မောင်းမဆောင်ထဲကထွင်ထျန်းဟာအဆင့်အတန်း
Vol. 27 Ch. 400
ဂရုထဲရှိ ငွေရောင်လေးထံသို့ မက်ဆေ့ချ်ပို့ပြီးနောက် ဗုံးပစ်စီနီယာအင်မော်တယ်က သီးသန့် ချက်တင်ဝင်းဒိုးကို ဖွင့်လိုက်သည်။
သူ၏ စကားပြောဖော်က အခြားသူမဟုတ်ဘဲ ဝမ်လင်း ဖြစ်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က မေးခွန်းတစ်ခု အမြန်ထုတ်လိုက်သည်။
"ညီနောင်လင်း.. ဒီလူတွေက ဘယ်သူတွေလဲဆိုတာ မင်းဘယ်လိုသိတာလဲ.. ငွေရောင်လေးရဲ့ နောက်ကို လိုက်နေတာ နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းလို့ ဘာကြောင့် သေချာနေရတာလဲ"
ဝမ်လင်းက ရှင်းပြရန် အနည်းငယ် ရှုပ်ထွေးသည်ဟု ခံစားမိသောကြောင့် ဤမေးခွန်းအတွက် နှုတ်ဆိတ်နေခဲ့သည်။
အရာအားလုံးက ငွေရောင်လေး သွေးများ ပေးပို့ရာမှ အစပြုခဲ့သည်။
ဝမ်လင်းက သူတော်စင်သားရဲသွေး ထဲတွင် ထွင်ထျန်းဟာကို စိမ်ခါနီး၌ တစ်စုံတစ်ယောက်က ဝိညာဉ် အမှတ်အသား တစ်ခု စိုက်ထူထားသည်ကို ရုတ်တရက် တွေ့ရှိခဲ့သည်။
၎င်းက အလွန် ခေတ်မီဆန်းပြားသော ခြေရာခံနည်းလမ်း ဖြစ်ပြီး စုန့်ချင်းရှုကို ခြေရာခံရန် မော့အင်မော်တယ် ရဲတိုက်အသုံးပြုသော နည်းလမ်းထက် ပိုမို အားကောင်းသည်။
ထိုနည်းလမ်းနှင့် ပတ်သက်၍ အထင်ကြီးစရာ အကောင်းဆုံးအချက်မှာ မည်မျှပင် သတိတရား ရှိပါစေ၊ ဂရုတစိုက် စစ်ဆေးခြင်းမရှိဘဲ အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ခြင်းပင်။
ယခင်ကဆိုလျှင် ထွင်ထျန်းဟာက အိမ်တွင်သာ အမြဲရှိခဲ့၏။
ထို့ကြောင့် ၎င်းကို ဝိညာဥ် အမှတ်အသား စိုက်ထူရန် အခွင့်အရေးရသူများမှာ နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းမှန်းသေချာသည်။
ဤဝိညာဥ် အမှတ်အသားကို တိတ်တဆိတ် စိုက်ခဲ့သူမှာ ဦးလေးကျို ဖြစ်နိုင်သည်ဟု ဝမ်လင်း ခန့်မှန်းမိခဲ့သည်။
သို့သော် ဦးလေးကျို၏ စွမ်းရည်ဖြင့် ဤကဲ့သို့သော ဝိညာဉ်အမှတ်အသားမျိုးကို ဖန်တီးနိုင်မည် မဟုတ်ပေ။
၎င်းကို နောက်ကွယ်ကနေ ကူညီပေးနေသည့် ကျင့်ကြံသူ တစ်ယောက် ရှိရမည်ဟု ဝမ်လင်း ခန့်မှန်းမိခဲ့သည်။
ထို့နောက်တွင် ဝမ်လင်းက ထွင်ထျန်းဟာကို သစ်သားစည်ထဲသို့ ထည့်လိုက်သောအခါ ၎င်းထံမှ ဝိညာဥ်အမှတ်အသားကို ငွေရောင်လေး ထံ လွှဲပြောင်းပေးခဲ့သည်။
ဖြစ်ပျက်ခဲ့သည်များကို နားလည်ပြီးနောက် ဗုံးပစ်စီနီယာ အင်မော်တယ်က စခရင်ကို ကြည့်ရင်း သူ့ချွေးများကို သုတ်လိုက်၏။
"ညီနောင်လင်း.. ဒီကိစ္စကို အစကတည်းက စီစဉ်ခဲ့တာလား"
"ဒါပေမယ့် ဘာလို့ ငွေရောင်လေးကို ရွေးချယ်လိုက်လဲ ဆိုတာ မေးလို့ရမလား"
တကယ်တမ်းတွင် ဝမ်လင်းက ဤပြဿနာကို သေသေချာချာ စဉ်းစားခဲ့သည်။
ပထမအချက်အနေဖြင့် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းမှ လက်စားချေရန် စေလွှတ်မည့်သူများမှာ ဦးလေးကျို ထက် သန်မာမည်မှာ သေချာ၏။
ဒုတိယအချက်အနေဖြင့် ထွင်ထျန်းဟာ၏ အိပ်စက်ခြင်းရောဂါက အပြည့်အဝ မပျောက်ကင်းခဲ့သေးပေ။
အကယ်၍ တိုက်ပွဲအတွင်း အိပ်ပျော်သွားလျှင် ပြဿနာကြီးကြီးမားမား ဖြစ်လာလိမ့်မည်။
အဆုံးသတ်အနေဖြင့် စိတ်ဝိညာဉ် အိမ်မွေးတိရစ္ဆာန်စာချုပ်၏ အဝေးကနေ အထောက်အပံ့ ပေးခွင့်ရသည့် စွမ်းရည်ကလည်း အချိန်ကာလတစ်ခု အတွင်းသာ ဖြစ်၏။
ထို့ကြောင့် ဝမ်လင်း၏ အဖြေက အလွန်ရိုးရှင်းသည်။
ထွင်ထျန်းဟာသာ ဒဏ်ရာရခဲ့လျှင် မည်သည့်အရာများ ဆက်ဖြစ်လာမည်ကို မပြောတတ်ပေ။
စခရင်ရှေ့မှာ ထိုင်ရင်း ဗုံးပစ်စီနီယာ အင်မော်တယ်က ဤအဖြေကို နက်နက်နဲနဲ တွေးလိုက်မိသည်။
တနည်းနည်းဖြင့် သူ တဖြည်းဖြည်း သဘောပေါက်လာ၏။
ဗုံးပစ်စီနီယာ အင်မော်တယ်၏ နှလုံးသားက ရုတ်တရက် နက်နက်နဲနဲ ခံစားလိုက်ရ၏။
ငွေရောင်လေးက ဝမ်လင်းကို သူ့ပိုင်ရှင်အဖြစ် လက်ခံလိုက်သည့်အချိန်ကို သူရုတ်တရက် ပြန်သတိရမိ၏။
၎င်းတို့က စာချုပ်မဖွဲ့ရသေးပုံရသည်။
ဆိုရလျှင် လင်းကျန်းရန်က ငွေရောင်လေးအပေါ် စာချုပ်ဖြင့် ကန့်သတ်ချုပ်ချယ်ထားခြင်း မရှိပေ။
ထို့အပြင် ဤအဖြစ်အပျက်အပေါ် ဝမ်လင်း၏ သဘောထားကို ကြည့်ရုံဖြင့် ငွေရောင်လေး နှင့်ထွင်ထျန်းဟာက ဝမ်လင်း၏ နှလုံးသားထဲတွင် နေရာမည်မျှယူထားမှန်း သိသာထင်ရှားနေ၏။
ဗုံးပစ်စီနီယာ အင်မော်တယ်က သက်ပြင်းချလိုက်သည်။
ဤငွေရောင်လေးက ညီနောင်လင်း၏ မောင်းမဆောင်တွင် တရားဝင်ရာထူး မရရှိမီအထိ သွားရမည့် ခရီးရှည်တစ်ခု ရှိနေပုံပင်။
.....................
ဤရပ်ကွက်က ဖန့်ရှင်း နှင့် ဗုံးပစ်စီနီယာ အင်မော်တယ်တို့၏ အိမ်များနှင့် အလွန်နီးကပ်သည်။
ငွေရောင်လေးက ဤနေရာကို တစ်ခါမှ မရောက်ဖူးခဲ့ပေ။
အကယ်၍ ဗုံးပစ်စီနီယာ အင်မော်တယ်ထံမှ ညွှန်ကြားချက်ကိုသာ မရရှိခဲ့လျှင် သူ့နောက်ကွယ်ရှိ လူဆိုးဂိုဏ်းနှင့် မည်သို့မည်ပုံ နှစ်ပါးသွားရမည်ကို အမှန်တကယ် မသိနိုင်ချေ။
ရှင်းလင်းသော ညွှန်ကြားချက်များကို ရရှိပြီးနောက် ငွေရောင်လေးက အလွန် စိတ်သက်သာရာရသွားပြီး တမင်တကာပင် နှေးကွေးစွာ သွားခဲ့သည်။
သူ့နောက်ကို လိုက်နေသည့်လူက သိပ်မများဘဲ လူနှစ်ယောက်သာ ရှိ၏။
သူတို့က ငွေရောင်လေးနောက်ကနေ အနီးကပ် လိုက်လာရင်း အဆုံးသတ်တွင် တည်ဆောက်ဆဲ စက်ရုံတစ်ခုသို့ ရောက်ရှိလာခဲ့သည်။
ထိုစက်ရုံက ခေတ်မီစားသောက်ကုန် ထုတ်လုပ်သည့် စက်ရုံတစ်ခုဟု ယူဆရသော်လည်း ဆောက်လက်စသာ ဖြစ်သည်။
အလုပ်က တစ်ညလုံး ရပ်နားထား၍ အလုပ်သမားများ အားလုံး အိမ်ပြန်ကြသည့် အတွက် မည်သူမှ ရှိမနေပေ။
ထို့အပြင် ဆောက်လုပ်ရေးလုပ်ငန်းခွင်က အလွန်ပင် ကျယ်ဝန်းသည်။
ငွေရောင်လေးနောက်သို့ တစ်ချိန်လုံး လိုက်လာသည့် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းမှ အကြီးအကဲ နှစ်ဦးမှာ ထိုစက်ရုံထဲသို့ ငွေရောင်ဆံပင်လူငယ်လေး ခုန်ဝင်သွားသည်ကို တွေ့လိုက်ရသည်။
"သံလိုက်အိမ်မြှောင် မရွေ့လျားတော့ဘူး"
မီးခိုးရောင် တရုတ်ဝတ်စုံကို ဝတ်ဆင်ထားသည့်
ကျင့်ကြံသူ တစ်ဦးက ဝင်ပေါက်ဝတွင် ရပ်၍ ပြောလိုက်သည်။
သူ့လက်ထဲတွင် သံလိုက်အိမ်မြှောင် တစ်ခုကို ကိုင်ဆောင်ထားပြီး ၎င်းက ငွေရောင်လေး၏ တည်နေရာကို ပြသနေ၏။
ငွေရောင်ဆံပင်နှင့် လူငယ်လေးက စက်ရုံထဲသို့ ဝင်ပြီးနောက်တွင် သံလိုက်အိမ်မြှောင်ပေါ်၌ မူလက ရွေ့လျားနေသည့် လက်တံက ရပ်တန့်သွားသည်။
ယင်းက ဤလူငယ် လှုပ်ရှားခြင်း မရှိတော့ကြောင်း အတည်ပြုနိုင်ခဲ့သည်။
"ဒီကောင်က ငါတို့ကို စိန်ခေါ်ဖို့ သတ္တိရှိသားပဲ"
တာအိုကျင့်ကြံသူက အော်ဟစ်လိုက်သည်။
"စီနီယာအကို.. ငါတို့ပစ်မှတ် မှားနေပြီလို့ မင်းမထင်ဘူးလား"
သူ့ဘေးနားမှလူက သူ့ကို မေးလိုက်သည်။
ထိုလူ၏ မျက်နှာတွင် မျက်ရည်ပုံသဏ္ဍာန် မွေးရာပါ အမှတ်အသားပါရှိပြီး မိန်းမပီသသည့် ပုံစံလည်း ပေါက်သည်။
ဦးလေးကျိုက အဖမ်းမခံရမီ စိတ်ဝိညာဉ် အမှတ်အသားကို လျှို့ဝှက်စိုက်ထူထားသည့်အပြင် လျှို့ဝှက်သတင်းတစ်ခုကိုလည်း ပေးခဲ့သည်။
ယင်းမှာ ရန်သူ၏ သတင်းအချက်အလက် ဖြစ်နေ၏။
ချာတိတ်တစ်ယောက်အပြင် သတိထားရမည့်သူမှာ အာကီတာ အမျိုးအစား အမွေးစိမ်းခွေးတစ်ကောင် ဖြစ်သည်။
ဦးလေးကျိုက ဤခွေးကို တတိယတန်းစားအဆင့်ဟု ခန့်မှန်းထားပြီး သူ့နောက်တွင် အလွန်သန်မာသော ပိုင်ရှင်ရှိသည်ဟုရှင်းပြခဲ့သည်။
ဦးလေးကျိုတို့ အဖွဲ့ လုံးဝရှုံးနိမ့်ခဲ့သည်မှာ ခွေး၏ စွမ်းအားကိုမြှင့်တင်ရန် ဤပိုင်ရှင်က စိတ်ဝိညာဉ်အိမ်မွေး တိရိစ္ဆာန်စာချုပ်၏ အဝေးကနေ ထောက်ပံ့ခြင်းစွမ်းရည်ကို အသုံးပြုခဲ့သောကြောင့်ပင်။
သို့သော် ပြဿနာက ယခု သူတို့လိုက်ဖမ်းနေသည့် ပစ်မှတ်က ခွေးတစ်ကောင် ဟုတ်မနေခြင်းပင်။
ဂျူနီယာ တစ်ယောက်အနေဖြင့် ဤအမျိုးသမီးက တစ်ခုခု မှားယွင်းနေသည်ဟု သူပြင်းပြင်းထန်ထန် သံသယရှိခဲ့သည်။
သို့သော် ပြဿနာမှာ သံလိုက်အိမ်မြှောင်ကို ကိုင်ဆောင်ထားသော စီနီယာကျင့်ကြံသူက သူနှင့် ကွဲပြားသော အမြင်များ ရှိနေခြင်းပင်။
စီနီယာ အကြီးအကဲက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။
"ဝိညာဉ်အမှတ်အသားထဲမှာ ဥက္ကဌရဲ့ စွမ်းအား ပါ၀င်နေတယ်.. မင်းရော ငါရော ဥက္ကဌရဲ့ စွမ်းအားကို မြင်ဖူးတာပဲလေ.. လုံးဝ အမှားအယွင်း မဖြစ်နိုင်ဘူး.. စက်ရုံထဲ ဝင်သွားတဲ့ လူငယ်က ခြွင်းချက်မရှိ အဲဒီခွေးပဲ"
"ဒါပေမယ့် စီနီယာအစ်ကို.. ဒီကောင်က လူပုံစံနဲ့တောင်မှ ပထမတန်းစားဆိုတာ သေချာနေတယ်.. ဦးလေးကျိုရဲ့ လျှိူ့ဝှက်သတင်းစကားအရဆို ခွေးက တတိယတန်းစားပဲ ရှိသေးတာ မဟုတ်ဘူးလား"
ဂျူနီယာကျင့်ကြံသူက ကူကယ်ရာမဲ့သလို ခံစားခဲ့ရသည်။
အခြေအနေ တစ်ခုလုံးတွင် သံသယဖြစ်စရာ အချက် များစွာရှိခဲ့သည်။
ထို့အပြင် အမွေးစိမ်း ခွေးတစ်ကောင်က.လူအသွင်ဆောင်ခဲ့လျှင် ၎င်း၏အမွေးများက အနည်းဆုံးတော့ စိမ်းနေသင့်သည် မဟုတ်ပါလော။
"စီနီယာအစ်ကို စန်းလန်... တစ်စုံတစ်ယောက်က စိတ်ဝိညာဉ်အမှတ်အသားကို လက်ဆော့လိုက်တာ ဖြစ်နိုင်တယ်လို့ မင်းမထင်ဘူးလား"
"ဒါမျိုး လက်ဆော့လို့ရလို့လား"
စီနီယာအကို စန်းလန်က ရယ်လိုက်သည်။
"ဂျူနီယာ ညီလေးဟန်အိုက်.. မင်းက ငယ်ရွယ်သေးတဲ့အတွက် အတွေ့အကြုံ သိပ်မရှိသေးဘူး"
ဂျူနီယာညီလေးဟန်အိုက် "ဒါပေမယ့်..."
စီနီယာအကိုစန်းလန်က မုတ်ဆိတ်မွေးကို ပွတ်သပ်လိုက်၏။
"တစ်စုံတစ်ခုအပေါ် စိတ်ဝိညာဉ်အမှတ်အသား စိုက်ထူပြီးရင် စိတ်ဝိညာဉ် သန့်စင်မှုနဲ့ပဲ ဆေးကြောနိုင်တယ်.. ဥက္ကဌရဲ့ ဝိညာဉ် အမှတ်အသားပြုခြင်း စွမ်းရည်က အလွန်ကောင်းမွန်ပါတယ်.. ဒါ့အပြင် စိတ်ဝိညာဉ်အမှတ်အသားကို ဖုံးကွယ်ရာမှာလည်း အလွန်ကောင်းမွန်တယ်"
"လက်ဆော့ဖို့မပြောနဲ့.. ရိပ်မိဖို့တောင် အရမ်း ခက်ခဲတယ်.. ဂျူနီယာညီလေးဟန်အိုက်.. တစ်စုံတစ်ယောက်က အဲဒါကို လက်ဆော့ထားတယ်လို့ မင်းဘာလို့ ပြောနိုင်တာလဲ"
"တစ်စုံတစ်ယောက်က စိတ်ဝိညာဥ်အမှတ်အသားကို လွှဲပေးလိုက်တယ်လို့ ထင်လို့ပါ..."
ဟန်အိုက်က ပြန်ဖြေလိုက်သည်။
ထိုစကားကို ကြားလျှင် စီနီယာအကို စန်းလန်က ရယ်မောလိုက်သည်။
"ညီလေး.. မင်းက စိတ်ကူးယဥ်ဆန်လွန်းနေပြီ.. ဒီကမ္ဘာမြေပေါ်မှာ စိတ်ဝိညာဉ် အမှတ်အသားကို ရွှေ့ပြောင်းနိုင်တဲ့သူ ဘယ်လိုလုပ်ရှိနိုင်မှာလဲ.. ဒီလိုနည်းစနစ်မျိုး ငါတစ်ခါမှမကြားဖူးဘူး"
ဟန်အိုက် "............."
"အင်မော်တယ်ဘုရင် လူဝင်စားတာမဟုတ်ရင် ဘယ်လိုမှမဖြစ်နိုင်ဘူး"
စန်းလန်က သူ့လက်ကို ဝှေ့ယမ်းပြီး ရယ်မောလိုက်သည်။
"အဲဒီလိုလူရှိခဲ့ရင် ငါစန်းလန်က ငါ့ရဲ့ တာအိုနာမည်နဲ့ ကျိန်ဆိုတယ်.. ရက်ပိုင်းအတွင်းမှာပဲ ငါ့မိသားစု တစ်ခုလုံး သေသွားပါစေသား"
ဂျူနီယာ ဟန်အိုက် "ဒါပေမယ့် စီနီယာအကိုစန်းလန်.. မင်းက မိဘမဲ့ မဟုတ်ဘူးလား"
စီနီယာစန်းလန် "မင်းနဲ့ငါက သားရဲတွေကို အမဲလိုက်ပြီး နှစ်ပေါင်းများစွာ တစ်ယောက်နဲ့ တစ်ယောက် မှီခိုအားထားခဲ့ကြတယ်... ငါက မင်းကို မိသားစုအဖြစ် မှတ်ယူခဲ့တာ ကြာခဲ့ပါပြီ"
ဂျူနီယာ ဟန်အိုက် "............"