှည်ပြီး သူ့ကို အချိန်အတော်ကြာ အလွှတ်မပေးတမ်း စောင့်ကြည့်နေခဲ့သည်။
သူ ဝိညာဉ်ဘတ်စ်ကားစီးရန် မြေအောက်ရထားသို့ လာချိန်မှစ၍ ဤအဖွဲ့က သူ့နောက်သို့ စတင် လိုက်ခဲ့ကြ၏။
၎င်းတို့က မည်သည့် အင်အားစုမှဖြစ်ပြီး မည်သို့သော ရည်ရွယ်ချက်များ ရှိနေမှန်း သူမသိပေ။
သို့သော် တစ်ဖက်အဖွဲ့၏ ပစ်မှတ်ကမူ အလွန်ရိုးရှင်းသည်။
သူဘာလုပ်သင့်သနည်း။
လူသူကင်းမဲ့သည့် နေရာတစ်ခုကို တည်နေရာ ရွှေ့ပြောင်းသင့်ပါသလော။
ငွေရောင်လေးက ဒွိဟဖြစ်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် အင်မော်တယ်စံအိမ် အဖြစ်အပျက် ပြီးနောက်တွင် ဝမ်လင်းက သူ့ကို ခွင့်ပြုချက်မရှိဘဲ တည်နေရာ ရွှေ့ပြောင်းခြင်း မပြုရန် မှာကြားထားသောကြောင့် ဖြစ်သည်။
သူသာ ထိုစွမ်းရည်ကို ထုတ်ဖော်လိုက်လျှင် အားလုံးပြီးသွားလိမ့်မည်။
လက်ရှိ အခြေအနေအရ အကြံဉာဏ်တောင်းသည်ကသာ ပိုကောင်းမည်ဟု တွေးမိလိုက်ပြီး ငွေရောင်လေးက ချက်ဂရုထဲသို့ စာပို့လိုက်သည်။
သူက မကြာသေးမီကမှ စာရိုက်ခြင်းကို သင်ယူခဲ့ရ၏။
များသောအားဖြင့် ငွေရောင်လေးက ပိုမို ထိရောက်မှု ရှိသည့်အသံလုပ်ဆောင်ချက်ဖြင့် သုံးရသည်ကို ကြိုက်၏။
သို့သော် ယခုအချိန်တွင် ပတ်ဝန်းကျင်က ဆူညံနေ၍ အသံလုပ်ဆောင်ချက်ကို သုံးဖို့ နေနေသာသာ သူကိုယ်တိုင်ပင် သူ့အသံကို ရှင်းရှင်းလင်းလင်း မကြားနိုင်ပေ။
ငွေရောင်လေးက စမ်းသုံးကြည့်လိုက်ရာ အလုပ် မဖြစ်သည်ကို တွေ့လိုက်ရပြီး အသံလုပ်ဆောင်ချက်ဖြင့် ဆက်သွယ်ပြောဆိုရန်မှာ မဖြစ်နိုင်မှန်း သိခဲ့ရ၏။
ထိုကြောင့် ယခု သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ စာရိုက်ရန်ပင် ဖြစ်သည်။
ပြဿနာမှာ သူက မကြာသေးမီကမှ သင်ယူတတ်မြောက်ခဲ့သောကြောင့် လက်ကွက်ရွှေ့ရာ၌ အလွန် နှေးကွေးနေသေးသည်။
ထို့အပြင် ကီးဘုတ်ကလည်း အလွန် သေးငယ်လွန်းလှသည်။
ငွေရောင်လေးက စာရိုက်ရသည်ကို အဆင်မပြေသလို ခံစားခဲ့ရ၏။
သူသာ သူ၏ ကိုယ်ခန္ဓာ အစစ်အမှန်ကို အသွင်ပြောင်းပြီး ခွာဖြင့် တက်နင်းချင်စိတ်ပင် ပေါက်လာသည်။
ငွေရောင်လေးက သုံးမိနစ် ကြာပြီးနောက်တွင် စကားလုံးခြောက်လုံးကို ဝီရိယစိုက်ထုတ်၍ အပြီးသတ်နိုင်ခဲ့သည်။
"ငါ့နောက်ကို နောက်ယောင်ခံလိုက်လာတယ်.. ဘာလုပ်ရမလဲ"
များမကြာမီ ချက်ဂရုမှ တုံ့ပြန်မှုများစွာ ထွက်ပေါ်လာသည်။
ချိုက်လျန် "နာနာလေး ရိုက်ပစ်"
ဓမ္မရာဂျာ "လျှပ်တိုက်ပစ်လိုက်"
ဖီလန်ဓားအင်မော်တယ် "ခုတ်ထစ်ပစ်"
အင်မော်တယ်ထုန်ရာ "အဆိပ်ခတ်လိုက်"
ငွေရောင်လေး."............."
အင်မော်တယ်စံအိမ်၏ အဖြစ်အပျက်တွင် ပါဝင်ပတ်သက်ဖူးသူ အနည်းငယ်မျှသာ ငွေရောင်လေး၏ သရုပ်မှန်ကို သိရှိခဲ့ကြသည်။
ငွေရောင်လေးကို ချက်ဂရုထဲတွင် မိတ်ဆက်ပေးသောအခါ ဗုံးပစ်စီနီယာ အင်မော်တယ်က သူ၏ အဝေးမှဆွေမျိုးဟု မိတ်ဆက်ပေးပြီး လျှို့ဝှက်ချက်ကို စနစ်တကျ ထိန်းသိမ်းထားခဲ့သည်။
ချက်ဂရုထဲရှိ လူတိုင်းမှာ ဗုံးပစ်စီနီယာ အင်မော်တယ်မှ တင်းတင်းကြပ်ကြပ် စစ်ဆေးထားသူများ ဖြစ်သော်လည်း ငွေရောင်လေးက သူတော်စင် သားရဲမှန်း သိသူနည်းပါးလေ ပိုကောင်းလေ ဖြစ်သည် မဟုတ်လော။
ထို့ကြောင့် ချက်ဂရုထဲမှ မည်သူမျှ သူ့ကို သံသယ မဝင်ကြဘဲ ညီနောင်အသစ်ဟုသာ သတ်မှတ်ခဲ့ကြသည်။
၎င်းတို့က ချက်ဂရုထဲ ဝင်လာသည့် လူသစ်များကို အများအားဖြင့် စနောက်လေ့ရှိ၏။
ငွေရောင်လေးက စိုးရိမ်နေခဲ့သည်။
သူက စာလုံးခြောက်လုံး ရိုက်ရန်ပင် သုံးမိနစ်ခန့် အချိန်ယူခဲ့ရသည်။
သို့သော် ညီနောင်များနှင့် အစ်မ တစ်ယောက်က သူ့ကို လုံးဝအလေးအနက် မထားခဲ့ပေ။
သို့ဆိုလျှင် ယခုကိစ္စကို သူမည်သို့ တုံ့ပြန်သင့်ပါသနည်း။
စာရိုက်၍ ဆက်လက် ရှင်းပြရမည်လော။
သူက တွေဝေနေသော်လည်း သူ့နောက်မှ လူတစ်စုက သူ့ကို အနီးကပ် စောင့်ကြည့်နေကြသည်။
ဤအတိုင်းသာဆိုလျှင် သူ့ကို သံသယဝင်လာမည်မှာ သေချာသည်။
သူက စာရိုက်သည်ထက် အီမိုဂျီ ပို့လိုက်လျှင် ချက်ဂရုထဲမှစီနီယာများ ပို၍ အလေးအနက် ထားလာနိုင်မလားဟု တွေးလိုက်သည်။
ဖန့်ရှင်းက ချက်ဂရုထဲတွင် ရှိနေ၏။
ငွေရောင်လေးက ဤအချိန်ကြီး ဒုက္ခရောက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
"စီနီယာတို့.. ငွေရောင်လေးကို မကစားနဲ့တော့.. အဲဒီအချိန်က လင်းကျန်းရန်နဲ့ အလောင်းအစားမှာ ရှုံးနိမ့်ပြီးနောက်မှာ ငွေရောင်လေးက မလိုအပ်ဘဲ ပေါ့ပေါ့တန်တန် လှုပ်ရှားမှာ မဟုတ်ဘူးဟု ကတိပေးခဲ့တယ်"
ဤသည်မှာ ငွေရောင်လေး၏ သရုပ်မှန်ကို သိသူများအတွက် ဖန့်ရှင်း၏ သတိပေးချက်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူက ငွေရောင်လေး နှင့် ဝမ်လင်းတို့ အကြားရှိ သဘောတူညီချက်ကို ဤကိစ္စအား မသိသေးသူများ အတွက် အလောင်းအစား အဖြစ် ပြောင်းလဲခဲ့သည်။
ယင်းမှာ ငွေရောင်လေး ချက်ဂရုထဲ မဝင်ခင် သူတို့ ဇာတ်တိုက်ထားသည့် ဇာတ်ညွှန်း ဖြစ်၏။
ချိုက်လျန်၊ ဓမ္မရာဂျာနှင့် အခြားသူများက ဖန့်ရှင်း၏ သတိပေးချက်ကြောင့် နိုးကြားလာခဲ့သည်။
ရိုးရိုးသားသား ပြောရလျှင် ဖန့်ရှင်းသာ သတိမပေးလျှင် သူတို့ မေ့နေလိမ့်မည်။
သူတော်စင် သားရဲ ဖြစ်သည့် ငွေရောင်လေးက ဝမ်လင်း၏ ခွင့်ပြုချက်မရှိဘဲ လွတ်လပ်စွာ လှုပ်ရှားနိုင်မည် မဟုတ်ပေ။
ယင်းက တကယ့်ကို ပြဿနာတစ်ခုပင်။
ဖန့်ရှင်း၏ စကားကြောင့် ငွေရောင်လေးက အခြားသူများထက် ဖန့်ရှင်းကို ခင်မင်သွားခဲ့သည်။
ချိုက်လျန် "အခု မင်းဘယ်မှာလဲ ငွေရောင်လေး"
ငွေရောင်လေးက ပတ်ပတ်လည်ကို အကဲခတ် ကြည့်လိုက်ရာ လမ်းညွှန်ဆိုင်းဘုတ် တစ်ခုကို တွေ့လိုက်ရသည်။
ပမ်း ရှန်း တာ ရှန်း ယန်း ...
သူက စိတ်ပျက်အားငယ်စွာ စာရိုက်လိုက်သော်လည်း အဓိပ္ပါယ် မပြည့်စုံခဲ့ပေ။
"လခွမ်း ဒီလမ်းနာမည်က ဘယ်လိုလည်းဟ"
သူက စာရိုက်တာ နှေးသည့်အပြင် အဓိက အချက်မှာ ခက်ခဲသည့် စကားလုံးများကို လုံးဝမဖတ်နိုင်ခြင်းပင်။
ထိုအချိန်တွင် ဖန့်ရှင်းက ဂရုထဲတွင် ထပ်မံ ပြောဆိုခဲ့သည်။
"ညီနောင်ငွေရောင်လေးက ဖုန်းသုံးတာ မကြာသေးတဲ့အတွက် စာရိုက်တာ နှေးနေသလိုပဲ.. ဆက်တင်နေရာကို ဖွင့်လိုက်.. အဲဒီမှာရှိတဲ့ တည်နေရာပြလို့ရတဲ့ အမှတ်အသားကို နှိပ်လိုက်ရင် မင်းရဲ့တည်နေရာကို ငါတို့ဆီ ပို့ပေးမှာမို့ မင်းဘယ်ရောက်နေလဲ ဆိုတာ ငါတို့သိရလိမ့်မယ်"
ဤစာကိုမြင်လျှင် ငွေရောင်လေးက မျက်ရည်များပင် စီးကျလာသည်။
"ညီနောင် ဖန့်ရှင်းက ငါ့ကို ကောင်းကောင်း နားလည်တာပဲ"
ဖန့်ရှင်း၏ ညွှန်ကြားချက်ကို လိုက်နာပြီးနောက် ငွေရောင်လေးက သူ၏ ကိုသြဒိနိတ် အမှတ်များကို အမြန်ပေးပို့ခဲ့ရာ လမ်းအမည်က ချက်ဂရုထဲတွင် ပေါ်လာသည်။
လမ်းနာမည်ကိုမြင်လျှင် ချက်ဂရုထဲမှ လူများက ချက်ချင်း နားလည်သွားသည်။
ချိုက်လျန် "အိုး... မင်းအဲဒီမှာရှိနေတာလား"
ဓမ္မရာဂျာ "အဲဒီနေရာကို ငါသိတယ်.. အဲဒီမှာ မှော်လက်နက်တွေ ထုလုပ် ရောင်းချနေတဲ့ အတွက် မယုံနိုင်လောက်အောင် ဆူညံတယ်.. မင်းပြောသမျှက လေထဲမှာပဲ ပျောက်သွားလိမ့်မယ်"
အင်မော်တယ်ထုန်ရာ "ဒါဆို ပန်းပဲသမားတွေက ဝယ်သူတွေကို ဘယ်လိုပြောလဲ"
ချိုက်လျန် "မသိဘူးလေ"
ဓမ္မရာဂျာ "အဲဒါတော့ ငါလည်း မသိဘူး"
ငွေရောင်လေး အံ့အားသင့်သွားသည်။
"..............."
ဖန့်ရှင်း "ငါ့နေရာနဲ့ နီးတယ်.. ငါသွားကြည့်လိုက်မယ်.."
ယင်းအချိန်မှာပင် ဗုံးပစ်စီနီယာ အင်မော်တယ်က ရုတ်တရက် အွန်လိုင်းပေါ်သို့ ရောက်လာသည်။
ဗုံးပစ်စီနီယာ အင်မော်တယ် "ညီနောင် ဖန့်ရှင်း.. မင်းသွားစရာ မလိုတော့ဘူး.. ငွေရောင်လေး မင်း စိတ်ပူစရာမလိုဘဲ လွတ်လွတ်လပ်လပ် အစွမ်းပြလို့ရပြီ.. လင်းကျန်းရန်က အထူးကိစ္စရပ်တွေမှာ အထူးတုံ့ပြန်မှုတွေ လိုအပ်တယ်လို့ မှာလိုက်တယ်.. မင်းနောက်ကို လိုက်နေတဲ့ လူတွေက နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းထဲကပဲ"
"သူတို့က နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းရဲ့ အကြီးအကဲတွေ ဖြစ်နိုင်ချေ များတယ်.. ညီနောင်ငွေရောင်လေး အတွက် အကောင်းဆုံးက သူတို့ကို သီးသန့်နေရာ တစ်ခုဆီ မျှားခေါ်သွားပြီး မင်းရဲ့ အထောက်အထားကို မဖော်ပြဘဲနဲ့ သူတို့ကို အဆုံးသတ်ပေးလိုက်ဖို့ပဲ"
ငွေရောင်လေး နှင့် ဂရုထဲရှိ လူတိုင်းမှာ ဤစာကို မြင်သောအခါမှ စိတ်သက်သာရာ ရသွားကြသည်။
မည်သို့ပင်ဆိုစေကာမူ ငွေရောင်လေးက အလွန်ထူးဆန်းသည်ဟု ထင်နေသေးသည်။
ဒီနတ်ဆိုး မုဆိုးများ အဖွဲ့အစည်းက အဘယ်ကြောင့် သူ့ကိူ ပစ်မှတ်ထားရပါသနည်း။
သူက ၎င်းတို့နဲ့ ဘာမှ သက်ဆိုင်မှုမရှိပေ။
"ဒီလူတွေက ကလဲ့စားချေဖို့ လိုက်လာတာလား"
ဒါကလည်း အဓိပ္ပါယ်မရှိချေ။
မည်သို့ပင်ဖြစ်စေ ယခုအခါတွင် ဝမ်လင်းက သူ့ကို စိတ်ကြိုက် ကိုင်တွယ်ရန် ခွင့်ပြုခဲ့ပြီ ဖြစ်သည်။
အထူး အခြေအနေတွင် အသုံးပြုခွင့်ရှိသည် ဟူသောစကားအရ သူက ထပ်မံ၍ ဤစည်းမျဥ်းကို စောင့်ထိန်းစရာ မလိုတော့ပေ။
ဤရက်ပိုင်းအတွင်း သူက မယုံနိုင်လောက်အောင် သူ့ကိုယ်သူ ထိန်းချုပ်နေခဲ့ရသည် မဟုတ်ပါလား။